အခန်း ၁၀၂၉
Vol. 69 Ch. 1029
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1029 ) ဝိညာဉ်နတ်ဘုရားကို တိုက်ခိုက်ခြင်း။
"ဝုန်း"
ကတုံး၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ အကန့်အသတ်မဲ့ သွေးရောင်အလင်းများကလည်း မီးတောက်မီးလျှံများကဲ့သို့ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ကခုန်လာခဲ့၏။ သူဟာ ငရဲမှ တက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။
"ဂါး ဂါး ဂါး"
လုမင်၏ ခန္ဓာကိုယ်အတွင်းတွင် နဂါးဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ နဂါးခြောက်စွမ်းအားက ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာခဲ့၏။
ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် လုမင် နဂါးခြောက်ကောင်စွမ်းအားကို လျှို့ဝှက်မထားဝံ့ပေ။ လုမင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက နဂါးခြောက်ကောင် စွမ်းအားကို မထိန်းချုပ်ထားနိုင်တော့ပါ။ ရွှေခရမ်းနဂါးအကြေးခွံများက သူ့အရေပြားအောက်မှ ဖောက်ထွက်ပြီး သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွား၍ သူ့ခန္ဓာကိုယ်ဟာ ပို၍ပင် အားကောင်းလာတော့သည်။
သူ့လက်သည်းများကလည်း နဂါးလက်သည်းများကဲ့သို့ ဖြစ်လာခဲ့ရသည်။
ကတုံးကြီး၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ လှောင်ပြောင်လိုက်သည်။
"အရေးမပါတဲ့စွမ်းရည်လေးတွေနဲ့၊ သွေးပုဆိန် ခုတ်ပိုင်း"
ကတုံးကြီးက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ သွေးရောင်အလင်းများဟာ သွေးရောင်စစ်ပုဆိန်တစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။ သူက စစ်ပုဆိန်ကို ဝှေ့ယမ်းကာ လုမင်ကို ခုတ်ပိုင်းချလိုက်၏။
"ဝုန်း"
လုမင်က လက်သီးကို တင်းတင်းဆုပ်ကာ အတားအဆီးမဲ့သောကောင်းကင်သိုင်းကို ထုတ်ဖော်လိုက်သည်။ သူက တာအိုငါးမျိုးကို တစ်ပြိုင်နက်တည်း ပေါက်ကွဲကာ ကတုံးကြီးကို လက်သီးဖြင့် ထိုးချလိုက်သည်။
လက်သီးနှင့် သွေးပုဆိန်တို့ တိုက်မိသောအခါ ကြောက်မက်ဖွယ်အားလှိုင်းများ ထွက်ပေါ်လာခဲ့၏။ ဟင်းလင်းပြင်က တုန်ခါသွားကာ ကြောက်စရာ အက်ကြောင်းတစ်ခု ပေါ်လာတော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်ပြီးနောက် လုမင်၏ ခန္ဓာကိုယ်က တုန်ခါသွားကာ အပြင်းအထန် နောက်ပြန်ဆုတ်သွားရသည်။ သူဟာ ခြေလှမ်းပြင်းပြင်းဖြင့် ဆုတ်သွားရပြီး ကောင်းကင်ကို ပေါက်ကွဲစေခဲ့၏။ မီတာတစ်ရာခန့် ဆုတ်ခွာပြီးမှသာ သူ ရပ်တန့်သွားသည်။
သို့သော်၊ လုမင် ဒဏ်ရာမရရှိခဲ့ပါ။
တစ်ဖက်တွင် ကတုံးကြီး၏ ခန္ဓာကိုယ်သည်လည်း တုန်ခါသွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ရသည်။
"မဖြစ်နိုင်ဘူး"
ကတုံးကြီး ဒေါသတကြီးဖြင့် ဟိန်းဟောက်ကာ သူ့မျက်လုံးများကလည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
မုတ်ဆိတ်ဖြင့်လူလည်း မြင်ကွင်းကို မယုံနိုင်စွာ ကြည့်လိုက်၏။
လုမင်က ကတုံးကြီးကို အနောက်ဆုတ်စေရန် တွန်းအားပေးခဲ့သည်။ ယင်းက မည်သို့ဖြစ်နိုင်ပါသနည်း။ လုမင်က အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။ ဤမျှ ကြောက်စရာကောင်းသော တိုက်ခိုက်နိုင်စွမ်းကို သူ မည်သို့ ပိုင်ဆိုင်ထားနိုင်ပါသနည်း။
"သခင်လေးရွယ်လော့နဲ့ တိုက်ခိုက်ခဲ့ချိန်မှာ မင်းက ထိန်ချန်ထားခဲ့သေးတာပဲ"
ကတုံးကြီး၏ မျက်လုံးများက အံ့ဩခြင်းများဖြင့် ပြည့်နှက်သွားသည်။ ထို့နောက်မှာတော့ အေးစက်စက် သတ်ဖြတ်လိုစိတ်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်"
လုမင်၏ ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ ဤကတုံးကြီးက အဆင့်တစ် ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင်ရှိကာ သူနိုးထလာသော သွေးမျိုးဆက်ကလည်း အလွန်မြင့်မားသင့်သည်ဟု လုမင် ခန့်မှန်းမိခဲ့သည်။
သူက ပြန်မဖြေဘဲ ကတုံးဖြင့်လူကို စိုက်ကြည့်လိုက်၏။
"ကောင်လေး၊ ငါ့ရဲ့ တိုက်ကွက်တစ်ခုကို ဟန့်တားနိုင်လို့ ငါ့ကို တိုက်ခိုက်နိုင်မယ် မထင်နဲ့။ အခု သေစမ်း"
ကတုံးကြီး၏မျက်နှာက ရှက်ရွံ့မှုကြောင့် ဒေါသခိုးများ ဝေလာသည်။ သူ့ထံမှ သတ်ဖြတ်လိုစိတ်များသည် ဒီရေကဲ့သို့ ထိုးတက်လာခဲ့၏။ သူက သွေးပုဆိန်ကို လက်ထဲတွင်ကိုင်ကာ လုမင်အား အဆက်မပြတ် ခုတ်ပိုင်းလိုက်တော့သည်။
လုမင်လည်း အစွမ်းကုန် ခုခံတိုက်ခိုက်ရင်း အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ထုတ်ဖော်ခဲ့သည်။
"ဝုန်း ဝုန်း ဝုန်း"
ခြောက်ခြားဖွယ်ရာ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ လုမင်လည်း တာအိုငါးမျိုးကို အကြွင်းမဲ့ထုတ်ဖော်ကာ တိုက်ခိုက်မှုများအား အရူးအမူး ပိတ်ဆို့ထားခဲ့သည်။
သူ လုံးဝ အားနည်းပြီး ကတုံးကြီး၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသော်လည်း ခုခံနိုင်နေခဲ့ပေသည်။
တိုက်ကွက်ဒါဇင်ချီကာ ရင်ဆိုင်ပြီးနောက် လုမင်ဟာ မီတာထောင်ချီပြီး နောက်ပြန်ဆုတ်သွားခဲ့ရသည်။ ထိုမုတ်ဆိတ်ဖြင့်လူကတော့ လုမင်၏နောက်တွင် ယခုထိ ရှိနေဆဲပင်။
"ဝုန်း"
နောက်တစ်ကြိမ် အပြင်းအထန် ပေါက်ကွဲပြီးနောက် လုမင် ဆုတ်သွားရပြီး ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာသည်။
နောက်ဆုံးတွင် ဒဏ်ရာရသွားသော်လည်း သူ့မျက်လုံးများကတော့ တောက်ပနေဆဲပင်။
"ဟာဟားဟား။ ဒါက ဝိညာဉ်နတ်ဘုရားတစ်ပါးရဲ့ တိုက်ခိုက်နိုင်စွမ်းလား။ ဒါက ဘာမှလည်း မဟုတ်ပါလား"
လုမင်က ရယ်မောကာ ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်လိုက်သည်။
ဤကတုံးကြီး၏ တိုက်ခိုက်နိုင်စွမ်းက ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် အားနည်းသည့်အထဲ ရှိနိုင်သည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ်ချင်း တူညီလျှင်ပင် အင်အား ကွာဟချက်က ရှိနေကြသေးသည်။
ဥပမာ၊ နတ်ဘုရားအဆင့်သိုင်းပညာကို နားလည်သဘောပေါက်ထားသည့် တည်ရှိမှုက နတ်ဘုရားအဆင့်သိုင်းပညာ မရှိသောသူထက် ပို၍အားကောင်းသည်။ အခြားတစ်ဖက်တွင်၊ ဤကတုံးကြီးက နတ်ဘုရားတစ်ပိုင်းအဆင့် သိုင်းပညာကိုသာ အသုံးပြုနေခဲ့ကပေသည်။
ထို့အပြင်၊ တာအိုနှင့် သွေးမျိုးဆက်အဆင့်က လူတစ်ဦး၏ တိုက်ခိုက်နိုင်စွမ်ကို အဆုံးအဖြတ်ပေးနိုင်သည်။
ဤကတုံးကြီးက ကဏ္ဍပေါင်းစုံတွင် အလွန်မသန်မာသောကြောင့်သာ လုမင် တွန်းလှန်နိုင်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက၊ ၎င်းသည် နတ်ဘုရားအဆင့်သိုင်းပညာကို နားလည်သည့် အဆင့်တစ် ဝိညာဉ်နတ်ဘုရားဖြစ်လျှင်ပင် လုမင်မှ လုံးဝ ခုခံနိုင်မည် မဟုတ်ချေ။
"ချီးပဲ၊ ကောင်စုတ်လေး… မင်း သေချင်နေတာပဲ"
ကတုံးကြီးက ဒေါသတကြီးဖြင့်အော်လိုက်သည်။ ဝိညာဉ်သန္ဓေသားနယ်ပယ် ပုရွက်ဆိတ်တစ်ကောင်မှ အထင်သေးခံရခြင်းမှာ ကတုံးကြီးကို ရူးသွပ်သွားစေသည်။
သွေးရောင် ပုဆိန်တစ်ချောင်းက သူ၏ဦးခေါင်းထက်တွင် ပေါ်လာသည်။ ၎င်း၏ ပတ်ပတ်လည်တွင် ရွှေရောင်ချက္ကရသုံးခု ရှိ၏။
နတ်ဘုရားအဆင့်သုံး သွေးမျိုးဆက်ကို ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်များကြားတွင် အလွန်နိမ့်ကျသော သွေးမျိုးဆက်အဖြစ် သတ်မှတ်ခံရသည်။
ကတုံးကြီးက သွေးရောင်ပုဆိန်အဖြစ် ပြောင်းလဲသွားကာ ပို၍ပင် ကြောက်စရာကောင်းသော စွမ်းအားများဖြင့် လုမင်အား ခုတ်ပိုင်းလိုက်သည်။
"မင်းတစ်ယောက်တည်း သွေးမျိုးဆက်ရှိတာလား"
လုမင်၏ ဦးခေါင်းထက်တွင် ငရဲဖိနှိပ်ကျောက်စာချပ်တစ်ခု ပေါ်လာသည်။ ၎င်းတွင် ချက္ကရငါးခုလည်း လင်းလက်နေခဲ့၏။
လုမင်က ငရဲဖိနှိပ်ကျောက်စာချပ်အဖြစ်သို့ ပြောင်းလဲပြီး သွေးရောင်ပုဆိန်နှင့် ရင်ဆိုင်ရန် အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် ပေါက်ကွဲခဲ့သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့် ငရဲဖိနှိပ်ကျောက်စာချပ်က ပြန်ဆုတ်သွားခဲ့သည်။ ထို့အတူ သွေးရောင်ပုဆိန်ကြီးလည်း ပြန်ဆုတ်သွားရ၏။
"သေစမ်း၊ ဒီကောင်ကို အတူတူ တိုက်ခိုက်ပြီး ဖျက်ဆီးကြရအောင်"
ကတုံးဖြင့်လူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"သတ်"
မုတ်ဆိတ်ဖြင့်လူက အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်သည်။ ရွှေရောင်ချက္ကရသုံးခုဖြင့် သွေးခြင်္သေ့တစ်ကောင်က သူ့ခေါင်းထက်မှာ ပေါ်လာခဲ့၏။
သူက သွေးခြင်္သေ့အဖြစ် အသွင်ပြောင်းကာ လက်သည်းကြီးများဖြင့် လုမင်အား ကုပ်ဆွဲတိုက်ခိုက်လိုက်သည်။ ငရဲဖိနှိပ်ကျောက်စာချပ်လည်း အနောက်သို့လွင့်ကာ တုန်ခါသွားတော့သည်။
"စက်ဆုပ်ဖို့ကောင်းပြီး အရှက်ကင်းမဲ့တာပဲ။ ဝိညာဉ်နတ်ဘုရားနှစ်ပါးက ငါ့ကို တကယ်ကြီး အတူ ပူးပေါင်းတိုက်ခိုက်နေတယ်။ ဒီသတင်းပျံ့သွားရင် ကမ္ဘာကြီးက လှောင်ပြောင်ခံရမှာကို မကြောက်ဘူးလား"
လုမင် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
"ငါမင်းကိုသတ်လိုက်ရင် ဘယ်သူသိဦးမှာလဲ၊ သတ်"
သွေးရောင်ပုဆိန်ကြီးမှ အသံထွက်ပေါ်လာပြီး လုမင်ကို ခုတ်ပိုင်းချလိုက်သည်။
"ဖိနှိပ်"
အတားအဆီးမဲ့သော ကောင်းကင်သိုင်းက တောက်ပလာသည်။ ဤတစ်ကြိမ်တွင်၊ လုမင်က စွမ်းအားအပြည့်ဖြင့် အတားဆီးမဲ့သောကောင်သိုင်းကို ပေါက်ကွဲလိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်အများစုက ချက်ချင်းပင် ဝါးမျိုခံလိုက်ရတော့သည်။
"ဝုန်း"
ငရဲဖိနှိပ်ကျောက်စာချပ်နှင့် သွေးရောင်ပုဆိန်ကြီး တိုက်မိပြီးနောက် နှစ်ယောက်စလုံး မီတာရာဂဏန်းအကွာသို့ ဆုတ်ခွာသွားရသည်။
လုမင်၏ သူ့ခန္ဓာကိုယ်တွင် ယွမ်ချီစွမ်းအင် မကျန်တော့ပေ။ လုမင်က နာ့ယွမ်ကျောက်မှ စွမ်းအင်များကို စုပ်ယူလိုက်ရာ ခဏချင်း ပြန်လည်ပြည့်ဝလာသည်။
"သတ်၊ သူ့ကိုသတ်ရမယ်"
ကတုံးကြီးလည်း ရင်ထဲတွင် လွန်စွာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ရွယ်လော့ကျစ်က လုမင်၏ တိုက်ခိုက်နိုင်စွမ်းဟာ သူ့ထက် အနည်းငယ် ပိုသန်မာသည်ဟု ဆိုထားသည်။ ယခုမူ၊ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ရွယ်လော့ကျစ်ထက် များစွာ ပို၍အားကောင်းကြောင်း သူ သဘောပေါက်လိုက်ပြီ။
လုမင်က သူ၏ တိုက်ခိုက်မှုကို တားဆီးနိုင်သည့်အပြင် အနောက်ကို လွင့်ပျံစေခြင်းမှာ မယုံနိုင်စရာကောင်းသည်။
"ဝေါင်း"
သွေးခြင်္သေ့ကြီးက ဟိန်းဟောက်ပြီး လုမင်ကို တိုက်ခိုက်လိုက်သည်။
ယခုအချိန်တွင် လုမင်က ပြန်လည်ဆုတ်ခွာနေပြီဖြစ်သောကြောင့် တန်ပြန်တိုက်ခိုက်ရန် အချိန်မမီတော့ပေ။ သွေးခြင်္သေ့လက်သည်းက ငရဲဖိနှိပ်ကျောက်စာချပ်ကို ထိမှန်ပြီး ချက်ခြင်းပြိုကျသွားစေခဲ့သည်။ သို့သော်လည်း ငရဲဖိနှိပ်ကျောက်စာချပ် ပြိုကျသွားချိန်တွင် နဂါးဟိန်းသံ ထွက်ပေါ်လာပြီး အစစ်အမှန်နဂါးတစ်ကောင် ထွက်လာခဲ့၏။
မဟုတ်သေး၊ ယင်းက အစစ်အမှန်နဂါးတစ်ကောင် မဟုတ်ဘဲ နဝမနဂါးဖြစ်သည်။
"န...နဝမနဂါးလား"
သွေးခြင်္သေ့ထံမှ ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သံ ပေါ်လာသည်။ သူက ဒဏ္ဍာရီလာ နဝမနဂါးကို အမှန်တကယ် မြင်လိုက်ရ၏။
လုမင်က ငရဲဖိနှိပ်ကျောက်စာချပ် ပြိုကျသွားသည်နှင့် နဝမနဂါးသွေးမျိုးဆက်ကို ထုတ်ဖော်ခဲ့သည်။ သူက နဝမနဂါးအဖြစ် ပြောင်းလဲကာ တိုက်ခိုက်လိုက်၏။
နဝမနဂါး၏ ခြေသည်းကိုးချောင်းက လေထဲသို့ ဖြတ်သန်းသွားကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် သွေးခြင်္သေ့ဆီသို့ ကျရောက်သွားတော့သည်။
သွေးခြင်္သေ့က ထိတ်လန့်တုန်လှုပ်သွားရာ ခွန်အားအပြည့်မထုတ်နိုင်တော့ဘဲ အနောက်သို့လွင့်သွားသည်။
"သွား"
လုမင်လည်း မတုံ့ဆိုင်းတော့ဘဲ ဝိုင်းရံမှုမှ လွတ်မြောက်ရန် နဝမနဂါးခြေလှမ်းကို အသုံးပြုလိုက်သည်။
သူ၏ လက်ရှိတိုက်ခိုက်နိုင်စွမ်းက ဝိညာဉ်နတ်ဘုရားကို မယှဉ်နိုင်သေးပါ။ ယခုကဲ့သို့ နှစ်ယောက် တစ်ယောက် ရင်ဆိုင်ရလျှင်၊ နောက်ဆုံးတွင် မောပန်းနွမ်းနယ်ပြီး သေဆုံးခဲ့ရမည် ဖြစ်သည်။
"မဟုတ်ဘူး၊ သူ့ကို လိုက်"
သွေးရောင်ပုဆိန်က ကတုံးဖြင့်လူအဖြစ်သို့ ပြန်ပြောင်းသွားကာ လုမင်အနောက်ကို ဒေါသတကြီးဖြင့် ပြေးလိုက်သွားသည်။
သွေးခြင်္သေ့သည်လည်း လူသားအသွင်ပြောင်းကာ လုမင်နောက်သို့ ပြေးလိုက်သွား၏။
သို့သော်လည်း၊ နဝမနဂါးပုံစံဖြင့် နဝမနဂါးခြေလှမ်းကို အသုံးပြုသောအခါ အမြန်နှုန်းက ကြောက်စရာကောင်းလှသည်။ သူနှင့် ကတုံးဖြင့်လူတို့ကြားမှ ကွာဟမှုမှာ တဖြည်းဖြည်း ဝေးကွာသွားတော့သည်။
--------