← Chapters

အခန်း ၁၀၂၄

Vol. 69 Ch. 1024

အခန်း ၁၀၂၄

Vol. 69 Ch. 1024

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1024 ) ခွေးသေတစ်ကောင်ကဲ့သို့ ရိုက်နှက်ခြင်း။

ကျွင်းယွဲ့၊ ကျင်းခုန်းလင်နှင့် ခုန်းရှင်းတို့ပင် ယင်းကို မျှော်လင့်သွားကြသည်။

စန္ဒကူးနတ်သမီးပင်လျှင် ၎င်းကို စောင့်မျှော်နေ‌မိ၏။

လုမင်က ဆေးခိုးသူဖြစ်ကြောင်း သူမ သိသောကြောင့် ထိုင်ခုံနေရာယူရန် လုမင်ကို တမင် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ တချိန်တည်းမှာပင် ဝိညာဉ်မီးမရှိဘဲ ကမ္ပည်းဝင်္ကပါကြား၌ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ခြင်းကို သိချင်သောကြောင့်လည်း သူမ ဖိတ်ကြားခဲ့ပေသည်။

လုမင်၏ အစစ်အမှန်စွမ်းရည်က မည်မျှ အစွမ်းထက်သည်ကို သူမ မြင်ချင်သည်။

"အဲဒါ... လုရှောက်ချင်းလား"

အပြင်ခြံဝင်းမှ လေထဲတွင် ဟိုင်ကျစ်မင်၊ လင်ယွင်ခုန်းနှင့် ကျန်လူများက လုမင်ကို မှတ်မိသွားကာ တုန်လှုပ်သွားကြသည်။

"သူက ချူခွမ်းနဲ့ လိုက်လာခဲ့တဲ့ကောင် မဟုတ်လား။ ဟားဟားဟား၊ အမည်မရှိတဲ့ လူငယ်လေးက ဂိုဏ်းတူအစ်ကိုဟွမ်နဲ့ ရင်ဆိုင်တိုက်ခိုက်ဝံ့တယ်။ တိုက်ကွက်ဆယ်ကွက်အတွင်း သူရှုံးမယ်ဆိုတာ သေချာတယ်"

"ဆယ်ကွက်လား၊ သူ ငါးကွက်တောင် ခံနိုင်မယ်လို့ မထင်ဘူး"

သွေးအေးနန်းတော်မှ ပါရမီရှင်များက လှောင်ပြောင်ခဲ့ကြသည်။

"ကိုယ့်​ကိုယ်​ကို အဲ့​လောက်​ ထင်မနေစမ်းနဲ့"

ဟိုင်ကျစ်မင်က အေးစက်စက်ဖြင့် ပြန်ပြောလိုက်၏။

သူသည် ယခင်က လုမင်နှင့် တိုက်ခိုက်ခဲ့ဖူးရာ တစ်ဖက်လူမှ ခွန်အားအပြည့်အ၀ အသုံးမချခဲ့ကြောင်း ခံစားခဲ့ရသည်။ သူက ဟွမ်ကွေ့နှင့်ပင် တိုက်ခိုက်နိုင်လိမ့်မည်။

"ငါ့ကိုယ်ငါ သိပ်ထင်တာ မဟုတ်ပါဘူး၊ ဒါပေမယ့် သံသယဖြစ်စရာ မရှိဘူး"

သွေးအေးနန်းတော်မှ ပါရမီရှင်များက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

တိုက်ပွဲစင်မြင့်တွင် လုမင်နှင့် ဟွမ်ကွေ့က မျက်နှာချင်းဆိုင်ကာ ဆန့်ကျင်ဘက်တွင် ရပ်လိုက်သည်။

"လာ"

လုမင်က တိမ်တိုက်နှင့် လေများ ငြိမ်သက်နေသကဲ့သို့ဖြစ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"ဟမ့်၊ ဟန်ဆောင်တာကို ရပ်လိုက်စမ်းပါ။ မင်းရဲ့ ပုံစံအစစ်အမှန်ကို မကြာခင် ငါပြမယ်"

ဟွမ်ကွေ့က ရယ်မောလိုက်သည်။ သူ့ပုံရိပ်က တဖျပ်ဖျပ်လက်ကာ သွေးနီရောင်လက်သည်းအလင်းများဖြင့် လုမင်ဆီသို့ ပစ်လိုက်၏။

လုမင်က သေချာပင် မကြည့်ဘဲ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

သူ့လက်ဝါးမှ ရောင်စုံအလင်းငါးခု လင်းလက်လာသည်။

"ဝုန်း"

လက်ဝါးနှင့် သွေးလက်သည်းတို့ တိုက်မိသွားရာ အက်ကွဲသံနှင့် ညည်းညူသံများ ထွက်ပေါ်လာခဲ့၏။ ဟွမ်ကွေ့၏မျက်နှာက ရှုံ့မဲ့သွားကာ တိုက်ပွဲစင်မြင့်တစ်ဖက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။

သူ့လက်ဝါးတစ်ဖက်က အနည်းငယ်တုန်နေပြီး လက်ချောင်းတစ်ချောင်း ပုံပျက်နေခဲ့သည်။

တနေရာလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။

လုမင်က လက်ဝါးတစ်ချက်ဖြင့် ဟွမ်ကွေ့ကို နောက်ပြန်ဆုတ်စေခဲ့ကာ သူ့လက်ချောင်းတစ်ချောင်းကိုပင် ချိုးပစ်လိုက်၏။ သူ့၏ တိုက်ခိုက်နိုင်စွမ်းက ဘယ်လောက်ထိ ကြောက်စရာကောင်းနေပါသနည်း။

"ကြည့်ရတာ မင်းမှာ အရည်အချင်းရှိတာပဲ။ ငါ အခုလေးတင် သတိလက်လွတ်ဖြစ်သွားတာ၊ အခု မင်းကို ဖိနှိပ်မယ်"

ဟွမ်ကွေ့က ကြုံးဝါးလိုက်သည်။ ပုံပျက်နေသော သူ့လက်ချောင်းက လှုပ်ရှားကာ ပြန်လည်ကောင်းမွန်လာခဲ့၏။

"ဝှစ် ဝှစ်"

သူ့ပုံရိပ်က တောက်ပလာပြီး လုမင်ထံသို့ ဦးတည်သွားခဲ့သည်။

"သွေးမီးလျှံ ဧကရာဇ်လက်သည်း"

ဟွမ်ကွေ့သည် လုမင်နှင့် အကြိမ်ရာနှင့်ချီကာ အဆက်မပြတ် ရင်ဆိုင်ခဲ့၏။ အဆုံးမဲ့ သွေးရောင် လက်သည်းအလင်းများကလည်း လုမင်ဆီသို့ လွှမ်းခြုံသွားတော့သည်။

လက်သည်းအလင်းတိုင်းက ကြောက်ခမန်းလိလိ ထက်မြက်သည်။ ၎င်းသည် တောက်လောင်နေသော စွမ်းအားအျား ရောယှက်နေပြီး လောင်ကျွမ်းခြင်းနှင့် ဆွေးမြေ့ခြင်း၏ ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားသည်။

"သွေးဆာခြင်းနယ်မြေ!"

တစ်ချိန်တည်းမှာပင် ဟွမ်ကွေ့က သွေးဆာခြင်းနယ်မြေကို ထုတ်ဖော်ခဲ့သည်။ သူက အကြွင်းမဲ့တိုက်ကွက်များစွာကို တပြိုင်နက်တည်း ထုတ်ဖော်ခဲ့၏။ ဟွမ်ကွေ့က ဤတိုက်ကွက်များဖြင့် လုမင်ကို တရှိန်ထိုး အနိုင်ယူချင်သည်။ သူက လုမင်ကို ရက်ရက်စက်စက် အရှက်ခွဲကာ ကျိုးသွားသော လက်တစ်ချောင်းအတွက် လက်စားချေလိုခဲ့ပေသည်။

'ဒါက သွေးအေးနန်းတော်ရဲ့ သွေးရူးသွပ်ခြင်းကျင့်စဥ်လား။ နဝမနဂါးရဲ့ ဝါးမျိုခြင်းစွမ်းအားနဲ့ယှဉ်ရင် ဒါက အတော်နိမ့်ကျသေးတာပဲ'

လုမင်လည်း သူ့ကိုယ်တွင်းရှိသွေးများ အနည်းငယ် တုန်ခါလာသည်ကို ခံစားလိုက်ရသည်။

သွေးရူးသွပ်ခြင်းကျင့်စဉ်က အခြားသူများ၏သွေးကို ထိခိုက်စေပြီး တိုက်ခိုက်နိုင်စွမ်းကိုလည်း အားနည်းသွားစေနိုင်သည်။ သို့သော်လည်း လုမင်အပေါ်မှာတော့ ထိုစွမ်းရည်မျိုးက သက်ရောက်မှုမရှိပေ။

ဝါးမျိုခြင်းစွမ်းအား ပျံ့နှံ့သွားသည်နှင့် သွေးစီးဆင်းမှုများ တည်ငြိမ်သွားခဲ့သည်။

"ဝုန်း"

လုမင်က ရှေ့တစ်လှမ်းတိုးကာ လက်ဝါးနှင့် ထပ်ရိုက်သည်။

ယခုတစ်ကြိမ်တွင် သူ၏ လက်ဝါးအင်အားက ယခင်အကြိမ်ထက် ဆယ်ဆပို၍ အားကောင်းလာသည်။

ဟင်းလင်းပြင်က ပုံပျက်ပန်းပျက်ဖြစ်ပြီး ပေါက်ကွဲသွားသည်။ သွေးဆာခြင်းနယ်မြေက တို့ဟူးကဲ့သို့ အလွယ်တကူ ပြိုကျသွား၏။ လုမင်၏ လက်ဝါးအင်အားအောက်တွင် ကောင်းကင်ကို လွှမ်းခြုံထားသည့် လက်သည်းအလင်းများလည်း ပျောက်ကွယ်သွားတော့သည်။

"ဂျွတ်"

အရိုးကွဲအက်သံ၊ ကျယ်လောင်စွာအော်သံနှင့်အတူ ပုံရိပ်တစ်ခုက လျင်မြန်စွာ နောက်ပြန်ဆုတ်သွားခဲ့သည်။

ဟွမ်ကွေ့၊ ဟွမ်ကွေ့ပဲ ထပ်မံဖြစ်ပြန်သည်။

ဤအခိုက်တွင် သူ့လက်ဝါးတစ်ဖက်က လုံးဝကို ပုံပျက်သွားခဲ့၏။ သူ၏ လက်ချောင်းများနှင့် လက်ဝါးရှိ အရိုးများ ကျိုးသွားကာ လုံးလုံးလျားလျား ကွဲကြေသွားတော့သည်။

"ဟူး…"

ကျယ်လောင်သော ပင့်သက်ရှိုက်သံကို ပတ်ပတ်လည်မှ ကြားလိုက်ရသည်။ အားလုံးက လုမင်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်ကြ၏။

လုမင်က ဟွမ်ကွေ့ကို အလွယ်တကူပင် အနိုင်ယူခဲ့သည်။ သူက ဟွမ်ကွေ့ကို လုံးလုံးလျားလျား ဖိနှိပ်နိုင်ခဲ့၏။

သူက ဤသို့သော တိုက်ခိုက်နိုင်စွမ်းမျိုး ရှိထားပါသလော။ ယင်းက ကြောက်စရာကောင်းလွန်းသည်။

"ညီနောင်လုရဲ့ ကျင့်ကြံခြင်းအခြေခံက ချိုးဖြတ်သွားခဲ့ပြီ"

ချူခွမ်းက ရေရွတ်လိုက်သည်။ လုမင်၏ ကျင့်ကြံခြင်းအခြေခံ ချိုးဖြတ်သွားကြောင်း သူ ခံစားမိ၏။ ယခင်က သူသည် အဆင့်ရှစ် ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် ရှိခဲ့သည်။ ယခုမူကား အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ။

လုမင်က အဆင့်ရှစ် ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် ရှိစဉ်ကပင် သူ့ကို ဖိနှိပ်နိုင်ခဲ့သည်။ ယခုတော့ အဆင့်တက်သွားပြီဖြစ်ရာ သူ့ခွန်အားကလည်း ပို၍ အားကောင်းလာတော့သည်။

ဟွမ်ကွေ့ ကိုယ်တိုင်လည်း မယုံကြည်နိုင် ဖြစ်သွားသည်။ လုမင်၏ခွန်အားက သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့ပြီ။

"လုရှောက်ချင်း၊ ဒီတိုက်ပွဲကို ရပ်လိုက်ကြရအောင်။ မင်းက အသာစီးရနေပြီ၊ ဒါပေမယ့် ငါက အခုလေးတင် ချူခွမ်းနဲ့ တိုက်ခိုက်ထားရလို့ ပင်ပန်းနေတယ်။ နောင်မှ ထပ်တိုက်ကြတာပေါ့"

ဟွမ်ကွေ့က အော်ဟစ်လိုက်သည်။ သူ၏ လေသံအရတော့ ကြောက်ရွံ့နေမှန်း သိသာထင်ရှားလှပေသည်။

"မင်း တိုက်ခိုက်ချင်ရင် တိုက်ခိုက်ပြီး မတိုက်ခိုက်ချင်တဲ့အခါ မတိုက်ဘူးလား။ ငါ့ခွင့်ပြုချက်ကို တောင်းဖူးလား"

လုမင် လှောင်ပြောင်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ ဟွမ်ကွေ့ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့၏။

ဤဟွမ်ကွေ့က တကယ်ကို ရယ်စရာကောင်းသည်။ တိုက်ပွဲမဖြစ်မီက သူသည် မောပန်းခြင်းမရှိကြောင်းနှင့် လုမင်ကိုကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုသည်ဟု အခိုင်အမာဆိုခဲ့သည်။ ယခုတော့ အခြေအနေက ပုံမှန်မဟုတ်ကြောင်း သိသွား၍ တိုက်ပွဲကို အပြီးတိုင် ရပ်ချင်နေခဲ့ပြီ။ သူက ချူခွမ်းနှင့်တိုက်ပွဲကိုပင် ဆင်ခြေအဖြစ် အသုံးပြုခဲ့သည်။

လုမင်သည် ထိုသူမျိုးနှင့် အပိုစကားပြောရန် အလွန်ပျင်းရိသောကြောင့် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"မင်း…"

ဟွမ်ကွေ့ ထိတ်လန့်သွားကာ ပိတ်ဆို့ရန် အစွမ်းကုန် ထုတ်ဖော်ခဲ့သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် လွင့်စဉ်သွားရ၏။ သူ၏ လက်တစ်ဖက်က လက်အရိုးများ ကျိုးသွားတော့သည်။

နောက်အခိုက်တွင် သူက သွေးမျိုးဆက်ပေါက်ကွဲပြီး သွေးရောင်လက်သည်းအဖြစ်သို့ ပြောင်းလဲသွားလိုက်သည်။

သို့သော်လည်း လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သွေးရောင်လက်သည်းရှေ့တွင် ပေါ်လာပြီးနောက် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

လက်ဝါးက အရာအားလုံးကို ဖိနှိပ်ထားကာ သွေးရောင်လက်သည်းကြီးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။ ထို့နောက်မှာတော့ သွေးရောင် လက်သည်းကြီးက ပြိုကျသွားပြီး ဟွမ်ကွေ့အသွင်သို့ ပြန်ပြောင်းသွားတော့သည်။

"ဒုန်း ဒုန်း"

လုမင်က နဝမနဂါးခြေလှမ်းကိုသုံးပြီး ဟွမ်ကွေ့ဆီသို့ နင်းချလိုက်သည်။

"ရပ်စမ်း"

မဏ္ဍပ်ထဲတွင် ရွယ်လော့ကျစ်က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ သွေးအရှိန်အဝါများကလည်း ကောင်းကင်ကို ဖြာတက်သွား၏။

သို့သော်လည်း လုမင်က သူ့ကို တစ်ချက်ကြည့်ပြီး လျစ်လျူရှုလိုက်သည်။ သူက ဟွမ်ကွေ့၏ခန္ဓာကိုယ်ကို ဆက်ပြီး နင်းခဲ့၏။ ဟွမ်ကွေ့လည်း နာနာကျင်ကျင်ဖြင့် အော်ဟစ်ကာ စင်မြင့်ပေါ်တွင် ပစ်လဲသွားတော့သည်။ စင်မြင့်က တုန်ခါသွားကာ ဟွမ်ကွေ့၏ အရိုးများလည်း အက်ကွဲသွားသည်။ ထို့နောက်မှာတော့ သူဟာ ငါးသေတစ်ကောင်ကဲ့သို့ စင်မြင့်ပေါ်တွင် လဲကျရင်း ပါးစပ်အတွင်းမှလည်း သွေးများ အန်ထွက်ကာ တစ်ကိုယ်လုံးတုန်ခါ၍ အကြောဆွဲနေတော့သည်။

ချေမှုန်းခြင်း၊ ပြီးပြည့်စုံသော ချေမှုန်းခြင်း။

ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝတိတ်ဆိတ်နေပြီး အသံတစ်ခုမှမကြားရတော့ပေ။

အပြင်ခြံဝင်းရှိ ကောင်းကင်မှ ဤမြင်ကွင်းကို မြင်လိုက်ရသော ပါရမီရှင်များလည်း အံသြသွားကြသည်။

တတိယတန်းစား ပါရမီရှင် ဟွမ်ကွေ့က ချူခွမ်းထက် သန်မာသော်လည်း လုမင်၏ရှေ့တွင် အမှိုက်တစ်စကဲ့သို့ ဖြစ်နေသည်။ သူက အလွယ်တကူ အရိုက်ခံရကာ ခွေးသေတစ်ကောင်အဖြစ်သို့ ရောက်သွားခဲ့ပေသည်။

ဤသည်က မည်သို့သော တိုက်ခိုက်နိုင်စွမ်းနည်း။ လုမင်က ဒုတိယတန်းစား ပါရမီရှင်တစ်ယောက်ပင်လော။

ဟိုင်ကျစ်မင်၊ လင်ယွင်ခုန်းနှင့် တခြားသူများလည်း ကြောက်လန့်တကြားဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။

နောက်ဆုံးတွင် လုမင်က သူတို့နှင့်တိုက်ခိုက်စဉ်တွင် စစ်မှန်သောခွန်အားကို အသုံးမပြုခဲ့ကြောင်း သူတို့ သိသွားခဲ့ရပြီ။ မဟုတ်လျှင် သူတို့ ဒုက္ခရောက်ရမည် ဖြစ်သည်။

သွေးအေးနန်းတော်၏ ပါရမီရှင်များလည်း လျှာကိုက်ကာ စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။

ဟွမ်ကွေ့က လုမင်ကို တိုက်ကွက် ဆယ်ကွက် သို့မဟုတ် ငါးကွက်မျှဖြင့် ချေမှုန်းနိုင်သည်ဟု ၎င်းတို့ ယခင်က ပြောဆိုခဲ့ဖူးသည်။ သို့သော်လည်း အမှန်တရားကတော့ လုံးဝဆန့်ကျင်ဘက်ပင်။ လုမင်က ဟွမ်ကွေ့ကို ငါးကွက်အတွင်း ခွေးသေတစ်ကောင်ကဲ့သို့ ရိုက်နှက်ခဲ့သည်။

"ဂိုဏ်းတူအစ်ကိုဟွမ်ကွေ့က ချူခွမ်းနဲ့တိုက်ပွဲမှာ မောပန်းနေလို့ပဲ"

အချိန်အတော်ကြာပြီးမှ သွေးအေးနန်းတော်၏ ပါရမီရှင်တစ်ဦးက စကားစလာခဲ့သည်။ သို့သော်လည်း သူ၏စကားများက လူအများ၏ ရှုတ်ချမှုတစ်ခုနှင့် ကြုံခဲ့ရပေသည်။

လုမင်နှင့် ဟွမ်ကွေ့တို့၏ တိုက်ခိုက်နိုင်စွမ်းက စွမ်းအင် ဆုံးရှုံးခြင်းကဲ့သို့ မရိုးရှင်းပေ။ ယင်းက အကြွင်းမဲ့အင်အားဖြင့် ချေမှုန်းပစ်ခဲ့ခြင်း ဖြစ်သည်။ ဟွမ်ကွေ့၏ အထွတ်အထိပ်မှာ ရှိနေလျှင်ပင် ရလဒ်က မခြားနိုင်ပေ။ မျက်မမြင်တစ်ယောက်တောင် ယင်းကို မြင်နိုင်သည်။

သူတို့သာမကဘဲ အတွင်းခြံဝင်းမှ ပါရမီရှင်များလည်း အံ့အားသင့်ခဲ့ကြပေသည်။

တတိယတန်းစား ပါရမီရှင်တိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ လုမင် ပြသခဲ့သော ခွန်အားက သူတို့ထက် လုံးဝ သာလွန်နေခဲ့ပြီ။

--------

All Chapters