← Chapters

အခန်း ၁၀၁၉

Vol. 68 Ch. 1019

အခန်း ၁၀၁၉

Vol. 68 Ch. 1019

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1019 ) နာ့ယွမ်ကျောက်။

ဝမ်။

ဤအခိုက်တွင် လုမင် မျက်လုံးပွင့်လာပြီး ကျေနပ်အားရခြင်းများကို လှစ်ဟလာသည်။

ကျောက်ကြမ်း စားသုံးမှုကတော့ သူ့ကို အနည်းငယ် ရင်နာသွားစေခဲ့ပေသည်။

ကျောက်ကြမ်းလေးသိန်းအထိ သန့်စင်ခဲ့ခြင်းက တကယ်ကို အံ့မခန်း ဖြစ်သည်။

သို့သော်လည်း ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိသွား၍ လုမင်၏ ခွန်အားက များစွာ တိုးတက်လာခဲ့ပြီ။ အစစ်အမှန်ယွမ်ချီက ပိုအားကောင်းလာပြီး အတားအဆီးမဲ့သော ကောင်းကင်သိုင်း စွမ်းအားကို ပို၍ ထုတ်ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။

'လက်ရှိ ငါ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ရင်ပီဖိုနဲ့ ရွယ်လော့ကျစ်တို့ကို တိုက်ခိုက်နိုင်ပြီလား မသိဘူး'

လုမင် တွေးလိုက်သည်။

ရွယ်လော့ကျစ်ဖြစ်စေ၊ ရင်ပီဖိုဖြစ်စေ၊ ၎င်းတို့၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် အထွတ်အထိပ်တွင် ရှိကြသည်။ လုမင်မူကား အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် အစောပိုင်းအဆင့်တွင် ရှိ၏။ ယင်းက ကမ္မတိုက်ပွဲမှ နတ်ဧကရာဇ်၏ အဆင့်ပင် ဖြစ်သည်။

ထိုစဉ်က၊ လုမင်ဟာ ကမ္ပည်းတာအိုနှင့် သိုင်းတာအိုကို အသုံးချပြီး နတ်ဧကရာဇ်ကို ရင်ဆိုင်ခဲ့ရသည်။

သို့သော်လည်း ယခုအခါ လုမင်တွင် ကမ္ပည်းစွမ်းရည် မရှိတော့ပေ။ သို့ရာတွင် ထိုအစား ရေတာအိုကို နားလည်သဘောပေါက်ထားသည်။ အကယ်၍ သွေးမျိုးဆက် ပေါင်းစပ်ခြင်းကို အသုံးပြုနိုင်လျှင် ရင်ပီဖိုအား ဖိနှိပ်ရန် လုမင် ယုံကြည်မှုရှိသည်။ သို့ရာတွင် သွေးမျိုးဆက် မပေါင်းစပ်နိုင်၍ လုမင် မသေချာသေးပေ။

သို့သော်လည်း အနည်းဆုံးတော့ မရှုံးနိုင်ကြောင်း လုမင် သေချာသည်။

"ဆေးဘုရင်ပွဲအတွက် သုံးရက်ကျန်သေးတာပဲ၊ ဆေးမြို့တော်ထဲကို အရင် လှည့်ကြည့်ရအောင်"

လုမင် ထရပ်ပြီး တံခါးအပြင်ကို လှမ်းထွက်လိုက်သည့်အခါ ချူခွမ်းနှင့် ကျန်းဝမ်ကျင်းတို့ မရှိတော့ကြောင်း ခံစားလိုက်ရသည်။ သူတို့လည်း အပြင်ထွက်သွားပုံရပေသည်။

ဆေးမြို့တော်က မြို့တော်ကြီးကဲ့သို့ ကြီးမားပြီး ဆိုင်များ ပြည့်နေသည်။ မရေတွက်နိုင်သော ဆေးပင်အမျိုးမျိုးနှင့် ဆေးဝါးများလည်း ရှိနေကြပြီး လုမင်ကို အမြင်ကျယ်စေခဲ့ပေသည်။

တချို့ဆိုင်များမှာဆိုလျှင် အဆင့်ရှစ် ဆေးများကိုပင် မြင်နိုင်သည်။ သို့ရာတွင် ဈေးနှုန်းများကလည်း သွေးတက်အောင် ကြောက်စရာကောင်းလှသည်။

တချို့နေရာများတွင် ဆိုင်ခန်းငယ်များ၊ စားပွဲများချကာ ရောင်းချနေကြ၏။ ထိုစားပွဲများဖြင့် ရောင်းချရာတွင် ဆိုင်ရှင်များက ထူးခြားပြီး ရှေးကျသောအရာများကို ရောင်းချကြပြီး တချို့က ရတနာများကိုပင် ရောင်းတတ်သည်။ တချို့ကတော့ အမှိုက်သာသာပင် ရှိချေသည်။

ဤနေရာကို ရတနာတို့၏ အရပ်ဒေသဟု ခေါ်သည်။

အဓိကကတော့ ကံစမ်းခြင်းဖြစ်ပြီး၊ ကံကောင်းပါက တန်ဖိုးကြီးသော အရာများကို ရနိုင်သည်။

ဟုတ်ပေသည်၊ လူတစ်ယောက်တွင် အမြင်ရှိရန်လည်း လိုသည်။ မည်သို့ဆိုစေ၊ ဤနေရာက လူများစွာကို ဆွဲဆောင်ထားနိုင်ခဲ့ပေသည်။

လမ်းပေါ်တွင် လူများ အများအပြား ရှိနေသည်။ လုမင်လည်း ဘယ်ညာကြည့်ရင်း လူအုပ်ကြားတွင် တိုးဝှေ့ လျှောက်လာခဲ့လိုက်သည်။

တန်တန်လည်း လုမင်ပခုံးပေါ်မှ လိုက်ပါလာကာ ဟိုဟိုသည်သည် လျှောက်ကြည့်နေခဲ့၏။

ဤနေရာသို့ ရောက်လာပြီးနောက် တန်တန်ဟာ စိတ်ဓာတ်တက်ကြွလာပြီး မည်သည့်ရတနာမှ သူ့အမြင်က မလွတ်မြောက်နိုင်ဟု ကြွေးကြော်ခဲ့သည်။

ကံမကောင်းစွာဖြင့် ယခုအချိန်အထိတော့ ဘာမျှ မတွေ့ရသေးပေ။

ဤနေရာက အမှန်တကယ် ထူးခြားသည်။ တချို့ ဝိညာဉ်မြက်ဟု ခေါ်သောအရာများမှာ တကယ်တမ်း လမ်းဘေးမှ ပေါင်းပင်များ မြက်ပင်များ ဖြစ်သည်။ လူများကို လိမ်လည်လှည့်ဖျားရန် ကြိုးစားနေခြင်း ဖြစ်ပေသည်။ တချို့ကလည်း ပျက်ဆီးနေသော လက်နက်များကို ရှေးခေတ်မှ အကြွင်းအကျန်များဟု ပြောဆိုရောင်းချကြသည်။ တချို့လူများက‌‌လည်း ဝယ်ယူသည်။ အတွင်းတွင် ဖုံးကွယ်နေသော ရတနာများ ပါသည်ဟုဆိုကာ ကျောက်တုံးတချို့ ရောင်းချနေကြသူများလည်း ရှိ၏။ ၎င်းတို့၏ ရောင်းဈေးများကလည်း အလွန်မြင့်မားနေတတ်သည်။

"ဒါ... လုမင် လုမင်၊ ရှေ့နားက ခရမ်းရောင်ကျောက်ကို မြင်လား။ ဟုတ်တယ်၊ ဟိုကောင်မလေးရောင်းနေတဲ့ ခရမ်းရောင်ကျောက်လေ၊ အဲဒါက အရမ်းအသုံးဝင်လိမ့်မယ်၊ ဝယ်လိုက်"

လုမင်က ပတ်ဝန်းကျင်ကို လိုက်ကြည့်နေသောအချိန်တွင် တန်တန့်အသံအား သူ့နားထဲမှာ ကြားလိုက်ရသည်။ သူက အလွန် စိတ်လှုပ်ရှားနေပုံ ရပေသည်။

လုမင်လည်း အံ့ဩသွားကာ ရှေ့ကို လှမ်းကြည့်လိုက်သည်။

ရှေ့တွင် ဆိုင်ခန်းငယ်တစ်ခုရှိပြီး ဆိုင်ရှေ့မှာ မိန်းကလေးနှစ်ယောက် ရပ်နေသည်။ ထိုမိန်းကလေးက ဆိုင်ရှင်ထံမှ ခရမ်းရောင်ကျောက်တုံးတစ်တုံးကို လက်ခံယူနေပေသည်။

တန်းတန်ပြောသည်မှာ ထိုကျောက်တုံး ဖြစ်သည်။

"ဒီခရမ်းရောင်ကျောက်က အတော်ကြီး သာမန်ဆန်တာပဲ၊ ဒါက ရတနာဆိုတာ ဖြစ်နိုင်ပါ့မလား"

လုမင် အံ့ဩသွားသည်။

"ဒီကိုယ်တော်ရဲ့အမြင်ကို မင်းက နှိုင်းယှဉ်နိုင်မှာလား။ လုမင်၊ မင်း ဝယ်လိုက်ရင် အများကြီး အမြတ်ရမယ်ဆိုတာ သေချာတယ်"

တန်တန်က ပြောလိုက်၏။

လုမင်လည်း မတုံ့ဆိုင်းတော့ဘဲ အရှေ့ကို လျှောက်သွားသည်။ သူက မိန်းကလေး၏လက်တွင်းမှ ခရမ်းရောင်ကျောက်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"အဟမ်း၊ ဒီခရမ်းရောင်ကျောက်တုံးလေးက အတော်လှတာပဲ၊ ငါ့ညီမလေးကို ဆွဲသီးလုပ်ဖို့ လက်ဆောင်ပြန်ပေးလိုက်ရရင် အတော်ပဲ။ ဒီက အစ်ကို၊ ဒီခရမ်းရောင်ကျောက်ကို ရောင်းနိုင်မလားဗျာ"

ဆိုင်ရှင်က လူလတ်ပိုင်းအရွယ် လူကြီးဖြစ်သည်။ သူက အားတုံ့အားနာ ပြုံးပြီး ပြောလေသည်။

"သခင်လေး၊ မင်း နောက်ကျသွားပြီ။ ဒီခရမ်းရောင်ကျောက်က ဒီမိန်းကလေး ဝယ်လိုက်ပါပြီ"

"ဝယ်လိုက်ပြီလား"

လုမင်လည်း တိတ်တဆိတ် စိတ်မကောင်းဖြစ်သွားမိသည်။ ထို့နောက် မိန်းကလေးကို အကဲခတ်လိုက်၏။

မိန်း‌ကလေးက အလွန်လှပြီး အသက်နှစ်ဆယ်ဝန်းကျင် ရှိပုံရကာ ရှားပါး အလှလေးတစ်ဦးဟု ဆိုနိုင်သည်။

သူမ၏အနောက်မှ ကျန်မိန်းကလေးကိုတော့ အစေခံဖြစ်ပုံရပေသည်။

"ဒီက မိန်းကလေး၊ ဒီခရမ်းရောင်ကျောက်ကို လက်လွှတ်လို့ရမလား"

လုမင်က လက်ယှက်ကာ ပြောလိုက်သည်။

"ဟင်၊ ဒီခရမ်းရောင်ကျောက်က ငါ့သခင်မလေး အရင်ဝယ်လိုက်ပြီပဲ၊ ဘာဖြစ်လို့ နင့်အတွက် လက်လွှတ်ရမှာလဲ"

အစေခံမိန်းကလေးက ဦးစွာ ဝင်ပြောလိုက်၏။

"ဘာမှမဖြစ်ပါဘူး၊ ဒီကျောက်က အရည်အသွေးကောင်းတယ်လို့ ထင်မိရုံပဲ၊ ဒါကြောင့် ငါ့ညီမလေးကို ကျောက်စိမ်းဆွဲသီးလုပ်ရအောင် လက်ဆောင်ပေးချင်လို့ပါ။ အခုတော့ ဒီကမိန်းကလေး ဝယ်လိုက်ပြီဆိုမှတော့ ထားလိုက်ပါတော့"

လုမင်က ပြုံးပြီး လက်ယှက်ကာ ပြောလိုက်သည်။ ထို့နောက်တွင် သူ နောက်ပြန်လှည့်လိုက်၏။

အနည်းငယ် နှမြောမိသော်လည်း အခြားသူက ဝယ်ပြီးသားမို့ လုမင် မလိုချင်တော့ပေ။

"သခင်လေး ခဏနေပါဦး"

ဤအခိုက်တွင် မိန်းကလေးက လှမ်းခေါ်လိုက်၍ လုမင် ရပ်လိုက်သည်။

"တကယ်တော့ ဒီခရမ်းရောင်ကျောက်ကို လှလို့ တမင်ဝယ်လိုက်တာ၊ သိပ်လည်း အသုံးမဝင်ပါဘူး။ သခင်လေးက ဒါကို လိုချင်တယ်ဆိုရင် ပေးလိုက်ပါ့မယ်"

မိန်းကလေးက ရှေ့သို့လှမ်းကာ လုမင်အား ခရမ်းရောင်ကျောက် ပေးလိုက်သည်။

လုမင်က အနည်းငယ် အံ့ဩသွားခဲ့သော်လည်း ချက်ချင်း မယူမိသေးပေ။

"ကောင်လေး၊ မြန်မြန်လက်ခံလိုက်ဟ။ မင်း လက်မခံမိရင် နောင်မှ‌ နောင်တရလိမ့်မယ်"

တန်တန်က လုမင်ကို အသံပို့လွှတ်၍ ပြောလိုက်သည်။

လုမင်လည်း ခဏစဉ်းစားပြီးနောက် ခရမ်းရောင်ကျောက်ကိုယူကာ ပြောလိုက်သည်။

"ငါက လုရှောက်ချင်းပါ၊ ကျောက်ကို ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေး။ မင်းရဲ့ နာမည်ကို ငါသိလို့ရမလား၊ နောင်အနာဂတ်မှာ အခွင့်အရေးရရင် ဒီကြင်နာမှုကို ပေးဆပ်မှာပါ"

"ကျိုးရှင်းပါ၊ သခင်လေးလုက တကယ်ယဉ်ကျေးတာပဲ"

မိန်းကလေးက အပြုံးလေးဖြင့် ပြောသည်။

"မိန်းကလေးကျိုးပဲ၊ မိန်းကလေးကျိုးလည်း ဆေးဘုရင်ပွဲကို လာတာလား"

လုမင် မေးလိုက်သည်။

"ဟုတ်တယ်၊ သခင်လေးလုလည်း တူညီတဲ့ရည်ရွယ်ချက်မျိုး ရှိမယ်နဲ့တူတယ်"

ကျိုးရှင်းက ပြုံးကာ ပြောလိုက်၏။

သူတို့နှစ်ယောက်က လမ်းမခွဲခင် ခဏကြာ စကားပြောဆိုနေခဲ့သည်။ ထွက်လာပြီးနောက် တန်တန်က လုမင်ကို ခရမ်းရောင်ကျောက်အား ဖြတ်တောက်ကြည့်ဖို့ ပြောလိုက်သည်။ ထိုအခါမှာတော့ အံ့ဩစရာတစ်ခု ဖြစ်သွားတော့သည်။

"သခင်မလေး၊ ရှင်က ဟိုကောင်လေးကို ခရမ်းရောင်ကျောက် ဘာဖြစ်လို့ ပေးလိုက်တာလဲ"

လုမင် ထွက်သွားပြီးနောက် အစေခံက မကြည်မသာဖြင့် ပြောလိုက်သည်။

"မိုက်မဲတဲ့ကောင်မလေး၊ ဒါက ဘယ်နေရာလဲ။ ဆေးမြို့တော်မှာ ဒီတစ်ခေါက်‌ စန္ဒကူးနတ်သမီးကျင်းပတဲ့ ဆေးဘုရင်ပွဲကြောင့် လူငယ်ပါရမီရှင်အများကြီး ရောက်လာကြတယ်။ အဲဒီလူကိုကြည့်ရတာ သာမန်တော့ မဖြစ်နိုင်ဘူးလေ၊ ပါရမီရှင်တစ်ယောက် ဖြစ်ဖို့များတယ်။ ကိုယ့်အတွက်လည်း အသုံးသိပ်မဝင်တဲ့ ခရမ်းရောင်ကျောက်ကိုသုံးပြီး ပါရမီရှင်တစ်ယောက်နဲ့ မိတ်ဆွေဖွဲ့နိုင်မယ်ဆိုရင် ဘာကြောင့် မလုပ်ရမှာလဲ"

ကျိုးရှင်းက ပြုံးကာ ပြောလိုက်၏။

"သခင်မလေးက ဉာဏ်အမြော်အမြင် ကြီးမားပါပေတယ်"

အစေခံက ချက်ချင်း မြှောက်ပင့်လိုက်သည်။

………

မကြာမီ၊ တည်းခိုဆောင်သို့ လုမင် ပြန်ရောက်လာသည်။ အခန်းတွင်းကိုရောက်သည်နှင့် တောင်တန်းနှင့်မြစ်ပြင် ပန်းချီကားအတွင်းကို သူ လှမ်းဝင်လိုက်၏။

သူ့လက်ထဲတွင် ခရမ်းရောင်ကျောက်တုံး ပေါ်လာသည်။

ဤရိုးရှင်းပုံရသော ခရမ်းရောင်ကျောက်တွင် အမှန်တကယ် ရှားပါးရတနာတစ်ခု ရှိနေပါသလော။

"လုမင်၊ ဒီခရမ်းရောင်ကျောက်ကို ဖွင့်ထုတ်လိုက်၊ သတိထားပြီးတော့လုပ်နော်"

တန်တန်က ညွှန်ကြားလိုက်သည်။

လုမင်လည်း အစစ်အမှန်ယွမ်ချီအား ဓားတစ်လက်ကဲ့သို့ သိပ်သည်းကာ ခရမ်းရောက်ကျောက်စိမ်းကို တဖြည်းဖြည်း လှီးဖြတ်လိုက်သည်။

ခရမ်းရောင်ကျောက်စိမ်းက လက်သီးနှစ်လုံးစာခန့် ရှိသည်။ လုမင်က တစ်ဝက်ခန့် ဖြတ်လိုက်သောအခါ အားနည်းသော နို့ဖြူရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့၏။

ခရမ်းရောင်ကျောက်စိမ်းထဲတွင် အမှန်တကယ် တစ်ခုခု ရှိနေသည်။

လုမင်မျက်လုံး အရောင် တောက်ပသွားသည်။ သူသည် ခရမ်းရောင်ကျောက်စိမ်းကို တဖြည်းဖြည်း လှီးဖြတ်လိုက်၏။ နောက်ဆုံးတွင် လုမင်၏ လက်တွင်း၌ နို့ဖြူကျောက်စိမ်းတုံးတစ်ခု ပေါ်လာတော့သည်။

"ဒါက ဘာကျောက်စိမ်းတုံးလဲ"

လုမင် အနည်းငယ် သိချင်သွားမိသည်။ အကြောင်းမှာ ဤကျောက်စိမ်းတုံးက သာမန်ဆန်ပြီး ရှားပါးရတနာတစ်ခုနှင့် မတူပေ။

"ကောင်လေး၊ ဒါက နာ့ယွမ်ကျောက်ဆိုရင် ရှားပါးရတနာ ဖြစ်ပြီလား"

တန်တန်က ပြုံးလိုက်သည်။

"ဘာ၊ ဒါက နာ့ယွမ်ကျောက်လား"

လုမင်၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားတော့သည်။

--------

All Chapters