အခန်း ၁၀၂၀
Vol. 68 Ch. 1020
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1020 ) ဆေးပင်ခိုးယူခြင်း။
လုမင် ဝမ်းသာသွားခဲ့သည်။ ဤသည်က တကယ်ကို နာ့ယွမ်ကျောက်ပင်။
နာ့ယွမ်ကျောက်သည် ကျင့်ကြံသူတစ်ယောက်၏ အစစ်အမှန်ယွမ်ချီကို သိမ်းဆည်းထားနိုင်သောကြောင့် အလွန်မှော်ဆန်သော ရတနာတစ်ခုဖြစ်သည်။
တန်ခိုးရှင်တစ်ဦးသည် ၎င်းတို့၏ ယွမ်ချီစွမ်းအင်ကို နာ့ယွမ်ကျောက်အတွင်းသို့ ထည့်သွင်းပြီးး ကြိုတင်သိမ်းဆည်းထားနိုင်သည်။ ၎င်းတို့ လိုအပ်သောအခါ နာ့ယွမ်ကျောက်မှ ယွမ်ချီစွမ်းအင်ကို တိုက်ရိုက် စုပ်ယူနိုင်ကြ၏။ ၎င်းက မူလတန်ခိုးရှင်တစ်ဦး၏ ယွမ်ချီဖြစ်သောကြောင့် အထူးသန့်စင်ပေးရန် မလိုဘဲ တိုက်ရိုက်အသုံးပြုနိုင်သည်။
ဤနည်းဖြင့် ယွမ်ချီစွမ်းအင် ကုန်ခမ်းခြင်းအတွက် စိတ်ပူစရာမလိုတော့ပေ။
နာ့ယွမ်ကျောက်သည် တန်ခိုးရှင်များအတွက် ရှားပါးသော ရတနာတစ်ခု ဖြစ်သည်။ တခါတရံတွင်၊ ၎င်းက လူတစ်ယောက်၏အသက်ကို ကယ်တင်နိုင်သော ရတနာတစ်ခုပင် ဖြစ်နိုင်ပါသေးသည်။ ထို့အပြင် အချိန်အကြာကြီးအသုံးပြုနိုင်သည်။ ၎င်းက ဈေးကွက်ထဲတွင် ပေါ်ထွက်ခဲပြီး ရှားရှားပါးပါး ပေါ်ထွက်လာသည်နှင့် ဈေးနှုန်းကလည်း ကြောက်ခမန်းလိလိ မြင့်မားပေလိမ့်မည်။
လုင်ဟာ ဤခရမ်းရောင်ကျောက်စိမ်းတွင် နာ့ယွမ်ကျောက်တုံးတစ်တုံးရှိမည်ဟု မမျှော်လင့်ထားခဲ့ပေ။
'ဒီနာ့ယွမ်ကျောက်က ငါ့ရဲ့ ယွမ်ချီစွမ်းအင်ကို ခံနိုင်ရည်ရှိမလား မသိဘူး,
လုမင် တွေးလိုက်သည်။
နာ့ယွမ်ကျောက်များမှာ အမျိုးမျိုးရှိပြီး ယွမ်ချီစွမ်းအင်ကို သိုလှောင်နိုင်စွမ်းမှာလည်း အကန့်အသတ်များ ရှိသည်။
သာမန် နာ့ယွမ်ကျောက်များက သိုင်းအုပ်ချုပ်သူ၏ စွမ်းအင်ကို မသိမ်းဆည်းနိုင်ပါ။ သိုင်းအုပ်ချုပ်သူ၏ စွမ်းအင်တစ်ခု ဝင်လာပါက နာ့ယွမ်ကျောက်ဟာ ပေါက်ကွဲသွားနိုင်သည်။
မတူညီသော နာ့ယွမ်ကျောက်များက မတူညီသော စွမ်းအင်ပမာဏကို သိုလှောင်ထားနိုင်ကြသည်။
'စမ်းကြည့်တာပေါ့'
နာ့ယွမ်ကျောက်ကို လက်ထဲတွင်ကိုင်ကာ လုမင်က စွမ်းအင်များ စတင်ပို့လွှတ်လိုက်သည်။ ဟုတ်ပေသည်၊ အစစ်အမှန်ယွမ်ချီက နာ့ယွမ်ကျောက်အတွင်းကို ဝင်ရောက်သွားပြီး သိုလှောင်ထားလိုက်သည်။
ခဏအကြာတွင်၊ လုမင်၏ စွမ်းအင်အားလုံးနီးပါး နာ့ယွမ်ကျောက်အတွင်းသို့ ရောက်သွားသည်။
"ဒါကို ခံနိုင်ရည်ရှိတာပဲ၊ ကောင်းလိုက်တာ"
လုမင် ဝမ်းသာသွား၏။
ဤနည်းဖြင့် လုမင်ဟာ ယွမ်ချီစွမ်းအင်ကို ပို၍ သုံးစွဲနိုင်တော့မည် ဖြစ်သည်။
အတားအဆီးမဲ့သော ကောင်းကင်သိုင်း၏ လက်ရှိစွမ်းအားက နတ်ဘုရားအဆင့်နိမ့် အလယ်လတ်တန်းစား သိုင်းပညာနှင့် ညီမျှသည်။ ထိုအတွက် ယွမ်ချီစွမ်းအင် စားသုံးခြင်းသည် အလွန်ကြောက်စရာကောင်း၏။ လုမင်အနေဖြင့် ယခင်က ၎င်း၏ စွမ်းအားကို အပြည့်အ၀ မသုံးဝံ့ခဲ့ပေ၊ မဟုတ်ပါက သူ့ခန္ဓာကိုယ်ရှိ စွမ်းအင်များ ချက်ခြင်း များစွာကုန်ခမ်းသွားရမည် ဖြစ်သည်။
ယခုတော့ လုမင် မကြောက်တော့ပေ။ နာ့ယွမ်ကျောက်ရှိ၍ ခဏချင်း ကုန်ဆုံးသွားလျှင်ပင် ယွမ်ချီစွမ်းအင်ကို ချက်ချင်းဖြည့်စွမ်းနိုင်သည်။
ဤနည်းဖြင့် လုမင်တွင် နောက်ထပ် ဝှက်ဖဲတစ်ခု ရှိလာခဲ့ချေပြီ။
ယခုအခါ သူက အတားအဆီးမဲ့သောကောင်းကင်သိုင်း၏ စွမ်းအားအပြည့်အဝကို မပြသနိုင်သော်လည်း ချုပ်တီးကာ အသုံးပြုသည့် စွမ်းအားထက် များစွာ အားကောင်းလာခဲ့မည် ဖြစ်သည်။
ထို့နောက် လုမင်ဟာ ကျောက်ကြမ်းများကို ထုတ်ယူပြီး စွမ်းအင် ပြန်လည်ဖြည့်တင်းလိုက်သည်။
စွမ်းအင် ပြန်လည်ပြည့်ဝလာပြီးနောက် လုမင်ဟာ သူ၏စွမ်းအင်များကို သိုလှောင်ခြင်းကျောက်ထဲသို့ ဆက်လက်ပို့လွှတ်လိုက်ပြန်သည်။
ဤနာ့ယွမ်ကျောက်က ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်အထိ စွမ်းအင် သိုလှောင်နိုင်မည်ဟု သူခန့်မှန်းမိခဲ့သည်။
တစ်နည်းဆိုရသော်၊ ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်သို့ မရောက်မီအထိ ဤနာ့ယွမ်ကျောက်မှာ လုမင်၏ ဝှက်ဖဲ ဖြစ်နေပေလိမ့်မည်။
လုမင်လည်း စွမ်းအင်များကို ငါးကြိမ်ဆက်တိုက် သွန်းလောင်းပြီးမှ ရပ်တန့်သွားသည်။
နာ့ယွမ်ကျောက်က သူ၏ စွမ်းအင်ငါးဆနှင့် ညီမျှသည်၊ ယင်းက သူ့အတွက် လုံလောက်မှုရှိပေသည်။
စွမ်းအင် ပြန်လည်ဖြည့်တင်းပြီးနောက် လုမင်လည်း တည်းခိုဆောင်မှ ထွက်လာခဲ့လိုက်သည်။
ဆေးဘုရင်ပွဲမစတင်မီ တစ်ရက်သာကျန်တော့သည်။ ဆေးမြို့တော်တွင် လူများ ပို၍ရောက်ရှိလာကြပြီ ဖြစ်သည်။
ရင်ပီဖိုနှင့် ရွယ်လော့ကျစ်ကြားတိုက်ပွဲကို ကြည့်ရှုခဲ့ကြသူများအပြင် အခြားမှ သတင်းကြားရပြီး ရောက်လာခဲ့ကြသူများလည်း ရှိသည်။
ဟုတ်ပေသည်၊ အများစုက မျိုးဆက်သစ်လူငယ်များသာ ဖြစ်ကြသည်။
ဆေးဘုရင်ပွဲကို စီစဉ်ပေးသူမှာ စန္ဒကူးနတ်သမီးဖြစ်သောကြောင့် စုရုံးလာသူများမှာ သဘာဝအတိုင်း လူငယ်များသာ ဖြစ်ပေသည်။
လုမင်လည်း တန်တန်ကိုခေါ်ကာ ယခင်ကကဲ့သို့ တစ်ခုခုရရန် မျှော်လင့်ရင်း လျှောက်လှမ်းလာခဲ့သည်။ ကံမကောင်းစွာဖြင့် ဤတစ်ခါတော့ ဘာမျှ မတွေ့ရတော့ပေ။
လုမင်လည်း သူ လောဘကြီးသွားမှန်း တွေးလိုက်မိကာ ရယ်မောလိုက်မိသည်။ နောက်ဆုံးအခေါက်က နာ့ယွမ်ကျောက်ကို ရယူနိုင်ခဲ့ခြင်းမှာ တကယ်ကံကောင်း၍ ဖြစ်သည်။ ကျိုးရှင်းသာ သူ့ကို ပြန်မပေးခဲ့လျှင် သူ ရလိုက်မှာတောင် မဟုတ်ပေ။
တဖြည်းဖြည်းနှင့် လုမင်ဟာ ဆေးမြို့တော်၏ မြောက်ဘက်သို့ ရောက်လာခဲ့သည်။
ဤနေရာတွင် အဆောက်အအုံများ နည်းပါးလာပြီး တောင်ကုန်းများစွာသာ ရှိခဲ့၏။
"ဟင်၊ ငါ ဆေးနံ့ရတယ်။ ဘယ်လောက်တောင် သန်မာတဲ့ ဆေးရနံ့ပါလိမ့်၊ ဒီမှာ ဝိညာဉ်ဆေးတွေ ရှိနေတယ်"
တန်တန်၏ နှာခေါင်းသည် ရုတ်တရက် ရှုံ့ပွရှုံ့ပွ ဖြစ်သွားသည်။ ထို့နောက် လုမင် ပခုံးပေါ်မှ အရှိန်ပြင်းပြင်းဖြင့် ရှေ့ကို ပျံထွက်သွား၏။
"ဒီကောင်…"
လုမင် ဆွံ့အသွားပြီး နောက်မှ ပြေးလိုက်သွားရသည်။
တောင်ကုန်းတစ်ခုကို ဖြတ်ကျော်ပြီးသောအခါ ချိုင့်ဝှမ်းတစ်ခုရှေ့သို့ ရောက်လာကြသည်။ တန်တန်က အနည်းငယ် အရှိန်လျှော့ကာ ချိုင့်ဝှမ်းထဲသို့ ဘယ် ညာ ပြေးဝင်သွား၏။
လုမင် မျက်မှောင်ကြုတ်လိုက်သည်။
ဤချိုင့်ဝှမ်းက ကမ္ပည်းဝင်္ကပါများဖြင့် ပြည့်နေသည်။
ယခုအခါ လုမင်တွင် ဝိညာဉ်မီးမရှိသောကြောင့် ဝင်္ကပါကို မချိုးဖျက်နိုင်ပေ။
သို့သော်လည်း ဝင်္ကပါကို မချိုးဖျက်နိုင်လျှင်ပင် လုမင်ကို တားဆီးနိုင်မည်တော့ မဟုတ်ချေ။
လုမင်တွင် ဝိညာဉ်မီးမရှိသော်လည်း၊ ကမ္ပည်းတာအိုကို နားလည်နေဆဲ ဖြစ်သည်။ ထို့အပြင် သူ၏ ဒုတိယခန္ဓာက ကမ္ပည်းတာအိုကို နားလည်နိုင်သဖြင့် သူ ခံစားနိုင်သေးသည်။
ဤကာလအတွင်း သူ၏ဒုတိယခန္ဓာကိုယ်ဟာ လျန်ရီတောင်တွင် စိတ်နှလုံးနှစ်မြုပ်ပြီး လေ့ကျင့်နေခဲ့သည်။ ထိုအတွက် သူ၏ တိုးတက်မှုနှုန်းက အံ့မခန်းပင်။
သူ၏ ဒုတိယခန္ဓာတွင် အာရုံထွေပြားသော အတွေးများလည်း မရှိပါ။ ကံကောင်းခြင်းကြောင့်လည်း သူ၏နားလည်နိုင်စွမ်းက ဆယ်ဆ ပို၍တိုးတက်လာခဲ့သည်။ ထို့ကြောင့် စိတ်နှလုံးအကြွင်းမဲ့ လေ့ကျင့်သောအခါ၊ တိုးတက်မှုက လုမင်၏ ပင်မခန္ဓာကိုယ်ထက် များစွာပိုမြန်နေတော့သည်။ ကမ္ပည်းတာအိုနှင့် ပတ်သက်၍ သူ၏ နားလည်မှုက နေ့စဉ်နှင့်အမျှ တိုးတက်လာခဲ့သည်။
ထို့ကြောင့် လုမင်တွင် ဝိညာဉ်မီးမရှိသော်လည်း မြင်နိုင်စွမ်းများ ရှိဆဲပင်။
ဤချိုင့်ဝှမ်း၏ ဝင်္ကပါက မဆိုးသော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် လုမင်ဟာ အားနည်းချက်များကို မြင်နိုင်သည်။
ခဏစဉ်းစားပြီးနောက် လုမင် လှုပ်ရှားလိုက်လေသည်။ သူဟာ ရှေ့၊နောက်၊ ဘယ်ညာ၊ လှည့်လည်ရင်း ချိုင့်ဝှမ်းထဲသို့ ဦးတည်သွားသည်။
မကြာမီ ချိုင့်ဝှမ်း၏ နက်နဲရာသို့ လုမင် ရောက်လာသည်။ ချိုင့်ဝှမ်း၏ နက်နဲရာအရပ်တွင် စိုက်ခင်းတစ်ခုကို မြင်လိုက်ရ၏။ စိုက်ခင်းတွင် စိုက်ပျိုးထားသော ဝိညာဉ်ဆေးပင် အမျိုးအစားများစွာ ရှိနေကြရာ ဆေးမွှေးရနံ့များကလည်း ချိုင့်ဝှမ်းထဲတွင် ပျံ့လွင့်နေတော့သည်။
"ဒီဝိညာဉ်ဆေးပင်တွေအားလုံးက အဆင့်ခုနစ်တွေပဲ"
လုမင် အံ့သြသွား၏။ လုမင်သည် ဝိညာဉ်ဆေးပင်အားလုံးနီးပါးက အဆင့်ခုနစ်များ ဖြစ်ပြီး တစ်ထောင်ထက်မနည်းရှိကြောင်း မြင်တွေ့လိုက်ရသည်။
ထိုအချိန်တွင် တန်တန်က စိုက်ခင်းထဲတွင် လှည့်ပတ်နေသည်။ ၎င်းက လက်သေးသေးလေးများဖြင့် စိုက်ခင်းအတွင်းရှိ ဝိညာဉ်ဆေးပင်များကို အဆက်မပြတ်ဖမ်းယူကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။ တချိန်တည်းမှာပင် ၎င်း၏မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေတော့သည်။
"တန်တန်၊ မြန်မြန်လုပ်"
လုမင် တိုက်တွန်းလိုက်သည်။
ဆေးမြို့တော်တွင် ဤမျှကြီးမားသော စိုက်ခင်းကြီးက ပိုင်ရှင်မဲ့ဖြစ်ရန် မဖြစ်နိုင်ပေ။ ဆေးဘုရင်တောင်ကြားမှ ကျွမ်းကျင်သူများက စိုက်ပျိုးထားသင့်သည်။ အခြားသူများ၏ နယ်မြေတွင် အခြားသူများ၏ ဝိညာဉ်ဆေးပင်များကို ခိုးယူခြင်းအတွက် လုမင် အနည်းငယ် စိုးရိမ်နေမိသည်။
လေပွေတစ်ခုကဲ့သို့ တန်တန်သည် ဝိညာဉ်ဆေးပင် တစ်ရာကျော်ကို ၎င်း၏ပါးစပ်ထဲသို့ လျင်မြန်စွာထည့်လိုက်သည်။ အားလုံးကတော့ အဆင့်ခုနစ် ထိပ်တန်းအဆင့်များ ဖြစ်၏။ ဤလိပ်၏ အမြင်က စူးရှကာ အကောင်းဆုံးများကို ရွေးချယ်သည်။
"ဘယ်ကသူခိုးလဲ၊ ဒီနေရာမှာ ဘယ်လိုတောင် ခိုးဝံ့တာလဲ"
ရုတ်တရက် နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာပြီး လှပသော ပုံရိပ်တစ်ခုက ချိုင့်ဝှမ်းမှ ပြေးထွက်လာသည်။ လေထဲတွင်၊ ကမ္ပည်းများ ပြည့်နှက်သွားကာ ဝင်္ကပါများလည်း တောက်ပလာခဲ့၏။ တန်တန်၏ ပတ်လည်မှာလည်း အလင်းတန်းများ ရစ်ပတ်ထားတော့သည်။
"မကောင်းတော့ဘူး"
တန်တန် ထိတ်လန့်တုန်လှုပ်ပြီး ပြေးသွားသည်။ ၎င်း၏ ခြေလက်လေးချောင်းက လိပ်ခွံထဲကို ပြန်ဝင်သွား၏။ လိပ်ခွံကြီးသက်သက်က လေထဲတွင် လှုပ်ရှားနေကာ ဝင်္ကပါများကို တစ်ခုပြီးတစ်ခု ရှောင်ထွက်သွားတော့သည်။ သူဟာ လုမင်ဆီသို့ ပျံသန်းသွားခဲ့သည်။
"စန္ဒကူးနတ်သမီး"
လှပသောရုပ်သွင်ကို မြင်လိုက်ရပြီးနောက် လုမင် အံ့သြသွားသည်။
ချိုင့်ဝှမ်းရှိ လှပသောပုံရိပ်မှာ အမှန်တကယ် စန္ဒကူးနတ်သမီး ဖြစ်နေသည်။
လုမင် ကြာကြာမအံ့ဩနိုင်ဘဲ အခြားဘက်ကို အမြန် ဆုတ်ပြေးသွား၏။ တန်တန်ကိုဖမ်းကာ အမြန် ပြန်ဆုတ်ပြေးတော့သည်။
"ဒီမှာနေ"
စန္ဒကူးနတ်သမီးက သူမ၏လက်များကို လျင်စွာ လှုပ်ရှားနေကာ မျက်ခုံးနှစ်ခုကြားမှာလည်း ဝိညာဉ်ရေးမီးများ တောက်ပလာသည်။ လုမင် ပတ်လည် မြေပြင်ပေါ်တွင် ဝင်္ကပါများ အဆက်မပြတ် ပေါ်လာခဲ့၏။
လုမင် မျက်လုံးများက အလင်းတဖျတ်ဖျတ် လက်သွားသည်။ သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ ခြေလှမ်းတိုင်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်မှုရှိ၏။ သူက ဝင်္ကပါ၏ အားနည်းချက်များပေါ်သို့ နင်းလျှောက်ကာ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။
အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက် လုမင်ဟာ မီတာတစ်ထောင်အထိ နောက်ပြန်ဆုတ်သွားသည်။
"ဟင်"
စန္ဓကူးနတ်သမီးက ခပ်တိုးတိုး အာမေဋိတ်သံပြုရင်း ရပ်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများက အလွန်ထူးဆန်းသော အရိပ်အမြွက်များကို လှစ်ဟလာကာ ဆက်လက်တိုက်ခိုက်ခြင်း သို့မဟုတ် လိုက်ဖမ်းခြင်း မပြုတော့ပေ။
ဤအခွင့်အရေးကို ဆုပ်ကိုင်ရင်း လုမင် လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။ သိပ်မကြာခင်မှာပဲ သူ ချိုင့်ဝှမ်းထဲမှ သူထွက်သွားနိုင်ကာ ပျောက်သွားတော့သည်။
"ထူးဆန်းတယ်၊ တကယ်ကို ထူးဆန်းတာပဲ။ သူ့မှာ ဝိညာဉ်ရေးမီးမရှိတာ သိသာတယ်၊ ဒါပေမယ့် သူက ဝင်္ကပါရဲ့ အားနည်းချက်ကို တစ်ချက်ကြည့်ရုံနဲ့ မြင်ပြီး တိုက်ခိုက်မှုကိုလည်း ရှောင်နိုင်နေတယ်။ အဲဒါက တကယ်ကို ထူးဆန်းတယ်။ ဒီလိုအဖြစ်မျိုးကို ငါပထမဆုံးကြုံဖူးတာဘဲ"
စန္ဒကူးနတ်သမီး၏ မျက်လုံးများက စူးစမ်းလိုစိတ်များ လင်းလက်နေကာ ခပ်တိုးတိုး ပြောလိုက်သည်။
ထို့ကြောင့်ပင် သူမ ဆက်မလိုက်ခဲ့ခြင်း ဖြစ်လေသည်။
--------