အခန်း ၁၀၁၃
Vol. 68 Ch. 1013
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1013 ) ဗဟိုဒေသမှ ပါရမီရှင်အဆင့်။
လုမင်က အရက်အိုးကို အဖုံးဖွင့်ကာ တစ်ကျိုက် မော့သောက်လိုက်သည်။ ရုတ်တရက် သူ့ပါးစပ်တွင်းမှ မွှေးပျံ့သော ရနံ့ကို ခံစားလိုက်ရရာ မနေနိုင်ဘဲ ချီးမွမ်းလိုက်၏။
"အရက်ကောင်းပဲ"
ချူခွမ်းလည်း အရက်တစ်အိုးကိုယူကာ တစ်ကျိုက်သောက်လိုက်သည်။ ထို့နောက် လုမင်ကိုကြည့်ကာ ပြောသည်။
"ညီနောင်လု၊ အဲဒီနေ့က တိုက်ပွဲမှာ မင်းရဲ့ ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့ဘူး ဟုတ်တယ်မလား"
"မင်း ဘာဖြစ်လို့ အဲ့လိုထင်တာလဲ"
လုမင်က တိုက်ရိုက်မဖြေဘဲ ပြုံးလိုက်၏။
"ဒါက ခံစားချက်တစ်ခုပဲ"
ချူခွမ်းက ရယ်မောကာ ပြောလိုက်သည်။
"ဆက်ပြီး တိုက်ခိုက်ရင် ငါ သေချာပေါက် ရှုံးလိမ့်မယ်။ ဒါက ရုပ်ပျက်တဲ့ အရှုံးလို့ ငါခံစားရတယ်လေ၊ အဲဒါကြောင့် အရှက်ကင်းအောင် အရှုံးပေးခဲ့တာ၊ ဟားဟားဟား"
လုမင်လည်း ပြုံးရုံသာပြုံးပြီး ဘာမျှ မပြောတော့ပေ။
တကယ်လည်း ထိုနေ့က သူ၏ခွန်အားကို အပြည့်အ၀အသုံးမချခဲ့ပါချေ။
"ညီနောင်လု၊ မင်းက ဗဟိုဒေသက မဟုတ်ဘူး မဟုတ်လား"
ချူခွမ်းက ရုတ်တရက် မေးလိုက်သည်။
လုမင် ရင်ထိတ်သွား၏။ သူ၏မျက်လုံးများက အရောင်လက်သွားကာ မေးလိုက်သည်။
"ဘာဖြစ်လို့ အဲဒီလိုထင်တာလဲ"
"ငါ မှန်းဆကြည့်တာပါ။ ကမ္မတိုက်ပွဲဖြစ်တိုင်း ကမ္ဘာပေါ်က ကျင့်ကြံသူ အားလုံး ပါဝင်ကြတယ်။ ဒီအခွင့်အရေးကို ဘယ်သူမှ လက်လွတ်မခံချင်ကြဘူး။ ဒါပေမယ့် တိုက်ပွဲတွင်းမှာ ညီနောင်လုလို အရည်အချင်းရှိတဲ့ လူတစ်ယောက်ကို ငါ တစ်ခါမှ မတွေ့ဘူး။ ဟုတ်တာပေါ့၊ ငါက သိချင်ရုံပါဘဲ"
"ငါ့အထင် ညီနောင်လုက အရှေ့ပိုင်းကန္တာရ၊ မြောက်ပိုင်းလွင်ပြင်၊ တောင်ပိုင်း ဒါမှမဟုတ် တခြားနေရာတွေက ပါရမီရှင်တစ်ယောက်ဖြစ်မယ်လို့ ထင်တယ်"
ချူခွမ်းက ပြုံးကာ ပြောလိုက်သည်။
"ညီနောင်ချူး၊ မင်းက အရမ်းတွေးနေတာပဲ။ ငါ အရင်က တောင်တန်းတွေပေါ်မှာပဲ လေ့ကျင့်ခဲ့တာပါ၊ ဒါကြောင့် ကမ္မတိုက်ပွဲကို လွတ်သွားတယ်"
လုမင် ပြောလိုက်သည်။
"ဟားဟားဟား၊ ညီနောင်လု... အများကြီးမတွေးပါနဲ့ဦး။ ငါက ပေါ့ပေါ့ပါးပါးပဲ မေးတာ။ ငါက မိတ်ဆွေဖွဲ့ရတာကို နှစ်သက်တယ်၊ အထူးသဖြင့် ညီနောင်လုလို ပါရမီရှင်တွေနဲ့ မိတ်ဖွဲ့ရတာကို ကြိုက်တယ်။ ညီနောင်လု၊ ဘယ်ကပဲ လာလာ... ငါကတော့ မိတ်ဆွေဖွဲ့ဖို့ ဆုံးဖြတ်ထားပြီးပြီ၊ ကျေးဇူးပြုပြီး…"
ချူခွမ်းက အရက်အိုးကိုမြှောက်ရင်း ပြောလိုက်သည်။
လုမင်လည်း အရက်အိုးမြှောက်ကာ တစ်ကျိုက် သောက်လိုက်၏။
ချူခွမ်းက အမှန်ပင် ပေါ့ပေါ့ပါးပါး မေးကြည့်ရုံသာ ဖြစ်နိုင်သည်။
တကယ်တော့ ယင်းက သူမလွန်ပေ။ ကမ္မတိုက်ပွဲ ပြီးဆုံးသွားပြီးမှ ထိုသို့သော တည်ရှိမှုတစ်ခုဟာ ရုတ်တရက် ပေါ်လာသည်။ ယင်းက လူတိုင်းကို စူးစမ်းလိုစိတ် ဖြစ်လာစေလိမ့်မည်။
သို့သော်လည်း လုမင်ဟာ အလွန်စိုးရိမ်ခြင်းမရှိပေ။ အကြောင်းမှာ သူ၏ ဒုတိယခန္ဓာက လျန်ရီတောင်တွင်ရှိကာ ဤကာလအတွင်း ရံဖန်ရံခါ ပေါ်လာပြမည် ဖြစ်သောကြောင့်ပင်။ ထိုအတွက် ဧကရာဇ်ရီပင် လုမင်က ဗဟိုဒေသတွင် ပေါ်လာမည်ဟု သံသယရှိမည် မဟုတ်ချေ။
နောက်ဆုံးတွင်၊ အမွှာအသက်တားမြစ်ကျင့်စဉ်က ကောင်းကင်ကို ဆန့်ကျင်နေပြီး ကိုယ့်မျက်စိနှင့် မမြင်ဖူးလျှင် ယုံနိုင်မည်ပင် မဟုတ်ပေ။
ထို့အပြင်၊ လုမင်က ဗဟိုဒေသတွင် ထင်ရှားသော သွေးမျိုးဆက်ကို မပြသခဲ့သလို နဂါးသွေးမျိုးဆက် ပေါက်ကွဲမှု၏ အရိပ်အယောင်ကိုလည်း မပြသခဲ့ပါ။ ထို့ကြောင့် သူဟာ အရှေ့ပိုင်းကန္တာရမှ လုမင်ဖြစ်သည်ကို မည်သူမျှ သံသယဖြစ်မည်မဟုတ်ပေ။
နှစ်ယောက်သား အရက်သောက်ရင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုခဲ့ကြသည်။ လုမင်က ဗဟိုဒေသမှ အဓိကအင်အားစုများ၏ အခြေအနေနှင့် ပတ်သက်၍လည်း ချူခွမ်းအား မေးမြန်းခဲ့ပေသည်။
ဗဟိုတိုက်ကြီးတွင် အုပ်စိုးသူအဆင့် အင်အား တစ်ရာရှစ်ခုရှိခဲ့သည်။ ၎င်းက မွန်းစတားများကော လူသားများ ရှိပေသည်။
အင်အားစုတစ်ခုစီတွင် သိုင်းအုပ်ချုပ်သူ တစ်ဦးစီရှိပြီး အနှိုင်းမဲ့ အစွမ်းထက်ကြသည်။
အုပ်စိုးသူ ဆယ့်ရှစ်ဦး၏ အောက်တွင် အင်အားကြီး အင်အားစုများစွာလည်း ရှိသေးသည်။ သူတို့ထဲတွင် တချို့က အလွန်သန်မာပြီး အဓိပဓိများမှ ထိန်းချုပ်ထားကြသည်။
လုမင်လည်း စိတ်ထဲမျ သက်ပြင်းကိုသာ ချလိုက်မိပေသည်။ ဗဟိုဒေသက အမှန်တကယ် အင်အားကြီးမားကာ အရှေ့ပိုင်းကန္တာရနှင့် နှိုင်းယှဉ်၍မရပေ။ ဤအချက်များကြောင့်ပင် ရှေးဟောင်းသန့်စင်မင်းဆက်၏အင်အား အထွတ်အထိပ်သို့ ရောက်ခဲ့စဉ်က မည်မျှ တန်ခိုးကြီးမားသည်ကို သူ တွေးကြည့်မိသည်။
"ညီနောင်လု၊ ငါ့အမြင်အရ မင်းဟာ ဒုတိယတန်းစား ပါဂမီရှင်တစ်ယောက်ဖြစ်ဖို့ အလားအလာရှိတယ်"
ချူခွမ်း ပြောလိုက်သည်။
"ဒုတိယတန်းစား ပါရမီရှင်လား"
လုမင် အနည်းငယ် အံ့သြသွား၏။
"ဟင်၊ ညီနောင်လု... မင်းက ဒီအဆင့်တွေကို မသိဘူးလား။ ဗဟိုဒေသမှာ ထိပ်တန်း ပါရမီရှင်တွေကို သုံးစားခွဲထားတယ်။ ဥပမာ၊ ငါက တတိယတန်းစား ပါရမီရှင်တစ်ယောက်ပဲ။ ဟန်ချင်းတောင်ဂိုဏ်းမှာ တတိယတန်းစား ပါရမီရှင် သုံးဦးပဲ ရှိတယ်။ မင်းအရင်တွေ့ဖူးတဲ့ ရန်စုန့်နဲ့ ဟိုင်ကျစ်မင်ဆိုရင် တတိယတန်းမှာတောင် မရှိကြဘူး"
ချူခွမ်းက ရှင်းပြလိုက်သည်။
"ညီနောင်ချူး၊ မင်းက တတိယတန်းစား ပါရမီရှင်ပဲလား"
လုမင် တိတ်တဆိတ် အံ့ဩသွား၏။
ချူခွမ်း၏ အရည်အချင်းက ရွယ်ကျန့်ရီနှင့် အိုတုထက် မနိမ့်ကျသည်မှာ သေချာသော်လည်း တတိယတန်းစား ပါရမီရှင်တစ်ဦးသာ ဖြစ်နေသည်။ သို့ဆိုလျှင် ဒုတိယတန်းစား သို့မဟုတ် ပထမတန်းစား ပါရမီရှင်က မည်မျှကြောက်စရာကောင်းမည်နည်း။
“မှန်ပါတယ်၊ ငါက တတိယအဆင့် ပါရမီရှင်တစ်ယောက်ပဲ။ ဟန်ချင်းတောင်မှာဆိုရင် မျိုးဆက်သစ်လူငယ်တွေရဲ့ နံပါတ်တစ် ပါရမီရှင်ကသာ ဒုတိယအဆင့် ပါရမီရှင်လို့ သတ်မှတ်နိုင်တယ်။ ဒါပေမယ့် ဒုတိယအဆင့် ပါရမီရှင်က နှစ်ဆယ်ကျော်ပဲရှိပြီး ဗဟိုဒေသမှာ အများကြီးမရှိဘူး"
ချူခွမ်း ပြောလိုက်သည်။
လုမင်လည်း တိတ်တဆိတ် တုန်လှုပ်သွားခဲ့မိပေသည်။
ချူခွမ်းက တတိယအဆင့် ပါရမီရှင်ဖြစ်လျှင် ဒုတိယတန်းစား ပါရမီရှင်များက ပိုအားကောင်းပြီး ထက်မြက်နေရမည် ဖြစ်သည်။ ဒုတိယတန်းစား ပါရမီရှင်များက နတ်ဧကရာဇ်အဆင့်တွင် ဖြစ်နိုင်သည်ဟု လုမင် ခန့်မှန်းခဲ့ပေသည်။
အကယ်၍ ၎င်းတို့က နတ်ဧကရာဇ်အဆင့် ပါရမီရှင်များဖြစ်လျှင် အယောက်နှစ်ဆယ်ကျော် ရှိထားခြင်းက အမှန်တကယ် ကြောက်စရာကောင်းသည်။
နတ်ဧကရာဇ်ဟာ အရှေ့ပိုင်းကန္တာရ၏ သမိုင်းတစ်လျှောက် ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ ၎င်းမှာ ဧကရာဇ်ရီ၏ အမွေအနှစ်ကို အမွေဆက်ခံနိုင်သူဟုပင် ဆိုထားခဲ့ပေသည်။
ဗဟိုဒေသမှာတော့ ထိုသို့သော ပါရမီရှင် အယောက်နှစ်ဆယ်ကျော်ပင် ရှိနေပါသလော။
ပိုအားကောင်းသော ပထမတန်းစား ပါရမီရှင်များဆိုလျှင် မည်သို့ ဖြစ်မည်နည်း။
လုမင်၏အတွေးကို မြင်နိုင်ဟန်ဖြင့် ချူခွမ်းက ပြောလိုက်သည်။
"ဒုတိယတန်းစားထက် သန်မာတာငတော့ ပထမတန်းစား ပါရမီရှင်တွေပါ။ ဒါပေမယ့် အဲဒီအဆင့်မှာတော့ ငါးယောက်ပဲ ရှိတော့တယ်။ သူတို့ကို ဘီလူးငါးကောင်လို့ ခေါ်တယ်။ သူတို့တစ်ဦးစီက ခေတ်တစ်ခုကို ချိုးနှိမ်ထားတဲ့ပုံပါပဲ။ သူတို့အားလုံးက အင်မတန် ကြောက်စရာကောင်းပြီး အစွမ်းထက်တယ်"
ဤအကြောင်းများကို ပြောချိန်မှာတော့ ချူခွမ်း၏ မျက်လုံးများက တုန်လှုပ်မှုများ ဖြစ်ပေါ်လာပေသည်။
ထိုထိပ်တန်းပါရမီရှင်ငါးဦးက သူ့နှလုံးသားတွင် နေရာတစ်ခုကို ရယူထားကြောင်း ထင်ရှားသည်။
"ထိပ်တန်း ပါရမီရှင်ငါးယောက်လား"
လုမင်၏ မျက်လုံးများက တောက်ပလာကာ ပြင်းထန်သော တိုက်ခိုက်လိုစိတ်တို့ ဖြစ်ပေါ်လာသည်။
နတ်ဧကရာဇ်အဆင့် ပါရမီရှင်များက အလွန်အစွမ်းထက်ကာ တစ်ဦးစီကလည်း အနာဂတ်တွင် သိုင်းအုပ်ချုပ်သူဖြစ်လာရန် အလားအလာရှိ၍ မယုံနိုင်စရာများ ဖြစ်သည်။
သို့သော်လည်း လုမင်သည် ယခင်က နတ်ဧကရာဇ်နှင့် တိုက်ခိုက်ဖူးသောကြောင့် ဖိအား သိပ်မခံစားရပေ။ နတ်ဧကရာဇ်က အလွန်ကြောက်စရာကောင်းသော်လည်း လုမင်သည် အနာဂတ်တွင် နတ်ဧကရာဇ်ကို ထပ်မံဖိနှိပ်နိုင်မည်ဟု ယုံကြည်မှုရှိသည်။
သို့ရာတွင်၊ ဘီလူးငါးကောင်က နတ်ဧကရာဇ်အဆင့်ရှိ ပါရမီရှင်များထက် ပို၍ ကြောက်စရာကောင်းသည်။ လုမင်လည်း သူတို့ မည်မျှ အစွမ်းထက်မည်ကို စိတ်ကူးမယဉ်နိုင်တော့ပေ။
သို့ရာတွင် ဤအရာကပင် လုမင်ကို ပို၍ စိတ်လှုပ်ရှားစေသည်။
လုမင်က ပြိုင်ဘက်များကို မကြောက်ပေ။ ပြိုင်ဘက်မရှိခြင်းကိုသာ ကြောက်သည်။ အတိုက်အခံများရှိမှ ဖိအား၊ တွန်းအားများ ရှိနိုင်သည်။
ဗဟိုဒေသက အရှေ့ပိုင်းကန္တာရထက် အင်အားပို၍ကြီးမားသလို ပါရမီရှင်များကြားမှ ရင်ဆိုင်မှုကလည်း ပို၍ပြင်းထန်လှပေသည်။
'ဗဟိုဒေသမှာ ကမ္မတိုက်ပွဲက အရမ်းပြင်းထန်ရလိမ့်မယ်။ ကံမကောင်းချင်တော့ ဗဟိုဒေသမှာ ငါ မရှိခဲ့ဘူး'
လုမင်လည်း စိတ်ထဲမှ ခေါင်းခါယမ်းလိုက်မိလေသည်။။
"ညီနောင်လု၊ မကြာခင်မှာ ပွဲကြီးတစ်ခုကျင်းပမယ်လို့ ငါပြောခဲ့တာကို မှတ်မိသေးလား။ ဆယ်ရက်ကြာရင် ဒုတိယတန်းစား ပါရမီရှင်နှစ်ဦး ကောင်းကင်တိုင်တောင်မှာ တိုက်ခိုက်ကြလိမ့်မယ်။ ဒါက လူအများစုရဲ့ အာရုံစူးစိုက်မှုကို သေချာပေါက် ဆွဲဆောင်ထားနိုင်မှာ၊ ကမ္မတိုက်ပွဲအပြီးမှာ တိတ်တဆိတ်လေ့ကျင့်ရင်း ပျောက်ကွယ်နေခဲ့ကြတဲ့ ပါရမီရှင်အတော်များများလည်း ပြန်ပေါ်လာနိုင်တယ်"
ချူခွမ်း ပြောလိုက်သည်။
လုမင်၏ မျက်လုံးများလည်း အရောင်လက်သွားကြလေသည်။ သူ့မျက်လုံးတွင် မျှော်လင့်ချက်များပင် ဖြစ်ပေါ်လာခဲ့သည်။
ဒုတိယတန်းစား ပါရမီရှင်များက နတ်ဧကရာဇ်အဆင့်တွင် ရှိနေမည်ဟု သူထင်မှတ်ခဲ့သည်။ ထိုကဲ့သို့သော ပါရမီရှင်နှစ်ဦးကြားမှ တိုက်ပွဲက အမှန်တကယ် ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်တစ်ခုပင်။ ယင်းက အင်မတန်ရှားပါးပေရာ လုမင်လည်း လက်လွတ်မခံချင်ပေ။
ယင်းက ဗဟိုဒေသမှ ထိပ်တန်း ပါရမီရှင်များ မည်မျှ အစွမ်းထက်သည်ကို ကြည့်ရှုရန် အခွင့်အလမ်းကောင်းလည်း ဖြစ်သည်။
"ဒါထက် ဒီလို ပါရမီရှင်နှစ်ယောက်က ဘာဖြစ်လို့ တိုက်ခိုက်နေတာလဲ"
လုမင် စိတ်ဝင်တစား မေးလိုက်သည်။
"သူတို့နှစ်ယောက်က ပြိုင်ဘက်တွေလေ။ တစ်ယောက်က သွေးအေးနန်းတော်က ရွယ်လော့ကျစ်တဲ့၊ နောက်တစ်ယောက်ကတော့ ကောင်းကင်လင်းယုန်ခံတပ်က ရင်ပီဖိုတဲ့။ သူတို့ နှစ်ယောက်လုံးက သက်ဆိုင်ရာ အင်အားစုရဲ့ မျိုးဆက်သစ်တွေထဲမှာ အင်အားအကောင်းဆုံးတွေပဲကွ။ ဒီအင်အားစုကြီး နှစ်ခုကိုက တစ်ဖက်နဲ့တစ်ဖက် ပြဿနာရှိတယ်ဆိုတော့ သူတို့လည်း မသင့်မြတ်တာ သဘာဝပါပဲ"
"သူတို့နှစ်ယောက်က ကမ္မတိုက်ပွဲမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပေမဲ့ အောင်နိုင်သူကို မဆုံးဖြတ်နိုင်ခဲ့ကြဘူးလေ။ ဒါကြောင့် ဆယ်ရက်အတွင်း ထပ်မံတိုက်ခိုက်ဖို့ သဘောတူခဲ့ကြတယ်"
ချူခွမ်း ရှင်းပြလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်၏။
"ညီနောင်ချူး၊ ငါတို့ဘယ်တော့ထွက်မှာလဲ"
လုမင် မေးလိုက်သည်။
"ငါတို့ အခုချက်ချင်း သွားလို့ရပါတယ်၊ ဒါပေမယ့် ကောင်းကင်တိုင်တောင်တန်းကို မသွားခင် ငါ ဟန်ချင်းတောင်ကို အရင်ပြန်ရမယ်။ ညီနောင်လု၊ မင်း ငါနဲ့ လိုက်ဝံ့လား"
ချူခွမ်း မေးလိုက်၏။
"ဘာလို့ မဝံ့ရဲရမှာလဲ"
လုမင် ပြုံးလိုက်သည်။
--------