← Chapters

အခန်း ၁၀၁၅

Vol. 68 Ch. 1015

အခန်း ၁၀၁၅

Vol. 68 Ch. 1015

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1015 ) ဝိညာဉ်နတ်ဘုရားနှင့် တိုက်ခိုက်ခြင်း။

"သန်မာတဲ့သွေးနဲ့ ပါရမီရှင် သုံးယောက် ရောက်လာတာပဲ။ ဟားဟားဟား၊ မိုးကောင်းကင်က ငါ့ဘက်မှာ တကယ်ရှိတယ်၊ သေကြစမ်း"

လူလတ်ပိုင်းကြီးက သူ့လက်ကို ဆန့်ထုတ်ကာ ဖမ်းဆုပ်လိုက်သည်။ တခဏချင်းမှာပဲ သွေးနီရောင် ဖဲကြိုးငါးချောင်းက ကြာပွတ်ငါးခုသဖွယ် သူတို့ သုံးယောက်ထံ လွင့်လာခဲ့၏။

"ဝုန်း ဝုန်း ဝုန်း"

သူတို့ သုံးယောက်လည်း တပြိုင်နက်တည်း ပေါက်ကွဲလိုက်ကြသည်။ ချူခွမ်းက ရေခဲဓားအလင်းဖြင့် သွေးနီရောင် ဖဲကြိုးနှစ်ချောင်းကို ခုတ်ပိုင်းချလိုက်သည်။

လုမင်ကလည်း အတားအဆီး‌မဲ့သောကောင်းကင်သိုင်းကို အသုံးပြုကာ ဖဲကြိုးနှစ်ချောင်းထံသို့ လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်၏။ တစ်ဖက်တွင်ကား၊ ကျန်းဝမ်ကျင်းဟာ သွေးနီရောင်ဖဲကြိုးတစ်ချောင်းကို ကောင်းကင်ပြာရောင် ဓားအလင်းတစ်ခုဖြင့် ခုတ်ပိုင်းလိုက်တော့သည်။

ပေါက်ကွဲသံငါးခု ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ လုမင်က ခြေဆယ်လှမ်းကျော် ဆုတ်သွားရကာ ချူခွမ်းလည်း အလားတူပင် ဆုတ်သွားရသည်။ တစ်ဖက်တွင်၊ ကျန်းဝမ်ကျင်းကတော့ အခြေအနေအနည်းငယ် ပိုကောင်းပြီး ခြေလှမ်းအနည်းငယ်သာ နောက်ပြန်ဆုတ်သွားရ၏။ နောက်ဆုံးတွင်မူ၊ သူမက ဖဲကြိုးတစ်ချောင်းတည်းကိုသာ ရင်ဆိုင်ခဲ့ရသည်။

'ဝိညာဉ်နတ်ဘုရားနယ်ပယ်'

သူတို့သုံးယောက်စလုံး တစ်ချိန်တည်းတွင် တွေးမိကြကာ မျက်နှာအမူအရာများ အလွန်လေးနက်သွားသည်။

သူတို့သုံးယောက်ကို ကျပန်းတိုက်ခိုက်မှုတစ်ခုဖြင့် နောက်ပြန်ဆုတ်စေနိုင်သူက ဝိညာဉ်နတ်ဘုရားပင် ဖြစ်လိမ့်မည်။

"ဟမ်"

လူလတ်ပိုင်းကြီးက လုမင်တို့ သုံးယောက်ကို တစ်ချက်တည်းဖြင့် မသတ်နိုင်ခဲ့ကြောင်း မြင်ရပြီးနောက် အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော်လည်း မကြာမီမှာပင် အလွန်ဝမ်းသာသွား၏။

"ဟားဟားဟား၊ မင်းတို့ သုံးယောက်က တတိယတန်းစား ပါရမီရှင်တွေလို့ မှတ်ယူနိုင်တာပဲ။ မင်းတို့ရဲ့ သွေးတွေက ပိုပြီးသိပ်သည်းတယ်။ သေကြစမ်း"

လူလတ်ပိုင်းကြီးက ရယ်မောပြီး သူ့လက်များကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သွေးနီရောင် ဖဲကြိုး ဆယ်ချောင်းက လုမင်တို့သုံးယောက်ထံ တိုးဝင်သွား၏။

ဖဲကြိုးများက ပေါ့ပါးပုံရသော်လည်း အလွန် ကြောက်မက်ဖွယ်ကောင်းကာ လေကို ဖြတ်သွားသည့်အခါတိုင်း တရွှီရွှီအသံများ ထွက်ပေါ်လာသည်။

"ဒီကနေ ထွက်သွားရအောင်"

ချူခွမ်းက အော်ဟစ်ကာ နတ်ဘုရားအဆင့်ခုနစ် သွေးမျိုးဆက်ကို တိုက်ရိုက် ပေါက်ကွဲလိုက်သည်။

ဝိညာဉ်နတ်ဘုရားနှင့် ရင်ဆိုင်ရာတွင် ပေါ့လျော့မှုတစ်ခုက သေခြင်းဆီသို့ ဦးတည်သွားနိုင်သောကြောင့် သူသည် အနည်းငယ်မျှ သတိလက်လွတ် မဖြစ်ဝံ့ပေ။

ကျန်းဝမ်ကျင်းလည်း သွေးမျိုးဆက် ပေါင်းစပ်မှုကို အသုံးပြုခဲ့သည်။

လုမင်ကတော့ သွေးမျိုးဆက် ပေါင်းစပ်မှုကို မလုပ်ဆောင်ခဲ့ပေ။ သို့ရာတွင် နဂါးစွမ်းအင်သုံးခုကို ပေါက်ကွဲထားပြီး သူ၏ တိုက်ခိုက်မှုတိုင်းကလည်း အလွန်ကြောက်စရာကောင်းခဲ့သည်။

"ဝုန်း ဝုန်း"

၎င်းတို့ သုံးဦးက ပူးပေါင်းကာ အသန်မာဆုံး တိုက်ခိုက်မှုများကို ထုတ်ဖော်ခဲ့ကြသည်။ သူတို့က သွေးနီရောင် ဖဲကြိုး ဆယ်ချောင်းကို ချက်ခြင်း ဖျက်ဆီးပြီး အဝေးသို့ ပျံသန်းလိုက်၏။

"ထွက်သွားဖို့ စဉ်းတောင် မစဉ်းစားနဲ့။ သွေးလှောင်အိမ်"

လူလတ်ပိုင်းကြီးက မတ်တပ်မရပ်သေးပါ။ သူက တင်ပျဉ်ခွေထိုင်နေရာမှ လက်ဝါးနှစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက် မကောင်းကင်ယံတွင် ရေမတွက်နိုင်သော သွေးနီရောင်ဖဲကြိုးများ ပေါ်လာခဲ့၏။ သွေးနီရောင်ဖဲကြိုးများဖြင့် ပြုလုပ်ထားသည့် လှောင်အိမ်တစ်ခုက ဖြစ်ပေါ်လာကာ ၎င်းတို့ သုံးဦးကို အတွင်းဘက်တွင် ချုပ်လှောင်ထားတော့သည်။

သူတို့ သုံးယောက်က အပြင်းအထန်တိုက်ခိုက်လိုက်ရာ သွေးနီရောင် လှောင်အိမ်က တုန်ခါသွားသည်။ သို့သော်လည်း ခဏချင်းတော့ မဖွင့်နိုင်တော့ပေ။

"ခုတ်"

သွေးနီရောင်ဝတ် လူလတ်ပိုင်းကြီးက အေးစက်စက်ဖြင့် အော်လိုက်သည်။ သူ့လက်ချောင်းများကို လေထဲတွင် လွှဲခုတ်ဟန်ပြုလ်ုက်ရာ ကြောက်စရာကောင်းသော ဓားအလင်းသုံးခုက သူတို့ သုံးယောက်ဆီသို့ တိုးဝင်လာတော့သည်။

"ဝုန်း ဝုန်း ဝုန်း"

သူတို့သုံးဦးလည်း သွေးနီရောင်ဓားအလင်းကို တွန်းလှန်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးတွင်၊ ချူခွမ်းနှင့် ကျန်းဝမ်ကျင်း၏ သွေးမျိုးဆက်များက ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ၎င်းတို့သည် ၎င်းတို့၏ လူသားပုံစံသို့ ပြန်လည်ရောက်ရှိလုနီးပါးပင် ဖြစ်ခဲ့ရ၏။

လုမင်လည်း သူ့တစ်ကိုယ်လုံး ပူလောင်သည့် ဝေဒနာကို ခံစားလိုက်ရသည်။ သူ့သွေးနှင့် ချီများက ကမောက်ကမဖြစ်ကာ သွေးအန်လုနီးပါး ဖြစ်ခဲ့ရပေသည်။

ကံကောင်းထောက်မစွာဖြင့် လုမင်၏ ခုခံကာကွယ်မှုက ကြောက်စရာကောင်းကာ ၎င်းကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။

"ချိုးဖြတ်လော့"

လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းစွမ်းအားကို တိုးမြှင့်လိုက်သည်။ သူက လက်သီးချက်များ အကြိမ်ကြိမ် ထုတ်ဖော်လိုက်ရာ နောက်ဆုံးတွင် သွေးလှောင်အိမ် ပြိုကျသွား၏။

သုံးယောက်သား အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

"မင်းတို့ ထွက်သွားချင်တာလား။ မရဘူးကွ"

သွေးနီရောင်ဝတ်လူက ဆတ်ခနဲ ထရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ သွေးစွမ်းအင်များဘည်း တဟုန်ထိုး တက်လာခဲ့၏။ သူ့လက်များက လှုပ်ရှားသွားရာ ဓားအလင်းသုံးခုက မီတာတစ်သောင်းကို ခဏချင်းကျော်ဖြတ်ပြီး သူတို့သုံးယောက်ထံ တိုးဝင်သွားတော့သည်။

ဓားအလင်းသုံးခု ၎င်းတို့ သုံးဦးကို တစ်ခြမ်းခွဲနိုင်ပုံရကာ အလွန် ကြောက်မက်ဖွယ်ကောင်းသည်။

"မကောင်းတော့ဘူး"

ချူခွမ်း မျက်နှာပျက်သွားသည်။

ဤဓားအလင်းအောက်တွင် သူ သေရမည်ဟုပင် ခံစားလာခဲ့ရ၏။

"ဝမ်"

ဤအခိုက်တွင် လုမင်၏ မျက်ခုနှစ်ခုကြားမှ တောက်ပလာပြီး တောင်နှင့်မြစ်ပန်းချီကား ပေါ်လာသည်။ ပန်းချီကားက ကြီးမားလာကာ သူတို့သုံးယောက်ကိုလှည့်ပန်ပြီး ရှေ့သို့ ဆက်ပြေးသွား၏။

"ဝုန်း ဝုန်း ဝုန်း"

ဓားအလင်းသုံးခုက တောင်တန်းနှင့်မြစ်ပြင် ပန်းချီကားကို ခုတ်ပိုင်းလိုက်သော်လည်း ဖြတ်မသွားခဲ့ပေ။ ပန်းချီကားက အင်အား၏ တစ်စိတ်တစ်ပိုင်းကို ပိတ်ဆို့ထားခဲ့သည်။ သို့သော်လည်း ကျန်အင်အားများက လုမင်၊ ချူခွမ်းနှင့် ကျန်းဝမ်ကျင်းပေါ်ကို ကျရောက်နေဆဲပင်။

ချူခွမ်းနှင့် ကျန်းဝမ်ကျင်းတို့ ချက်ချင်းပင် ၎င်းတို့၏ လူသားပုံစံသို့ ပြန်ပြောင်းလာကာ သွေးအန်ကုန်ကြသည်။

လုမင် ခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာ တုန်ခါသွား၏။ သူ့အရေပြားက ဖြတ်တောက်ခံရကာ သွေးများ စီးကျလာတော့သည်။

လုမင်လည်း နာကျင်မှုကို ခံရပ်ကာ ချူခွမ်း၊ ကျန်းဝမ်ကျင်းတို့နှင့်အတူ ရှေ့သို့ ဆက်ပြေးသွားခဲ့သည်။

"သေစမ်း"

လူလတ်ပိုင်းကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း ဆက်မလိုက်တော့ပါ။ သူ့အမူအရာ ပြောင်းသွားကာ တင်ပျဉ်ခွေထိုင်ပြီး ပတ်ဝန်းကျင်မှ သွေးစွမ်းအင်များကို စုပ်ယူနေလိုက်သည်။

လုမင်တို့ သုံးယောက်လည်း မိုင်တစ်သိန်းကျော် ပျံသန်းလာပြီးမှ ချိုင့်ဝှမ်းတစ်ခုတွင် ဆင်းသက်လိုက်သည်။

ဆင်းပြီးနောက် တင်ပျဉ်ခွေထိုင်ကာ ဒဏ်ရာများကို ကုသလိုက်၏။

နှိုင်းယှဥ်ကြည့်လျှင် လုမင်၏ ဒဏ်ရာများက မပြင်းထန်လှပေ။ သူ့အရေပြားအောက်ရှိ နဂါးအကြေးခွံများက အင်အားအများစုကို ပိတ်ဆို့ထားခဲ့သည်။ နှစ်နာရီကြာပြီးနောက် လုမင်က အပြည့်အဝ ပြန်လည်ကောင်းမွန်လာပေသည်။

သူ ကြည့်လိုက်သောအခါ ချူခွမ်းနှင့် ကျန်းဝမ်ကျင်းက လေ့ကျင့်နေဆဲဖြစ်ကြောင်း သတိပြုမိလိုက်သည်။

'ငါနဲ့ ဝိညာဉ်နတ်ဘုရား နယ်ပယ်ကြားမှာ ကြီးမားတဲ့ ကွာဟချက်ရှိနေတုန်းပဲ'

လုမင် လေးလေးနက်နက် တွေးလိုက်သည်။

ဝိညာဉ်သန္ဓေသားနယ်ပယ်နှင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကြားတွင် ကွာဟချက်က အလွန်ကြီးမားသည်။ ဤနယ်ပယ်နှစ်ခုကြားတွင် အလွန်ကြီးမားသော တွင်းနက်ကြီးတစ်ခု ရှိ၏။ ပို၍အရေးကြီးသည်မှာ၊ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရန် အခြေအနေများက အလွန်မြင့်မားသည်။ သာမာန်ကျင့်ကြံသူများ သို့မဟုတ် သာမာန်ပါရမီရှင်များဆိုလျှင် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ လုံးလုံးလျားလျား မဖြတ်ကျော်နိုင်ပေ။

ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်နိုင်သူများက ပါရမီရှင်များကြားမှ ပါရမီရှင်များ ဖြစ်သည်။ ယင်းကြောင့် နယ်ပယ်နှစ်ခုကြား ကွာဟချက်မှာ ပို၍ ကြီးမားခဲ့ပေသည်။

နောက်ဆုံးတွင် နယ်ပယ်မြင့်မားလေ၊ နယ်ပယ်များအကြား ကွာဟမှု ကြီးမားလေလေ၊ ပို၍ ကြောက်စရာကောင်းလေလေ ဖြစ်သည်။ ထိုအတွက် ကျော်လွှားတိုက်ခိုက်ရန်မှာ သဘာဝအတိုင်း ခက်ခဲပေလိမ့်မည်။

လုမင်က ယခုအခါ ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ရှစ်တွင်သာ ရှိသေးသည်။ ဤမျှကြီးမားသော ကွာဟချက်ကို ကျော်လွှားပြီး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို တိုက်ခိုက်ရန်မှာ အလွန်ခက်ခဲပြီး လက်တွေ့ မဖြစ်နိုင်သောအရာ ဖြစ်သည်။

သူက ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံမှုသို့ ရောက်လာလျှင်တော့ ဖြစ်နိုင်ပေလိမ့်မည်။

'အဲဒီ သွေးနီရောင် ၀တ်ထားတဲ့ လူလတ်ပိုင်းကြီးက ဒဏ်ရာ ရနေပြီး ပြန်ကုသနေတာပဲ'

လုမင် တွေးလိုက်သည်။

ထိုလူကြီးသာ ဒဏ်ရာ ရမထားပါက သူတို့ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

နာရီအနည်းငယ်ကြာပြီးနောက် ချူခွမ်းနှင့် ကျန်းဝန်ကျင်းလည်း နောက်ဆုံးတွင် မျက်လုံးပွင့်လာကာ ကုသခြင်းလုပ်ငန်းစဉ်ကို အဆုံးသတ်လိုက်ကြသည်။

"ဒီတစ်ခါ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် ညီနောင်လု"

ချူခွမ်းက မတ်တပ်ထရပ်ပြီး လုမင်ကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ လုမင်ကြောင့်သာ မဟုတ်လျှင် သူတို့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"ယဉ်ကျေးစရာ မလိုပါဘူး"

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“သွေးအေးနန်းတော်ရဲ့ ဒီပညာရှင်က ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်ပဲ ဖြစ်သင့်တယ်။ သူ ဘာကြောင့် ဒဏ်ရာရတာလဲဆိုတာတော့ ငါမသိပါဘူး၊ ဒါကြောင့်ပဲ သူက တစ်မြို့လုံးကို သတ်ပစ်ပြီး သူ့ကိုယ်သူ ကုသဖို့ လူအားလုံးရဲ့ သွေးတွေကို အသုံးပြုနေတာ"

ချူခွမ်းက ပြောလိုက်သည်။

လုမင်လည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

သို့ရာတွင် သူ့ကိုယ်သူ ကုစားရန် မြို့တစ်မြို့လုံးကို သတ်ပစ်ခြင်းက ရက်စက်လွန်းလှသည်။

သူတို့သုံးယောက်လည်း ခဏတာ စကားစမြည်ပြောပြီးနောက် ကောင်းကင်တိုင်တောင်တန်းဆီ ဆက်လက်ပျံသန်းသွားသည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ၏ ကိစ္စက ၎င်းတို့ ဝင်ရောက်စွက်ဖက်နိုင်သော အရာမဟုတ်သလို ထိုသို့လုပ်ဆောင်နိုင်စွမ်းလည်း မရှိခဲ့ပေ။

နောက်ထပ်နှစ်ရက် ပျံသန်းပြီးနောက် ကောင်းကင်ကို ဖောက်ထွင်းဝင်ရောက်နေသော တောင်ထွတ်ကြီးတစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။

ကောင်းကင်တိုင်တောင်က နာမည်အတိုင်း ကောင်းကင်ကို ဖောက်ဝင်နေသော တိုင်ကြီးတစ်လုံးကဲ့သို့ပင်။ ၎င်းက မိုးနှင့်မြေကြားတွင် ထီးထီးကြီး တည်ရှိနေကာ အဝေးမှပင် လှမ်းမြင်တွေ့နိုင်သည်။

ဒဏ္ဍာရီအရ၊ ကောင်းကင်တိုင်တောင်ဟာ ရှေးခေတ်ဟောင်းမှ တန်ခိုးရှင်တစ်ဦး၏ လက်နက်မှ အသွင်ပြောင်းခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင်၊ ရွယ်လော့ကျစ်နှင့် ရင်ပီဖိုကြားမှ တိုက်ပွဲမဖြစ်မီ နှစ်ရက်လိုသေးသည်။ သူတို့သုံးယောက်လည်း အနီးနားရှိ မြို့ငယ်လေးတွင် နားခိုနေခဲ့ကြသည်။

မြို့ငယ်လေးမှာတော့ လူများ သွားလာလှုပ်ရှားကာ စည်ကားလျက် ရှိ၏။

"ကမ္မတိုက်ပွဲအပြီးမှာ ဒါက ဒုတိယတန်းစား ပါရမီရှင်တွေရဲ့ ပထမဆုံးတိုက်ပွဲပဲ။ ဒါက လူတော်တော်များများကို ဆွဲဆောင်နိုင်ခဲ့တယ်"

ချူခွမ်းက ပတ်ဝန်းကျင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

မြို့ငယ်လေးရှိ လမ်းများပေါ်တွင် သွားလာနေသူများအားလုံးက ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့ထဲတွင် မည်သူမဆို အနိမ့်ဆုံး ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် ရှိ၏။

ယောင်္ကျား၊ မိန်းမ အရွယ်စုံရှိကာ သူတို့အားလုံးက ထိပ်သီး ပါရမီရှင်နှစ်ဦးကြားမှ တိုက်ပွဲကိုသက်သေခံရန် လာခဲ့ကြကြောင်း ထင်ရှားသည်။

--------

All Chapters