← Chapters

အခန်း ၁၀၂၂

Vol. 69 Ch. 1022

အခန်း ၁၀၂၂

Vol. 69 Ch. 1022

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1022 ) ကြည်လင်ဝိညာဉ်အရက်။

ဟွမ်‌ကွေ့က လုမင်ကို အထင်အမြင်သေးသော အကြည့်ဖြင့် လှောင်ပြောင်လိုက်သည်။

လုမင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူဟာ ဝင်လာကတည်းက စကားတစ်ခွန်းမှ မပြောသော်လည်း အနှီဟွမ်ကွေ့က စော်ကားမော်ကားပြောရန် အစပြုနေသည်။

"ဟွမ်ကွေ့၊ ညီနောင်လုက ဒီနေရာကို ဝင်ဖို့ အရည်အချင်းပြည့်မီတယ်"

ချူခွမ်းက မျက်နှာမသာမယာဖြင့် ပြောလိုက်သည်။

"ဟားဟားဟား၊ အရည်အချင်းရှိတာလား... အရည်အချင်းပြည့်မီတယ်လို့ ထင်တာလား။ မင်းအထင်နဲ့ တစ်ယောက်ယောက်ကို ခေါ်လာနိုင်တဲ့ စည်းကမ်းရှိတာလား"

ဟွမ်ကွေ့က လှောင်ပြောင် ရယ်မောလိုက်ပြီး စန္ဒကူးနတ်သမီးကိုကြည့်ကာ ပြောလိုက်သည်။

"နတ်သမီး၊ ဒီလူကို မောင်းထုတ်ပစ်ဖို့ အကြံ..."

သို့သော်လည်း ဟွမ်ကွေ့ စကားမဆုံးမှ စန္ဒကူးနတ်သမီးက သူမ၏လက်ကို အနည်းငယ် မြှောက်လိုက်ပြီး ဟွမ်ကွေ့အား ရပ်စေလိုက်သည်။

"အစ်ကိုဟွမ်၊ နင် ဘာမှ ထပ်ပြောစရာ မလိုတော့ပါဘူး။ ငါလည်း အစ်ကိုလု ကို သိတယ်။ သူက ဒီနေရာကို ဝင်ဖို့ အရည်အချင်းပြည့်မီပါတယ်"

ကြည်လင်ပြတ်သားသောအသံက ဧရိယာတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ လူအများ၏မျက်လုံးများကို လှုပ်ရှားစေခဲ့သည်။ သူတို့ အတော်လေး အံ့သြသွား၏။

စန္ဒကူးနတ်သမီးက လုမျိုးရိုးအမည်နှင့် ဤလူငယ်ကို အမှန်တကယ် သိသလော။ သူဘယ်ကလာတာသနည်း။ သူလည်း တတိယတန်းစား ပါရမီရှင်ပင်လော။ ကမ္မတိုက်ပွဲတွင် သူ့ကို ဘာကြောင့် မတွေ့ရပါသနည်း။

လူတိုင်း၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်လာသည်။

ဟွမ်ကွေ့လည်း မျက်နှာထား တင်းမာသွားကာ နီရဲလာသည်။ ရှက်လွန်း၍ သေချင်စိတ်ပင် ဖြစ်သွား၏။

ယခုလေးတင် လုမင်က အရည်အချင်းမပြည့်မီသော လူတစ်ဦးဟု ဖွာလောင်ဖွာလောင်ဖြင့် ကြိမ်းမောင်းခဲ့သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင်၊ စန္ဒကူးနတ်သမီးက လုမင်ကိုသိပြီး အရည်အချင်းပြည့်မီကြောင်းပင် တိုက်ရိုက်ပြောခဲ့၏။ ယင်းက လူမြင်ကွင်းမှာ သူ့ကို ပါးရိုက်လိုက်သည်နှင့် မခြားပေ။

သူဟာ ရှက်ရှက်နှင့် စန္ဒကူးနတ်သမီးကို ဒေါသလည်းထွက်သွားသည်။ သို့သော်လည်း အပေါ်ယံကိုတော့ ထုတ်မပြဝံ့ပေ။

'ဒါတွေအားလုံးက ချူခွမ်းနဲ့ ဒီကောင့်ကြောင့်ပဲ'

ဟွမ်ကွေ့သည် စန္ဒကူးနတ်သမီးကို ပြဿနာမရှာဝံ့၍ သူ့ဒေါသများအား လုမင်နှင့် ချူခွမ်ထံသို့ လွှဲပြောင်းချလိုက်သည်။ အရက်တစ်ခွက်ကို မော့သောက်လိုက်ရင်း မျက်လုံးများပင် အေးစက်သွား၏။

ချူခွမ်းနှင့် ကျန်းဝမ်ကျင်းလည်း အနည်းငယ် အံ့အားသင့်သွားသည်။ စန္ဒကူးနတ်သမီးက လုမင်ကို တကယ်သိသလော။ လုမင်နှင့် စန္ဒကူးနတ်သမီးက အသိအကျွမ်းဟောင်းများ ဖြစ်နိုင်ပါသလော။

လူတိုင်းမှာ မတူညီသော အတွေးများ ရှိလာချိန် လုမင်၏ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။

'ငါ့ကို မှတ်မိနေတာပဲလား'

လုမင် မနေနိုင်ဘဲ တွေးလိုက်မိသည်။

"အစ်ကိုလု၊ ကျေးဇူးပြုပြီး ထိုင်ပါ"

စန္ဒကူးနတ်သမီးက သူမလက်ကို ဝှေ့ယမ်းကာ ချိုသာစွာပြုံး၍ စားပွဲကို ညွှန်ပြလိုက်သည်။

ဤတစ်ခါတော့ မြင်ကွင်းက ပေါက်ကွဲသွားကာ လူတိုင်း၏ အမူအရာများလည်း ပြောင်းသွားတော့သည်။

"ဘယ်လို၊ စန္ဒကူးနတ်သမီးက ဒီလူကို အဲဒီစားပွဲထိပ်မှာ ထိုင်ခိုင်းတယ်။ ဒါက ဒုတိယတန်းစား ပါရမီရှင်တွေအတွက် သီးသန့်ထားတာ မဟုတ်ဘူးလား။ ဒီလူက အဲဒီနေရာမှာထိုင်ပိုင်ခွင့်ရှိလို့လား"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒုတိယတန်းစား ပါရမီရှင်က ဘယ်လောက်ရှိလို့လဲ။ ကမ္မတိုက်ပွဲမှာ သူ့ကို တွေ့တောင် မတွေ့ခဲ့ရဘူး။ သူက ဘယ်လိုလုပ်ပြီး ဒုတိယတန်းစား ပါရမီရှင်ဖြစ်လာရတာလဲ"

"ဒါဆိုရင် စန္ဒကူးနတ်သမီးက သူ့ကို ဘာဖြစ်လို့ အထူးနေရာဆီကို ခေါ်တာလဲ"

တတိယတန်းစား ပါရမီရှင် အများအပြားလည်း အသံတိုးတိုးဖြင့် ဆွေးနွေးပြောဆိုလိုက်ကြသည်။

သို့သော်လည်း လူတိုင်း၏ မျက်နှာပေါ်မှာတော့ သံသယစိတ်များ ရှိနေကြဆဲပင်။

ကျင်းခုန်းလင်၊ ရင်ပီဖို၊ ကျွင်းယွဲ့နှင့် အခြားသူများလည်း လုမင်ကို စူးစမ်းဟန်ဖြင့် ကြည့်လိုက်ကြသည်။

တစ်ဖက်တွင်၊ ချူခွမ်းနှင့် ကျန်းဝမ်ကျင်း၏ အမူအရာများက ပို၍ပင် စိတ်ဝင်စားလာပုံရပေသည်။

လုမင် ကိုယ်တိုင်လည်း အနည်းငယ် အံ့ဩသွားသည်။

"အစ်ကိုလု၊ ကျေးဇူးပြုပြီး…"

စန္ဒကူးနတ်သမီးက ထပ်မံ ဖိတ်ကြားလိုက်၏။

"ကောင်းပါပြီ၊ လုရှောက်ချင်းက နတ်သမီးကို ကျေးဇူးတင်ပါတယ်"

လုမင်လည်း ယဉ်ကျေးမနေတော့ဘဲ လက်ယှက်ကာ ရှေ့သို့ လျှောက်သွားလိုက်သည်။

"ဒီကောင်က တကယ်တက်သွားပြီဟ၊ သူ တကယ်ကြီး တက်ရဲတယ်လား"

"ဒုတိယတန်းစား ပါရမီရှင်တစ်ယောက်နဲ့ ပခုံးချင်းယှဉ် ရပ်တည်နိုင်မယ်လို့ သူတကယ်ထင်နေတာလား"

လုမင်၏ အပြုအမူကြောင့်ပင် ခပ်တိုးတိုး စကားသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

"ဒီကောင်..."

ဟွမ်ကွေ့၏ မျက်နှာလည်း ပို၍ပင် အကြည့်ရဆိုးသွားသည်။

လုမင်ကတော့ ရှေ့သို့ လျှောက်သွားချိန်တွင် ပတ်ဝန်းကျင်က အကြည့်များကို ဂရုမစိုက်တော့ပေ။ စန္ဒကူးနတ်သမီးက သူ့ကို အသိအမှတ်ပြုကြောင်းတော့ ယခု သေချာသွားခဲ့ပြီ ဖြစ်သည်။ သူမ သူ့ကို မှတ်မိပြီးကတည်းက ရင်ဆိုင်နိုင်ရုံသာ ရှိတော့သည်။ အလွန်ဆုံး စန္ဒကူးနတ်သမီးကို ဝိညာဉ်ဆေးပင်များဖြင့် လျော်ကြေးပေးလိုက်ရုံသာ ဖြစ်သည်။

"ကောင်လေး၊ ဆင်းစမ်း...၊ ဒီနေရာက မင်းတက်ရမဲ့ နေရာမဟုတ်ဘူး"

လုမင် မဏ္ဍပ်ပေါ်ကို လှမ်းတက်လိုက်သည်နှင့် လုမင်၏ နားထဲတွင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ယင်းက အသံပို့လွှတ်၍ ပြောခြင်းဖြစ်သောကြောင့် အခြားမည်သူမျှတော့ မကြားနိုင်ပေ။

လုမင်က မျက်ခုံးပင့်လိုက်ပြီး တစ်စုံတစ်ယောက်ကို ကြည့်လိုက်သည်။

ရွယ်လော့ကျစ်။

ယခုလေးတင် ပြောလာသူက ရွယ်လော့ကျစ်ပင် ဖြစ်ချေသည်။

ဤအခိုက်အတန့်တွင်၊ ရွယ်လော့ကျစ်က လုမင်အား ကြမ်းကြုတ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

လုမင် လှောင်ရယ်မောလိုက်သည်။ ထို့နောက် ရွယ်လော့ကျစ်ကို လျစ်လျူရှုကာ ရှေ့သို့ ခြေလှမ်းဆက်ခဲ့၏။ သူက မဏ္ဍပ်ရှိ စားပွဲဆီသို့ လျှောက်လာကာ ထိုင်ခုံအလွတ်တစ်ခုပေါ်တွင် ထိုင်လိုက်တော့သည်။

သူက ရွယ်လော့ကျစ်ကို လုံးလုံးလျားလျား လျစ်လျူရှုခဲ့သည်။ ယင်းက ရွယ်လော့ကျစ်ကို မျက်နှာသုန်မှုန်သွားစေခဲ့၏။ သူ၏ မျက်လုံးများ၌ သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်လာတော့သည်။

ကျင်းခုန်းလင်၊ ကျွင်းယွဲ့နှင့် အခြားသူများကတော့ လုမင်ကို စူးစမ်းဟန်ဖြင့် ကြည့်ကြသည်။

"အချိန်နီးနေပြီ၊ ငါတို့စောင့်စရာမလိုတော့ဘူး၊ အခု အရက်သောက်ကြတာပေါ့"

စန္ဒကူးနတ်သမီးက ပြောလိုက်သည်။ ထို့နောက် သူမလက်ကိုမြှောက်ကာ ညင်သာစွာ လက်ခုပ်တီးလိုက်၏။ ခဏချင်းပင် မိန်းကလေးတချို့က အရက်အိုးများ ယူဆောင်လာတော့သည်။

အရက်အိုး သေးသေးတစ်လုံးစီကို သူတို့အရှေ့တွင် ချထားလိုက်သည်။

"ပထမအရက်ကို နှလုံးလောင်ကျွမ်းမီးလျှံလို့ ခေါ်တယ်။ အားလုံးပဲ သုံးဆောင်ကြည့်ကြပါဦး"

စန္ဒကူးနတ်သမီးက ပြောလိုက်သည်။

စန္ဒကူးနတ်သမီး ပြောပြီးသည်နှင့် အရက်ကိုငှဲ့ထည့်ကာ တစ်ကျိုက်တည်း မော့ချလိုက်ရန် မည်သူမျှ မစောင့်နိုင်တော့ပေ။

လုမင်လည် သူ့အတွက် ခွက်ကို လောင်းထည့်လိုက်သည်။ အရက်ကို ခွက်ထဲသို့ လောင်းချလိုက်သည်နှင့် မျက်နှာပြင်ပေါ်တွင် မီးတောက်အလွှာတစ်ခု ပေါ်လာကာ ခွက်ထဲတွင် ယိမ်းနွဲ့လှုပ်ရှားနေတော့သည်။

'ကောင်းလိုက်တဲ့ အရက်'

လုမင်လည်း သူ့စိတ်ထဲတွင် ချီးမွမ်းလိုက်မိသည်။ ထို့နောက် ခွက်ကို ကောက်ယူကာ တစ်ကျိုက်တည်း သောက်လိုက်၏။

အရက်သည် ချိုမြမြဖြစ်သော်လည်း လည်ချောင်းနှင့် ဗိုက်ထဲသို့ ကျဆင်းသွားသောအခါ ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးတောက်ကဲ့သို့ ခံစားလိုက်ရသည်။

အထူးသဖြင့် သူ့နှလုံးသားထဲသို့ စိမ့်ဝင်လာသော နွေးထွေးမှုတစ်ခု ရှိနေခဲ့သည်။ လုမင်ဟာ သူ့နှလုံးသားက ပူလောင်နေသည်ဟု ခံစားခဲ့ရသော်လည်း အနည်းငယ်မျှ နာကျင်မှုကို မခံစားရပေ။ ထိုအစား သူ့တစ်ကိုယ်လုံး နွေးထွေးပြီး သက်တောင့်သက်သာ ခံစားလိုက်ရသည်။

'ဒီအရက်က ယွမ်ချီစွမ်းအင်ကို လောင်ကျွမ်းစေပြီး သန့်စင်နိုင်တာပဲ'

လုမင်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။ သူ၏ ယွမ်ချီစွမ်းအင်က အနည်းငယ်ပို၍ သိပ်သည်းသွားသည်ကို သူ တွေ့ရှိခဲ့၏။

'ကောင်းလိုက်တဲ့အရက်'

လုမင်လည်း နောက်တစ်ခွက်ထပ်လောင်းပြီး ထပ်သောက်ရန် မစောင့်နိုင်တော့ပေ။

ထို့နောက် လုမင်လည်း နောက်ထပ် ခွက်အနည်းငယ်ကို ငှဲ့သောက်လိုက်သည်။ ခဏကြာတော့ အရက်တစ်အိုးလုံး ပြတ်သွား၏။

လုမင်လည်း မဝလင်ဟန်ဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။

တခြားသူများလည်း အလားတူပင်။ ပုံမှန်အားဖြင့် အများကြီးမသောက်တတ်သည့် မိန်းကလေးများပင် အကုန်သောက်ခဲ့သည်။

"ကောင်းလိုက်တဲ့အရက်၊ နှလုံးလောင်ကျွမ်းမီးလျှံဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်"

လုမင်ဘေးမှ အဖြူရောင်ဝတ် လူငယ်က သက်ပြင်းချလိုက်သည်။

ဤလူငယ်က ထျန်းရှအကယ်ဒမီမှ ပါရမီရှင် ခုန်းရှင်း ဖြစ်ချေသည်။

"တကယ်ကို အရက်ကောင်းပါ"

ကျွင်းယွဲ့လည်း ချီးကျူးလိုက်သည်။ သူ့ခန္ဓာကိုယ်က နတ်ဆိုးအလင်းများဖြင့် တဖျပ်ဖျပ်တောက်နေကာ ခြိမ်းခြောက်နိုင်စွမ်းရှိသော အရှိန်အဝါများလည်း ထွက်ပေါ်လာခဲ့သည်။

"လူတိုင်းကြိုက်ကြတာ ကောင်းပါတယ်။ ဒီညီမလေးရဲ့ ကြိုးစားမှုက အချည်းနှီး မဟုတ်ဘူးပေါ့။ နောက်တစ်ခုကတော့ ဒုတိယအရက်ကို မြည်းစမ်းကြည့်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်"

စန္ဒကူးပင် နတ်သမီး ရယ်မောကာ ပြောလိုက်သည်။ ထို့နောက် လက်ခုပ်တီးလိုက်၏။ နောက်ထပ် အရက်အိုးတစ်လုံးစီ သယ်ဆောင်ထားသော မိန်းကလေးများ ထပ်မံ ရောက်လာကြတော့သည်။

"ဒီအရက်ကို ကြည်လင်ဝိညာဉ်အရက်လို့ ခေါ်ပါတယ်"

စန္ဒကူးနတ်သမီးက မိတ်ဆက်ပေးလိုက်သည်။

ယခင် နှလုံးလောင်ကျွမ်းမီးလျှံအရက်ကတည်းက သဘောတွေ့နေသူများလည်း မစောင့်နိုင်ဘဲ စတင်သောက်ကြတော့သည်။

လုမင်လည်း ခွက်ထဲကို ငှဲ့ထည့်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

ဤအရက်က ယခင် နှလုံးလောင်ကျွမ်းမီးလျှံအရက်နှင့် လုံးဝမတူသော ခံစားချက်ကို ပေးစွမ်းသည်။ ဤအရက်က အစာအိမ်ထဲသို့ ရောက်သွားသောအခါ အေးစက်စက် ခံစားမှုများ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည်။ နောက်ဆုံးတွင် သူ့စိတ်ထဲမှာ စုစည်းမိသွား၏။ ရုတ်တရတ် လုမင်ဟာ သူ့စိတ်များ အလွန်တရာ ရှင်းလင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ အတွေးများက ခါတိုင်းထက် အဆများစွာ ရှင်းလင်းပြတ်သားလာပုံ ရပေသည်။

လုမင်၏ နှလုံးသားများ တုန်လှုပ်သွားခဲ့သည်။ သူက မြေတာအိုကို ဂရုတစိုက် နားလည်ဆင်ခြင်ကြည့်သည်။ ထိုအခါ တာအိုကို နားလည်သဘောပေါက်မှုက အဆများစွာ ပိုမြန်ကြောင်း သူတွေ့ရှိခဲ့၏။

ဤအရက်က ကျင့်ကြံသူတစ်ဦး၏ နားလည်နိုင်စွမ်းကို တိုးမြင့်စေနိုင်သည်။ ဟုတ်ပေသည်၊ ဤသည်က ယာယီသာဖြစ်သည်။ အရက်ကို စိတ်ဝိညာဉ်ဆေးပြားများဖြင့် ရောနှော ကြိုချက်ထား၍ ဆေးအာနိသင် ပျက်သွားသည်နှင့် သဘာဝအတိုင်း ပျောက်ကွယ်သွားခဲ့ပေလိမ့်မည်။

သို့တိုင် ယင်းက အံ့သြစရာကောင်းနေဆဲဖြစ်သည်။ ဤအရက်မျိုးကို ကြာကြာသောက်နိုင်ပါက ကျင့်ကြံခြင်းတွင် ပို၍မြန်ဆန်လာမှာ အသေချာပင်။

တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေပြီး မကြာမီ အရက်တစ်အိုးစလုံး ပြောင်စင်သွားသည်။

ထို့နောက် စန္ဒကူးနတ်သမီးက အရက်အမျိုးအစားပေါင်းများစွာထုတ်ရန် အမိန့်ပေးခဲ့သည်။ တစ်ခုချင်းစီက သာမန်အရက်ကောင်းများလို ရိုးရှင်းမှုမရှိဘဲ အာနိသင်အမျိုးမျိုးရှိသည့် ဆေးဝါးအမျိုးမျိုးဖြင့် ရောစပ်ထား၏။ ထို့ကြောင့် အရသာတစ်ခုစီက ကွဲပြားကာ လူများကို စွဲလမ်းသွားစေခဲ့ပေသည်။

--------

All Chapters