← Chapters

အခန်း ၁၀၁၇

Vol. 68 Ch. 1017

အခန်း ၁၀၁၇

Vol. 68 Ch. 1017

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1017 ) ဒုတိယတန်းစား ပါရမီရှင် တိုက်ပွဲ။

"ဟားဟားဟား၊ ရင်ပီဖို၊ မင်း မှန်ကြည့်မလာဘူးလား။ နတ်သမီးနှစ်ယောက်က မင်းအတွက် လာမှာတဲ့လား"

အေးစက်သော ရယ်မောသံကို တစ်ဖက်မှ ကြားလိုက်ရသည်။ သွေးရောင်အလင်းတန်းတစ်ခု လင်းလက်လာကာ တောင်တစ်ဖက်ခြမ်း ကောင်းကင်ယံတွင် သွေးနီရောင်ဝတ် လူငယ်တစ်ဦး ပေါ်လာခဲ့၏။

ထိုလူငယ်၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။ ၎င်းက အလွန်ချောမောကာ လူများကို မိန်းမဆန်သော ခံစားချက်မျိုး ပေးစွမ်းသည်။

"ဟမ့်၊ ရွယ်လော့ကျစ်၊ မင်းဦးနှောက်ပုတ်နေတာပဲ ဖြစ်ရမယ်။ နတ်သမီးနှစ်ယောက်က မင်းကိုတွေ့ဖို့ ရောက်လာတယ်ထင်လို့လား"

ရင်ပီဖိုက လှောင်ပြောင်လိုက်၏။

ဗဟိုတိုက်ကြီး၏ အလှဘုရင်မ ငါးပါးဟာ လှပရုံတင်မကဘဲ အလွန်ထက်မြက်သည့် ပါရမီရှင်များလည်း ဖြစ်သည်။ သို့ဖြစ်ပေရာ သူတို့ကို လိုက်လိုကြသည့် လူငယ်ပါရမီရှင်များကလည်း သဘာဝအတိုင်း ရှိ၏။ ဘီလူးငါးကောင်အတွင်းမှ ပါရမီရှင်များပင် သူတို့ကို နှစ်သက်ကြရသည်။

ရင်ပီဖိုနှင့် ရွယ်လော့ကျစ်ကလည်း စန္ဒကူးနတ်သမီးကို လိုက်ဖူးကြကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့ပေသည်။

ယခုအခါတွင် ထိပ်တန်း တိုက်ခိုက်သူနှစ်ဦး ရောက်ရှိလာပြီဖြစ်၍ လူအုပ်ကြီး၏အာရုံမှာလည်း ကျင်းခုန်းလင်နှင့် စန္ဒကူးနတ်သမီးမှ ရင်ပီဖိုနှင့် ရွယ်လော့ကျစ်ထံသို့ ပြန်လည် ရောက်ရှိလာကြသည်။

ယနေ့တွင် မြေကြီးတုန်ခါစေမည့် တိုက်ပွဲကြီးတစ်ခု စတင်ပေတော့မည်။

လုမင်လည်း သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ ဗဟိုတိုက်ကြီးမှ နတ်ဧကရာဇ်နှင့် အဆင့်တူသော ဒုတိယတန်းစား ပါရမီရှင်နှစ်ဦး၏ခွန်အားကို မြင်တွေ့ရတော့မည်။

"ဟမ့်၊ ရင်ပီဖို၊ ကမ္မတိုက်ပွဲမှာတုန်းက မင်းကံကောင်းလို့ လွတ်သွားခဲ့တယ်။ ဒီနေ့တော့ မင်းကို ငါသတ်မယ်"

ရွယ်လော့ကျစ်က လှောင်ပြောင်လိုက်သည်။

"ဟားဟားဟား၊ မင်းလား၊ ဒီနေ့ သေရမယ့်လူက မင်းကွ“

ရင်ပီဖိုက လှောင်ရယ်လိုက်သည်။ သူက သံရှည်ဆွဲ၍ အော်ဟစ်ကာ ဧရာမ လင်းယုန်ငှက်ကြီးအဖြစ်သို့ ပြောင်းလဲသွား၏။ ကြောက်မက်ဖွယ်ကောင်းအောင် လင်းယုန်ငှက်ကြီးကို လျှပ်စီးများက ဝန်းရံထားတော့သည်။

ရင်ပီဖိုက လူသားမဟုတ်ဘဲ မွန်းစတားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။

ကောင်းကင်လင်းယုန်ခံတပ်က မွန်းစတားအင်အားစုတစ်ခု ဖြစ်ချေသည်။ ထိုနေရာတွင် သတ္တဝါအများစုက လင်းယုန်များ ဖြစ်သည်။ ဟုတ်ပေသည်၊ အခြား မွန်းစတားများလည်း ရှိခဲ့သည်။ သို့သော်လည်း ၎င်းတို့ထဲမှ အများစုတော့ လင်းယုန်သတ္တဝါများ ဖြစ်ပေသည်။

ကောင်းကင်လင်းယုန်ခံတပ်၏ သခင်က အားကောင်းသော လင်းယုန်ဧကရာဇ် ဖြစ်သည်။

ရင်ပီဖိုက နတ်သားရဲ မိုးကြိုးနတ်ဘုရားလင်းယုန် သွေးမျိုးဆက်ရှိကာ သန့်စင်မှုနှုန်းလည်း ကြောက်စရာကောင်းသည်။

"ဝုန်း"

ရွယ်လော့ကျစ်က ပေါ့ပေါ့တန်တန်ပြောနေသော်လည်း ရင်ပီဖိုကို လျှော့မတွက်ဝံ့ပေ။ သူ့ထံမှ အစွမ်းထက် အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ သွေးရောင်အလင်းများကလည်း ကောင်းကင်သို့ ဖြာတက်သွားသည်။

"သတ်"

ရင်ပီဖိုက အော်ဟစ်ကာ အတောင်များကို တဖြန်းဖြန်းခတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးစွမ်းအင်များက စုစည်းလာကာ ရွယ်လော့ကျစ်ထံသို့ ခုတ်ပိုင်းလိုက်သော မိုးကြိုးဓားများအသွင် ပြောင်းလဲသွား၏။

"သွေးရောင် နတ်ဓား"

ရွယ်လော့ကျစ်က သူ့လက်ကို လေထဲတွင် ဖမ်းဆုပ်လိုက်သည်။ အဆုံးမဲ့ သွေးစွမ်းအင်များက လေထဲတွင်စုစည်းလာကာ သွေးရောင်ဓားကြီးတစ်လက်အသွင် သိပ်သည်းသွား၏။ ဟိန်းဟောက်ပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်တော့သည်။

သွေးရောင်ဓားအလင်းက ဟင်းလင်းပြင်ကို ဆုပ်ဖြဲသွားကာ မိုးကြိုးဓားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

"ဝုန်း ဝုန်း ဝုန်း"

ဓားစွမ်းအင်များက အရပ်ရပ်သို့ ဖြာထွက်သွားကြသည်။ အားနည်းသော ကျင့်ကြံခြင်းအခြေခံရှိသူများ တုန်လှုပ်ကာ ဆုတ်ခွာသွားရ၏။

လုမင်၊ ချူခွမ်းနှင့် ကျန်းဝမ်ကျင်းတို့ကတော့ နေရာတွင် မတ်တပ်ရပ်နေဆဲဖြစ်ကာ စောင့်ကြည့်နေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရင်ပီဖိုနှင့် ရွယ်လော့ကျစ်က တိုက်ကွက် ဒါဇင်ချီကာ ရင်ဆိုင်ခဲ့၏။

"ရွယ်လော့ကျစ်၊ ငါ မင်းကို မတွေ့တာ နှစ်ဝက်ကြာပြီ။ မင်းက ဘာမှ မတိုးတက်သေးဘူးပဲ"

ရင်ပီဖိုက လှောင်ပြောင်လိုက်သည်။

"မင်းကို ဖိနှိပ်ဖို့တော့ လုံလောက်တယ်ကွ"

ရွယ်လော့ကျစ် ပြန်အော်လိုက်၏။

"ဟုတ်လားကွ"

ရင်ပီဖိုက လှောင်ပြောင်လိုက်သည်။ သူ့အတောင်များကို တဝုန်းဝုန်း ရိုက်ခတ်နေရာ ခန္ဓာအတွင်းမှ သွေးများပင် ဆူပွက်လာသည်။ နေရာတိုင်းတွင် မိုးကြိုးလျှပ်စီးများ ဖြစ်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်သွား၏။

ရင်ပီဖိုက အတောင်များကိုခတ်လိုက်ရာ မိုးကြိုး လျှပ်စီးဓားများက ရွယ်လော့ကျစ်ထံ တိုးဝင်သွားတော့သည်။

"သွေးဆာခြင်းနယ်မြေ"

ရွယ်လော့ကျစ်က ဟိန်းဟောက်လိုက်သည်။ သွေးစွမ်းအင်များက ကောင်းကင်ကို ဖြာတက်သွား၏။ စက်ဝိုင်းပုံ သွေးစွမ်းအင်များက ပတ်ဝန်းကျင်သို့ ဖြာထွက်လာသည်။ ကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်းစွမ်းအားကလည်း ပတ်ဝန်းကျင်ကို ပျံ့နှံ့လာခဲ့၏။ ‌အဝေးတွင် ရှိနေသော်လည်း လူအတော်များများမှာ သူတို့၏သွေးများ ခန္ဓာကိုယ်မှ ထွက်သွားတော့မည်ကဲ့သို့ မတည်ငြိမ်မှုအား ခံစားလိုက်ရသည်။

"သွေးအေးနန်းတော်ရဲ့ သွေးဆာခြင်း စွမ်းရည်"

ချူခွမ်းက လေးနက်စွာ ပြောသည်။

လုမင်လည်း အမူအရာ ပြောင်းသွားခဲ့၏။ သွေးဆာခြင်း စွမ်းရည်က နဝမနဂါးသွေးမျိုးဆက်၏ ဝါးမျိုခြင်းစွမ်းအားနှင့် ဆင်တူသည်ဟု သူ ခံစားမိသည်။ သို့သော်လည်း၊ သွေးဆာခြင်းစွမ်းရည်သည် သွေးကိုသာ ပစ်မှတ်ထားပြီး နဝမနဂါး၏ ဝါးမျိုခြင်းစွမ်းအားကဲ့သို့ အရှိန်အဝါမကြီးပေ။

"ဝုန်း"

ရင်ပီဖို၏ လျှပ်စီးများက သွေးရောင်အလင်းအပေါ်သို့ ကျရောက်လာရာ ဆူဆူညံညံအသံများ ကြားလိုက်ရသည်။

သို့ရာတွင် သွေးဆာခြင်း စွမ်းရည်ကြောင့် သူလည်း ထိခိုက်ခဲ့ရ၏။ သူ့သွေးများက မငြိမ်မသက်ဖြစ်နေရာ တိုက်ခိုက်နိုင်စွမ်းကိုလည်း ထိခိုက်သွားပြီး ခွန်အားအပြည့် မသုံးနိုင်တော့ပေ။

"ဖလပ် ဖလပ် ဖလပ်"

ထိုအချိန်တွင်၊ ရွယ်လော့ကျစ်၏ ဦးခေါင်းထက်မှာ လင်းနို့ကြီးတစ်ကောင် ပေါ်လာသည်။

လင်းနို့ကြီး၏ ခန္ဓာကိုယ်က သွေးနီရောင် ဖြစ်သည်။ သူ့မျက်လုံးများက အလွန်အေးစက်နေရာ သွေးဆာနေသော အလင်းများဖြင့် ပြည့်နေခဲ့၏။

သွေးတောင်ပံရှိသော ကောင်းကင်လင်းနို့က ကြောက်မက်ဖွယ်ကောင်းသော နတ်သားရဲဖြစ်သည်။ ထင်ရှားသည်မှာ၊ ရွယ်လော့ကျစ်၏ သွေးမျိုးဆက်က သွေးတောင်ပံ ကောင်းကင်လင်းနို့ ဖြစ်ပေသည်။

သွေးတောင်ပံ ကောင်းကင်လင်းနို့ ခန္ဓာတစ်ဝိုက်တွင် ပြိုးပြိုးပြက်ပြက် တောက်ပနေသော ချက္ကရရှစ်ခု ရှိသည်။

နတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက်။

ရွယ်လော့ကျစ်၏‌ သွေးမျိုးဆက်အဆင့်က နတ်ဧကရာဇ်နှင့် တယညီသောအဆင့်တွင် ရှိပေသည်။

ရွယ်လော့ကျစ်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုကာ ရင်ပီဖိုနှင့် တိုက်ခိုက်ရန်အတွက် သွေးတောင်ပံ ကောင်းကင်လင်းနို့အဖြစ် ပြောင်းလဲခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များက ပေါ်ထွက်လာရာ ဟင်းလင်းပြင်မှာ တခဏချင်း ပြိုကျသွားတော့မည်ကဲ့သို့ တုန်ခါပြီး လုံးဝ ပုံပျက်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော အင်အားများက မိုင်ထောင်ချီအတွင်းကို ဖြန့်ကျက်သွားကြသည်။ တောင်များစွာဆိုလျှင် တခဏချင်းတွင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွား၏။

သို့သော်လည်း ကောင်းကင်တိုင်တောင်ဟာ အမှန်တကယ် လက်နက်တစ်ခုမှ အသွင်ပြောင်းလာပုံရသည်။ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများပ ကောင်းကင်တိုင်တောင်တန်းကို တစ်စုံတစ်ရာ ထိခိုက်မှု မဖြစ်စေခဲ့ပေ။ အများစုမှာ အမှတ်အသားများ ကျန်ခဲ့ခြင်း ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးက တိုက်ကွက်တစ်ရာကျော် ရင်ဆိုင်ခဲ့ကြသည်။ သို့သော်လည်း ရလဒ်ကို မဆုံးဖြတ်နိုင်သေးပေ။

"ဘုရားရေ၊ အစွမ်းထက်လိုက်တာ။ ဒါက ဒုတိယတန်းစား ပါရမီရှင်တစ်ယောက်ရဲ့ တိုက်ခိုက်နိုင်စွမ်းပဲလား"

ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းမှ အကြီးအကဲတစ်ဦးက အံ့အားသင့်စွာ ပင့်သက်ရှိုက်လိုက်သည်။

သူ၏ ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်း ကျင့်ကြံခြင်းအခြေခံဖြင့်ပင် ရှေ့သို့ ကမူးရှူးထိုး သွားမိပါက… မီတာတစ်ရာအတွင်း ရောက်သွားသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အင်အားများကြောင့် ဖုန်မှုန့်များအဖြစ်သို့ ရောက်သွားမည်ဟု ခံစားခဲ့ရ၏။

ဝိညာဉ်သန္ဓေသား ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူပင် လုံးဝမခုခံနိုင်ပေ။

"သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်သန္ဓေသားနယ်ပယ်ပယ် အဆင့်ကိုးရဲ့ အထွတ်အထိပ်မှာပဲ ရှိသင့်တယ်။ ဒါပေမယ့် သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းတယ်။ သူတို့က ဝိညာဉ်နတ်ဘုရားနယ်ပယ်နဲ့ နီးစပ်မှာကိုတောင် ကြောက်ရတယ်"

"ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို မတိုက်ခိုက်နိုင်ရင်တောင် သိပ်ဝေးမှာတော့ မဟုတ်ဘူး။ ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းကို ဖြတ်ကျော်သွားမယ်ဆိုရင် ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်တွေ‌နဲ့ တိုက်ခိုက်နိုင်လိမ့်မယ်"

"ကြောက်စရာကောင်းလိုက်တာ၊ ဝိညာဉ်သန္ဓေသားက ဝိညာဉ်နတ်ဘုရားကို တိုက်နိုင်တယ်။ ဒါက အရမ်းကြောက်စရာကောင်းတာပဲ"

ကြည့်ရှုသူများမှ ဆွေးနွေးလိုက်ကြသည်။ သူတို့အားလုံး တုန်လှုပ်သွား၏။

ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်များပင်လျှင် မျက်နှာအမူအရာများ လေးနက်နေတော့သည်။

'သူတို့က တကယ်ကို အစွမ်းထက်တာပဲ။ သူတို့က နတ်ဧကရာဇ်နဲ့ တူညီတဲ့အဆင့်က ပါရမီရှင်ဆိုတာ သေချာတယ်'

လုမင်၏ အကြည့်များက လေးနက်နေကာ သူ့ကိုယ်သူ တွေးလိုက်မိသည်။

ယခုအခါ ဗဟိုဒေသမှ ဒုတိယတန်းစား ပါရမီရှင်များက နတ်ဧကရာဇ်နှင့် အဆင့်တူသော ပါရမီရှင်များဖြစ်ကြောင်း သူသေချာသွားပြီ။ ဗဟိုတိုက်ကြီးတွင် ထိုသို့သော ပါရမီရှင် အယောက်နှစ်ဆယ်ကျော် ရှိသည်ဆိုသောအချက်မှာ အမှန်တကယ် အံ့ဩစရာကောင်းသည်။

'အခု နတ်ဧကရာဇ်က ဘယ်နယ်ပယ်ကို ရောက်နေပြီလဲ မသိဘူး'

လုမင် ဆက်တွေးနေမိ၏။

လွန်ခဲ့သော နှစ်ဝက်ခန့်က နတ်ဧကရာဇ်၏ ကျင့်ကြံခြင်းအခြေခံဟာ ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ရှစ် အထွတ်အထိပ်သို့ ရောက်နေရှိခဲ့သည်။ ယခု နှစ်ဝက်ကျော်ကြာပြီးနောက်၊ နတ်ဧကရာဇ်ဟာ အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် အထွတ်အထိပ်သို့ သေချာပေါက် ရောက်သွားပေလိမ့်မည်။ ၎င်းက ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ်သို့ လှမ်းသွားရန်ပင် ဖြစ်နိုင်သည်။ အကယ်၍ ပြန်ဆုံခဲ့ကြလျှင် သူက လုမင်၏ အကြီးမားဆုံးရန်သူ ဖြစ်နေပါဦးမည်။

'ငါ့ရဲ့ လက်ရှိတိုက်ခိုက်နိုင်စွမ်းနဲ့ လိုက်လျောညီထွေပါ့မလား'

လုမင်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းကို တိတ်တဆိတ် တိုင်းတာလိုက်သည်။

ကမ္မတိုက်ပွဲအတွင်း လုမင်ဟာ နတ်ဧကရာဇ်ကို ဖိနှိပ်ရန် ကမ္ပည်းထိုးနည်းနှင့် သိုင်းပညာပေါင်းစပ်မှုအပေါ် အားကိုးခဲ့သည်။ သို့တိုင် နတ်ဧကရာဇ်က လုံး၀ ရှုံးနိမ့်ခြင်း မရှိပါ။

ယခုဆိုလျှင် လုမင်၏ ကမ္ပည်းထိုးနည်းနှင့် သိုင်းတာအိုက ခွဲထွက်သွားသောကြောင့် တိုက်ခိုက်နိုင်စွမ်းကလည်း အနည်းငယ် အားနည်းသွားသည်။

သို့ရာတွင်၊ ကမ္မတိုက်ပွဲနှင့် နှိုင်းယှဥ်လျှင် လုမင်က ရေတာအိုကို ထပ်မံ လေ့ကျင့်ထားခဲ့သည်။ တာအိုငါးခုကို ပေါင်းစပ်ခြင်းဖြင့် စွမ်းအားသည် အလွန်ကြီးမားသွား၏။ ယင်းက တာအိုလေးခုထက် အများကြီး ပိုအားကောင်းသည်။

ကမ္ပည်းနည်းလမ်း မရှိသော်လည်း လုမင်၏ တိုက်ခိုက်နိုင်စွမ်းမှာ အားကောင်းနေဆဲပင်။ နတ်ဧကရာဇ်ကို တူညီသောအဆင့်တိုက်ပွဲတွင် ဖိနှိပ်နိုင်မည်ဟု သူ ယုံကြည်မှု ရှိသည်။သည်။

သို့သော်လည်း ယခုအခါ သူက ဗဟိုတိုက်ကြီးတွင် ရှိနေသည်။ လုမင်အတွက် သူ၏အထောက်အထားကို ဖော်ထုတ်ခြင်းမှ ကာကွယ်ရန် နည်းလမ်းအချို့ကို အသုံးမပြုနိုင်ပေ။ သူ၏ နဂါးစွမ်းအား အားလုံးကို အသုံးမချနိုင်ခဲ့သောကြောင့်လည်း တိုက်ခိုက်နိုင်စွမ်းဟာ အလွန်လျော့ကျသွားရသည်။

ထို့အပြင်၊ လုမင်၏ ကျင့်ကြံခြင်းက အဆင့်ရှစ် ဝိညာဉ်သန္ဓေသားနယ်ပယ် အထွတ်အထိပ်တွင်သာ ရှိသေးသည်။ အကယ်၍ ယခုနေ ရွယ်လော့ကျစ် သို့မဟုတ် ရင်ပီဖိုနှင့် ရင်ဆိုင်ရပါက လုမင်ဟာ ၎င်းတို့အတွက် ပြိုင်ဘက်ဖြစ်မည်မဟုတ်ပေ။

'ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို တတ်နိုင်သမျှ မြန်မြန်မြှင့်တင်ရမယ်။ ငါသာ အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ်ကိုရောက်ရင် အဆင့်တူတိုက်ပွဲမှာ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးမပြုနိုင်ရင်တောင် သူတို့ကို ကြောက်နေမှာ မဟုတ်ဘူး'

လုမင် ဆက်တွေးလိုက်သည်။

--------

All Chapters