← Chapters

အခန်း ၁၀၂၈

Vol. 69 Ch. 1028

အခန်း ၁၀၂၈

Vol. 69 Ch. 1028

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1028 ) ဝိညာဉ်နတ်ဘုရားများ ကြားဖြတ်ဟန့်တားခြင်း။

စန္ဒကူးနတ်သမီးက သူ့ကို တားဆီးနေရာ လုမင် နှလုံးခုန်သံမြန်သွားသည်။ တခြားသူများလည်း အံ့ဩသွား၏။

တတိယတန်းစား ပါရမီရှင်အချို့လည်း လုမင်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

စန္ဒကူးနတ်သမီးက လုမင်ကို ချန်နေရစ်ကာ အတူသောက်ရန် ဖိတ်ခေါ်နေသည်။ ယင်းက မည်သို့သော အဓိပ္ပာယ်နည်း။

စန္ဒကူးနတ်သမီးက လုမင်ကို သဘောကျသွားခဲ့ပါသလော။

ဤအရာကို တွေးရင်း လူငယ်များစွာဟာ ဒေါသ၊ မနာလိုစိတ်များဖြင့် လုမင်အား စူးစူးရဲရဲ ကြည့်လိုက်ကြသည်။

လုမင်လည်း စိတ်ထဲတွင် တိတ်တဆိတ် ညည်းညူလိုက်၏။ ဖြစ်နိုင်ချေရှိသည်‌ကတော့ ဆေးခိုးယူသည့် အဖြစ်အပျက်နှင့် ပတ်သက်ပြီး မေးမြန်းရန်သာ ဖြစ်လိမ့်မည်။

"ဟာဟားဟား၊ ညီနောင်လု၊ ဝမ်ကျင်းနဲ့ငါ အရင်သွားနှင့်တော့မယ်"

ချူခွမ်းက လုမင်နှင့် စန္ဒကူးနတ်သမီးကို လက်ယှက်ပြလိုက်သည်။ သူ၏ မျက်လုံးများမှာတော့ လုမင်အား သဘောကျသောအကြည့်များ တလက်လက် တောက်နေပေသည်။

လုမင်လည်း ဆွံ့အသွားမိသည်။ တကယ်တမ်း အနောက်မှာ သူ မနေချင်ခဲ့ပေ။

ခဏကြာတော့ အားလုံးထွက်သွားသည်။ နေရာတွင်ကား လုမင်နှင့် စန္ဒကူးနတ်သမီးသာ ကျန်တော့သည်။

"အစ်ကိုလု၊ နင့်ကိုကြည့်ရတာ အရမ်းဝန်လေးနေပုံရတယ်။ စန္ဒကူးက ဆွဲဆောင်မှုမရှိလို့လား။ အစ်ကိုလုက ဘာဖြစ်လို့ ဒီလောက်အလျင်လိုနေရတာလဲ"

စန္ဒကူးနတ်သမီးက ခပ်လွင်လွင် ရယ်မောကာ လုမင်အား မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ကြည့်လိုက်သည်။

"အဟမ်း... အဟမ်း၊ စန္ဒကူးနတ်သမီးက ကမ္ဘာမှာ တုနှိုင်းမရတဲ့ အလှလေးပါပဲ။ မင်းနဲ့အတူ သောက်ရတာက ဂုဏ်ယူစရာပါ၊ လူတော်တော်များများတောင် မနာလိုဖြစ်ကြမှာကို ငါကြောက်တယ်"

လုမင်က နှစ်ကြိမ်ချောင်းဟန့်ပြီး ပြုံးလိုက်သည်။

"အစ်ကိုလု၊ ကျေးဇူးပြုပြီး"

စန္ဒကူးနတ်သမီးက သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ လုမင်နှင့် စန္ဒကူးနတ်သမီးလည်း နေရာယူကာ ထိုင်လိုက်ကြသည်။

"အစ်ကို၊ ငါ နင့်ကို တစ်ခါမှ မတွေ့ဖူးဘူး။ နင် ဘယ်ကလာတာလဲလို့ တွေးမိတယ်"

စန္ဒကူးနတ်သမီးက လုမင်အတွက် အရက်တစ်ခွက်ငှဲ့ပေးကာ စူးစမ်းဟန်ဖြင့် မေးလိုက်သည်။

"ငါက ဘယ်အင်အားစုကမှ မဟုတ်ပါဘူး။ ငါ ငယ်ငယ်ကတည်းက ဆရာနောက်ကိုလိုက်ပြီး တောင်ပေါ်မှာ လေ့ကျင့်နေခဲ့တာလေ။ မကြာသေးခင်ကမှ ဆရာဟာ ငါ့ကို တောင်ပေါ်ကနေ ဆင်းသက်ခွင့်ပေးလိုက်တာ"

လုမင်က ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးလိုက်၏။

"ဟုတ်လား၊ ဒါဆိုရင် နင့်ဆရာက ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ ကျွမ်းကျင်သူတစ်ဦးပဲ ဖြစ်ရမယ်။ ဒီလိုမှမဟုတ်ရင် အစ်ကိုလုလို ထူးချွန်တဲ့တပည့်ကို သင်ပေးနိုင်မှာ မဟုတ်ဘူး"

စန္ဒကူးနတ်သမီးက အကဲစမ်းသည့်သဘောဖြင့် မေးသည်။ ထို့နောက် အရက်ခွက်ကို မြှောက်ကာ တစ်ငုံသောက်လိုက်၏။ လုမင်ကိုကြည့်ရင်း သူမ၏ လှပသော မျက်လုံးများက တောက်ပလာတော့သည်။

စန္ဒကူးနတ်သမီး၏မျက်နှာက အနည်းငယ် ဖြူဖျော့နေသော်လည်း ထိုသည်ကပင် လူအများမှ သူမကို ကာကွယ်လိုသော စိတ်ကို ဖြစ်စေသော နူးညံ့သိမ်မွေ့မှု ခံစားမှုမျိုး ရှိသည်။ သူမနှင့် ရင်းနှီးခွင့်ရလိုစိတ်ကို မထိန်းနိုင်ဘဲ သူတို့၏ လျှို့ဝှက်ချက်အားလုံးကို အလိုအလျောက် ပြောပြမိကြပေလိမ့်မည်။

ယခုတော့ ထိုအလှမျိုးနှင့် နှစ်ယောက်တည်း အတူရှိနေကြရာ လုမင်လည်း ရင်ခုန်သံ မြန်လာသကဲ့သို့ ခံစားလိုက်ရသည်။

လုမင်လည်း အသက်ပြင်းပြင်းရှူကာ နှလုံးသားထဲမှ ခံစားချက်များအား မျိုသိပ်ထားရင်း သူ့ကိုယ်သူ တည်ငြိမ်စေလိုက်သည်။

ဗဟိုတိုက်ကြီး၏ အလှဘုရင်မငါးဦးက ၎င်းတို့၏ ဂုဏ်သတင်းနှင့် အမှန်တကယ် ထိုက်တန်သည်။

"နတ်သမီး၊ ဆရာ့နာမည်က တားမြစ်ချက်တစ်ခုပါ။ သူက အပြင်လူတွေကို မပြောဖို့ ပြောထားတယ်။ ဒါကြောင့် စိတ်မရှိပါနဲ့၊ အရက်တစ်ခွက်နဲ့ ကိုယ့်ကိုယ်ကို အပြစ်ပေးပါ့မယ်"

လုမင်က သူ့အရက်ခွက်ကိုမြှောက်ကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။

စန္ဒကူးနတ်သမီးလည်း ရယ်မောကာ မေးခွန်းများ ဆက်‌မမေးတော့ပေ။ သူမက လုမင်နှင့်အတူ အရက် ဆက်သောက်နေလိုက်သည်။

ထို့နောက် စန္ဒကူးနတ်သမီးနှင့် လုမင်ဟာ အရက်သောက်ပြီး ပေါ့ပေါ့ပါးပါး စကားစမြည် ဆက်ပြောကြသော်လည်း ထိုနေ့မှ ဆေးခိုးမှုအကြောင်းကိုတော့ မပြောခဲ့ကြပေ။

အချိန်အတော်ကြာပြီးနောက်၊ လုမင် ပြောလိုက်သည်။

"နတ်သမီး၊ အဲဒီနေ့က ငါ့သားရဲကို ကောင်းကောင်းမဆုံးမခဲ့လို့ မင်းရဲ့ ဝိညာဉ်ဆေးတွေကို ခိုးမိတယ်။ ဒီအတွက် နောင်တစ်ချိန်မှာ မင်းကို လျော်ကြေးပေးပါ့မယ်"

စန္ဒကူးနတ်သမီးက အနည်းငယ်ပြုံးကာ ပြောလေသည်။

"ဝိညာဉ်ဆေးတချို့က ပြောစရာမလိုပါဘူးလေ၊ အစ်ကိုလုကို ပေးလို့ရတယ်၊ ဒီအတွက် လျော်ကြေးပေးစရာ မလိုပါဘူး။ ဒီကောင်မလေး သိချင်တာက ဒါ မဟုတ်ဘူး။ ငါ မမှားရင် အစ်ကိုလုမှာ ဝိညာဉ်မီး လုံးဝမရှိဘူး မဟုတ်လား၊ ဒါပေမယ့် ငါ့ရဲ့ ဝင်္ကပါကြားမှာ လွတ်လွတ်လပ်လပ် သွားနိုင်တယ်။ ဒီအချက်က ဒီကောင်မလေးကို အရမ်းသိချင်မိတယ်။ အစ်ကိုလုက ဘယ်လိုလုပ်တာလဲ"

"ဟားဟားဟား၊ ကံကောင်းတာပါပဲ၊ ကံကောင်းလို့။ အဲဒီနေ့က ကြုံသလို လမ်းလျှောက်နေခဲ့တာ"

လုမင်က အရူးကွက်နင်းကာ လျှောက်ပြောလိုက်သည်။

စန္ဒကူးနတ်သမီးကတော့ ဤအဖြေကို ကျေနပ်ပုံမရပေ။ သူမက လုမင်ကို မျက်စောင်းထိုးလိုက်သည်။ ဤမျက်စောင်းက ညုတုတုနှင့် ဖုံးကွယ်ထားသော နာကြည်းမှုကို ခံစားရစေပေသည်။ ဤသို့ဖြင့် လုမင်ဟာ ရင်တဒိန်းဒိန်း ခုန်သွားရပြန်သည်။

ဤသို့သော အလှလေးရှေ့တွင် ဤအကြည့်မျိုးကို ရင်ဆိုင်ရပါက လူဘယ်နှစ်ယောက်များ တည်ငြိမ်နေနိုင်ကြမှာလဲ။

လုမင်သည်လည်း ယောင်္ကျားများထဲမှ ယောင်္ကျားတစ်ယောက်သာ ဖြစ်သည်။

သို့သော်လည်း စန္ဒကူးနတ်သမီးက အများကြီးမမေးခဲ့ပေ။ လူတိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိသည်။ လုမင်က မပြောချင်သောကြောင့် အတင်းမေးရန် မကောင်းပေ။

နှစ်ယောက်သား စကားစမြည်ပြောနေကြပြီးနောက် စန္ဒကူးနတ်သမီးကို နှုတ်ဆက်လိုက်သည်။

"အစ်ကိုလု၊ နင် အချိန်ရရင် ဆေးဘုရင်တောင်ကြားမှာ ငါ့ကိုလာရှာနိုင်ပါတယ်"

စန္ဒကူးနတ်သမီးက ပြောသည်။

"သေချာတာပေါ့"

လုမင်လည်း လက်ယှက်ကာ ဆေးခြံဝင်းမှ ထွက်လာခဲ့တော့သည်။

ဆေးခြံဝင်းမှ ထွက်သွားပြီးနောက် လုမင် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။

စန္ဒကူးနတ်သမီးက အားနည်းပုံရသော်လည်း သူမထံမှ ထွက်ပေါ်နေသောဖိအားက လုံးဝ အားမနည်းပေ။ စန္ဒကူးနတ်သမီး၏ သိုင်းတာအိုက အလွန်အားနည်းသည်ဟု ခံစားကြည့်နိုင်သည်။ သို့သော်လည်း သူမ၏ စိတ်စွမ်းအားက လှိုင်းထန်နေသော သမုဒ္ဒရာကဲ့သို့ တုနှိုင်းမရအောင် ကြောက်စရာကောင်းလှသည်။

သူမထံမှ ရသောဖိအားက ရွယ်လော့ကျစ်၊ ရင်ပီဖိုနှင့် အခြားသူများထက်ပင် ပို၍အားကောင်းသည်။

"စန္ဒကူးနတ်သမီးက အဆင့်တိုင်းမှာ ဝိညာဉ်မီးခွက်ဆယ်ခုစီ ထွန်းထားမှာကို ကြောက်ရတယ်။ မဟုတ်ရင် သူ့ဆီကနေ ဒီလောက်ပြင်းထန်တဲ့ ဖိအားမျိုးကို ခံစားရမှာ မဟုတ်ဘူး"

လုမင်က သူ့ကိုယ်သူ တိုးတိုးပြောလိုက်သည်။ သူက ရွယ်လော့ကျစ်ကို အနိုင်ယူခဲ့သော်လည်း အခြားပါရမီရှင်များကို လျှော့မတွက်ဝံ့ပေ။

ဒုတိယတန်းစား ပါရမီရှင် ဖြစ်လာနိုင်သူတိုင်းက သိုင်းအုပ်ချုပ်သူဖြစ်လာရန် အလားအလာ ရှိကြသည်။ ၎င်းတို့ကို မည်သူမျှ လျှော့တွက်၍မရပေ။

ထို့အပြင် ဒုတိယတန်းစား ပါရမီရှင်များကြားတွင်ပင် အားကောင်းသူနှင့် အားနည်းသူများ ရှိကြသည်။

စိတ်ရှုပ်စရာ အတွေးများကို ဖယ်ရှားရန် လုမင် ခေါင်းယမ်းလိုက်လေသည်။ လုမင်လည်း တည်းခိုဆောင်သို့ပြန်သွားကာ ချူခွမ်း၊ ကျန်းဝမ်ကျင်းတို့နှင့် တွေ့ဆုံခဲ့သည်။

"အစ်ကိုလု၊ ငါတို့တော့ ခဏတာ တံခါးပိတ်ကျင့်ကြံဖို့ ဟန်ချင်းတောင်ကို ပြန်သွားဖို့ စီစဉ်ထားတယ်။ မင်းကော ဘယ်ကိုသွားဖို့ စီစဉ်ထားလဲ"

ချူခွမ်းက လုမင်ကို မေးလိုက်သည်။

"ငါကတော့ ရှေးဟောင်းသန့်စင်မင်းဆက်ကို ခရီးထွက်ပြီး လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်"

လုမင် ပြောလိုက်သည်။

"ကောင်းပြီလေ၊ ဒါဖြင့် ညီနောင်လု ဂရုစိုက်ပါ။ အခွင့်အရေးရရင် ပြန်ဆုံကြတာပေါ့"

ချူခွမ်းနှင့် ကျန်းဝမ်ကျင်းလည်း လုမင်ကို နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

ချူခွမ်းနှင့် ကျန်းဝမ်ကျင်းတို့ ထွက်သွားပြီး မကြာမီတွင် လုမင်လည်း ဆေးမြို့တော်မှထွက်ခွာပြီး အနောက်ဘက်သို့ ဦးတည်သွားခဲ့သည်။

ဆေးမြို့တော်မှ ထွက်ခွာပြီးနောက် လုမင်လည်း လေထဲသို့ပျံတက်ကာ ပြေးထွက်သွားတော့သည်။

သို့သော်လည်း မိုင်သောင်းချီကာ ပျံသန်းလာပြီးနောက် လုမင် မျက်မှောင်ကြုတ်ကာ ရပ်လိုက်သည်။

အကြောင်းမှာ ဆေးမြို့တော်မှ ထွက်ခွာပြီးကတည်းက တစ်စုံတစ်ယောက် သူ့နောက်ကို လိုက်နေသည်ဟု ယောင်ဝါးဝါး ခံစားလိုက်ရသောကြောင့်ပင် ဖြစ်သည်။

"ဘယ်သူလဲ၊ ထွက်ခဲ့စမ်း"

လုမင်က အနောက်ဘက်ကို လှည့်ကြည့်လိုက်၏။

"ဟားဟားဟား၊ မင်းရဲ့ ဝိညာဉ်အသိက တကယ်ထက်မြက်တာပဲ"

လှောင်ရယ်သံနှင့်အတူ လူနှစ်ယောက် လေထဲမှ ထွက်ပေါ်လာပြီး လုမင်ရှေ့တွင် ရပ်လိုက်သည်။

"သွေးအေးနန်းတော်ရဲ့ ဝိညာဉ်နတ်ဘုရားတွေ"

လုမင်လည်း မျက်ခုံးပင့်လိုက်ပြီးနောက် သူ့မျက်လုံးထဲတွင် လေးနက်မှုအရိပ်အမြွက်များ ပေါ်လာသည်။

၎င်းတို့က လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး ဖြစ်ချေသည်။ တစ်ယောက်က ကတုံးပြီး နောက်တစ်ယောက်က မုတ်ဆိတ်မွှေးဗရပျစ်ဖြစ်ကာ သွေးနီရောင်၀တ်စုံကို အသီးသီး ဝတ်ထားသည်။ ထို့ထက် အရေးကြီးဆုံးကတော့ လုမင်ဟာ ​​သူတို့၏ အရှိန်အဝါများကို မမြင်နိုင်ခဲ့ပေ။ ၎င်းတို့က ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်များ ဖြစ်သည်။

‌အမှန်ပင် သူ့နောက်ကိုလိုက်နေသော သွေးအေးနန်းတော်မှ ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်နှစ်ယောက် ရှိနေသည်။

"မင်းတို့က ရွယ်လော့ကျစ်အတွက် လက်စားချေချင်တာလား"

လုမင်က စွမ်းအင်ကို တိတ်တဆိတ်လှည့်ပတ်ကာ မေးလိုက်သည်။ ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်နှစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ်မျှ ပေါ့လျော့မနေဝံ့ပေ။

"ဟားဟားဟား၊ သခင်လေးရွယ်လော့အတွက် လက်စားချေတာက တစ်ခုပဲ။ နောက်တစ်ခုက သခင်လေးရွယ်လော့က မင်းမှာ ဝါးမျိုခြင်းစွမ်းရည်ရှိတဲ့ လျှို့ဝှက်ကျင့်စဉ်ရှိတယ်လို့ ပြောတယ်။ အဲဒါကို လွှဲပေးမယ်ဆိုရင် မင်းကို မြန်မြန်သေစေမယ်"

ကတုံးက အေးစက်စက်ဖြင့် ပြောလိုက်သည်။

လုမင် မျက်လုံးများ အရောင်လက်သွား၏။ ရွယ်လော့ကျစ်က သူ၏ ဝါးမျိုခြင်းစွမ်းအင်ကို အလိုရှိနေခြင်း ဖြစ်သည်။

ယင်းကလည်း သူ မလွန်ပေ။ သွေးအေးနန်းတော်၏ ဝါးမျိုခြင်းကျင့်စဥ်က နဝမနဂါးသွေးမျိုးဆက်၏ ဝါးမျိုခြင်းစွမ်းစွမ်းရည်နှင့် အနည်းငယ်ဆင်တူသော်လည်း သက်ရောက်မှုမှာ အလွန်ကွာခြားသည်။ သို့ဖြစ်ပေရာ ရွယ်လော့ကျစ် ဆွဲဆောင်ခံရသည်က သဘာဝပင်။

"ငါ့ကိုသတ်ချင်ရင် ဒီလောက်လွယ်မှာမဟုတ်ဘူး"

လုမင်၏ မျက်လုံးများတွင် ရူးသွပ်မှုအရိပ်အမြွက်တို့ ပေါ်လာသည်။

"ဟုတ်လားကွ၊ မင်းက တကယ်ယုံကြည်မှုရှိတာပဲ။ ဒါပေမဲ့ မင်း ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ၊ ဝိညာဉ်သန္ဓေသား နယ်ပယ်မှာပဲ ရှိသေးတယ်။ အခု ဝိညာဉ်သန္ဓေသားနယ်ပယ်နဲ့ ဝိညာဉ်နတ်ဘုရားနယ်ပယ်ကြားက ခြားနားချက်ကို ငါပြမယ်"

ကတုံးကြီး၏ မျက်လုံးများတွင် ကြမ်းကြုတ်မှုအလင်းတို့ ပေါ်လာသည်။ ထို့နောက် မုတ်ဆိတ်ဖြင့်လူကို လှည့်ပြောလိုက်၏။

“ငါ တိုက်ခိုက်မယ်၊ မင်း လမ်းကိုစောင့်ကြည့်ထား၊ ဘယ်လိုလဲ"

"ကောင်းပြီ"

မုတ်ဆိတ်ဖြင့်လူလည်း ခန္ဓာကိုယ်ကိုတစ်ချက်လှုပ်၍ လုမင်၏ ဆုတ်ခွာလမ်းကို ပိတ်ထားလိုက်တော့သည်။

--------

All Chapters