အခန်း ၁၀၁၁
Vol. 68 Ch. 1011
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1011 ) ချူခွမ်း။
"ဟားဟားဟား"
ချူခွမ်းက ရုတ်တရက် ရယ်မောလိုက်ပြီးမှ ပြောသည်။
"သူတို့အတွက် ရပ်တည်တာ၊ အဲဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ လင်ယွင်ခုန်းက ဟန်ချင်းတောင်နာမည်နဲ့ မကောင်းတာတွေ လျှောက်လုပ်နေတာပဲ။ ငါနဲ့သာတွေ့ရင် တစ်ခါတည်း ဓားနဲ့ ခုတ်သတ်လိုက်တယ်"
ယင်းကိုကြားတော့ လုမင်၏မျက်ခုံးများ လှုပ်သွားသော်လည်း ဘာမှ မပြောပေ။
ချူခွမ်း၏အကြောင်းကို ယခင်က သူ ကြားဖူးသည်။ ၎င်းက ဟန်ချင်းတောင်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင် ဆယ်ဦးအနက် ဒုတိယဖြစ်ကာ အလွန် အစွမ်းထက်မြက်၏။
တစ်ချိန်တည်းမှာပင် သူက လွတ်လပ်ပြီး မိတ်ဆွေဖွဲ့ခြင်းကို နှစ်သက်သည်။
ယခု ကြည့်ရတာတော့ ၎င်းကို လင်ယွင်ခုန်းနှင့် နှိုင်းယှဉ်မရတာ အမှန်ပင်။
"ဒီနေ့ ငါက ဒီကနေ ရိုးရိုး ဖြတ်သွားခဲ့တာပါ၊ ဒါပေမဲ့ အခုလို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်မျိုးကို ကြုံရမယ်လို့ မမျှော်လင့်ထားဘူး။ ငါက ထက်မြက်သူတွေနဲ့ ပြိုင်ဆိုင်ရတာကို သဘောကျတယ်။ လုရှောက်ချင်း၊ မင်း ဘာဖြစ်လို့ ငါနဲ့ မတိုက်ခိုက်ရမှာလဲ၊ ဒီရေနက်ကြာပလ္လင်ကို အလောင်းအစားအဖြစ် သုံးကြမယ်။ မင်းနိုင်ရင် ရေနက်ကြာပလ္လင်ကို မင်းယူ၊ ငါနိုင်ရင် ငါယူမယ်"
ချူခွမ်းက မွန်းစတားအိုကြီး ရေနက်ကို ဂရုမစိုက်ဘဲ လုမင်ကိုသာ ကြည့်လိုက်သည်။
"ကောင်းပြီ"
လုမင်လည်း ခေါင်းညိတ်ကာ မဆိုင်းမတွ သဘောတူလိုက်၏။
ချူခွမ်းက တိုက်ပွဲကို ဆာလောင်သူဖြစ်ကြောင်း ထင်ရှားသည်။ လုမင်အနေဖြင့် ထိုသူမျိုးနှင့် ငြင်းခုန်ခြင်းသည် အသုံးမဝင်ကြောင်း ကောင်းကောင်း သိထား၏။ လုမင်၏ခွန်အားက ပိုသန်မာနေသရွေ့ ချူခွမ်း လက်ခံပေလိမ့်မည်။
"ဝုန်း ဝုန်း"
လုမင်နှင့် ချူခွမ်းက မျက်နှာချင်းဆိုင်ကာ အရှိန်အဝါများ ပေါက်ကွဲလိုက်ကြသည်။
'အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် အစောပိုင်းအဆင့်။ တကယ်ကို အစွမ်းထက်တာပဲ'
လုမင်၏ အကြည့်များက လှုပ်ရှားသွားသည်။ ချူခွမ်း၏ ကျင့်ကြံခြင်းအခြေခံက ကမ္မတိုက်ပွဲမှ နတ်ဧကရာဇ်ထက် ပိုမြင့်မားသော ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ကိုး၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီ။ ဟုတ်သည်၊ နယ်ပယ် ပိုမြင့်မားခြင်းက သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ နတ်ဧကရာဇ်ထက် ပိုသန်မာမည်ဟု မဆိုလိုပေ။
"ချီးပဲ"
မွန်းစတားအိုကြီးရေနက်၏ မျက်နှာက အကြည့်ရဆိုးသွားသည်။ ထိုနှစ်ဦးက သူ့ကို လုံးလုံးလျားလျား လျစ်လျူရှုကာ တိုက်ခိုက်ရန် ဟန်ပြင်နေကြ၏။
မွန်းစတားအိုကြီးရေနက်လည်း ဤအခိုက်ကို အခွင့်အရေးယူကာ ဘေးသို့ ထွက်ပြေးသွားတော့သည်။
သို့ရာတွင် လုမင်နှင့် ချူခွမ်းက လှုပ်ရှားလာပြီး မွန်းစတားအိုကြီးရေနက်ကို တိုက်ခိုက်လိုက်ကြသည်။
ကြောက်မက်ဖွယ်ရာ အင်အားများက မွန်းစတားအိုကြီးရေနက်ကို ဖုံးအုပ်သွားရာ သူ့မျက်နှာ ဖြူဖျော့သွား၏။
မွန်းစတားအိုကြီးရေနက်လည်း အစွမ်းကုန်သုံး၍ ခုခံသည့်တိုင် လုမင်နှင့် ချူခွမ်း၏ တိုက်ခိုက်မှုများက ကျရောက်လာရာ တကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်။
လုမင်နှင့် ချူခွမ်းက မွန်းစတားအိုကြီးရေနက်ကို ပူးပေါင်းကာ တိုက်ခိုက်လိုက်ကြသည်။
မွန်းစတားအိုကြီးရေနက်က နတ်ဘုရားအဆင့်သုံး သွေးမျိုးဆက်ကို နိုးထနိုင်ကာ ထောင်စုနှစ်ကြာအောင် လေ့ကျင့်ထားသူဖြစ်၍ အလွန်အစွမ်းထက်မြက်သည်။ သို့သော်လည်း လုမင်နှင့် ချူခွမ်း၏ တိုက်ခိုက်မှုအောက်မှာ ဘဝပျက်နေရဆဲပင်။ သူဟာ ရှေ့ကို အနည်းငယ်မျှ ဆက်မသွားနိုင်တော့ဘဲ ပါးစပ်အတွင်းမှ သွေးများပင် အန်ထွက်လာရသည်။
"ဝုန်း ဝုန်း ဝုန်း"
လုမင်၏ လက်သီးချက်များက ဆက်လက်ကျဆင်းလာသည်။ လက်သီးအင်အားများက ဥက္ကာပျံများကဲ့သို့ ရှေ့ကို ကျဆင်းသွား၏။ တစ်ဖက်တွင်လည်း ချူခွမ်း၏ လက်ဝါးရိုက်ချက်များက အဆက်မပြတ် ကျဆင်းလာခဲ့သည်။ လက်ဝါးရိုက်ချက်မှ အရိုးခိုက်အောင် အေးလှသော အအေးလှိုင်းများ ထွက်ပေါ်နေသည်။
ယခုဆိုလျှင် မွန်းစတားအိုကြီးရေနက်က သနားစရာကောင်းအောင် သူ့ကိုယ်သူ ကာကွယ်ရင်း နှစ်ဘက်ကြား၌ ပိတ်မိနေခဲ့ပြီ။
ပတ်ဝန်းကျင်မှလူများလည်း မွန်းစတားအိုကြီးရေနက်ကို စာနာစိတ်ဖြစ်ရင်း တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ခြားစွာ ကြည့်လိုက်ကြသည်။
"အား၊ ရေနက်ကြာပလ္လင်ကို ငါ မလိုချင်တော့ဘူး"
မွန်းစတားအိုကြီးရေနက်က ရေနက်ကြာပလ္လင်ကိုထုတ်ယူကာ ခပ်လှမ်းလှမ်းသို့ ပစ်ထုတ်လိုက်သည်။
လုမင်နှင့် ချူခွမ်းလည်း ရေနက်ကြာပလ္လင်ကို မထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့၏။ မွန်းစတားအိုကြီးရေနက်လည်း ဤအခွင့်အရေးကိုသုံးကာ အဝေးသို့ ပြေးထွက်သွားတော့သည်။ သူဟာ အဝေးကိုရောက်မှ ကြောက်လန့်တကြားဖြင့် ပြန်လှည့်ကြည့်လိုက်သည်။
"ဟားဟားဟား၊ ဒီတစ်ခါတော့ အနှောင်အဖွဲ့မရှိဘဲ အစွမ်းကုန် တိုက်ခိုက်ကြတာပေါ့"
ချူခွမ်းက ရယ်မောကာ ဓားကိုဆွဲထုတ်လိုက်သည်။ သူ့ထံမှ ပို၍ပင် ကြောက်စရာကောင်းသော ရေခဲဓားအလင်းက ပေါက်ကွဲကာ ထွက်ပေါ်လာခဲ့၏။
"ကောင်းပြီ"
လုမင်၏ မျက်လုံးများက တိုက်ခိုက်ချင်စိတ်များဖြင့် ပြည့်နှက်လာသည်။ သူက ရှေ့သို့ ခြေလှမ်းကာ အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းလိုက်၏။
သူတို့နှစ်ယောက်က မလှုပ်ရှားသော်လည်း ရေနက်ကြာပလ္လင်ကိုတော့ မည်သူမျှ မထိဝံ့ကြပေ။
မည်သူမဆို ရေနက်ကြာပလ္လင်ကို ကြံစည်ဝံ့ပါက မွန်းစတားအိုကြီး ရေနက်ကဲ့သို့ အဆုံးသတ်သွားမည်ဖြစ်ကြောင်း ကောင်းစွာသိကြသည်။ သူတို့ နှစ်ယောက်၏ တိုက်ခိုက်မှုအောက်တွင် ရှင်သန်နိုင်ရန် ယုံကြည်မှု မရှိခဲ့ကြပေ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့နှစ်ယောက်ဟာ တိုက်ကွက်ဒါဇင်ချီပြီး ရင်ဆိုင်ခဲ့ကြသည်။
ချူခွမ်းက အလွန်အားကောင်းသည်။ သူ့အသက်အရွယ်ဖြင့် အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် အစောပိုင်းအဆင့်ခွန်အားကို ပိုင်ဆိုင်ထားရာ နိုးထလာသောသွေးမျိုးဆက်ကလည်း အားနည်းလိမ့်မည် မဟုတ်ပေ။ ယင်းက နတ်ဘုရားအဆင့်ခုနစ် သွေးမျိုးဆက်ပင် ဖြစ်နိုင်သည်။
လုမင်ဟာ ချူခွမ်းက ရွယ်ကျန့်ရီ၊ အိုတုတို့နှင့် အဆင့်တူသော ပါရမီရှင်တစ်ဦးဟု ခံစားခဲ့ရသည်။ အဆင့်တူတိုက်ပွဲတွင် သူ၏ခွန်အားက ၎င်းတို့ထက် အားမနည်းဘဲ ပို၍ပင် ကြောက်စရာကောင်းနိုင်သည်။
"ရွှစ်"
ချူခွမ်းက ဓားချက်များကို အဆက်မပြတ် ထုတ်ဖော်နေသည်။ အဖြူရောင်ရေခဲပုံဆောင်ခဲတစ်ခုက လေထုထဲတွင် ပေါ်လာခဲ့၏။ ရေနက်ကန်ထဲရှိ ရေခဲများမှာလည်း ပို၍ ထူထဲလာခဲ့ပြီ။
'သူက ရေခဲတာအိုကို ဒီအဆင့်ထိ လေ့ကျင့်ထားတာပဲ၊ မဟုတ်သေးဘူး၊ ရေတာအိုလည်း ရှိတယ်'
လုမင်၏ အတွေးများက လှုပ်ရှားသွားသည်။
ချူခွမ်းက ရေခဲတာအိုနှင့် ရေတာအိုကို ပေါင်းစပ်ထားကြောင်း သိသာထင်ရှားလှပေသည်။ ထိုအတွက် သူ၏ခွန်အားက အလွန်ပင် အားကောင်းလာခဲ့သည်။
'ဂါး'
နဂါးဟိန်းသံနှင့်အတူ လုမင်၏ ခန္ဓာကိုယ်မှ နောက်ထပ် နဂါးစွမ်းအားနှစ်ခု ပေါက်ကွဲထွက်လာသည်။ လုမင်၏အင်အားများက တိုးတက်လာကာ လက်သီးချက်များ ထုတ်ဖော်လိုက်၏။
လက်သီးအင်အားက ချူခွမ်း၏ ဓားအလင်းများကို ဖြိုခွဲသွားရာ ကောင်းကင်ပြင်တွင် ရေခဲတုံးများဖြင့် ပြည့်နှက်နေတော့သည်။
ချူခွမ်း၏ မျက်လုံးများလည်း လေးနက်လာခဲ့သည်။ သူ့ဦးခေါင်းထက်တွင်ရေခဲမြစ်ကြီး ပေါ်လာခဲ့၏။
ရေခဲမြစ်ပေါ်မှာတော့ ရွှေရောင်ချက္ကရ ခုနစ်ခု ထွန်းလင်းတောက်ပလျက် ရှိသည်။ ၎င်းက နတ်ဘုရားအဆင့်ခုနစ် သွေးမျိုးဆက်ပင် ဖြစ်ချေသည်။
ရေခဲမြစ် ပေါ်လာသည်နှင့် တပြိုင်နက် လေထုဟာ ပို၍ အေးစက်လာသည်။ အေးစက်စက်လေထုက မိုင်ရာချီအတွင်းကို ဖုံးလွှမ်းသွားရာ လူအများအပြား ဆုတ်သွားရ၏။ ဤလေထုအောက်တွင် ဆက်နေပါက ၎င်းတို့၏ ချီစွမ်းအင်များပင် အေးခဲသွားရပေလိမ့်မည်။
သို့ရာတွင် ချူခွမ်းက သွေးမျိုးဆက်ကို ထုတ်ဖော်ပြီးသည့်တိုင် သွေးမျိုးဆက် မပေါင်းစပ်ခဲ့ပေ။ ထိုအစား သူ၏မျက်လုံးများက အရောင်လက်သွားကာ သွေးမျိုးဆက်ကို ပြန်သိမ်းယူလိုက်သည်။ ထို့နောက် လုမင်၏လက်သီးအင်အားများကိုရှောင်ကာ အလျင်အမြန် နောက်ပြန်ဆုတ်သွား၏။ သူက နောက်ဆုတ်ရင်းမှ အော်လိုက်သည်။
"ရပ်တော့၊ မတိုက်ခိုက်တော့ဘူး... ငါအရှုံးပေးတယ်"
လုမင်လည်း အံ့အားသင့်ကာ ရပ်တန့်လိုက်သည်။
လူအုပ်ကြီးလည်း အံ့အားသင့်ကာ အနည်းငယ် မင်သက်သွား၏။ ချူခွမ်းက သူ၏ ခွန်အားကို အပြည့်အဝ အသုံးမချရသေးပေ။ သူက ဘာကြောင့် ရပ်တန့်ပြီး ရှုံးနိမ့်ခဲ့တာလဲ။
လုမင်၏ နှုတ်ခမ်းများက အပြုံးတစ်ခုကဲ့သို့ တွန့်ကွေးသွားခဲ့သည်။
ချူခွမ်းက အမှန်တကယ် ရိုးသားသောသူ ဖြစ်ချေသည်။ ၎င်းက သွေးမျိုးဆက် ပေါင်းစပ်လိုက်လျှင်ပင် အနိုင်ရရန် ယုံကြည်မှုမရှိ၍ လက်လျှော့လိုက်ခြင်း ဖြစ်သည်။
"လုရှောက်ချင်း၊ မင်းကို ငါလေးစားပါတယ်။ ဒီ ရေနက်ကြာပလ္လင်က မင်းအတွက်ပဲ"
ချူခွမ်းက ဓားကိုပြန်ရုတ်ကာ ပြုံးလိုက်သည်။
လုမင်လည်း လက်ကိုဝှေ့ယမ်းကာ ရေနက်ကြာပလ္လင်ကို စုပ်ယူပြီး သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သိမ်းလိုက်၏။
လူများစွာ၊ အထူးသဖြင့် ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံမှုတွင် တစ်ဆို့နေသော အသက်အရွယ် ကြီးမြင့်သူများ မနာလိုဖြစ်သွားခဲ့ကြသည်။ သို့သော်လည်း လုမင်ကဲ့သို့ ကျွမ်းကျင်သူရှေ့တွင် မလှုပ်ရှားဝံ့ကြပေ။
"ကျေးဇူးတင်ပါတယ်"
လုမင်လည်း ခံစားချက်များကောင်းမွန်နေကာ ရေနက်ကြာပလ္လင်ကို သိမ်းယူပြီးနောက် ချူခွမ်းကို လက်ယှက်ပြလိုက်သည်။
"ဟားဟားဟား၊ မင်က ယဉ်ကျေးလွန်းပါပြီ။ ငါက မင်းနဲ့မယှဉ်နိုင်မှတော့ ဒီရေနက်ကြာပလ္လင်က မင်းအတွက်ပဲ ဖြစ်မှာပါ။ လုရှောက်ချင်း၊ ကမ္မတိုက်ပွဲမှာ မင်းနဲ့ မတွေ့ရတာကတော့ စိတ်မကောင်းစရာပဲ။ ဒီလိုဆိုရင်ကော၊ မင်းကိုငါ တကယ်အထင်ကြီးပြီး မိတ်ဆွေဖွဲ့ချင်တယ်၊ ငါမင်းကို အရက်တိုက်ပါ့မယ်"
ချူခွမ်းက ရယ်မောကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
လုမင်လည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။ ချူခွမ်းသည် ကောလာဟလများကဲ့သို့ ရဲရင့်ပြီး အထိန်းအကွပ်မရှိလှပေ။ သူက သူငယ်ချင်းဖွဲ့ရတာ နှစ်သက်ပြီး လင်ယွင်ခုန်းနှင့် လုံးဝ မနှိုင်းယှဉ်သာပေ။
"အစ်ကိုချူးက ငါ့ကို ဖိတ်လာမှတော့ သဘာဝအတိုင်း မျက်နှာသာပေးမှာပါ။ ဒါပေမဲ့ ကံမကောင်းချင်တော့ ငါက တစ်ယောက်တည်း တိတ်တဆိတ်လေ့ကျင့်ဖို့ လိုနေတယ်။ ဒါကြောင့် အတူတူမသောက်နိုင်တာ အားနာမိပါတယ်"
လုမင်က ပြောသည်။
ချူခွမ်းလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ငါ နားလည်ပါတယ်လေ၊ ဒီလိုဆိုရင်ကော ဘယ်လိုလဲ။ ငါက နောက်ရက်နည်းနည်းကြာတဲ့အထိ ရှီရွယ်မြို့မှာ ရှိနေဦးမယ်။ ဆယ်ရက်အတွင်း အစ်ကိုလု တိတ်တဆိတ်လေ့ကျင့်တာ ပြီးသွားမယ်ဆိုရင် ရှီရွယ်မြို့က ရှောင်ရွယ်တည်းခိုဆောင်မှာ ငါ့ကို လာတွေ့နိုင်ပါတယ်။ မကြာခင် ခမ်းနားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာဖို့ရှိတယ်၊ ငါ အစ်ကိုလုနဲ့အတူ သွားကြည့်ချင်တယ်"
ပြောပြီးသည်နှင့် ချူခွမ်း လှည့်ထွက်သွားတော့သည်။
ထွက်ခွာသွားသော ချူခွမ်း၏ နောက်ကျောကိုကြည့်ကာ လုမင်လည်း ရန်ခွမ်းစုအကြောင်း တွေးလိုက်မိသည်။
သူတို့နှစ်ဦးစလုံးက ရဲရင့်ခြင်းနှင့် လွတ်လပ်ခြင်းကဲ့သို့ အလွန်တူညီသော ကိုယ်ရည်ကိုယ်သွေးများ ရှိသည်။
သို့ရာတွင် ရန်ခွမ်းစုက ပို၍ ရဲတင်းပြီး အထိန်းအကွပ်မဲ့သည်။ ၎င်းက ချူခွမ်းထက် ပို၍မာနကြီးကာ မည်သူ့ကိုမျှ မျက်နှာသာမပေးပေ။ နှိုင်းယှဥ်ကြည့်ရလျှင် သူ့တွင် သူငယ်ချင်း ပိုနည်းသည်။
ချူခွမ်း ထွက်သွားပြီးနောက် လုမင်လည်း ကောင်းကင်သို့ပျံတက်ကာ ဤနေရာမှ ထွက်ခွာသွားတော့သည်။
--------