← Chapters

အခန်း ၁၀၂၆

Vol. 69 Ch. 1026

အခန်း ၁၀၂၆

Vol. 69 Ch. 1026

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1026 ) ရွယ်လော့ကျစ်ကို အနိုင်ယူခြင်း။

ရွယ်လော့ကျစ်က သွေးတောင်ပံများရှိသော ကောင်းကင်လင်းနို့အဖြစ်သို့ ပြောင်းလဲသွားကာ အော်ဟစ်လိုက်လေသည်။ ကြောက်မက်ဖွယ်ကောင်းကာ မမြင်နိုင်သော အသံလှိုင်းက လုမင်ဆီသို့ ပျံ့နှံ့သွား၏။

အသံလှိုင်းကြောင့် လုမင်၏ နားစည်များ တုန်ခါသွားကာ နှလုံးခုန်မြန်သွားသည်။

ဤသည်မှာ သွေးတောင်ပံ ကောင်းကင်လင်းနို့၏ သဘာဝလျှို့ဝှက်နည်းလမ်းဖြစ်သည်။ ဤသည်မှာ အလွန်ကြောက်စရာကောင်း၏။ ကျင့်ကြံခြင်းအခြေခံ အားနည်းသူများဆိုလျှင် အသံလှိုင်းကြောင့် သူတို့၏ နှလုံးသားများ ကွဲကြေသွားနိုင်သည်။

လုမင်က နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီကျင့်စဉ်ကို လှည့်ပတ်ကာ နဂါးတစ်ကောင်ကဲ့သို့ ပြင်ပအသံလှိုင်းများကို အကာအကွယ်ပြုလိုက်သည်။ လုမင်က ကောင်းကင်သို့ ခုန်လွှားကာ သွေးတောင်ပံ ကောင်းကင်လင်းနို့ဆီသို့ ဦးတည်သွား၏။

သွေးတောင်ပံ ကောင်းကင်လင်းနို့က အော်ဟစ်ပြီး လုမင်ထံသို့ ပျံသန်းလာကာ တိုက်ပွဲစတင်ပြန်တော့သည်။

စွမ်းအင်လှိုင်းများက အရပ်ရပ်သို့ ဖြာထွက်လာခဲ့သည်။ ယခုအခါ နှစ်ဖက်စလုံးက လက်ရည်ညီနေသေးပြီး အနိုင်အရှုံးကို ဆုံးဖြတ်ရခက်သည်။

"ဒုတိယတန်းစားပါရမီရှင်၊ လုရှောက်ချင်းက တကယ်ကို ဒုတိယတန်းစား ပါရမီရှင်တစ်ယောက်ပဲ"

အပြင်ခြံဝင်းအထက် လေထဲတွင် လင်ယွင်ခုန်း၏မျက်နှာက ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားသည်။

လုမင်က ဒုတိယတန်းစား ပါရမီရှင်တစ်ဦးဖြစ်သည်ကို သံသယရှိစရာမလိုတော့ပေ။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းလှသည်။ အတိတ်က လုမင်ကို သူဘယ်လိုတိုက်ခိုက်ခဲ့လဲဆိုသည်ကို ပြန်တွေးရင်း လင်ယွင်ခုန်း၏ကျောပြင်က ချွေးစေးများဖြင့် ရွှဲရွှဲစိုသွားသည်။

လုမင်က ရှောင်ကလန်ကို သတိထားနေ၍သာ ပြင်းပြင်းထန်ထန်မလုပ်ခဲ့ကြောင်း သိသာထင်ရှားလှပေသည်။ မဟုတ်ပါက စိတ်ဆင်းရဲစရာ အခြေအနေဖြင့် သူ ဆုံးသွားနိုင်သည်။

ထိုအချိန်က လုမင်ဟာ ရှောင်ကလန်ကို ဘယ်တော့မှ ပြဿနာမရှာရန်အတွက် သွေးကျိန်ဆိုရန် လုမင်က အတင်းအကြပ် ဖိအားပေးခဲ့သည်။ ထိုစဉ်ကတော့ လုမင်ဟာ နာကြည်းစွာ အငြိုးအတေးထားပြီး ကလဲ့စားချေရန် အခွင့်အရေးကို ရှာဖွေချင်သေးသည်။

ယခုမူကား၊ သူ့အပေါ်ကို ရေခဲပုံးဖြင့် လောင်းချလိုက်သကဲ့သို့ သူ့အတွေးအားလုံးကို ငြိမ်းသတ်သွားစေခဲ့သည်။

လုမင်ကို လက်စားချေမည်လော။ ယင်းက ရယ်စရာကောင်းသည်၊ သေချင်နေခြင်းသာ ဖြစ်ရမည်။ လုမင်သာ ဆန္ဒရှိလျှင် သူ့ကို လက်တစ်ချောင်းတည်းဖြင့် သတ်ပစ်နိုင်သည်။

လုမင်ကို နောင်တွင် အခွင့်အရေးရှာပြီး အမှားကိုဝန်ခံကာ တောင်းပန်ရန် ဆုံးဖြတ်ခဲ့ပေသည်။ တစ်ချိန်တည်းမှာပင်၊ သူက ရှောင်ကလန်ကို နှစ်သိမ့်ပေးကာ သူတို့နှင့် ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်ရန် တွေးထားလိုက်သည်။

ဟိုင်ကျစ်မင်၊ ဝူခုန်းနှင့် လုမင်ကို ရင်ဆိုင်ဖူးသူများကတော့ ခါးသက်သက်ဖြင့် ပြုံးလိုက်ကြသည်။ လုမင်သည် ယခင်က သူတို့အပေါ် သက်ညှာခဲ့ကြောင်း သိသွားခဲ့ကြပြီ။

သွေးအေးနန်းတော်၏ အခြား ပါရမီရှင်များကတော့ မျက်နှာများ ဖြူဖျော့နေပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။

အတွင်းခြံဝင်းမှာလည်း ထိုသို့သာ ဖြစ်သည်။ တတိယတန်းစား ပါရမီရှင်များ တိတ်ဆိတ်နေခဲ့ကြပေသည်။ ဒုတိယတန်းစားပါရမီရှင်သစ်တစ်ဦး ပေါ်လာပြီမှန်း သူတို့ သိခဲ့ပြီ ဖြစ်သည်။

"ညီနောင်လု"

ချူခွမ်းလည်း ခါးသက်သက်ဖြင့် ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။

လုမင်က သူ့ထက်သန်မာမည်ဟု တွေးထားသော်လည်း အမှန်တကယ် အားကောင်းလိမ့်မည်ဟု မထင်ခဲ့ပေ။

"ငါပြောတယ် မဟုတ်လား၊ ဒီကောင်က ငါ့ကို အံ့အားသင့်စေလိမ့်မယ်"

မဏ္ဍပ်ထဲတွင် စန္ဒကူးနတ်သမီးက ပြုံးလိုက်သည်။

"ဒါက တကယ့်ကို အံ့သြစရာပဲ။ ကမ္မတိုက်ပွဲအပြီးမှာ ဒီလိုလူတစ်ယောက် ပေါ်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး"

ကျင်းခုန်းလင်လည်း ခေါင်းညိတ်သည်။

ကျွင်းယွဲ့၊ ရင်ပီဖိုနှင့် အခြားသူများ၏ မျက်နှာများလည်း လေးနက်သွားကြသည်။ ယခုမှစပြီး သူတို့ လမ်းကြောင်းပေါ်တွင် အင်အားကြီးသော ပြိုင်ဘက်နောက်တစ်ယောက် ရှိတော့မည်ကို သူတို့သိသွားခဲ့ကြပြီ။

ကောင်းကင်ယံ၌ လုမင်နှင့် ရွယ်လော့ကျစ်က တိုက်ကွက်တစ်ရာကျော် အပြန်အလှန် ထိုးနှက်ခဲ့ကြသော်လည်း ညီမျှနေဆဲပင်။

ရွယ်လော့ကျစ်က အမှန်တကယ်ပင် သန်မာသည်။ သူက နတ်ဧကရာဇ်နှင့် တူညီသောအဆင့်တွင် ရှိနေသည်မှာ သေချာလှပေသည်။

သို့သော်လည်း လုမင်က ယခင် ကမ္မတိုက်ပွဲအတွင်းကနှင့် မတူတော့ပါ။ လုမင်က နောက်ထပ်တာအိုတစ်ခုကို နားလည်ခဲ့ပြီး သူ့အင်အားကလည်း အလွန်တိုးမြင့်လာခဲ့သည်။ ယခုဆိုလျှင် လုမင်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးမပြုဘဲ ရွယ်လော့ကျစ်နှင့် သရေကျအောင် တိုက်နိုင်သည်။ သွေးမျိုးဆက် ပေါင်းစပ်ခြင်းကိုသာ အသုံးပြုခဲ့လျှင် ရွယ်လော့ကျစ်ကို ဖိနှိပ်ရန်က ပြဿနာမရှိပေ။

သို့သော်လည်း သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို မသုံးလျှင်ပင် နာ့ယွမ်ကျောက်ရှိသောကြောင့် ရွယ်လော့ကျစ်ကို ဖိနှိပ်နိုင်ဆဲ ဖြစ်သည်။

"ဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီ။ ရှုံးတော့"

လုမင်က ဟိန်းဟောက်လိုက်သည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။

"ဝုန်း"

လုမင်က လက်ဝါးဖြင့် ရိုက်ချလိုက်ရာ သူ့ကိုယ်တွင်းရှိ စွမ်းအင်များကလည်း အရူးအမူး စီးဆင်းသွားတော့သည်။

"မင်းက နတ်ဘုရားအဆင့်သိုင်းပညာကို အပြည့်အဝ အသုံးပြုတာပဲ"

ရွယ်လော့ကျစ်က ဟိန်းဟောက်ပြီး အံတင်းတင်းကြိတ်ကာ ကောင်းကင်ဓားနှစ်ချောင်းကဲ့သို့ အတောင်များအား အဆက်မပြတ် ခတ်လိုက်သည်။

ရွယ်လော့ကျစ်ကလည်း သူ၏သွေးမျိုးဆက်မှ အဆင့်နိမ့် နတ်ဘုရားအဆင့် သွေးမျိုးဆက်သိုင်းပညာကို နားလည်ကြောင်း သံသယဖြစ်စရာမရှိပေ။ သို့ရာတွင် လုမင်ကဲ့သို့ စွမ်းအင်မလုံလောက်သောကြောင့် အပြည့်အဝ အသုံးမပြုနိုင်ခဲ့ပေ။

သို့သော်လည်း ယခုအချိန်တွင် လုမင်က အင်အားအပြည့်အ၀ သုံးနေကြောင်း မြင်ရပြီးနောက် ခုခံရန် ခွန်အားအပြည့်ဖြင့် အသုံးချနိုင်ခဲ့သည်။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုနှစ်ခု တိုက်မိပြီးနောက် မြေတုန်ခါစေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဟင်းလင်းပြင်က တုန်ခါသွားကာ နောက်ဆုံးတွင် အနက်ရောင် တွင်းနက်ကြီးတစ်ခုအဖြစ် အမှန်တကယ် ပေါက်ကွဲသွား၏။ လေထဲတွင် အနက်ရောင် အနက်ရောင် ဟင်းလင်းပြင်အက်ကြောင်းကြီးတစ်ခုက အထင်အရှား ပေါ်လွင်လာတော့သည်။

သူတို့နှစ်ဦး၏ အင်အားအပြည့်ဖြင့် ပေါက်ကွဲခြင်းက ဟင်းလင်းပြင်ကိုပင် အမှန်တကယ် ကွဲအက်စေခဲ့သည်။

ဟင်းလင်းပြင်ကို ထိုးဖောက်ခြင်းက ဝိညာဉ်နတ်ဘုရား နယ်ပယ်များသာ လုပ်ဆောင်နိုင်သည့်အရာ ဖြစ်သည်။ ဆိုလိုသည်ကား၊ ၎င်းတို့နှစ်ဦးကြား တိုက်မိခြင်း၏ ခွန်အားက ဝိညာဉ်နတ်ဘုရားနယ်ပယ် ရောက်ရှိနေခဲ့ပြီ။

ဤသည်က အလွန်တုန်လှုပ်စရာကောင်းသည့် အရာတစ်ခု ဖြစ်သည်။

ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာပြီး နှစ်ယောက်သား အလွန်လျင်မြန်စွာ ဆုတ်ခွာသွား၏။

သို့သော်လည်း လုမင်က လေထဲတွင် ရပ်နေကာ မီတာအနည်းငယ်မျှသာ ဆုတ်ခွာသွားခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲမှာတော့ စွမ်းအင်က မကုန်ခမ်းဘဲ အပြည့်အဝရှိနေဆဲပင်။

မကြာသေးမီကပင် နာ့ယွမ်ကျောက်အတွင်းမှ စွမ်းအင်များအား စုပ်ယူထားခဲ့သည်။

ရွယ်လော့ကျစ်ကမူ သွေးတောင်ပံလင်းနို့ပုံစံကို မထိန်းထားနိုင်ဘဲ လူ့ပုံစံသို့ ပြန်ပြောင်းသွားခဲ့၏။ သူဟာ လေထဲ၌ မရပ်သေးဘဲ မီတာတစ်ရာခန့် ဆုတ်သွားခဲ့ရသည်။

"ဒါက သရေနဲ့ အဆုံးသတ်တော့မှာလား"

ကျင်းခုန်းလင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

၎င်းတို့နှစ်ဦးစလုံးက စွမ်းအားအပြည့်ဖြင့် ပေါက်ကွဲခဲ့ကာ နတ်ဘုရားအဆင့် သိုင်းပညာများကို ခွန်အားအပြည့်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း သူတို့မြင်နိုင်သည်။ ယခုတော့ သူတို့နှစ်ဦးစလုံး ယွမ်ချီစွမ်းအင် ကုန်သွားလောက်ချေပြီ။

နှစ်ယောက်စလုံး ဆက်လက်တိုက်ပွဲဝင်ရန် အင်အားမရှိကြတော့ပေ။

"လုရှောက်ချင်း၊ မင်းမှာ အရည်အချင်းရှိတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒီနေ့ သရေတစ်ပွဲလို့ မှတ်ယူရအောင်။ ငါတို့ နောက်တစ်ကြိမ် ထပ်တိုက်ရင်တော့ မင်းကို ငါ သေချာပေါက် အနိုင်ယူမယ်"

ရွယ်လော့ကျစ်က ပြောလိုက်သည်။

"သရေ၊ သရေကျမယ်လို့ ဘယ်သူပြောလဲ"

လုမင် လှောင်ပြောင်လိုက်၏။

"သရေမကျချင်ဘူးလား။ ငါတို့မှာစွမ်းအင်ကုန်သွားကြပြီလေ၊ ဆက်ပြီး တိုက်ခိုက်တာက အဓိပ္ပါယ်မရှိဘူး"

ရွယ်လော့ကျစ်က ပြောလိုက်သည်။

"ငါ့ရဲ့ စွမ်းအင် ကုန်သွားပြီလို့ ဘယ်သူပြောလဲ"

သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ လုမင်က နှုတ်ခမ်းကိုတွန့်ကွေးပြီး ပြုံးကာ ကြောက်စရာအရှိန်အဝါများဖြင့် ပေါက်ကွဲလိုက်၏။

"ဝုန်း ဝုန်း"

ထိုအချိန်တွင်၊ ကျင်းခုန်းလင်၊ ကျွင်းယွဲ့၊ ခုန်းရှင်းနှင့် အခြားသူများ ငြိမ်သက်မနေနိုင်တော့ပေ။ သူတို့အားလုံး ထိုင်ခုံမှထကာ လုမင်အား ထိတ်လန့်တကြားဖြင့် ကြည့်လိုက်သည်။

လုမင်တွင် ယွမ်ချီစွမ်းအင် ရှိသေးပါသလော။ ဆက်လက်တိုက်ခိုက်ရန် ခွန်အား ရှိသေးပါသလော။

ယင်းက မည်သို့ဖြစ်နိုင်ပါသနည်း။

"မဖြစ်နိုင်ဘူး"

ရွယ်လော့ကျစ်၏ မျက်လုံးများမှာလည်း မယုံကြည်မှုများ ပြည့်နှက်သွားခဲ့သည်။

လုမင်က ခွန်အားအပြည့်ဖြင့် ပေါက်ကွဲခဲ့ပြီး နတ်ဘုရားအဆင့် သိုင်းပညာကိုပင် အပြည့်အဝ အသုံးပြုခဲ့သည်။ သို့ဖြစ်ပေရာ ဆက်လက်တိုက်ခိုက်ရန် အင်အားမရှိသင့်ပေ။ ယခုမူ ဘာများဖြစ်နေပါသနည်း။

"နာ့ယွမ်ကျောက်လား။ မင်းမှာ နာ့ယွမ်ကျောက်ရှိတာလား"

ရွယ်လော့ကျစ်၏ မျက်လုံးများက ပြူးသွားကာ အော်ဟစ်လိုက်သည်။

နာ့ယွမ်ကျောက်က လူတစ်ဦး၏ ယွမ်ချီစွမ်းအင်ကို ချက်ခြင်း ဖြည့်ဆည်းပေးနိုင်သည်။

မဟုတ်ပါက၊ အကောင်းဆုံး ဝိညာဉ်ဆေးများဖြင့်ပင် စွမ်းအင်ပြန်လည်ဖြည့်တင်းရန် အချိန်အနည်းငယ်ယူရမည်။ ဤမျှမြန်ဆန်ရန် မဖြစ်နိုင်ပါချေ။

တခြားသူများလည်း အံ့အားသင့်ကာ သဘောပေါက်သွားသည်။ လုမင်က ထိုသို့သော ရတနာမျိုးကို ပိုင်ဆိုင်ထားရန် မမျှော်လင့်ထားပေ။

လုမင်က မငြင်းခဲ့ပါ။ သူက ရှေ့ကိုလှမ်းပြီး ပြောလိုက်သည်။

"ငါတို့တိုက်ပွဲက မပြီးသေးဘူး"

"ဝုန်း"

လုမင်က ရှေ့တစ်လှမ်းတိုးကာ အလင်းတန်းကဲ့သို့ ရွယ်လော့ကျစ်ထံသို့ ပြေးသွားခဲ့၏။

"ချီးပဲ"

ရွယ်လော့ကျစ်က အော်ဟစ်ပြီး နောက်ဆုံးခွန်အားကို အသုံးပြုကာ နောက်ဆုတ်ရန် ကြိုးစားခဲ့သည်။

သို့သော်လည်း သူ့တွင် စွမ်းအင်ကုန်ခမ်းသွားပေရာ လုမင်၏ တိုက်ခိုက်မှုကို မည်သို့ ရှောင်တိမ်းနိုင်ပါမည်နည်း။ ကြောက်စရာကောင်းသည့် လက်ဝါးရိုက်ချက်က ရွယ်လော့ကျစ်၏ ခန္ဓာကိုယ်ကို ပေါက်ကွဲစေခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲမှ မရေမတွက်နိုင်သော အရိုးများကျိုးသွားကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။ သူ၏ခန္ဓာက မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားတော့သည်။

"ဒုန်း"

ရွယ်လော့ကျစ်က မြေပြင်တွင် အပေါက်ကြီးတစ်ခုကို ဖြစ်သွားစေခဲ့သည်။ အခိုးအငွေ့များနှင့် ဖုန်မှုန့်များက လေထုထဲတွင် ပြည့်သွားခဲ့ပေသည်။

"ငါမင်းကိုသတ်မယ်"

လုမင်၏မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။

လူတိုင်း တုန်လှုပ်သွားကြ၏။ လုမင်က ရွယ်လော့ကျစ်ကို သတ်ချင်နေသည်။ အကယ်၍ သူသာ ရွယ်လော့ကျစ်ကို အမှန်တကယ် သတ်ခဲ့ပါက သွေးအေးနန်းတော်၏ ထိပ်တန်းကျွမ်းကျင်သူများ ရူးသွပ်သွားလိမ့်မည်။

"ရပ်စမ်း"

ဟိန်းဟောက်သံနှင့်အတူ ကောင်းကင်မှ သွေးနီရောင်အလင်းတန်းတစ်ခုက လုမင်ဆီသို့ ကျဆင်းလာသည်။

လုမင်လည်း သွေးအလင်းကိုရှောင်ကာ အလျင်အမြန် နောက်ပြန်ဆုတ်သွား၏။ ချက်ချင်းပင် လေထဲမှ သွေးရောင်ဝတ်အဘိုးအိုတစ်ယောက် ဆင်းသက်လာတော့သည်။

--------

All Chapters