အခန်း ၁၀၁၄
Vol. 68 Ch. 1014
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1014 ) ကောင်းကင်တိုင်တောင်တန်း။
ဟန်ချင်းတောင်ဂိုဏ်းသည် ဗဟိုဒေသ၏ အုပ်စိုးရှင်များထဲမှတစ်ခု ဆိုသည့်တိုင်း သာမန်မဟုတ်ပေ။ သို့သော်လည်း လက်တွေ့မြင်ရသောအခါ လုမင်မှာ အံ့အားသင့်နေရဆဲ ဖြစ်သည်။
သူတို့ရှေ့တွင် အကန့်အသတ်မဲ့ ရေပြင်ကြီး ရှိသည်။ အကန့်အသတ်မရှိသော ရေပြင်အထက် လေထဲမှာတော့ အင်မတန်ကြီးမားသော တောင်တန်းကြီးတစ်ခု လွင့်မျောနေခဲ့၏။
ဤတောင်ကြီးက အလွန်ကြီးမားသောကြောင့် အဆုံးကိုပင် မမြင်နိုင်ပေ။ ၎င်းက ဒဏ္ဍာရီလာ ရှေးနတ်ဘုရားများနေထိုင်ရာ တောင်ကြီးကဲ့သို့ လေထဲသို့ အမြင်မီတာတစ်ထောင်တွင် လွင့်မျောနေခဲ့ခြင်း ဖြစ်သည်။
ဟန်ချင်းတောင်က နာမည်အတိုင်း လေထဲတွင် အမှန်တကယ် မျောလွင့်နေခြင်း ဖြစ်ချေသည်။
အဝေးမှ လှမ်းကြည့်လိုက်လျှင် ဟန်ချင်းတောင်ဂိုဏ်းဟာ တိမ်များကြား၌ တည်ရှိနေပြီး ရေငွေ့များလည်း ပြည့်နေသည်။ နေရောင်အောက်တွင် တွဲလွဲခိုနေသော သက်တန့်များလည်း ရှိ၏။ မရေမတွက်နိုင်သော သက်တံများက တောက်ပနေကာ မြေကမ္ဘာလောကမှ နိဗ္ဗာန်မြေတစ်ခုကဲ့သို့ပင် ဖြစ်သည်။
"တကယ်ကို မိုးပျံတောင်ပါပဲ"
လုမင်လည်း မချီးမွမ်းဘဲ မနေနိုင်တော့ပေ။
"ဟားဟားဟား၊ သွားကြရအောင်"
ချူခွမ်းက ရယ်မောကာ လုမင်နှင့်အတူ ဟန်ချင်းတောင်ဆီသို့ ပျံသန်းသွားခဲ့သည်။
ချူခွမ်း၏ ဦးဆောင်မှုအောက်တွင် သဘာဝအတိုင်း အတားအဆီးမရှိဘဲ ဟန်ချင်းတောင်သို့ ဝင်ရောက်နိုင်ခဲ့ကြသည်။
"လုရှောက်ချင်း"
ထိုအချိန်တွင် မယုံကြည်နိုင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
လုမင်လည်း ခေါင်းကို လှည့်ကြည့်လိုက်ပြီးသော် ရယ်ချင်သွားမိသည်။ ၎င်းက လင်ယွင်ခုန်းပင် ဖြစ်ချေသည်။
"လုရှောက်ချင်း၊ မင်း တကယ်ပဲ ဟန်ချင်းတောင်ကို လာဝံ့တာလား"
လင်ယွင်ခုန်းက မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့်ကြည့်ကာ လှမ်းပြောလိုက်၏။ ထိုအခိုက်မှာပင် ချူခွမ်းကို သတိပြုမိရာ သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားတော့သည်။
"ဘာလဲ၊ ညီနောင်လုက ငါ့မိတ်ဆွေပဲကွ။ မင်းက သူနဲ့ ပြဿနာရှိတာလား။ ညီနောင်လုဆီကနေ မင်းအကြောင်းနည်းနည်း ငါကြားတယ်"
ချူခွမ်းက တလက်လက်တောက်နေသော မျက်လုံးစူးစူးဖြင့် လင်ယွင်ခုန်းကို ကြည့်လိုက်သည်။
လင်ယွင်ခုန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြန်သည်။ သူ့မျက်နှာက ဖြူဖျော့သွား၏။ သူက ကသုတ်ကရုတ်ပင် ပြောလိုက်သည်။
"မဟုတ်ပါဘူး။ လုမင်ရှောက်ချင်းက ခင်ဗျားရဲ့ သူငယ်ချင်းပဲလေ၊ ကျုပ်က သူနဲ့ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး"
ချူခွမ်းကို မြင်သောအခါ လင်ယွင်ခုန်းက ကြောင်ကိုမြင်သော ကြွက်တစ်ကောင်ကဲ့သို့ လွန်စွာ ကြောက်ရွံ့နေတော့သည်။
"ဟမ့်၊ နောင်မှာ ဟန်ချင်းတောင်ဂိုဏ်းရဲ့ နာမည်နဲ့ မကောင်းတာ မလုပ်ရင် ပိုကောင်းမယ်။ နောက်ပြီး ညီတောင်လုရဲ့ သူငယ်ချင်းတွေကို ထပ်ပြီးထိဝံ့ရင် မင်းကို ငါ့ဓားနဲ့ ခုတ်သတ်မယ်"
လင်ယွင်ခုန်းကိုကြည့်သော ချူခွမ်း၏ မျက်လုံးများက သတိပေးမှုအလင်းများ တောက်ပသွားသည်။
"မဝံ့ပါဘူး၊ ကျုပ် သေချာပေါက် မဝံ့ရဲတော့ဘူး"
လင်ယွင်ခုန်း၏ နောက်ကျောတွင် အေးစက်စက် ချွေးများဖြင့် ဖုံးလွှမ်းသွားသည်။ သူက ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်လေသည်။
"ထွက်သွား"
ချူခွမ်းက အေးစက်စက်ဖြင့် အော်လိုက်သည်။ လင်ယွင်ခုန်းလည်း ကြောက်လန့်တကြားဖြစ်င့် ကမန်းကတန်း ထွက်ပြေးသွားတော့သည်။
"လင်ယွင်ခုန်းက မင်းကို အတော်ကြောက်နေပုံပဲ"
လုမင် ပြုံးကာ ပြောလိုက်သည်။
"အရင်တုန်းက ငါ သူ့ကို သင်ခန်းစာနည်းနည်း ပေးဖူးတယ်။ နောက်ပြီးတော့ လင်ယွင်ခုန်းလို စရိုက်ရှိတဲ့ ပါရမီရှင်တစ်ယောက် ရှိသေးတယ်။ သူတို့ နှစ်ယောက်က အမြဲတမ်း မိုက်မိုက်မဲမဲ လျှောက်လုပ်တတ်တယ်လေ။ ငါက သူ့ကို တခါတည်း ခုတ်သတ်လိုက်တာ၊ အဲဒါကြောင့် သူကြောက်နေတာပေါ့"
ချူခွမ်း ရယ်မောလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်ပေသည်။ ဤလင်ယွင်ခုန်းက ချူခွမ်းကို သေမတတ် ကြောက်ရွံ့ပုံရသည်။
ချူခွမ်း၏ ပါရမီက လင်ယွင်ခုန်းထက် အများကြီးသာသည်။ လင်ယွင်ခုန်းကို သတ်လိုက်လျှင်ပင် ဟန်ချင်းတောင်ဂိုဏ်း၏ အကြီးအကဲများက သူ့အတွက် ရပ်တည်နေမည် မဟုတ်ပေ။
ဟန်ချင်းတောင်က အလွန်ကြီးမားသည်။ သူတို့နှစ်ဦးအတွက် ချောက်ကမ်းပါးတစ်ခုသို့ မရောက်ရှိမီ မိုင်သိန်းဂဏန်းခန့် ပျံသန်းခဲ့ရ၏။ ချောက်ကမ်းပါးစွန်းမှာတော့ ခြံဝင်းတစ်ခု ရှိနေသည်။
"ဝမ်ကျင်းရေ၊ ငါရောက်လာပြီ"
ချူခွမ်းက ခြံဝင်းသို့ ရောက်သောအခါ အော်ပြောလိုက်သည်။
မကြာမီ ခြံတံခါးပွင့်လာပြီး မိန်းမပျိုတစ်ယောက် ထွက်လာခဲ့၏။
မိန်းမပျိုက ချောမောလှပပြီး နှင်းဖြူကဲ့သို့ အသားအရေမျိုး ရှိသည်။ သူမက အဝါရောင်ဖျော့ဖျော့ ၀တ်စုံကို ဝတ်ဆင်ထားကာ အလွန်လှလေသည်။
လုမင်လည်း ရင်တစ်ချက် ခုန်သွားသည်။ ဟန်ချင်းတောင်ဂိုဏ်း၏ နံပါတ်သုံး ပါရမီရှင်ကိုတော့ ကျန်းဝမ်ကျင်းဟု ခေါ်သည်။ ယင်းက ဤမိန်းကလေးပင် ဖြစ်နေပါသလော။
ဟန်ချင်းတောင်ဂိုဏ်းတွင် တတိယတန်းစားနှင့်အထက် ပါရမီရှင်သုံးဦးရှိပြီး ကျန်းဝမ်ကျင်းမှာ ထိုအထဲမှ တစ်ဦး ဖြစ်သည်။
"အစ်ကိုချူ၊ နင် ရောက်လာပြီပဲ၊ ဒါပေမဲ့ နှစ်ရက်တောင် နောက်ကျတယ်နော်"
မိန်းကလေးက ပြောလိုက်သည်။
"ဟားဟားဟား၊ ဝမ်ကျင်း… ငါ့ကို အပြစ်မတင်ပါနဲ့။ ငါက မိတ်ဆွေအသစ်ဖွဲ့ပြီး သူနဲ့ နှစ်ရက်လောက် သောက်ခဲ့မိလို့၊ မဟုတ်ဘူး… ငါ အမြန်ပြေးလာခဲ့တာပါ"
ချူခွမ်းက ရယ်ပြီး မိတ်ဆက်ပေးလိုက်သည်။
"ဝမ်ကျန်း၊ ဒါက ညီနောင် လုရှောက်ချင်းပါ။ ညီနောင်လု... ဒါကတော့ ငါ့ ဂိုဏ်းတူညီမလေး ကျန်းဝမ်ကျင်းပဲ"
ချူခွမ်း ပြောလိုက်သည်။
"နင်က လုရှောက်ချင်းလား"
လုမင် စကားမပြောမီ ကျန်းဝမ်ကျင်းက အရင်ပြောလိုက်သည်။ သူမက လုမင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။
"မိန်းကလေးဝမ်ကျင်းက ငါ့နာမည်ကို ကြားဖူးလို့လား"
လုမင် မေးလိုက်သည်။
"ဟုတ်တာပေါ့၊ နင်က လင်ယွင်ခုန်းကို ဖိနှိပ်ပြီး ဟိုင်ကျစ်မင်ကိုတောင် အနိုင်ယူခဲ့တာ၊ ဒီသတင်းက ဟန်ချင်းတောင်တန်းတစ်ခုလုံးကို ပျံ့နှံ့သွားပြီလေ။ ဒီတော့ ငါလည်း မသိဘဲ ဘယ်နေပါ့မလဲ"
ကျန်းဝမ်ကျင်းက အနည်းငယ် ပြုံးလိုက်သည်။
"ဟားဟားဟား၊ ညီနောင်လုရဲ့ နာမည်က မကြာခင်မှာ ဗဟိုတိုက်ကြီးတစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မယ်လို့ ငါယုံတယ်"
ချူခွမ်းက ရယ်မောကာ ပြောလိုက်၏။
ကျန်းဝမ်ကျင်း၏ မျက်လုံးများက အရောင်လက်ကာ အနည်းငယ် အံ့သြသွားသည်။ ချူခွမ်းက လုမင်ကို ပို၍တွေးနေပုံ ရပေသည်။
တကယ်တော့ ကျန်းဝမ်ကျင်းဟာ ရေနက်ကြာပလ္လင် တိုက်ပွဲအကြောင်းကို မသိသေး၍သာ ဖြစ်သည်။ သူမ မြင်ခဲ့လျှင်တော သိပ်အံ့သြမည် မဟုတ်ပေ။
"ဝမ်ကျင်း၊ ကောင်းကင်တိုင်တောင်တန်းကို သွားရအောင်"
ချူခွမ်းက ပြောလိုက်သည်။
ဤနေရာသည် ကောင်းကင်တိုင်တောင်တန်းနှင့် အတော် အလှမ်းဝေး၏။ ထို့ကြောင့်ပင် တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြရသည်။
ကျန်းဝမ်ကျင်းလည်း ခေါင်းကိုညိတ်လိုက်သည်။ ထို့နောက် သူတို့သုံးယောက်လည်း ဟန်ချင်းတောင်မှ ထွက်ခွာကာ အနောက်မြောက်ဘက်သို့ ဦးတည်သွားခဲ့သည်။
သွေးအေးနန်းတော်သည် ဟန်ချင်းတောင် မြောက်ဘက်မှ အုပ်စိုးရှင်အင်အားစုတစ်ခု ဖြစ်သည်။ ၎င်းက အရှေ့ပိုင်းကန္တာရ၏ အိမ်နီးချင်းလည်း ဖြစ်ချေသည်။
ကောင်းကင်လင်းယုန်ခံတပ်ကတော့ သွေးအေးနန်းတော်၏ အနောက်ဘက်တွင် ရှိသည်။
ကောင်းကင်တိုင်တောင်တန်းကတော့ ဟန်ချင်းတောင်ဂိုဏ်း အနောက်မြောက်ဘက်ရှိ သွေးအေးနန်းတော်နှင့် ကောင်းကင်လင်းယုခံတပ်ကြားတွင် တည်ရှိသည်။ ယင်းက အလွန်ဝေးကွာသော အကွာအဝေးတစ်ခု ဖြစ်ချေသည်။ ၎င်းမှာ အရှေ့ပိုင်းပိုင်းကန္တာရတွင် အနည်းဆုံး ဒေသကြီးငါးဆယ်စာ ဖြစ်သည်။
ဤမျှဝေးသော အကွာအဝေးကို ပျံသန်းသွားရန်တော့ မဖြစ်နိုင်ပေ။ ပထမဦးစွာ သူတို့က တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါဖြင့် ကောင်းကင်တိုင်တောင်တန်းအနီးကို သွားရောက်ခဲ့ကြသည်။ ထို့နောက်တွင်မှ နေရာကို ပျံသန်းသွားခြင်း ဖြစ်ချေသည်။
ကောင်းကင်တိုင်တောင်တန်းက တောင်များ ပြည့်နှက်နေသော မြေရိုင်းတစ်ခု ဖြစ်သည်။
သူတို့သုံးယောက်သား ရက်အတော်ကြာ ပျံသန်းခဲ့ပြီးနောက် တောအုပ်တစ်ခုရှေ့တွင် ရုတ်တရက် ရပ်သွားသည်။
"ဘယ်လောက်တောင် သွေးနံ့ပြင်းလိုက်လဲ"
ကျန်းဝမ်ကျင်း၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
လုမင်နှင့် ချူခွမ်းလည်း မျက်နှာ လေးနက်သွား၏။ သူတို့နှစ်ဦးလည်း လေထဲတွင် အလွန်ပြင်းထန်သောသွေးနံ့ကို ခံစားမိကြသည်။
သွေးနံ့များမှာ ညာဘက်မှ တောင်ပေါ်က ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
"သွားကြည့်ရအောင်"
ချူခွမ်းက ဦးဆောင်ကာ ထိုလမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်။
လုမင်နှင့် ကျန်းဝမ်ကျင်းလည်း အနောက်မှ လိုက်ပါပျံသန်းသွား၏။
ခဏကြာတော့ သွေးနံ့များ၏ အရင်းအမြစ်ကို ရှာတွေ့ခဲ့ကြသည်။
တောင်ပေါ်တွင် ကျောက်တုံးဖြင့် ပြုလုပ်ထားသော အဆောက်အဦးများ ရှိသည်။ ဤသည်မှာ လူများစွာနေထိုင်သော မြို့ငယ်လေးတစ်ခု ဖြစ်၏။ ယခုမူကား၊ သူတို့အားလုံး သေသွားပြီ။
တစ်မြို့လုံး လူသေအလောင်းများ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
သူတို့သုံးဦး၏ ခန့်မှန်းမှုအရ အနည်းဆုံး လူတစ်သိန်းခန့် ရှိနိုင်သည်။ ယခုတော့ သူတို့အားလုံး သေဆုံးသွားကြပြီဖြစ်ရာ သွေးနံ့များကလည်း လေထဲတွင် ပြည့်နှက်နေတော့သည်။
သို့ဖြစ်ပေရာ သူတို့သုံးယောက် အဝေးမှ သွေးနံ့များ ရနိုင်သည်မှာ အံ့သြစရာ မရှိတော့ပေ။
"ဘယ်သူလဲ၊ ဒီလောက်လူအများကြီးကို ဘယ်သူက သတ်လိုက်တာလဲ။ အများစုက သာမန်လူတွေပဲကို"
ကျန်းဝမ်ကျင်း၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။
"ဒီသွေးနံ့က လမ်းကြောင်းတစ်ခုထဲကို သွားနေတာပဲ"
လုမင် ပြောလိုက်သည်။
သေချာ စူးစမ်းကြည့်မှ လေထဲမှသွေးနံ့အားလုံးဟာ လမ်းကြောင်းတစ်ခုဆီ ကူးပြောင်းနေကြောင်း တွေ့လိုက်ရ၏။
"ဒါ သွေးအေးနန်းတော်က တစ်ယောက်ယောက်ပဲလား"
ချူခွမ်း၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။
သွေးအေးနန်းတော်၏ ကျင့်ကြံခြင်းက အများအားဖြင့် သွေးနှင့် သက်ဆိုင်သည်။ သို့ရာတွင် သွေးအေးနန်းတော်၏ ကျင့်ကြံမှုနည်းလမ်းများက သည်းမခံနိုင်လောက်အောင် ကြောက်စရာကောင်းလွန်းသောကြောင့် အခြားအင်အားစုများမှာ မကျေနပ်ဘဲ ပူးပေါင်း ဖိအားပေးခဲ့သည်။ ထိုအတွက် သွေးအေးနန်းတော်ဟာ သာမန်လူများကို တိုက်ခိုက်မှာမဟုတ်ဘူးဟု ကတိပေးခဲ့ရ၏။ ယခုမူကား၊ ဤနေရာတွင် သေဆုံးသွားသူအများစုက သာမန်လူများသာ ဖြစ်သည်။
သုံးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သွေးနံ့လွှမ်းနေသော ဦးတည်ရာဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားကြသည်။
"ဟိုမှာ တစ်ယောက်ယောက်ရှိတယ်"
ကျန်းဝမ်ကျင်းက ကျန်နှစ်ယောက်ကို အသံပို့လွှတ်ကာ ပြောလိုက်၏။
မြို့လယ်ခေါင်တွင် သွေးနီရောင်၀တ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး တင်ပျဉ်ခွေ ထိုင်နေသည်။ လေထဲမှ အဆုံးမဲ့သွေးနံ့များက သူ့ထံသို့ ရောက်ရှိလာကာ သူ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားကြခြင်း ဖြစ်သည်။
"သွေးဆာနေတဲ့ နည်းလမ်း၊ ဒါ သွေးအေးနန်းတော်က ကျွမ်းကျင်သူပဲ၊ သွားကြစို့"
ချူခွမ်းက ခပ်တိုးတိုး ပြောလိုက်သည်။ သူ့မျက်လုံးများက လေးနက်မှုအရိပ်အယောင်များ လှစ်ဟလာကာ အလျင်အမြန် နောက်ဆုတ်သွားရန် ကြိုးစားလိုက်၏။
ဤအခိုက်တွင် သွေးရောင်ဝတ်လူကြီး၏ မျက်လုံးများက ပွင့်ဟလာပြီး အေးစက်၍ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ချင်စိတ်များလည်း ထွက်ပေါ်လာတော့သည်။
--------