အခန်း ၁၀၁၈
Vol. 68 Ch. 1018
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1018 ) ဝိညာဉ်သန္ဓေသာနယ်ပယ် အဆင့်ကိုး။
မိုးနှင့်မြေကြားတွင် အဆက်မပြတ် တုန်ခါနေသည်။ ကောင်းကင်တစ်ခြမ်းတွင် မိုးကြိုးများက ဖုံးလွှမ်းနေပြီး ကျန်တစ်ခြမ်းမှာတော့ သွေးစွမ်းအင်များ ပြည့်နှက်နေခဲ့သည်။
မိုးကြိုးလျှပ်စီးနှင့် သွေးအလင်းများက ထိပ်တိုက်တွေ့ကာ တိုက်ခိုက်နေကြ၏။ လူတိုင်းက ရင်ပီဖိုနှင့် ရွယ်လော့ကျစ်ကို မမြင်ရတော့ပေ။ အလင်းနှင့် အရိပ်များကိုသာ မြင်နေကြရသည်။
ဤတိုက်ပွဲက အနည်းဆုံး နှစ်နာရီခန့် ကြာမြင့်ခဲ့သည်။ ကောင်းကင်မှ မိုးကြိုးနှင့် သွေးအလင်းများ တချိန်တည်းတွင် ပျောက်ကွယ်သွား၏။ ပုံရိပ်နှစ်ခုသာ ဆန့်ကျင်ဘက်တွင် ရပ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် စူးရှ၍ လေးနက်သော မျက်လုံးများဖြင့် ကြည့်နေကြတော့သည်။
မည်သူမျှ အနိုင်မရခဲ့ပေ။
ကမ္မတိုက်ပွဲအတွင်းမှာလည်း သူတို့နှစ်ယောက်ဟာ တိုက်ကွက်ပေါင်းများစွာ ရင်ဆိုင်ခဲ့ပြီး အနိုင်အရှုံး မကွဲပြားခဲ့ဘူးဟု ဆိုသည်။ ယနေ့မှာလည်း တူညီသောအခြေအနေ ထပ်ကြုံနေရပြီ။
"ရွယ်လော့ကျစ်၊ မင်းမှာ စွမ်းရည်နည်းနည်းရှိလာမယ်လို့ မျှော်လင့်မထားဘူး၊ ဒီနေ့ မင်းကံကောင်းသွားတယ်"
ရင်ပီဖိုက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဒါက ဘယ်သူပြောသင့်တဲ့စကားလဲ။ ဒီနေ့ မင်းအသက်ကို ငါချမ်းသာပေးလိုက်မယ်"
ရွယ်လော့ကျစ်ကလည်း လှောင်ပြောင်လိုက်၏။
သူတို့နှစ်ယောက်က ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ပါ။ ယခုလေးတင် တိုက်ကွက်ထောင်ချီကာ ရင်ဆိုင်ခဲ့ပြီး စွမ်းအင်စားသုံးမှုများ ကြီးမားခဲ့သည်။ ထို့ပြင် ဤနေရာတွင် ကျွမ်းကျင်သူများစွာ ရှိသည်။ တိတ်တဆိတ် တိုက်ခိုက်ခံရခြင်းမှ ခုခံနိုင်ရန် ခွန်အားချန်ထားရဦးမည်။
"ကြည့်ရတာ ဒီတစ်ခေါက် ထပ်မတိုက်ခိုက်တော့ဘူးထင်တယ်။ ဒီတစ်ခါ သရေပဲ၊ ရွယ်လော့ကျစ်နဲ့ ရင်ပီဖိုက တကယ်ကို အားကောင်းတဲ့ ပြိုင်ဘက်တွေပဲ"
"ဟုတ်တယ်၊ ကောင်းကင်လင်းယုန်ခံတပ်နဲ့ သွေးအေးနန်းတော်က ရန်ဘက်တွေဖြစ်ပြီး အမြဲတိုက်ခိုက်လာကြတာ။ ရင်ပီဖိုနဲ့ ရွယ်လော့ကျစ်ကလည်း ကလေးဘဝကတည်းက ယှဉ်ပြိုင်လာခဲ့ကြတာပဲ။ သူတို့နှစ်ယောက်ကြားမှာ အနိုင်အရှုံး ဘယ်တုန်းကမှ မကွဲပြားခဲ့ဘူး၊ ဒါပေမဲ့ ဒါကလည်း ကောင်းတာပါပဲ။ ပြိုင်ဘက်ကောင်းတစ်ယောက် အမြဲရှိထားသလို သူတို့နှစ်ယောက်စလုံးရဲ့ တိုးတက်မှုကလည်း အံ့မခန်းဖြစ်ခဲ့တယ်"
"ပြိုင်ဘက်တစ်ယောက် ရှိထားတာက ကောင်းပါတယ်။ အခုက တကယ်ကို ရွှေရောင်ခေတ်ဖြစ်ပြီး ပါရမီရှင်တွေကလည်း တိမ်လိုပဲ။ ရင်ပီဖိုကော ရွယ်လော့ကျစ်ပါ တချိန်ကျရင် အထင်ကရပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒီလိုတည်ရှိမှုက နှစ်ဆယ်ကျော်ရှိပြီး သူတို့ထက် ပိုပြီး အစွမ်းထက်တဲ့ ဘီလူးငါးယောက်လည်း ရှိသေးတယ်"
ပတ်ဝန်းကျင်တွင် လူတိုင်း သက်ပြင်းချကာ ပြောလိုက်သည်။
ဤမျိုးဆက်တွင် ပါရမီရှင်များ များပြားလွန်းလှသည်။ ဒုတိယတန်းစား ပါရမီရှင်များဖြစ်သော ရွယ်လော့ကျစ်နှင့် ရင်ပီဖိုက နောင်တစ်ချိန်တွင် သိုင်းအုပ်ချုပ်သူဖြစ်လာရန် အလားအလာရှိသူများဖြစ်ကြောင်း သိထားရပေမည်။ အတိတ်တွင် မျိုးဆက်တိုင်းမှာ ဤသို့သောပါရမီရှင် နှစ်ဦး၊ သုံးဦး ရှိထားလျှင်ပင် အတော်ကောင်းနေပြီ ဖြစ်သည်။
ဤမျိုးဆက်မှာတော့ နှစ်ဆယ်ကျော်ရှိကာ ပို၍အစွမ်းထက်သည့် ဘီလူးငါးကောင်ပင် ရှိသေးသည်။ အရှေ့ပိုင်းကန္တာရ၊ အနောက်ပိုင်း၊ မြောက်ပိုင်းလွင်ပြင်၊ အနောက်ပိုင်းကန္တာရနှင့် အခြားနေရာများမှာလည်း ပုံမှန်ထက် ပါရမီရှင်များ ပိုများသည်။
တိုက်ပွဲပြီးဆုံးပြီဖြစ်ကြောင်း သိရသောအခါ တချို့က ထွက်ခွာရန် ဟန်ပြင်လိုက်ကြသည်။
"လူတိုင်းပဲ၊ ခုနစ်ရက်ကြာရင် ဆေးဘုရင်တောင်ကြားမှာ စန္ဒကူးက ဆေးဘုရင်ပွဲတော်ကို အိမ်ရှင်အဖြစ် ကျင်းပပေးဖို့ ရှိပါတယ်။ ဒါကြောင့် အားလုံးကို တာအိုအကြောင်း ဆေးနွေးရင်း စားသောက်ရအောင် လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။ ဒီကောင်မလေးကို မျက်နှာသာပေးကြဖို့ ဆန္ဒရှိရဲ့လား မသိဘူး"
ထိုအခိုက်တွင် စန္ဒကူးနတ်သမီး၏ ကြည်လင်သော အသံက ထွက်ပေါ်လာသည်။
လူအားလုံး မျက်လုံးအရောင် တောက်ပသွား၏။
"ဟားဟားဟား၊ စန္ဒကူးနတ်သမီးက ဆေးဘုရင်ပွဲတော်ကို အိမ်ရှင်အဖြစ် ကျင်းပမှာပဲ၊ ဒါက ရှားပါးတဲ့ အခွင့်အလမ်းတစ်ခုလို့ ပြောနိုင်တယ်။ ဒီအတွက် မသွားစရာ ဘာအကြောင်းများ ရှိသေးလို့လဲဗျာ"
နတ်ဆိုးတောင်တန်းမှ ကျွင်းယွဲ့က မျက်လုံးများ တောက်ပလာကာ ပထမဆုံး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကျွင်း"
စန္ဒကူးနတ်သမီးက အနည်းငယ် ဦးညွတ်လိုက်သည်။
"စန္ဒကူးနတ်သမီးကျင်းပတဲ့ ဆေးဘုရင်ပွဲတော်မှာ ပါဝင်ခွင့်ရတာက ဂုဏ်ယူစရာပါပဲ"
"စန္ဒကူးနတ်သမီး ရွှေစိတ်တော် မငြိုသရွေ့တော့ သေချာပေါက် လာလည်မှာပေါ့ဗျာ"
လူများက စန္ဒကူးနတ်သမီး၏ အာရုံစိုက်ခံရရန် သူ့ထက်ငါ ဦးအောင် ပြောဆိုလိုက်ကြသည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်၊ အခုတော့ ဒီကောင်မလေးက သွားပါဦးမယ်။ ရှင်တို့အားလုံးပဲ ဆေးမြို့တော်ကို အရင်လာထားနိုင်ပါတယ်၊ ခုနစ်ရက်ကြာရင် ဆေးဘုရင်ခန်းမကို လာနိုင်ပါပြီ"
ပြောဆိုပြီးနောက် စန္ဒကူးနတ်သမီးက လက်ယှက်ပြကာ လေထဲမှ လှည့်ထွက်သွားခဲ့သည်။
ထို့နောက်မှာတော့ ကျင်းခုန်းလင်ကလည်း တိမ်သားနန်းတော်မှ နတ်သမီးကဲ့သို့ အဝေးကို လျှောက်လှမ်းသွားတော့သည်။
"ရင်ပီဖို၊ နောက်တစ်ခါမှ ထပ်တိုက်ကြတာပေါ့"
ရွယ်လော့ကျစ်က တစ်ခွန်းပြောဆိုကာ သွေးအလင်းကဲ့သို့ အဝေးကို ပျံသန်းထွက်ခွာသွားခဲ့သည်။
ရီပီဖိုလည်း နှာခေါင်းရှုံ့ကာ ထွက်ခွာသွား၏။ ကျန်လူများမှာလည်း အလျှိုလျှို လူစုခွဲလိုက်ကြတော့သည်။
"ညီနောင်ချူး၊ ဆေးဘုရင်ပွဲတော်က ဘာလဲ"
လုမင်က ချူခွမ်းကို မေးသည်။
"ဆေးဘုရင်တောင်ကြားမှာ လူအားလုံးက ဆေးဆရာတွေပဲလေ၊ သူတို့က ဆေးဝါးဖော်စပ်တာကို အဓိကထားတယ်။ ဆေးဘုရင်တောင်ကြားရဲ့ ဆေးဝါးတွေက ကမ္ဘာအရပ်ရပ်မှာ ကျော်ကြားတယ်။ ဆေးဘုရင်တောင်ကြားရဲ့ ပါရမီရှင်တွေက တခါတရံ ပြင်ပပါရမီရှင်တွေကို ဖိတ်ခေါ်ပြီးတော့ ဧည့်ခံတတ်လေ။ အဲဒီပွဲမှာ ပြင်ပလောကရဲ့ ပါရမီရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ မိတ်ဆွေဖွဲ့ကြတာပေါ့။ အဲဒါကြောင့်ပဲ ဆေးဘုရင်တောင်ကြားက အုပ်ချုပ်သူအဆင့် အင်အားစု မဟုတ်ပေမဲ့ ဩဇာလွှမ်းမိုးမှုကတော့ အင်မတန် ကြောက်စရာကောင်းတုန်းပဲ"
ချူခွမ်းက ရှင်းပြလိုက်သည်။
လုမင်ခေါင်းညိတ်လိုက်လေသည်။ ဤသည်က အထူးဓလေ့တစ်ခုပင် ဖြစ်သည်။
"ဆေးမြို့တော်ကို အရင်သွားကြရအောင်။ ဆေးဘုရင်ခန်းမက ဆေးမြို့တော်မှာရှိတာ"
ချူခွမ်းက ပြောလိုက်သည်။
သူတို့သုံးဦးလည်း ဆေးမြို့တော်ကို ဦးတည်ခရီးဆက်လိုက်၏။ လမ်းတစ်လျှောက်တွင် လုမင်အဖို့ ဆေးဘုရင်တောင်ကြားအကြောင်း ပိုသိခဲ့ရသည်။
ဆေးဘုရင်တောင်ကြားသည် အတိတ်က အုပ်ချုပ်သူအဆင့် အင်အားစုတစ်ခု ဖြစ်ခဲ့သည်။ သို့ရာတွင် ယခုအခါ ၎င်းတို့၏သိုင်းအုပ်ချုပ်သူ မရှိတော့၍ အုပ်ချုပ်သူအဆင့်အင်အားစု မဟုတ်တော့ပေ။ သို့သော်လည်း ၎င်းတို့ခွန်အားက မရိုးရှင်းဘဲ အလွန်ကြောက်စရာကောင်းနေဆဲ ဖြစ်သည်။
ဆေးဘုရင်တောင်ကြားတွင် အဓိပဓိတန်ခိုးရှင် တစ်ဦးမက ရှိသည်။ ၎င်းတို့တစ်ဦးစီက ဆေးဖော်စပ်ရာတွင် ထူးချွန်ကြကာ အင်အားစုများစွာနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေး ရှိ၏။
ဆေးမြို့တော်ကတော့ ဆေးဘုရင်တောင်ကြား၏ လုပ်ငန်းခွဲအဖြစ် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ ဤနေရာတွင် လူများစွာ သွားလာလှုပ်ရှားပြီး အလွန်စည်ကားသည်။ ဆေးဘုရင်တောင်ကြားက ဆေးပင်၊ ဆေးဝါး အမျိုးမျိုးကို ဆေးမြို့တော်တွင် ရောင်းချသည်။ တချိန်တည်းမှာပင် အလိုရှိသည်များ မြင်ရလျှင်လည်း ပြန်လည် ဝယ်ယူကြ၏။ ထို့ကြောင့် ဆေးမြို့တော်ဟာ ဆေးပင်၊ ဆေးဝါး ရောင်းဝယ်သော ကုန်သည်များစွာတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။
ဆေးမြို့တော်က ကောင်းကင်တိုင်တောင်နှင့် မဝေးပါ၊ နေ့ဝက်သာကြာပြီး ဆေးမြို့တော်ကို သူတို့သုံးယောက် ရောက်လာခဲ့ကြသည်။
"ဆေးတွေအများကြီးပဲ၊ ဝိညာဉ်ဆေးတွေ အများကြီးပဲ"
မသိလိုက်ခင်မှာပင် တန်တန်က လုမင်၏ ပုခုံးပေါ်တွင် ထွက်ပေါ်လာသည်။ ၎င်းက သူခိုးမျက်လုံးများဖြင့် ဟိုဟိုသည်သည် လိုက်ကြည့်လိုက်သည်။
ဆေးမြို့တော်၏ လမ်းတစ်ဖက်စီမှာ ဝိညာဉ်ဆေးဆိုင်များဖြင့် ပြည့်လုနီးပါး ဖြစ်နေသည်။ ကြွယ်ဝသော ဆေးရနံ့က အရပ်ရပ်မှ ထွက်ပေါ်နေရာ လူတိုင်းကို လန်းဆန်းသွားသော ခံစားချက်အား ပေးစွမ်းလေသည်။
သို့ဖြစ်ပေရာ တန်တန်တွင် သူခိုးမျက်လုံးများ ဖြစ်လာခဲ့တာ အံ့ဩစရာမဟုတ်ပေ။
ချူခွမ်းနှင့် ကျန်းဝမ်ကျင်းကတော့ တန်တန်ကိုကြည့်ကာ စိတ်ဝင်စားစရာကောင်းသော လိပ်ကလေးဟု တွေးလိုက်မိကြသည်။
"ညီနောင်ချူး၊ မိန်းကလေးဝမ်ကျင်း၊ ငါတို့တွေ နေဖို့နေရာ အရင်ရှာကြမလား"
လုမင် ပြောလိုက်သည်။
လုမင်က နေရာတစ်ခုရှာကာ တိတ်ဆိတ်လေ့ကျင့်ချင်ပေသည်။
"ကောင်းပြီ"
ချူခွမ်းနှင့် ကျန်းဝမ်ကျင်းလည်း ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့သုံးယောက်ဟာ တည်းခိုဆောင်တစ်ခုကို ဝင်ရောက်ခဲ့ကြ၏။
တည်းခိုဆောင်၏ အခန်းအတွင်းသို့ ရောက်သောအခါ အတွေးတစ်ချက်ဖြင့် လုမင်၏ခန္ဓာကိုယ် ပျောက်ကွယ်သွားလိုက်သည်။ အခန်းတွင်းမှာတော့ တောင်တန်းနှင့်မြစ်ပြင် ပန်းချီကားတစ်ချပ်သာ တိတ်တဆိတ်မျောလွင့်ရင်း ကျန်တော့သည်။
ပန်းချီကားအတွင်း၌ လုမင်ဟာ တောင်တစ်လုံးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်ကြမ်းများစွာ ထွက်လာခဲ့၏။
"ကျောက်ကြမ်းတွေနဲ့ပဲ အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ်ကို ချိုးဖြတ်ရတော့မှာဘဲ"
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။
နောက်ဆုံးတစ်ခေါက်က၊ သွေးအေးနန်းတော်၏ ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်နှင့် တိုက်ခိုက်ပြီးနောက် လုမင်ဟာ သူနှင့် ဝိညာဉ်နတ်ဘုရားကြားမှ အကွာအဝေးကို နားလည်ခဲ့ရသည်။ ရွယ်လော့ကျစ်နှင့် ရင်ပီဖို၏တိုက်ပွဲကို မြင်သောအခါမှာလည်း လုမင်ဟာ ဖိအားများစွာ ခံစားခဲ့ရသည်။
ယခုအချိန်တွင် သူက ကန့်သတ်ချက်များစွာရှိနေပြီး ကျင့်ကြံခြင်းအခြေခံလည်း မမြင့်မားသောကြောင့် ရွယ်လော့ကျစ်နှင့် ရင်ပီဖိုကဲ့သို့ ပါရမီရှင်များကို ရင်ဆိုင်နိုင်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် သူ၏နယ်ပယ်ကို အမြန်မြှင့်တင်ရန် လိုအပ်နေခဲ့ပြီ ဖြစ်သည်။
မူလက သူဟာ ကျောက်ကြမ်းများကိုသုံးပြီး ကျင့်ကြံခြင်းအခြေခံကို တိုးမြှင့်ရန် အစီအစဉ်မရှိပေ။ အကြောင်းမှာ သူ အဆင့်တက်လိုပါက အရင်းအမြစ်ပမာဏ အများအပြား လိုအပ်မည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ယခုအခါ သူ့တွင် ကျောက်ကြမ်းအများကြီး မရှိတော့၍ သိမ်းထားချင်ခဲ့မိပေသည်။ သို့သော်လည်း ယခုတော့ သူ့ခွန်အား တိုးတက်ရန်က အရေးအကြီးဆုံးဖြစ်၍ ဂရုမစိုက်နိုင်တော့ပေ။
"ဂါး"
နဝမနဂါးသွေးမျိုးဆက်က ထွက်ပေါ်လာကာ ပါးစပ်ကိုဟ၍ ကြောက်စရာ ဝါးမျိုခြင်းစွမ်းအားများ ပေါက်ကွဲထုတ်ဖော်လိုက်သည်။ ကျောက်ကြမ်းတစ်သောင်းက တိုက်ရိုက် ပေါက်ကွဲသွားကာ မူလစွမ်းအင်များ ထွက်လာခဲ့၏။ နဝမနဂါးသွေးမျိုးဆက်က စွမ်းအင်များကိုဝါးမျိုက ပြန်လည် သန့်စင်လိုက်တော့သည်။
လုမင်သည် နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီကျင့်စဉ်ကို လှည့်ပတ်ပြီးနောက် မူလချီကို ယွမ်ချီစွမ်းအင်အဖြစ်ပြောင်းကာ ဝိညာဉ်သန္ဓေသားတွင် စုစည်းလိုက်သည်။ စဉ်ဆက်မပြတ် သိပ်သည်းခြင်းဖြင့် ဝိညာဉ်သန္ဓေသားသည် ပိုသန်မာပြီး သေးငယ်သည်ထက် သေးငယ်သွား၏။
ကျောက်ကြမ်းတစ်သောင်းကို သန့်စင်ပြီးနောက် ကျောက်ကြမ်းတစ်သောင်းကို ထပ်မံသန့်စင်လိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက် ကြာမြင့်သွားခဲ့သည်။
သုံးရက်အတွင်း လုမင်သည် ကျောက်ကြမ်းသုံးသိန်းကျော်ကို သန့်စင်ခဲ့၏။
"မဝေးတော့ဘူး"
လုမင်၏ မျက်လုံးများက အရောင်လက်သွားကာ ဆက်လက် သန့်စင်လိုက်သည်။ နောက်တစ်ရက်အကြာတွင် ကျောက်ကြမ်း တစ်သိန်းနီးပါးကို သန့်စင်ခဲ့၏။
"ဝုန်း"
တစ်ခုခု ကျိုးပေါက်သွားခဲ့ပုံ ရသည်။ လုမင်ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲကာ ထွက်ပေါ်လာခဲ့၏။ ယင်းက ဤမတိုင်မီကထက် အဆများစွာ သာလွန်နေခဲ့ပြီ။
ကျင့်ကြံခြင်းအခြေခံ ချိုးဖြတ်သွားပြီး လုမင်၏နယ်ပယ်က အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
--------