← Chapters

အခန်း ၁၀၂၁

Vol. 69 Ch. 1021

အခန်း ၁၀၂၁

Vol. 69 Ch. 1021

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1021 ) ပါရမီရှင် ဧည့်ခံပွဲ။

လုမင်တွင် ဝိညာဉ်မီ အနည်းငယ်မျှ မရှိကြောင်း သူမ ရှင်းရှင်းလင်းလင်း ခံစား၍ရသည်။

ယင်းက အလွန်ရှား၏။ သာမန် ကျင့်ကြံသူများက သိုင်းတာအိုအတွက် အရန်ပညာတစ်ခုအနေဖြင့် ဝိညာဉ်မီးကို လေ့ကျင့်သည်။ သို့ရာတွင် လုမင်ထံမှ ဝိညာဉ်မီးကို သူမ မခံစားရနိုင်ပေ။ သို့တိုင် လုမင်၏ မြင်နိုင်စွမ်းက အလွန် ကြောက်စရာကောင်းသည်။ သူက ဝင်္ကပါ၏ အားနည်းချက်ကို ချက်ချင်း မြင်နိုင်စွမ်းရှိ၏။ သူမကိုယ်တိုင်ပင် သူ့ထက် ပိုကောင်းအောင် မလုပ်နိုင်သေးပေ။

ထို့အတွက်ကြောင့် သူမ ပို၍ သိချင်သွားမိခြင်း ဖြစ်သည်။

"ချက်ချင်း ထွက်ပြေးပြီးတော့ ငါ့ဆီကနေ ဖုံးကွယ်ဖို့ အသွင်ပြောင်းလိုက်ချင်တယ်ပေါ့။ ကံမကောင်းချင်တော့ ငါ့ဆီကတေ ပုန်းကွယ်ချင်ရင် ဒီလောက်မလွယ်ဘူး"

စန္ဒကူးနတ်သမီးက နှုတ်ခမ်းကိုစူကာ ချစ်စရာကောင်းစွာ ပြုံးလိုက်သည်။

........

လုမင်လည်း ချိုင့်ဝှမ်းတွင်းမှ အမြန်ပြေးထွက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

သူ၏ လက်ရှိတိုက်ခိုက်နိုင်စွမ်းအရ စန္ဒကူးနတ်သမီးကို မကြောက်ပေ။ သို့ရာတွင် သူက မှားယွင်းသူ ဖြစ်သည်။ ထို့အပြင် ဤသည်က ဆေးဘုရင်တောင်ကြား၏ နယ်မြေဖြစ်သော ဆေးမြို့တော် ဖြစ်၏။ အကယ်၍ သူ့ကို ဆေးဘုရင်တောင်ကြား၏ အဆင့်ရှစ် ကမ္ပည်းထိုးသူများ ရှာဖွေတွေ့ရှိပါက အခက်ကြုံရပေလိမ့်မည်။

"မင်း လိပ်ကောင်၊ ငါ မင်းကို ဂရုမစိုက်တော့ဘူး"

လုမင်က တန်တန်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။

"ကောင်လေး၊ မင်း ဘာပြောလိုက်တာလဲ။ မင်းအတွက် နာ့ယွမ်ကျောက်လို ရတနာတစ်ခုကို ငါရှာပေးတုန်းက ဘာဖြစ်လို့ ဒီလို မပြောခဲ့တာလဲ"

တန်တန်က လုမင်ကို စိုက်ကြည့်၏။

လုမင်လည်း တိတ်ဆိတ်သွားကာ ဘာမျှမပြောတော့ပေ။

ရံဖန်ရံခါ၊ တန်တန်က လုမင်ကို ကြီးမားသောအကူအညီများ ပေးတတ်သည်။ သို့သော်လည်း ရံဖန်ရံခါမှာတော့ သူဟာ တကယ်ကို ပြဿနာကြီးများ ဖြစ်စေတတ်ပေသည်။

"ကောင်လေး၊ ဒီကိုယ်တော်က ဝိညာဉ်ဆေးတွေ ပြန်ရနေသရွေ့ မြန်မြန် ပြန်ကောင်းလာနိုင်တယ်။ ငါ အပြည့်အဝ ပြန်ကောင်းလာတဲ့အခါကျရင် ကမ္ဘာကြီးကိုတောင် စိုးမိုးနိုင်တော့မှာ၊ အဲဒီအခါကျရင် သိုင်းအုပ်ချုပ်သူတွေဆိုတာ စာဖွဲ့စရာတောင် မလိုဘူး။ တစ်ချက်တည်းနဲ့ ပိုသန်မာတဲ့ ပြိုင်ဘက်တွေကိုတောင် သတ်နိုင်လိမ့်မယ်"

"အဲဒီအချိန်ရောက်ရင် ငါ့အတွက် အမှုထမ်းဖို့ လိုလားသူတွေ မရေမတွက်နိုင်အောင် ရှိလိမ့်မယ်။ ဒီအခါကျရင် မင်းမှာ အခွင့်အရေးရှိမှာ မဟုတ်နော်"

တန်တန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

"အိုး၊ မင်း အပြည့်အဝပြန်လည်ကောင်းမွန်ဖို့ အချိန်ဘယ်လောက်ကြာမလဲ။ ဝိညာဉ်ဆေးကကော ဘယ်အဆင့်ကို လိုမှာလဲ"

လုမင်က မေးလိုက်၏။

"ငါမသိဘူး၊ ဝိညာဉ်ဆေးပညာပတ်သက်ရင် မင်းငါ့ကို အပြည့်အဝပြန်ကောင်းစေချင်ရင်တော့ ဝိညာဉ်ဆေးသက်သက်က အသုံးမဝင်ဘူး။ သူတော်စင်ဆေးလုံးလို ပိုပြီးအဆင့်မြင့်တဲ့ ရတနာတွေကို လိုလိမ့်မယ်"

တန်တန်က ရေရွတ်လိုက်သည်။

"သွားသေလိုက်ပေါ့ကွာ"

လုမင်လည်း ချက်ချင်းပင် မထီမဲ့မြင်ပြုခဲ့၏။

သူတော်စင်ဆေးကော။

သူတော်စင်ဆေးဆိုသည်မှာ အဘယ်နည်း။ ယင်းက ဒဏ္ဍာရီလာ အမြင့်မြတ်ဆုံးရတနာ၊ တုနှိုင်းမရသည့် ရတနာတစ်ခု ဖြစ်သည်။ ထိုရတနာမျိုးကိုမြင်လျှင် သိုင်းအုပ်ချုပ်သူများပင် ရူးသွပ်သွားရပေလိမ့်မည်။ အုပ်ထိန်းသူသည် မြင်လျှင်ပင် ရူးသွားလိမ့်မည်။ အဆင့်သတ်မှတ်ချက်အရ၊ ၎င်းမှာ သိုင်းအုပ်ချုပ်သူကိုပင် လုံးဝကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

အဆင့်ကိုး ဝိညဉ်ဆေးအထက်တွင် သူတော်စင်ဆေး ရှိပေသည်။

လူနှင့်လိပ်တို့လည်း စကားများကာ တည်းခိုဆောင်သို့ ပြန်လာခဲ့ကြသည်။ ထို့နောက် လုမင်လည်း တန်တန်ကို တောင်တန်းနှင့်မြစ်ပြင် ပန်းချီကားတွင်းသို့ ဆက်လက် လေ့ကျင့်ခဲ့ပေသည်။

နောက်နေ့ နံနက်စောစောတွင် လုမင်၊ ချူခွမ်းနှင့် ကျန်းဝမ်ကျင်းတို့လည်း ဆေးဘုရင်ခန်းမဆီသို့ ဦးတည်သွားခဲ့သည်ကြသည်။

ဆေးဘုရင်ခြံဝင်းက ဆေးမြို့တော်၏ အနောက်ဘက်တွင် တည်ရှိသည်။ ၎င်းက အလွန်ကျော်ကြားပေရာ ဆေးမြို့တော်မှလူတိုင်း အကြောင်း သိထားခဲ့ကြသည်။

ဆေးဘုရင်တောင်ကြားမှ လူများက ဆေးဘုရင်ခြံဝင်း အဝင်ဝကို စောင့်ကြပ်နေသည်။ သို့သော်လည်း ချူခွမ်းက သူ၏ကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ပြ‌လိုက်သောအခါ သဘာဝအတိုင်းပင် မတားဆီးတော့ပေ။ ၎င်းတို့သုံးဦးစလုံး ဆေးဘုရင်ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားကြသည်။

ဆေးဘုရင်ခြံဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် ဆေးရနံ့က နှာခေါင်းများကို လာကလူသည်။ ဤနေရာတွင် မြက်ပင်တိုင်း၊ သစ်ပင်တိုင်း၊ အပွင့်တိုင်းက ဝိညာဉ်ဆေးများ ဖြစ်သည်။

အဆောက်အအုံ အများအပြားကိုတော့ ဆေးမီးဖိုများကဲ့သို့ တည်ဆောက်ထား၏။ ၎င်းတို့၏ ပုံသဏ္ဍာန်များက ရိုးရှင်းပြီး အလှတန်ဆာဆင်ထားခြင်းမရှိဘဲ ရှေးကျသော အသွင်အပြင်နှင့် ပြည့်နှက်နေသည်။

ပန်းများကြားမှာတော့ ရောင်စုံလိပ်ပြာများနှင့် ပျားများ ပျံသန်းသွားလာနေပေသည်။ ၎င်းတို့က ပန်းဝတ်မှုန်များမှ ပျားရည်စုဆောင်းထားကြသည်။

ဤရောင်စုံလိပ်ပြာများနှင့် ပျားများက သာမန် သတ္တဝါများ မဟုတ်ပေ။ ၎င်းတို့အားလုံးက ထူးခြားဆန်းပြားသော မျိုးစိတ်များ ဖြစ်သည်။

ဥပမာအားဖြင့်၊ ထိုပျားများထဲမှ တစ်ခုစီက ဘုရင်နယ်ပယ် ကျင့်ကြံသူနှင့် ညီမျှသော အဆင်ငါး နတ်ဆိုးသားရဲများ ဖြစ်၏။ အနာဂတ်တွင် သူတို့ထံမှရသော ပျားရည်များဟာ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်မျိုး ဖြစ်လာပေလိမ့်မည်။

ဆေးဘုရင်ခြံဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် မွှေးကြိုင်သော ဆေးရနံ့ကို ရှူရှိုက်လိုက်မိသည်။ ယင်းက စိတ်ကို လန်းဆန်းစေပြီး အသက်ရှူမှုကိုပင် ချောမွေ့စေပေသည်။

သာမန် သေမျိုးတစ်ယောက်သာ ဤနေရာကိုဝင်ပြီး ဤပတ်ဝန်းကျင်မှာ ရက်အနည်းငယ်ကြာအောင် နေရမည်ဆိုလျှင် ဖျားနာမှုကင်းပြီး အသက်ရှည်ရှည်နေရမည်ဆိုတာ အာမခံနိုင်သည်။

လုမင်လည်း အံ့အားသင့်စွာဖြင့် အသက်ပြင်းပြင်းရှူလိုက်မိသည်။ ဤဆေးဘုရင်တောင်ကြားကလည်း ဖူရုပ်သေးဂိုဏ်းနှင့် အတူတူပင်။ ၎င်းတို့နှစ်ဦးစလုံးက ကမ္ပည်းတာအိုဂိုဏ်းကြီးများ ဖြစ်သည်။ သို့သော်လည်း ဖူရုပ်သေးဂိုဏ်းက အဆောင်နှင့် ကမ္ပည်းရုပ်သေးများများကို အားသာကာ ဆေးဘုရင်တောင်ကြားကတော့ ဆေးပညာအား အထူးပြုသည်။

ထို့အပြင် ၎င်းတို့၏ ကံကြမ္မာကလည်း ဖူရုပ်သေးဂိုဏ်းနှင့် အလွန်ဆင်တူသည်။ တစ်ချိန်က ၎င်းတို့နှစ်ဦးလုံးကို ကြီးကြပ်ကွပ်ကဲသည့် သိုင်းအုပ်ချုပ်သူများ ရှိခဲ့သော်လည်း ယခုအခါ အုပ်ချုပ်သူများ ကွယ်လွန်သွားခဲ့ပြီ။

တကယ်တော့၊ ဖူရုပ်သေးဂိုဏ်းဟာ အုပ်ချုပ်သူ မရှိသောကြောင့် အုပ်ချုပ်သူအင်အားစုအဖြစ် မသတ်မှတ်နိုင်တော့ပါ။

လုမင်လည်း ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်ကာ ခြံဝင်းထဲတွင် လှည့်ပတ်သွားလိုက်သည်။ ခြံဝင်းတစ်ခုသို့ ရောက်သောအခါတွင် လူများဖြင့် ပြည့်နေကြကြောင်း မြင်လိုက်ရ၏။

သူတို့အားလုံးက ငယ်ရွယ်သူများဖြစ်ကာ အသက်ကြီးရင့်သော မျိုးဆက်ဟောင်းမျုးကို မတွေ့ခဲ့ရပေ။ နေရာတွင် လူရှစ်ဆယ်မှ ကိုးဆယ်ခန့်ရှိသော စားပွဲဆယ်လုံးခန့် ရှိသည်။ နံဘေးတွင် ဆေးဘုရင်တောင်ကြားမှ တပည့်များ သွားလာနေပြီး အရက်ကောင်းနှင့် ဟင်းလျာများ ချကာ ဧည့်ခံနေပေသည်။

တစ်စုံတစ်ယောက်က မစောင့်နိုင်တော့ဘဲ အရက်ကို ချက်ချင်း ငှဲ့လိုက်သည်။ အရက်နံ့က လေထဲကို ပျံ့လွင့်လာကာ လူတိုင်း ခံစားလိုက်ရ၏။

အရက်ကောင်း၊ တကယ်ကို အရက်ကောင်းပဲ"

ချူခွမ်း၏ မျက်လုံးများက တောက်ပလာကာ နှာခေါင်းသည်ပင် လှုပ်ရှားသွားခဲ့သည်။

"ဒါက တကယ်ကို အရက်ကောင်းပါပဲ"

လုမင်လည်း ချီးကျူးလိုက်သည်။ မသောက်မီကတည်းက လုမင်ဟာ အင်မတန်ကောင်းသော အရက်ဟု ခံစားခဲ့ရသည်။ ထို့အပြင် ဤအရက်တွင် ဝိညာဉ်ဆေးပင် အမျိုးအစားများစွာ ပါဝင်သည်။ ယင်းက ရိုးရိုး သာမန်အရက် လုံးဝမဟုတ်ပေ။

"ညီနောင်လု၊ ဒါက အပြင်ခြံဝင်းကွ။ တတိယတန်းစာနဲ့ အထက် အဆင့်က ပါရမီရှင်တွေအတွက်က အတွင်းခန်းထဲမှာ ရှိသင့်တယ်"

ချူခွမ်းက လုမင်ကို အသံပို့လွှတ်လိုက်သည်။

"ဒီလိုကိုး"

လုမင်လည်း ရုတ်တရက် နားလည်သွားသည်။ စန္ဒကူးနတ်သမီး၊ ကျင်းခုန်းလင်နှင့် ကျွင်းယွဲ့ကဲ့သို့ ဒုတိယတန်းစား ပါရမီရှင်များကို မဆိုထားနှင့်၊ ကျော်ကြားသော ပါရမီရှင်များကိုပင် မတွေ့ရသည်မှာ အံ့သြစရာမဟုတ်တော့ပေ။

ဤနေရာတွင် အတွင်း ရင်တစ်ခုနှင့် အပြင်ရင်ပြင်တစ်ခု ရှိကြောင်း သူတွေ့ရသည်။ တတိယတန်းနှင့်အထက် ပါရမီရှင်များသာ အတွင်းဝင်းအတွင်းသို့ ဝင်ရောက်နိုင်ကြောင်း သိသာ ထင်ရှားလှပေသည်။

ချူခွမ်း၊ ကျန်းဝမ်ကျင်းနှင့် လုမင်က ရှေ့တံခါးဆီသို့ လျှောက်သွားကြရာ လူအများ၏ အာရုံကို စွဲဆောင်သွားခဲ့သည်။

"ဒါက ချူခွမ်းနဲ့ ကျန်းဝမ်ကျင်းပဲ"

"ကျုပ်ဖြင့် အတော်ကို မနာလိုမိတယ်။ တတိယတန်းစားနဲ့ အထက် ပါရမီရှင်တွေပဲ အတွင်းခန်းထဲကို ဝင်ပြီး စန္ဒကုးနတ်သမီးနဲ့ ကျင်းခုန်းလင်တို့လို့ အလှလေးတွေနဲ့ အတူ စားနိုင် သောက်နိုင်မှာ"

"ခြံဝင်းအတွင်းမှာ အရက်ကောင်းတွေက ပိုလို့တောင် အဖိုးတန်တယ်လို့ ကြားတယ်"

"ဒါထက် အဲဒီကောင်လေးက ဘယ်သူလဲ။ ကျုပ် သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး။ သူက အတွင်းခန်းကို ဝင်သွားပြီးမှ နှင်ထုတ်ခံရရင် ခက်ဦးမယ်"

လူတော်တော်များများက လုမင်ကို အံ့သြတကြီးဖြင့် ကြည့်လိုက်ကြသည်။

အကြောင်းမှာ လုမင်က သူတို့ တစ်ခါမှမမြင်ဘူးသော သူစိမ်းတစ်ယောက်ဟု ခံစားမိသောကြောင့် ဖြစ်သည်။

ဟိုင်ကျစ်မင်၊ လင်ယွင်ခုန်းနှင့် ဟန်ချင်းတောင်ဂိုဏ်း၏ ပါရမီရှင်များသာ ငြိမ်သက်နေခဲ့ကြပေသည်။

လုမင်က တတိယတန်းစား ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သူတို့ ကောင်းစွာသိကြသည်။

လုမင်လည်း ထိုစကားများကို ကြားခဲ့ရပေသည်။ သို့သော်လည်း သူတို့ကို လျစ်လျူရှုကာ ပင်မတံခါးကိုဖြတ်ပြီး အတွင်းဝင်းထဲသို့ လျှောက်သွားခဲ့သည်။

ခြံဝင်းအတွင်း၌ ရေကန်ငယ်တစ်ခုရှိကာ ပတ်ဝန်းကျင်ကလည်း ပို၍ ထူးခြားသည်။

ရေကန်ငယ်ဘေးတွင် မဏ္ဍပ်တစ်ခုရှိပြီး မဏ္ဍပ်ထဲတွင်တွင် စားပွဲတစ်လုံးရှိပေသည်။ စားပွဲဝိုင်းမှာတော့ လူခြောက်ယောက်သာ ထိုင်နေသည်။

စန္ဓကူးနတ်သမီး၊ ကျင်းခုန်းလင်၊ ကျွင်းယွဲ့၊ ရင်ပီဖိုနှင့် ရွယ်လော့ကျစ်အပြင် လုမင် တစ်ခါမှ မမြင်ဖူးသော အဖြူရောင်ဝတ် လူငယ်တစ်ယောက်လည်း ရှိ၏။ ၎င်းက ဒုတိယတန်းစား ပါရမီရှင်တစ်ဦး ဆိုတာကိုတော့ သံသယရှိရန် မလိုပေ။ မဟုတ်ပါက ဤစားပွဲတွင်ထိုင်ရန် အရည်အချင်းရှိမည် မဟုတ်ပါချေ။

မဏ္ဍပ်အောက်နားမှာတော့ စားပွဲနှစ်လုံးရှိကာ လူငယ် တစ်ဒါဇင်ကျော် ထိုင်နေကြ၏။

ဤလူငယ် ဒါဇင်ချီကတော့ တတိယတန်းစား ပါရမီရှင်များဖြစ်မှန်း သိသာသည်။

"အိုး၊ အစ်ကိုချူးနဲ့ မိန်းကလေးကျန်းပဲ၊ ကျေးဇူးပြုပြီး ထိုင်ကြပါ"

စန္ဒကူးနတ်သမီးက သူမလက်ကို အနည်းငယ်ဝှေ့ယမ်းကာ ပေါ့ပါးသောအပြုံးဖြင့် ပြောသည်။ သူမမျက်လုံးများက လုမင်ဘက်သို့ လှည့်လာသောအခါ အံ့သြမှုတစ်ခုက မျက်လုံးထဲတွင် တောက်ပလာသွား၏။ သူမ၏ နှုတ်ခမ်းများကလည်း အနည်းငယ် တွန့်ကွေးသွားကာ အပြုံးတစ်ခုပေါ်လာတော့သည်။

လုမင်လည်း သူခိုးလူမိသလို အပြစ်ရှိသကဲ့သို့ ခံစားရ၍ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားကာ စန္ဒကူးနတ်သမီးကိုမကြည့်ဘဲ အရှိန်အဝါကိုလည်း အနည်းငယ် ထိန်းချုပ်လိုက်သည်။

"ဟားဟားဟား၊ ချူခွမ်း... မင်းနဲ့မတွေ့တာကြာပြီ။ ငါ့ကိုရှုံးသွားခဲ့တဲ့ မင်းရဲ့အင်အားတွေ မကြာသေးခင်အတွင်း တိုးတက်လာပြီလား မသိဘူး"

ထိုအချိန်တွင် မာနကြီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

လုမင်က အသံလာရာကို ကြည့်လိုက်ရာ သွေးနီရောင်ဝတ် လူငယ်တစ်ဦးကို တွေ့လိုက်ရ၏။ ၎င်းက ခန္ဓာကိုယ်ကြံ့ခိုင်ပြီး အောက်စားပွဲ နှစ်ခုကြားတွင် ထိုင်နေသည်။

"ဟွမ်ကွေ့၊ ကမ္မတိုက်ပွဲမှာ မင်းကံကောင်းလို့ အနိုင်ခဲ့တာကွ။ အဲဒါကို နေ့တိုင်း လျှောက်မပြောနေနဲ့"

ချူခွမ်းက မျက်နှာပျက်သွားကာ အေးစက်စက်ဖြင့် ပြောလိုက်၏။

"ကံကောင်းတာလား၊ ဟားဟား... မင်းက ကိုယ့်ကိုကိုယ် ဘယ်လိုမျက်နှာထိန်းရမလဲ တကယ်သိတယ်"

သွေးရောင်ဝတ်လူငယ်က လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးကာ ကျန်းဝမ်ကျင်းနှင့် လုမင်ကို တစ်ဖန် အကဲခတ်လိုက်သည်။ လုမင်ကိုမြင်တော့ သူ့မျက်လုံးများက အှုံ့မှိုင်းသွားကာ ပြောလိုက်၏။

"ချူခွမ်း၊ ဒီနေရာက မင်းကိုယ်တိုင် ဝင်ရုံပဲ ဝင်လို့ရတာ မဟုတ်ဘူးလား။ ဒီလူက ဘယ်သူလဲ၊ ဒီကိုဝင်ဖို့ ဘာအခွင့်အရေးရှိလဲ။ သူ့အထောက်အထားကို မသိဘူးလား၊ ကြုံရာအမှိုက်တွေက ဒီနေရာကို ဝင်လာနိုင်သလား"

--------

All Chapters