အခန်း ၁၀၁၆
Vol. 68 Ch. 1016
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1016 ) ဗဟိုတိုက်ကြီး၏ အလှဘုရင်မ ငါးပါး။
သုံးယောက်သား ကျပန်း တည်းခိုဆောင်တစ်ခုကိုရှာကာ တိုက်ပွဲချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။
လုမင်က ဤအချိန်ကို အခွင့်ကောင်းယူကာ မြေတာအိုကို နားလည်ခြင်းနှင့် အစစ်အမှန်ယွမ်ချီကို သန့်စင်နေခဲ့ပေသည်။
အချိန်နှစ်ရက်က မြန်ဆန်စွာ ကုန်လွန်သွား၏။ နှစ်ရက်အကြာတွင် မရေမတွက်နိုင်သော ပုံရိပ်များက ကောင်းကင်တိုင်တောင်သို့ ဦးတည် ပျံသန်းသွားတော့သည်။
လုမင်တို့သုံးယောက်လည်း လူအုပ်ထဲသို့ ရောနှောဝင်ကာ ကောင်းကင်တိုင်တောင်အနီးကို ရောက်ရှိလာသည်။ သူတို့ရောက်သွားတော့ ထိုနေရာတွင် လူအတော်များများ ရောက်ရှိနေကြပြီ။
တစ်ချက်ကြည့်လိုက်လျှင် လူ တစ်သောင်းထက်မနည်း ရှိ၏။
ယင်းမှ ဗဟိုဒေသတွင် ဒုတိယတန်းစား ပါရမီရှင်များ၏ လွှမ်းမိုးမှုကို ပြသခဲ့သည်။
ဗဟိုတိုက်ကြီးသည် အကန့်အသတ်မဲ့ဖြစ်ပြီး အရှေ့ပိုင်းကန္တာရထက် ခုနစ်ဆ သို့မဟုတ် ရှစ်ဆ ပိုကြီးသည်။ ဤနေရာတွင် ထူးချွန်သူများ၊ ကျွမ်းကျင်သူများကလည်း မရေမတွက်နိုင်အောင် ရှိကြ၏။
သို့ရာတွင် ဤမျှကျယ်ဝန်းသော နယ်မြေကြီး၌ ဒုတိယတန်းစား ပါရမီရှင်များမှာ ဘယ်လောက်များများ ရှိလို့နည်း။
ဘီလူးငါးကောင်အောက်တွင် ဒုတိယတန်းစား ပါရမီရှင်များက နှစ်ဆယ်ခန့်သာရှိပြီး မြင်ရခဲလှသည်။
ထို့ပြင် ကမ္မတိုက်ပွဲတွင် လူအများစုက တိုက်ပွဲကိုကြည့်ရှုရန် အရည်အချင်းမရှိကြပါ။ ထို့ကြောင့်ပင် ဤတိုက်ပွဲက လူတော်တော်များများကို ဆွဲဆောင်သွားခဲ့သည်။ သူတို့အားလုံး ဒုတိယတန်းစား ပါရမီရှင်များက မည်သို့သော တိုက်ခိုက်နိုင်စွမ်းနှင့် ကျင့်ကြံခြင်းအခြေခံများ ပိုင်ဆိုင်ထားမည်ကို ကိုယ်တိုင် သက်သေခံလိုခဲ့ပေသည်။
လူအုပ်ထဲတွင် အသက်အရွယ်ကြီးရင့်သူများရှိကာ ဆယ်ကျော်သက်အရွယ် လူငယ်များလည်း ရှိကြသည်။
လူငယ်များကတော့ အတက်ကြွဆုံး ဖြစ်၏။ ၎င်းတို့ဟာ ငယ်ရွယ်သေး၍ ကမ္မတိုက်ပွဲကို လွဲချော်ခဲ့ရသည်။
သို့ဖြစ်ပေရာ သူတို့ထက် မျိုးဆက်တစ်ဝက်ခန့်ကြီးသည့် ပါရမီရှင်များက သူတို့ကိုလှုံ့ဆော်ရန် မည်မျှ အစွမ်းထက်သလဲဆိုတာကို မြင်တွေ့လိုကြသည်။
"ကျွမ်းကျင်သူတွေ အများကြီးပဲ"
ချူခွမ်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ လူများကြားတွင် သူနှင့်တန်းတူ နာမည်ကျော်ကြားသော ပါရမီရှင်များစွာကို တွေ့ခဲ့ရ၏။ ၎င်းတို့က တတိယတန်းစား ပါရမီရှင်များ ဖြစ်သည်။ တတိယတန်းစား ပါရမီရှင်များ မဟုတ်သော်လည်း လျှော့မတွက်သင့်သော လူတချို့လည်း ရှိ၏။ ဥပမာအားဖြင့်၊ ဟန်ချင်းတောင်မှ ဟိုင်ကျစ်မင်၊ ဝူခုန်းနှင့် လင်ယွင်ခုန်းကိုလည်း လူအုပ်ထဲတွင် တွေ့ရသည်။
ကောင်းကင်တွင်ရပ်ကာ အလွန်တုန်လှုပ်စရာကောင်းသည့် အရှိန်အဝါများကို ထုတ်လွှတ်နေသော အဘိုးအိုတချို့လည်း ရှိသေးသည်။ ၎င်းတို့က ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများဖြစ်ကြောင်း သိသာထင်ရှားသည်။
ဤတိုက်ပွဲက ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ၏ အာရုံကိုပင် ဆွဲဆောင်ခဲ့ပေသည်။
ရုတ်တရက် နတ်ဆိုးစွမ်းအင်များဟာ ကောင်းကင်သို့ ဖြာတက်လာသည်။ ထို့နောက် အနက်ရောင်ဝတ် လူငယ်တစ်ယောက် ထွက်ပေါ်လာကာ လူတိုင်း၏အာရုံကို ဖမ်းစားသွား၏။
"ကျွင်းယွဲ့၊ ဒါက နတ်ဆိုးတောင်တန်းရဲ့ ကျွင်းယွဲ့ပဲ"
တစ်စုံတစ်ယောက်က ထိုလူငယ်ကိုမြင်သောအခါ အော်ပြောလိုက်သည်။
"နတ်ဆိုးတောင်တန်းရဲ့ ကျွင်းယွဲ့လည်း ရောက်လာတာပဲ"
ကျန်းဝမ်ကျင်းနှင့် ချူခွမ်းလည်း အံ့အားသင့်စွာ ပြောကြသည်။
လုမင်လည်း နှလုံးတစ်ချက်ခုန်သွားကာ ကျွင်းယွဲ့ကို ဂရုတစိုက် အကဲခတ်လိုက်၏။
ဤကာလအတွင်း လုမင်ဟာ ဗဟိုဒေသအကြောင်း ချူခွမ်းနှင့် ကျန်းဝမ်ကျင်းကို မေးမြန်းခဲ့သည်။ ချူခွမ်းက လူငယ် မျိုးဆက်သစ်များအကြောင်း အများစုကို ပြောပြဖူးပေသည်။
လုမင်လည်း ဗဟိုဒေသမှ အဓိကပါရမီရှင်များအကြောင်းကို နားလည်သဘောပေါက်လာခဲ့သည်။ ဟုတ်ပေသည်၊ အဓိကအားဖြင့် ဘီလူးငါးကောင်နှင့် ဒုတိယတန်းစား ပါရမီရှင်နှစ်ဆယ်တို့အပြင် အုပ်စိုးသူ အင်အားစုကြီးများမှ ထိပ်သီး ပါရမီရှင်များ ဖြစ်သည်။
နတ်ဆိုးတောင်တန်းက ဗဟိုတိုက်ကြီး၏ အုပ်ချုပ်သူ အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။ ကျွင်းယွဲ့ကတော့ ဒုတိယတန်းစား ပါရမီရှင် နှစ်ဆယ်ကျော်မှ တစ်ဦး ဖြစ်ချေသည်။
'ဒီလူက တကယ်ကို သန်မာတာပဲ၊ သူက လူတွေကို အရမ်းကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ပေးစွမ်းတယ်။ သူက နတ်ဧကရာဇ်အဆင့် ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်'
ကျွင်းယွဲ့ကိုကြည့်ကာ လုမင် တွေးလိုက်သည်။
ကျွင်းယွဲ့က သူ့ကို အလွန်အန္တရာယ်များသည့် ခံစားချက်မျိုး ပေးပေသည်။
ရင်ပီဖိုနှင့် ရွယ်လော့ကျစ်တို့ကြားမှ တိုက်ပွဲက အခြား အဆင့်တူ ပါရမီရှင်များ၏ အာရုံစိုက်ခြင်းကိုပင် ခံခဲ့ရကြောင်း ထင်ရှားသည်။
ကျွင်းယွဲ့က လေထဲမှာ ငြိမ်သက်စွာရပ်လိုက်သည်။ မည်သူမျှ သူ့အာရုံကို မဆွဲဆောင်နိုင်သကဲ့သို့ လက်နှစ်ဖက်ကိုနောက်ပစ်ကာ ရှေ့တူရှုကိုသာ ကြည့်နေခဲ့၏။ သူက ဝိညာဉ်နတ်ဘုရားများကိုပင် အလေးအနက် မထားသကဲ့သို့ တစ်ချက်မကြည့်ပေ။
စင်စစ်တွင် သူတို့၏ ပါရမီအရ ဝိညာဉ်နတ်ဘုရားနယ်ပယ်ပယ်ကို ဖြတ်ကျော်ရန်မှာ အချိန်တစ်ခုသာ လိုသည်။ အနာဂတ်တွင် အဓိပဓိဖြစ်လာရန်ပင် သေချာသလောက် ရှိ၏။ သူ၏ ရည်ရွယ်ချက်က သိုင်းအုပ်ချုပ်သူ ဖြစ်လာရန်ဖြစ်ရာ သာမန်ဝိညာဉ်နတ်ဘုရားများကို မည်ကဲ့သို့ ဂရုစိုက်နိုင်မည်နည်း။
လူအုပ်ကြီးက ဆက်ပြီး စောင့်နေခဲ့ကြသည်။
"ကျင်းခုန်လင်၊ ဟန်ချင်းတောင်က ကျင်းခုန်လင်ပဲ"
ရုတ်တရက် လူအုပ်ကြီးက အော်ပြန်သည်။
"ဂိုဏ်းတူအမ ကျင်းခုန်းလင်ပဲ"
ကောင်းကင်ကိုကြည့်ရင်း ချူခွမ်း၏ မျက်လုံးများလည်း တောက်ပလာသည်။
ကောင်းကင်တွင် ဝတ်ရုံရှည်တစ်ခုကို ဝတ်ဆင်ထားသော မိန်းမပျိုတစ်ဦး ခပ်ဖြေးဖြေး လျှောက်လာနေသည်။
သူမ၏အသက်က နှစ်ဆယ်ကျော်ခန့်သာ ရှိဦးမည်။ သူမက အလွန်လှပပြီး ကျက်သရေရှိသော်လည်း ရေခိုးရေငွေ့လေးများ ဝန်းရံနေသောကြောင့် လှပသော ရုပ်သွင်ကို သေချာမမြင်ရပေ။
သူမ၏ ဗလာခြေထောက်များက ကမ္ဘာပေါ်တွင် အလှပဆုံး ပန်းချီလက်ရာတစ်ခုကဲ့သို့ပင်။ သူမ ခြေလှမ်းလိုက်တိုင်း ကောင်းကင်တွင် တိမ်တိမ်များ ထွက်ပေါ်လာတတ်သည်။ သူမက တိမ်တိုက်များပေါ်တွင် တစ်လှမ်းချင်း လျှောက်လှမ်းနေခြင်း ဖြစ်ချေသည်။
အားလုံးက မိန်းမပျို၏ ဆွဲဆောင်ခံရသလို မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။
'ဒီတော့ သူက ကျင်းခုန်းလင်ပေါ့၊ သူက တကယ်ကို လှပါတယ်'
လုမင်လည်း စိတ်ထဲမှ မချီးမွမ်းဘဲ မနေနိုင်တော့ပေ။
ချူခွမ်းထံမှ ဟန်ချင်းတောင်၏ နံပါတ်တစ်ပါရမီရှင်၊ ဒုတိယတန်းစား ပါရမီရှင် ကျင်းခုန်းလင်အကြောင်း ကြားဖူးသည်။
သူမသည် ကြောက်စရာကောင်းအောင် ပါရမီမြင့်မားသော မိန်းကလေး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူမက ဒုတိယတန်းစား ပါရမီရှင်တစ်ဦးလည်း ဖြစ်၏။ သူမက ကျွင်းယွဲ့၊ ရင်ပီဖိုနှင့် အခြားသူများကဲ့သို့ပင် နာမည်ကျော်ကြားခဲ့ပေသည်။
ထို့အပြင်၊ ကျင်းခုန်းလင်က ဗဟိုတိုက်ကြီး၏ တုနှိုင်းမဲ့ အလှဘုရင်မ ငါးပါးအနက်မှ တစ်ဦးလည်း ဖြစ်သည်။ ဗဟိုတိုက်ကြီးတွင် လူတိုင်းလိုလို သူမအကြောင်းကို သိကြသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် ချူခွမ်းနှင့် ကျန်းဝမ်ကျင်းက လုမင်ကို သူမအကြောင်း ပြောခဲ့ကြသေးသည်။ လုမင်လည်း ထိုစဉ်ကပင် အလွန်လှပြီး ပါရမီမြင့်မားသည့် ဤမိန်းကလေးကို သိချင်နေခဲ့သည်။
လုမင်လည်း ကျင်းခုန်းလင်ကို သူတွေ့ဆုံခဲ့ဖူးသော မိန်းကလေးအားလုံးနှင့် နှိုင်းယှဉ်ကြည့်လိုက်မိသည်။ အားလုံးထဲတွင် ရှဲ့နျန်ချင်းသာလျှင် ကျင်းခုန်းလင်နှင့် နှိုင်းယှဉ်နိုင်သည်အား သူသတိပြုမိ၏။ မူလန်နှင့် ချင်ယွဲ့တို့ပင် ဟူနှင့်ယှဉ်လျှင် အနည်းငယ် နိမ့်ကျသည်။
"ကျင်းခုန်းလင်၊ ဒီတိုက်ပွဲက မင်းကိုပါ ဆွဲခေါ်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး"
နောက်ဆုံးတွင် ကျွင်းယွဲ့၏အကြည့်များ လှုပ်ရှားသွားခဲ့သည်။ ကျင်းခုန်းလင်ကိုကြည့်သော သူ၏မျက်လုံး နက်ရှိုင်းသောနေရာတွင် လောင်ကျွမ်းနေသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့၏။
"နင်ရော ဒီမှာမရှိဘူးလား"
ကျင်းခုန်းလင်က ခပ်တိုးတိုးလေး ပြောလိုက်သည်။ သူမ အသံက တည်ငြိမ်နေကာ လူများ၏ နားထဲသို့ ရောက်လာပြီးနောက် အလွန်သက်တောင့်သက်သာရှိသော ခံစားချက်ကို ပေးစွမ်းခဲ့သည်။ ယင်းက မငြိမ်မသက်သော စိတ်နှလုံးကိုပင် ငြိမ်းအေးစေသကဲ့သို့ပင် ဖြစ်လေသည်။
သူမက နာမည်အတိုင်းဖြစ်ကာ ဖုန်မှုန့်အမှုန်အမွှားများ မငြိထွေးနိုင်သော နူးညံ့သိမ်မွေ့သည့် နတ်သမီးတစ်ပါးကဲ့သို့ပင်။
"အစ်ကိုကျွင်း၊ အမခုန်းလင်၊ နင်တို့ အစောကြီးပဲ"
ထိုစဉ် ချိုသာသော်လည်း ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ မနီးမဝေးမှ လေထဲတွင် နောက်ထပ် မိန်းကလေးတစ်ဦး လျှောက်လှမ်းကာ ရောက်လာခဲ့၏။
ဤမိန်းကလေးက ကျင်းခုန်းလင်ထက်ငယ်သော်လည်း ရုပ်ရည်ကတော့ ကျင်းခုန်းလင်ထက် မနိမ့်ကျပေ။
သူမ၏ မျက်နှာလေးက ဖြူဖျော့ဖျော့ဖြစ်ကာ အားနည်းသူဖြစ်၍ လူအများမှ အကာအကွယ်ပေးရမည့်ပုံရှိသော သွေးဆောင်မှု အလှကို ပိုင်ဆိုင်ထားသည်။
"ဆေးဘုရင်တောင်ကြားက စန္ဒကူး နတ်သမီး"
လူများစွာ၏ မျက်လုံးများ ဝင်းလက်သွားသည်။
နောက်ထပ် ဒုတိယတန်းစား ပါရမီရှင်တစ်ဦးဖြစ်ကာ ဗဟိုတိုက်ကြီး၏ အလှဘုရင်မ ငါးပါးမှ တစ်ပါးလည်း ဖြစ်သည်။
လူအတော်များများကတော့ ရူးသွားသလို ခံစားလိုက်ရသည်။ ဤခရီးစဉ်က အလွန်တန်သည်ဟုလည်း ခံစားမိခဲ့၏။ ဤတစ်ခေါက်၏ အဓိကလူများ မရောက်သေးသော်လည်း ထိပ်သီးပါရမီရှင်များ ရောက်ရှိလာခဲ့ကြချေပြီ။
ဗဟိုတိုက်ကြီး၏ တုနှိုင်းမဲ့သော အလှဘုရင်မ ငါးပါးအနက်မှ အလှလေးနှစ်ဦးပင် ရောက်ရှိလာကြသည်။
တန်သည်၊ အလွန်တန်သည်။ လူများစွာဆိုလျှင် အလှဘုရင််မ ငါးပါးထဲမှ တစ်ဦးကိုမြင်တွေ့ရန် မိုင်သန်းချီ၍ ခရီးနှင်ခဲ့ကြသော်လည်း မတွေ့နိုင်ကြပေ။ ယနေ့တွင် သူတို့က အလှဘုရင်မ ငါးပါးအနက်မှ နှစ်ဦးကို တွေ့မြင်နိုင်ကြပြီဖြစ်သည်။ သို့ဖြစ်ပေရာ မထိုက်တန်ဘဲ အဘယ်မှာ ရှိဦးတော့မည်နည်း။
"စန္ဒကူးနတ်သမီး"
ချူခွမ်း၏ မျက်လုံးများလည်း တောက်ပလာသည်။ သူက စန္ဒကူးနတ်သမီးကို စူးစူးစိုက်စိုက် စိုက်ကြည့်နေရာ သူ့ဘေးနားမှ ကျန်းဝမ်ကျင်းကို မရွှင်မလန်း ဖြစ်သွားစေခဲ့သည်။
တကယ်တော့ ကျန်းဝမ်ကျင်းကလည်း ရှားပါး အလှလေးတစ်ဦးဟု သတ်မှတ်၍ ရသည်။ သို့သော်လည်း ကျင်းခုန်းလင်၊ စန္ဒကူးနတ်သမီးတို့နှင့် နှိုင်းယှဉ်လျှင်တော့ နိမ့်ကျနေခဲ့ပါသေးသည်။
"ညီမလေး စန္ဒကူးနတ်သမီးလည်း ရောက်လာတာပဲ"
ကျင်းခုန်းလင်က ရှေ့သို့တိုးကာ စန္ဒကူးနတ်သမီးနှင့် အတူရပ်လိုက်သည်။ ရင်သပ်ရှုမောဖွယ် အလှလေးနှစ်ဦးက အတူယှဉ်ကာ ရပ်လိုက်ကြ၏။
ပတ်ပတ်လည်မှ အကြည့်အားလုံးနီးပါးလည်း မိန်းကလေးနှစ်ယောက်ထံ ကျရောက်လာတော့သည်။ လူများစွာ၏ မျက်လုံးများက စိတ်အားထက်သန်မှုဖြင့် တောက်လောင်နေသော်လည်း မည်သူကမျှ ၎င်းတို့ကို ပရောပရည်မပြုဝံ့ကြပေ။
ဤမိန်းကလေးနှစ်ယောက်မှာ ချောမောသော်လည်း ကျော်ကြားသော ပါရမီရှင်များ ဖြစ်သည်။ သူတို့ ခွန်အားကလည်း အလွန်ကြောက်စရာကောင်း၏။ သူတို့ကို ကျီစားဝံ့ပါက မည်သို့ သေဆုံးသွားသည်ကိုပင် သိလိုက်နိုင်မည် မဟုတ်ချေ။
"ဟားဟားဟား၊ နတ်သမီးနှစ်ယောက်လည်း ရောက်လာကြဖို့ မမျှော်လင့်ထားဘူး။ ငါ တကယ်ကို ဂုဏ်ယူမိပါပြီ"
ကျယ်လောင်သော ရယ်မောသံနှင့် အဝေးတွင် လျှပ်စီးလက်သွားသည်။ နောက်အခိုက်အတန့်တွင် ခရမ်းရောင် ငှက်မွေးကုတ်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ကောင်းကင်တိုင်တောင်ထိပ်မှာ ပေါ်လာခဲ့၏။
လူငယ်က အေးစက်စက်မျက်လုံးနှင့် လင်းယုန်ကဲ့သို့ နှာတံကောက်ကောက် ဖြစ်သည်။ သူ့မျက်လုံးများက အလွန်စူးရှကာ လျှပ်စီးများပင် လက်နေပုံရသည်။
"ရင်ပီဖို"
တစ်ယောက်ယောက်က ထိုလူငယ်နာမည်ကို အော်ပြောလိုက်၏။
နောက်ဆုံးတွင်၊ ယနေ့တိုက်ပွဲ၏ အဓိကလူနှစ်ယောက်အနက် တစ်ယောက်တော့ ရောက်ရှိလာခဲ့ပြီ။
--------