← Chapters

အခန်း ၁၀၂၃

Vol. 69 Ch. 1023

အခန်း ၁၀၂၃

Vol. 69 Ch. 1023

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1023 ) လုမင်ကို စိန်ခေါ်ခြင်း။

"စန္ဒကူးနတ်သမီး ချက်ထားတဲ့ အရက်က တကယ့်ကို ရှားတယ်။ ဒီနေ့သောက်ရတာ အရမ်းကံကောင်းတာပဲ"

"ဟားဟားဟား၊ ဟုတ်တာပေါ့ဗျာ။ သူများတွေသာ ဒီအကြောင်းကို သိရင် သေလောက်အောင် မနာလိုကြလိမ့်မယ်"

လူငယ်များက စန္ဒကူးနတ်သမီး၏ အာရုံစူးစိုက်မှုရရှိရန် မျှော်လင့်ကာ စတင် ချီးမွမ်းလိုက်ကြသည်။

"လူတိုင်းက ဒီလောက် စိတ်ဓာတ်တွေ မြင့်မားနေတော့ ကျုပ်တို့တွေက ဘာဖြစ်လို့ တိုက်ပွဲလေးတွေ မလုပ်ရမှာလဲ"

ဟွမ်ကွေ့က သူ့ခွက်ကိုမြှောက်ပြီး ပြောလိုက်သည်။ သူ့အသံက နေရာအနှံ့တွင် ပဲ့တင်ထပ်သွား၏။

လူတိုင်း စိတ်လှုပ်ရှားသွားကြတော့သည်။

ပွဲစပေတော့မည်။

အရက်သောက်ခြင်းက ပါရမီရှင်များ စုဝေးခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း တိုက်ပွဲများမှာ မပါမဖြစ်ပင်။ ဟွမ်ကွေ့က ယင်းကို ပထမဆုံး အကြံပြုခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

"တိုက်ပွဲတွေနဲ့ စည်ကားစေတာက တကယ်ကို ဖြစ်သင့်ပါတယ်"

စန္ဒကူးနတ်သမီးက သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ကမ္ပည်းစာများ တောက်ပလာသည်။ မနီးမဝေးမှ နေရာလွတ်တစ်ခုတွင် တိုက်ပွဲကွင်းတစ်ခု ပေါ်လာခဲ့၏။

"ဒီတိုက်ပွဲစင်မြင့်ကို မူလက ကျွန်မတို့ ဂိုဏ်းရဲ့ အကြီးအကဲတွေက တည်ဆောက်ပေးထားခဲ့တာပါ။ ဒါက အရမ်းခိုင်မာပြီး ဖျက်ဆီးလို့မရဘူး၊ ဒါကြောင့် စိတ်လွတ်လက်လွတ် တိုက်ခိုက်နိုင်ပါတယ်"

စန္ဒကူးနတ်သမီးက မိတ်ဆက်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် စန္ဒကူးနတ်သမီး"

ဟွမ်ကွေ့က ပြုံးပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ တက်သွားသည်။ သူက လှည့်ကြည့်လိုက်ရာ သူ့အကြည့်များက ချူခွမ်းအပေါ်သို့ ကျရောက်သွား၏။

"ချူခွမ်း၊ ကမ္မတိုက်ပွဲမှာတုန်းက မင်းငါ့ကို ရှုံးနိမ့်သွားခဲ့တယ်။ အခုတော့ နှစ်ဝက်ကြာသွားပြီမို့ မင်း ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာ ငါသိချင်မိတယ်။ မင်းငါ့ကို တိုက်ခိုက်ဝံ့ရဲ့လား"

"ဘာလို့ မဝံ့ရမှာလဲ"

ချူခွမ်းလည်း အရက်တစ်ခွက်ကို တစ်ကျိုက်တည်းမော့ကာ တိုက်ပွဲစင်မြင့်ပေါ်သို့ ချက်ခြင်း ရောက်သွား၏။

"မိန်းကလေးကျန်း၊ ညီနောင်ချူ အနိုင်ရဖို့ အခွင့်အလမ်း ဘယ်လောက်ရှိမလဲ"

လုမင်က ကျန်းဝမ်ကျင်းကို အသံပို့လွှတ်၍ မေးလိုက်သည်။

ကျန်းဝမ်ကျင်း၏ မျက်နှာ အမူအရာက လေးနက်နေသည်။ သူမက လုမင်ကို အသံပို့လွှတ်ကာ ပြန်ပြောလိုက်၏။

"ပြောဖို့ခက်တယ်။ ဟွမ်ကွေ့က သွေးအေးခန်းမရဲ့ ဒုတိယမြောက် ပါရမီရှင်ပဲလေ။ သူက အရမ်းအစွမ်းထက်တယ်။ အဲဒီတုန်းက အစ်ကိုချူဟာ ကမ္မတိုက်ပွဲမှာ ဟွမ်ကွေ့ကို ရှုံးနိမ့်ခဲ့ရတယ်။ ဒီခြောက်လကျော်အတွင်းမှာ အစ်ကိုချူက တိုးတက်လာခဲ့တယ်ဆိုပေမယ့် ဟွမ်ကွေ့ကလည်း ရပ်တန့်နေမှာ မဟုတ်ဘူး"

'ဒီတော့ ဟွမ်ကွေ့က သွေးအေးခန်းမထဲကပေါ့'

လုမင် နှလုံးတစ်ချက်ခုန်သွား၏။ ရွယ်လော့ကျစ်က သူ့ကိုထွက်သွားရန် ငေါက်ငမ်းခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

"ဝုန်း"

ဤအချိန်တွင် သူတို့ နှစ်ယောက်က စတင်တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နှစ်ဖက် တွေ့ဆုံသွား၏။

ချူခွမ်းနှင့် ဟွမ်ကွေ့က အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် အစောပိုင်းအဆင့်တွင် ဖြစ်သည်။ ဤအတောအတွင်းမှာ သူတို့နှစ်ဦးစလုံး ဖြတ်ကျော်သွားခဲ့ကြောင်း ထင်ရှားသည်။

"မိုင် တစ်သောင်း အေးခဲခြင်း"

ချူခွမ်းက ရေခဲ ဓားအလင်းများကို ထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်က ဆေးခြံဝင်းတစ်ခုလုံးကို အေးခဲသွားစေပုံရ၏။

"ဟမ့်၊ ဒီလှည့်ကွက်ပဲ ထပ်လာပြန်ပြီ။ သွေးမီးလျှံလက်သည်း"

ဟွမ်ကွေ့၏ သွေးနှင့်ချီများက မြင့်တက်လာပြီး လက်သည်းအလင်းများစွာကို ဖြစ်ပေါ်စေခဲ့သည်။ ဤလက်သည်းအလင်းများက တောက်လောင်လာကာ ကြီးမားသောအပူလှိုင်းများပင် ထွက်ပေါ်လာခဲ့၏။

သွေးနီရောင်မီးတောက်များနှင့် ရေခဲများက အချင်းချင်း ထိပ်တိုက်တွေ့သွားခဲ့ကြသည်။ တိုက်ပွဲစင်မြင့်မှ ဆူညံသံများကို ကြားလာရ၏။

မီးတောက်များကြောင့် ရေခဲများ အရည်ပျော်သွားကာ မြူခိုးများကလည်း ဧရိယာတစ်ခုလုံး ပြည့်နှက်သွားတော့သည်။

ရင်ပီဖိုက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လေအေးများက မြူခိုးများကို လွင့်သွားစေခဲ့သည်။

ထိုအချိန်တွင် အပြင်ခြံဝင်းမှ ပါရမီရှင်များလည်း ဖရိုဖရဲအခြေအနေကို သတိပြုမိသွားသည်။ သူတို့အားလုံး လေထဲသို့ ပျံတက်လာကာ အခြေအနေကို ကြည့်လိုက်ကြ၏။

"ချူခွမ်းက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတာပဲ၊ သူ့ပြိုင်ဘက်က ဟွမ်ကွေ့"

ဟိုင်ကျစ်မင်က ပြောလိုက်သည်။

"ကမ္မတိုက်ပွဲမှာ ချူခွမ်းက ဂိုဏ်းတူအစ်ကိုဟွမ်ကွေ့ကို ရှုံးခဲ့တယ်။ ဒီတစ်ခါလည်း ချူခွမ်း သေချာပေါက် ရှုံးနိမ့်ဦးမှာပဲ"

သွေးအေးနန်းတော်မှ ပါရမီရှင်တစ်ဦးက လှောင်ပြောင်လိုက်၏။

"အဲဒီတုန်းက အတိတ်ပဲ၊ အခုကတော့ ငါမထင်ဘူး"

ဟိုင်ကျစ်မင်က အေးစက်စက်ဖြင့် ပြန်ပြောသည်။

"တကယ်လားကွ၊ စောင့်ကြည့်ကြသေးတာပေါ့"

သွေးအေးနေသော ခန်းမတပည့်က လှောင်ပြောင်လိုက်သည်။

သွေးအေးနန်းတော်နှင့် ဟန်ချင်းတောင်မှာ တစ်ခုနှင့်တစ်ခု တိုက်ခိုက်ယှဉ်ပြိုင်နေပြီး ၎င်းတို့၏ ဆက်ဆံရေးမှာ မကောင်းပေ။

ဗဟိုက်ကြီးတွင် သိုင်းအုပ်ချုပ်သူများက ဘေးချင်းကပ်လျက် ရပ်နေကြကာ အမြဲ ယှဉ်ပြိုင်နေခဲ့သည်။ သူတို့ဟာ သဟဇာတမဖြစ်ဘဲ အချင်းချင်း ပဋိပက္ခများ ဖြစ်ခဲ့ကြပေသည်။

ဥပမာအားဖြင့်၊ ဥပမာအားဖြင့် ကောင်းကင်လင်းယုန်ခံတပ်နှင့် သွေးအေးနန်းတော်က သေခြင်းရန်သူများ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သွေးအေးနန်းတော်နှင့် ဟန်ချင်းတောင်အကြားမှ ဆက်ဆံရေးက မကောင်းပေ။

လူအများ ဆွေးနွေးနေကြချိန်တွင် တိုက်ပွဲစင်မြင့်မှ တိုက်ပွဲက ပို၍ပြင်းထန်လာခဲ့ပြီ ဖြစ်သည်။ နှစ်ယောက်သား အပြန်အလှန် တိုက်ကွက်ပေါင်း တစ်ရာကျော်သွားခဲ့ကြပြီ။

"သွေးဆာခြင်းနယ်မြေ"

ဟွမ်ကွေ့က သွေးအေးနန်းတော်၏ ကြောက်စရာကောင်းသော အထူးစွမ်းရည်ကို ထုတ်ဖော်ပြခဲ့သည်။ သွေးနီရောင် အလင်းတန်းတစ်ခုက နေရာတိုင်းတွင် ပေါက်ကွဲထွက်ခဲ့၏။ ချူခွမ်း၏ အမူအရာလည်း သိသိသာသာ ပြောင်းလဲသွားကာ လျင်မြန်စွာ ပြန်ဆုတ်သွားတော့သည်။ သူ အလွန်ကြောက်နေပုံရသည်။

ပြန်ဆုတ်သွားသော်လည်း ထိခိုက်မှုကတော့ ရှိနေဆဲပင်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးများ ဆူပွက်နေပြီး အပြင်သို့ ထွက်လာတော့မည့်ပုံရသည်။

"သွေးမီးလျှံ ဧကရာဇ်လက်"

ဟွမ်ကွေ့က တိုက်ကွက်ကို တစ်ဖန်ပြောင်းလဲခဲ့ပြီး တိုက်ခိုက်မှုများကလည ပို၍ ပြင်းထန်လာခဲ့သည်။

ချူခွမ်းလည်း ရွေးချယ်စရာမရှိတော့ဘဲ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုလိုက်ရသည်။

ထို့နောက် ဟွမ်ကွေ့ကလည်း သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုခဲ့သည်။ ၎င်းသည် သတ္တဝါတစ်မျိုးမျိုး၏ ခြေသည်းများကဲ့သို့ သွေးနီရောင်လက်သည်းကြီး ဖြစ်၏။ သွေးမျိုးဆက် ပေါင်းစပ်ပြီးသည်နှင့် သူ့ခွန်အားမှာ အလွန် အားကောင်းလာတော့သည်။

သွေးမျိုးဆက်နှစ်ခုက လေထဲတွင် တိုက်မိသွားကာ မကြာမီ တိုက်ကွက်များစွာ ရင်ဆိုင်ခဲ့ကြသည်။ သို့ရာတွင် ဟွမ်ကွေ့က ပိုအားကောင်းပြီး တဖြည်းဖြည်း အသာစီးရလာခဲ့၏။ နောက်ဆုံးတွင်၊ ဟွမ်ကွေ့၏ သွေးမျိုးဆက်က သွေးလက်သည်းမှ ဆုတ်ဖြဲခံရပြီး သူ၏လူသားပုံစံသို့ ပြန်ရောက်သွားတော့သည်။ သူ့တကိုယ်လုံး သွေးများ ရွှဲရွှဲစိုကာ မျက်နှာကလည်း အလွန်ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။

ဟွမ်ကွေ့ကလည်း လူပုံစံကို ပြန်ပြောင်းပြီး လှောင်ရယ်ကာ ပြောဆိုလိုက်သည်။

"ချူခွမ်း၊ မင်းက ပိုပိုပြီး အသုံးမကျတော့ဘူးလို့ ငါထင်တယ်။ အရင်တုန်းကထက်တောင် ရှုံးတာ ပိုမြန်နေတာပဲ။ မင်းက ဘယ်တော့မှ ငါ့ပြိုင်ဘက် ဖြစ်နိုင်တော့မှာ မဟုတ်ဘူး၊ ဟားဟားဟား"

ဟွမ်ကွေ့က မာနထောင်လွှားစွာဖြင့် ရယ်မောကာ ရှုတ်ချလိုက်၏။

ချူခွမ်း၏မျက်နှာက မည်းမှောင်နေကာ ဘာမှပြန်မပြောပေ။ သူရှုံးသွားပြီမို့ ဘာမှပြောစရာမရှိတော့ပါချေ။ မဟုတ်ပါက ပိုရှက်စရာကောင်းမည်သာ ဖြစ်သည်။

"ဟားဟားဟား၊ ချူခွမ်း ရှုံးဦးမယ်လို့ ငါပြောခဲ့သားပဲ။ မင်းတို့ ဟန်ချင်းတောင်မှာ ကျင်းခုန်းလင်ကလွဲလို့ တခြား ပြစရာဘာမှမရှိဘူး"

အပြင်ဘက် ခြံဝင်း၏ လေထဲတွင် သွေးအေးနန်းတော်မှ ပါရမီရှင်က ဂုဏ်ယူဝံ့ကြွားစွာ အော်ဟစ်လိုက်သည်။ ဟိုင်ကျစ်မင်နှင့် အခြားလူများလည်း မျက်နှာများ အနည်းငယ် ဖြူရော်သွားကြသည်။

သို့သော်လည်း သွေးအေးနန်းတော်၏ ပါရမီရှင်ပြောသည်မှာ မမှားပေ။ ဟန်ချင်းတောင်က သွေးအေးနန်းတော်ထက် အနည်းငယ် အားနည်းသည်။

အုပ်ချုပ်သူများကြားတွင်ပင် အင်အားကြီးသူနှင့် အင်အားနည်းသူများ ရှိသည်။ ဟန်ချင်းတောင်က အုပ်ချုပ်သူများကြားတွင် အားနည်းသည်ဟု ယူဆနိုင်ပြီး သွေးအေးနန်းတော်ကတော့ သိသိသာသာ အားကောင်းကြပေသည်။

ချူခွမ်းလည်း အကျည်းတန်သောအမူအရာဖြင့် တိုက်ပွဲစင်မြင့်မှ ဆင်းလာကာ ကျန်းဝမ်ကျင်းအနားသို့ ရောက်လာပြီး သက်ပြင်းချလိုက်သည်။

ဟွမ်ကွေ့ထံတွင် ဒုတိယအကြိမ် ရှုံးနိမ့်မှုက ချူခွမ်းအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်သည်။

"အစ်ကိုချူး၊ ကျင့်ကြံသူတစ်ဦးအတွက် အနိုင် အရှုံးရှိတာက ပုံမှန်ပါပဲ။ ခဏတာအနိုင်ရတာက အမြဲအနိုင်ရမယ်လို့ မဆိုလိုဘူး။ အစ်ကိုချူက အနာဂတ်မှာ ဟွမ်ကွေ့ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်"

ကျန်းဝမ်ကျင်းက နှစ်သိမ့်ပေးလိုက်သည်။

"ဝမ်ကျင်း၊ ငါအဆင်ပြေပါတယ်"

ချူခွမ်းလည်း ပြုံးကာ သူ့စိတ်ကို အမြန်ပြင်လိုက်၏။

ဟွမ်ကွေ့ကတော့ တိုက်ပွဲစင်မြင့်ပေါ်တွင် ငြိမ်ငြိမ်သက်သက် ရပ်နေကာ ဂုဏ်ယူဝံ့ကြွားမှုများလည်း ဖြစ်ပေါ်နေတော့သည်။ နောက်ဆုံးတွင် သူ့မျက်လုံးအကြည့်များက လုမင် အပေါ်သို့ ကျရောက်လာပြီး အေးစက်စက် အလင်းရောင်တစ်ခုကလည်း သူ့မျက်လုံးထဲတွင် တောက်ပလာတော့သည်။

"လုရှောက်ချင်း၊ မင်း တိုက်ခိုက်ဝံ့လား"

ဟွမ်ကွေ့က အော်ပြောလိုက်သည်။

သူက လုမင်ကို စိုက်ကြည့်လိုက်၏။

လုမင်က အမှန်တကယ်ပင် စန္ဒကူးနတ်သမီးက သူတို့နှင့်အတူထိုင်ရန် ဖိတ်ခေါ်ခံခဲ့ရရာ သူ့ကို အလွန်မနာလိုဖြစ်စေခဲ့သည်။

လုမင်က ဘယ်သူနည်း။ စန္ဒကူးနတ်သမီး၊ အခြားသူများနှင့် မည်သို့ အတူထိုင်နိုင်ပါမည်နည်း။

ကမ္မတိုက်ပွဲမှာပင် မပါဝင်ဖူးသူက မည်မျှ သန်မာနိုင်မည်နည်း။

ဟွမ်ကွေ့ဟာ လုမင်က မသန်မာကြောင်း သေချာသည်။ သူက စန္ဒကူးနတ်သမီးနှင့် ကံကောင်းထောက်မ၍သာ သိကျွမ်းနေခဲ့ခြင်း ဖြစ်ဟန်ရသည်။ ထို့ပြင် လုမင်က ချူခွမ်းတို့နှင့်အတူပါလာသူဖြစ်ရာ သူတို့ကို လူသိရှင်ကြားဖိနှိပ်ပြီး အရှက်ခွဲ၍ သူ့ကိုယ်သူ သက်သေပြလိုသည်။ သူက လုမင်ကို အနိုင်ယူကာ ချူခွမ်းကိုလည်း သွယ်ဝိုက်သောနည်းဖြင့် တိုက်ခိုက်နိုင်ပေသည်။

"မင်းက ငါ့ကို စိန်ခေါ်ချင်တာလား"

လုမင်က ဟွမ်ကွေ့ကိုကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဟုတ်တယ်၊ မင်း တိုက်ခိုက်ဝံ့သလား။ မဝံ့ရဲရင် အရှုံးပေးပြီး ဒီကနေ ထွက်သွားတော့"

ဟွမ်ကွေ့က မထီမဲ့မြင် ပြုံးလိုက်သည်။

"ဟားဟးဟား၊ ကောင်းပြီ။ ငါသဘောတူတယ်၊ ဒါပေမယ့် မင်းကို အခွင့်ကောင်းမယူပါဘူး။ မင်း အခုတိုက်ပွဲမှာ အနည်းနဲ့အများ ပင်ပန်းသွားမှာပဲ။ မင်းပြန်ကောင်းပြီးရင် ထပ်တိုက်ကြမယ်"

လုမင် ပြောလိုက်သည်။

"မလိုပါဘူး၊ ချူခွမ်းနဲ့ ဆက်ဆံရတာက အများကြီးထိမှာ မဟုတ်ဘူး။ ငါ ပင်ပန်းနေရင်တောင် မင်းကို ကိုင်တွယ်နိုင်မယ်လို့ ငါယုံကြည်တယ်"

ဟွမ်ကွေ့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ဟုတ်လားကွ။ ဒါကတော့ မင်းသဘောပဲ"

လုမင်က ထရပ်ကာ ခြေလှမ်းပြီး တိုက်ပွဲစင်မြင့်တွင် ပေါ်လာခဲ့သည်။

အားလုံး၏ အကြည့်များလည်း စိုက်ကြည့်လိုက်ကြသည်။

လူအများ၏ မျက်လုံးများက မျှော်လင့်ခြင်းကို လှစ်ဟလာခဲ့၏။ လုမင်က စန္ဒကူးနတ်သမီးမှ ဖိတ်ခေါ်ခံရကာ အမှန်ပင် ၎င်းတို့နှင့် စားပွဲတစ်ဝိုင်းတည်းတွင် ထိုင်ခွင့်ရခဲ့သူ ဖြစ်သည်။ သို့ဖြစ်ပေရာ လူတိုင်းက အလွန်သိချင်နေကြ၏။ သူ့တွင် ဘယ်လိုအရည်အချင်းမျိုး ရှိမည်နည်း။

--------

All Chapters