← Chapters

အခန်း ၁၀၂၇

Vol. 69 Ch. 1027

အခန်း ၁၀၂၇

Vol. 69 Ch. 1027

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1027 ) ကြီးမြတ်သော လူငယ်ဘီလူးငါးပါး။

သွေးရောင်ဝတ်အဘိုးကြီး၏ အရှိန်အဝါက တုန်လှုပ်ဖွယ်ကောင်းသည်။ အမှန်ပင် ၎င်းက ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်တစ်ဦး ဖြစ်၏။

ဤအနီးနားတွင် သွေးအေးနန်းတော်မှ ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်တစ်ဦး အမှန်တကယ် ရှိနေသည်။

လုမင် မျက်ခုံးပင့်လိုက်သည်။ အင်အားစုအသီးသီးက အစွမ်းထက်ဆုံး ပါရမီရှင်များ၏ ပတ်ဝန်းကျင်တွင် သက်တော်စောင့်များ ထားရှိပေးကြ၏။ သန်မာသော တန်ခိုးရှင်များက ၎င်းတို့အနောက်ကို လျှို့ဝှက်စွာ လိုက်နေကြပုံရပေသည်။

ဥပမာအားဖြင့်၊ ကျင်းခုန်းလင်၊ ရင်ပီဖိုနှင့် တခြားသူများတွင်လည်း သူတို့ကို အမှောင်ထဲမှ လိုက်ပါစောင့်ရှောက်နေသော ကျွမ်းကျင်သူများ ရှိနိုင်သည်။

ထိုသူမျိုးကို ကာကွယ်သူဟု ဆိုကြသည်။

၎င်းတို့က ဤပါရမီရှင်များ၏ ကြီးထွားမှုကို ကာကွယ်ပေးခဲ့ကြပေသည်။

ရွယ်လော့ကျစ်ဆိုလျှင်လည်း ရှားပါး ပါရမီရှင်တစ်ဦး ဖြစ်သည်။ မျိုးဆက်တိုင်းတွင် ထိုသို့သော ပါရမီရှင်မျိုးကို မွေးထုတ်မပေးနိုင်ပေ။ မျိုးဆက်များစွာမှ တစ်ဦး ပေါ်လာခဲလှသည်။ ထိုသို့သော ပါရမီရှင်တစ်ဦးသာ တိုက်ပွဲတွင် ကျဆုံးသွားခဲ့ပါက ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ရပေလိမ့်မည်။

"ကောင်လေး၊ သိပ်ပြီးလွန်မလာနဲ့။ မင်းအတွက် ကောင်းတဲ့အရာကို လက်ခံလိုက်ပါ"

သွေးရောင်ဝတ်အဘိုးကြီးက အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်ရာ လုမင်တစ်ကိုယ်လုံး အေးစက်သွားသည်။

သွေးရောင်ဝတ်အဘိုးကြီးက အလွန် ကြောက်စရာကောင်း၏။ သူသည်ကား သာမန် ဝိညာဉ်နတ်ဘုရားနယ်ပယ်များ နှိုင်းယှဉ်နိုင်သောသူ မဟုတ်ပေ။

လုမင်က မျက်မှောင်ကြုတ်ပြီး ဘာမှပြန်မပြောပါ။

သွေးရောင်ဝတ်အဘိုးကြီးက သူ့လက်ကိုဆန့်ကာ သတိလစ်နေသော ရွယ်လော့ကျစ်အား ဖမ်းယူလိုက်သည်။ ထို့နောက်မှာတော့ သွေးအလင်းတစ်ခုကဲ့သို့ အဝေးကို ပျံသန်းထွက်ခွာသွားတော့သည်။

သူ၏တာဝန်မှာ ရွယ်လော့ကျစ်၏ လုံခြုံရေးကို ကာကွယ်ရန်သာဖြစ်ပြီး လုမင်အား တိုက်ခိုက်နေမည် မဟုတ်ပေ။

လုမင်က အလွန်သန်မာသည်။ သူ့နောက်တွင် မည်သို့သောအင်အားစု ရှိနေမလဲ၊ သူ့နောက်ကို လိုက်ပါနေသော ကျွမ်းကျင်သူများ ရှိနေမလဲဆိုတာ မည်သူမျှ မသိပေ။ ထို့ကြောင့် သွေးရောင်ဝတ်အဘိုးကြီးဟာ သူ့ကိုယ်သူ ဒုက္ခမပေးလိုပါချေ။

"ဟူး"

လုမင် သက်ပြင်းတစ်ချက်ချလိုက်သည်။ အမျိုးမျိုးသော အင်အားစုကြီးများ၏ ပါရမီရှင်များက အမှန်တကယ် မရိုးရှင်းပေ။ အမှန်ပင် သူတို့နောက်ကို လိုက်နေသော ကျွမ်းကျင်သူတစ်ယောက် ရှိသည်။ သွေးရောင်ဝတ်အဘိုးကြီးက လုမင်ကို အလွန်ပြင်းထန်သော ဖိအားပေးထားခဲ့ပေသည်။ သူတို့သာ တိုက်ပွဲဖြစ်လျှင် လုမင်အနေဖြင့် လွတ်မြောက်ရန်အတွက် လုံးဝယုံကြည်မှုမရှိပေ။

ရွယ်လော့ကျစ်ကို ခေါ်ဆောင်သွားပြီးနောက် လုမင်လည်း အတွင်းခြံဝင်းကို ပြန်လာခဲ့လိုက်သည်။

"အစ်ကိုလုက တကယ်ကို ထက်မြက်တဲ့သူပဲ။ နင့်ကို ငါလေးစားမိပါတယ်"

လုမင် ပြန်လာသည်နှင့် စန္ဒကူးနတ်သမီးက သူ့ခွက်ကိုမြှောက်ကာ ချိုသာစွာ ပြုံးပြလိုက်သည်။

"စန္ဒကူးနတ်သမီးက ယဉ်ကျေးလွန်းပါပြီ။ ငါက နာ့ယွမ်ကျောက်နဲ့ပဲ အခွင့်ကောင်းယူခဲ့တာ"

လုမင် ပြောလိုက်၏။

အခြားသူများက မှန်းဆထားပြီးပြီမို့ ဖုံးကွယ်ထားစရာ ဘာမျှမရှိပေ။

ကျွင်းယွဲ့ ရင်ပီဖိုနှင့် အခြားသူများလည်း လုမင်ကို လေးလေးနက်နက် ကြည့်လိုက်သည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်သန်မာသည့်အပြင် နာ့ကျောက်သည်ပင် ရှိနေသည်။ ၎င်းတို့က သူ၏ပြိုင်ဘက် မဖြစ်နိုင်ပါချေ။

သို့သော်လည်း သူတို့ သိပ်စိုးရိမ်မနေခဲ့ကြပါ။

သူတို့သာ ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်သွားသရွေ့ ယွမ်ချီစွမ်းအင် အလွန်ကြွယ်ဝလာခဲ့မည် ဖြစ်သည်။ ထိုအချိန်ကျလျှင် လုမင်မှာ နာ့ယွမ်ကျောက် ရှိနေလျှင်ပင် ကြောက်လန့်နေမည်မဟုတ်ပါချေ။

"ညီနောင်လုရဲ့ခွန်အားက တကယ်ကို ချီးကျူးစရာပါပဲ။ လာလာ၊ ငါက ညီနောင်လုကို တစ်ခွက်သောက်ပေးပါရစေ"

အဖြူရောင်ဝတ် လူငယ် ခုန်းရှင်းက အရက်ခွက်ကို မြှောက်ကာ ပြုံးလိုက်သည်။

"ညီနောင်ခုန်း၊ ကျေးဇူးပြုပြီး"

လုမင်လည်း ပြုံးကာ မငြင်းဆန်တော့ပေ။

ထို့နောက်တွင် ကျင်းခုန်းလင်၊ ကျွင်းယွဲ့၊ ရင်ပီဖိုနှင့် အခြားသူများကလည်း နှုတ်ဆက်လိုက်ကြသည်။

လုမင်၏ခွန်အားကို မြင်မှသာလျှင် လုမင်အား သူတို့နှင့် အဆင့်တူညီသော သူတစ်ယောက်အဖြစ် အမှန်တကယ် ဆက်ဆံလာခဲ့သည်။ ယခင်ကတော့ စန္ဒကူးနတ်သမီးက လုမင်ကို သူတို့နဲ့ အတူထိုင်ရန် ဖိတ်ခဲ့သော်လည်း အထင်သေးပြီး အလေးအနက်မထားခဲ့ပေ။

သူတို့အားလုံးက ရှားပါးပါရမီရှင်များဖြစ်ကာ အလွန်မာနကြီးကြသည်။ သူတို့နှင့် အဆင့်တူမဟုတ်သော ပါရမီရှင်များကို လုံးဝ အလေးအနက်မထားပေ။ အပေါ်ယံတွင် ဖော်ရွေကြသော်လည်း တကယ်တမ်းတွင် အထင်သေးခဲ့သည်။

သို့သော်လည်း ယခုအချိန်မှာတော့ လုမင်ဟာ ​​သူတို့၏ အာရုံစိုက်မှုကို ရရှိသွားခဲ့ပြီ။

ခွန်အားက အရာရာဆိုသည်မှာ အလွန်မှန်သည်။

"အခုခေတ်က တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ ခေတ်ပါပဲ။ ပါရမီရှင်တွေကလည်း ပေါ်များလွန်းလှတယ်။ ကမ္မတိုက်ပွဲမှာပဲ ပါရမီရှင်တွေ အားလုံး ပေါ်လာလိမ့်မယ်လို့ ငါထင်ခဲ့တာ။ ကမ္မတိုက်ပွဲအပြီးမှာတောင် ညီနောင်လုလို လူတစ်ယောက် ထပ်ပေါ်လာဦးမယ်လို့ မထင်ထားဘူး။ ငါ့ကိုယ်ငါ အရမ်းကျေနပ်နေမိပုံရတယ်။ ငါဆက်ပြီး ကြိုးစားနေသင့်ပြီ၊ မဟုတ်ရင် မင်းတို့အားလုံးထက် ငါသာလွန်မှာ မဟုတ်တော့ဘူး"

ခုန်းရှင်းလည်း အရက်တစ်ခွက်သောက်ကာ ခံစားချက်များဖြင့် သက်ပြင်းချသည်။

"ညီနောင်ခုန်းပြောတာ အမှန်ပဲ။ ဒီခေတ်ကြီးမှာ ငါတို့မကြိုးစားရင် နောက်ကိုကျသွားလိမ့်မယ်။ ကမ္မတိုက်ပွဲအတွင်းမှာ လုံချန်က ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ဝင်ရောက်ခဲ့ပြီး ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တယ်။ ရှဲ့နျန်ကျွင်းကလည်း ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ဝင်သွားပြီလို့ ငါကြားတယ်"

ကျွင်းယွဲ့ကလည်း ခံစားချက်တို့ဖြင့် သက်ပြင်းချလိုက်၏။

"ဘယ်လို၊ ရှဲ့နျန်ကျွင်းလည်း ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ဝင်ရောက်ခဲ့ပြီလား"

စန္ဒကူးနတ်သမီး၊ ကျင်းခုန်းလင်နှင့် အခြားသူများ အံ့သြသွားကြသည်။

"ဟုတ်တယ်၊ အကြီးအကဲတွေပြောတာကို ငါလည်းကြားတယ်။ နောက်ပြီး ရန်ပိုထျန်းကလည်း ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်သွားခဲ့ပြီ"

ခုန်းရှင်းက အလွန်လေးနက်သော အမူအရာဖြင့် ပြောသည်။

ကျင်းခုန်းလင်နှင့် အခြားသူများလည်း ရင်တထိတ်ထိတ်ဖြစ်ကာ အလွန်တုန်လှုပ်သွားကြသည်။

လုမင်လည်း အလွန်တုန်လှုပ်သွားလေသည်။

ခုန်းရှင်းတို့ ပြောနေသည်က ဗဟိုတိုက်ကြီး၏ မဟာပုဂ္ဂိုလ်ငါးပါး ဖြစ်သည်။

၎င်းတို့ထဲတွင် လုံချန်က ကမ္ဘာပေါ်၌ နံပါတ်တစ် ပါရမီရှင်အဖြစ် လူသိများသည်။ သူက အလွန်အစွမ်းထက်ကာ ကမ္မတိုက်ပွဲအတွင်း၌ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်သွားနိုင်ခဲ့ပေသည်။ သူက ဗဟိုတိုက်ကြီး၏ မျိုးဆက်သစ်လူငယ်များကြားတွင် နံပါတ်တစ် ပါရမီရှင်ဖြစ်သည်မှာ သေချာသည်။

ရှန့်နျန်ကျွင်းနှင့် ရန်ပိုထျန်းက ဗဟိုတိုက်ကြီး၏ မဟာပုဂ္ဂိုလ်ငါးပါးအနက် နှစ်ဦး ဖြစ်သည်။

ယခုမူ၊ သူတို့အားလုံး ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်သွားကြပြီ။ ဘီလူးကြီးအားလုံးက အသက်သုံးဆယ် မပြည့်သေးသော်လည်း ဤအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ယင်းက တကယ်ကို ကြောက်စရာကောင်းပေသည်။

အထူးသဖြင့် ရှဲ့နျန်ကျွင်း ဖြစ်သည်။ အရှေ့ပိုင်းကန္တာရတွင် လုမင် အလွန်အားနည်းနေချိန်၌ ရှဲ့နျန်ကျွင်းနှင့် တစ်ကြိမ်တွေ့ဆုံဖူးသည်။ သူမက ရှဲ့နျန်ချင်း၏ အစ်မဖြစ်ပေသည်။

လုမင်ဟာ ရှဲ့နျန်ကျွင်းဟူသောနာမည်ကို ယခင် ကြားရကတည်းက တုန်လှုပ်သွားရသည်။

ယခုတော့ သူ ပိုလို့တောင် တုန်လှုပ်သွားရပြီ။

ရှဲ့နျန်ကျွင်းက ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပြီဟု သူ မမျှော်လင့်ထားပေ။

ရှဲ့နျန်ကျွင်းက ရှေးဟောင်းသန့်စင်မင်းဆက်မှ ရှဲ့မျိုးနွယ်၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ကာ အလွန်လည်း လှပသည်။

သူမက ဗဟိုတိုက်ကြီး၏ မဟာဘီလူးငါးပါးတွင် တစ်ဦးဖြစ်ရုံသာမကဘဲ မဟာအလှပဂေး ငါးဦးမှာလည်း တစ်ဦးဖြစ်သေးသည်။ ထိုသို့သော တည်ရှိမှုက ကမ္ဘာပေါ်တွင် အမှန်တကယ် ရှားပါးသည်။

လုမင်က ရှဲ့နျန်ကျွင်းနှင့် တွေ့ဆုံသောအခါ သူမ၏ ကျင့်ကြံခြင်း‌အခြေခံကို ဖုံးကွယ်ထားသည်ဟု အမြဲသံသယရှိနေခဲ့ပေသည်။

"ရှဲ့နျန်ကျွင်းနဲ့ ရန်ပိုထျန်းကတော့ ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်သွားကြပြီ။ အခု ကျန်နှစ်ယောက်က ဘယ်လိုနေလဲ သိချင်လိုက်တာ"

ကျင်းခုန်းလင်က ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

သူမ ပြောသော ကျန်နှစ်ယောက်မှာ ကြီးမြတ်သောသူ ငါးပါးအနက်မှ ကျန်နှစ်ပါး ဖြစ်သည်။ သူတို့က မွန်းစတားအဆင့် ပါရမီရှင်များ ဖြစ်ချေသည်။

"မသိဘူး၊ ငါလည်း သတင်းမရသေးဘူး၊ ဒါပေမယ့် ကျန်တဲ့ နှစ်ယောက်ကလည်း အားမနည်းဘူးလို့ ထင်တယ်"

ခုန်းရှင်းက ပြောသည်။

ရောက်ရှိနေသူအားလုံး၏ အမူအရာများ အနည်းငယ် လေးနက်သွားကြသည်။

ဗဟိုတိုက်ကြီး၏ ကြီးမြတ်သူငါးပါးက ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို တစ်ဦးပြီးတစ်ဦး ဖြတ်ကျော်သွားခဲ့ပြီ။ ဗဟိုတိုက်ကြီး၏ အခြား မျိုးဆက်သစ်လူငယ်များလည်း ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ အနှေးနှင့်အမြန် ခြေချကြတော့မည်။ မျိုးဆက်သစ်များက အမီလိုက်လာကြပြီး မျိုးဆက်ဟောင်းများကိုပင် ကျော်ဖြတ်ကာ တိုက်ကြီး၏ အထွတ်အထိပ်သို့ လျှောက်လှမ်းလာကြပြီ ဖြစ်သည်။

ထိုအတွက် ၎င်းတို့အပေါ် ဖိအားများကလည်း အလွန်ကြီးမားခဲ့ပေသည်။

အခြား ပါရမီရှင်များနှင့် လူငယ်အချို့၏အမြင်တွင်၊ ၎င်းတို့အားလုံးက အဆင့်အတန်းမြင့်မားပြီး စွမ်းအားကြီးမားကြ၍ ၎င်းတို့ ကြိုးစားရမည့် ပစ်မှတ်များ ဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့သော အမြင့်တွင် ရပ်နေသောအခါမှာတော့ ကွဲပြားခြားနားသော ရှုထောင့်မှ ကြည့်လာခဲ့ကြပြီ။ သူတို့က အဆင့်တူ ပါရမီရှင်များ သို့မဟုတ် မျိုးဆက်သစ်လူငယ်များ၏ ကြီးမြတ်သော ပုဂ္ဂိုလ်ငါးပါးကဲ့သို့ မြင့်မားသောအဆင့်မှ ပါရမီရှင်များကိုသာ ကြည့်ကြသည်။

မိမိကိုယ်ကို အစွမ်းထက်သူများနှင့် နှိုင်းယှဉ်ကြည့်မှသာလျှင် အောင်မြင်မှုများရရှိရန် ဖိအားနှင့် လှုံ့ဆော်မှုများကို ခံစားကြရမည် ဖြစ်သည်။

လူတိုင်းက အရက်သောက်ပြီး စကားစမြည် ဆက်ပြောခဲ့ပေသည်။ တခါတရံ သိုင်းပညာအကြောင်း ပြောကြပြီး၊ တခါတရံလည်း လျှို့ဝှက်သတင်းတချို့ကို ပြောသည်။ လုမင် တစ်ခါမှ မကြားဖူးသော အရာများစွာကိုပင် သိခဲ့ရပေသည်။

သုံးကြိမ်သောက်ပြီးသောအခါ အားလုံးက မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်ကြသည်။

"အရက်ကောင်းအတွက် ကျေးဇူးအများကြီးတင်ပါတယ် စန္ဒကူးနတ်သမီး၊ အခုတော့ ငါလည်း တစ်ယောက်တည်း တိတ်တဆိတ်လေ့ကျင့်ဖို့ အကယ်ဒမီကို ပြန်သွားတော့မယ်။ မဟုတ်ရင် ငါ နောက်ကျသွားလိမ့်မယ်"

ခုန်းရှင်းက စန္ဒကူးနတ်သမီးကို လက်ယှက်ပြလိုက်သည်။

"ကောင်းပါပြီ အစ်ကိုခုန်း"

စန္ဒကူးနတ်သမီး ပြုံးပြလိုက်လေသည်။

"ညီနောင်လု၊ ငါတို့ ဒီနေ့တော့ နှုတ်ဆက်ကြတာပေါ့။ မင်း နောင်အခါ အခွင့်အရေးရရင် ငါ့ကို ထျန်းရှအကယ်ဒမီမှာ လာတွေ့နိုင်တယ်"

ထို့နောက်တွင် ခုန်းရှင်းက လုမင်အား တစ်ဖန်ကြည့်လိုက်သည်။

"ဒါက သဘာဝပါပဲ"

လုမင်က ပြုံးကာ ပြောလိုက်သည်။

ခုန်းရှင်းလည်း ခေါင်းညိတ်ပြကာ လေထဲသို့ ပျံတက်သွား၏။ ထို့နောက်မှာတော့ ရင်ပီဖိုနှင့် ကျင်းခုန်းလင်တို့လည်း ထွက်ခွာသွားတော့သည်။

"စန္ဒကူး နတ်သမီး၊ ငါလည်း သွားပါဦးမယ်"

လုမင်က လက်ယှက်ပြပြီး လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။

"အစ်ကိုလု၊ ခဏနေပါဦး။ နင် ဘာဖြစ်လို့ ဆက်နေပြီး ဒီကောင်မလေးနဲ့ အတူမသောက်တာလဲ"

စန္ဒကူးနတ်သမီးက ခပ်တိုးတိုး ပြောလိုက်လေသည်။

--------

All Chapters