အခန်း ၁၀၃၀
Vol. 69 Ch. 1030
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1030 ) ချိုးဖြတ်ခြင်း။
ကီလိုမီတာတစ်သိန်းခန့် ပြေးလာပြီးနောက် လုမင်ဟာ တောအုပ်တစ်ခုသို့ ရောက်ရှိလာပြီး လူသားပုံစံသို့ ပြောင်းလဲသွားခဲ့သည်။ သူက လှံတစ်လက်ကို ဖန်တီးလိုက်ကာ လွန်းပျံတစ်ခုကဲ့သို့ လျင်မြန်စွာ လှည့်ပတ်လိုက်၏။
လုမင်က လှံကို မြေပြင်သို့စိုက်ကာ အပေါက်တစ်ခု တူးဖော်လိုက်တော့သည်။ တချိန်တည်းမှာပင် လုမင်က သူ့အနောက်မှအပေါက်ကို ပြိုကျစေပြီး ဆက်တိုက် ပိတ်ဆို့သွားခဲ့သည်။
လုမင်က မြေအောက်သို့ အဆက်မပြတ် တူးဖော်သွားပြီး ကီလိုမီတာငါးဆယ်ခန့် တူးဖော်ပြီးမှသာ ရပ်တန့်သွားခဲ့သည်။ အတွေးတစ်ခုဖြင့် လုမင်က တောင်တန်းနှင့်မြစ်ပြင်ပန်းချီကားအတွင်းကို ဝင်ရောက်သွား၏။ မြေအောက်မှာတော့ ပန်းချီကားတစ်ခုသာ ကျန်တော့သည်။
တောင်တန်းနှင့် မြစ်ပြင် ပန်းချီကားထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် လုမင်၏ ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာသည်။
အစောပိုင်းက သူဟာ သွေးခြင်္သေ့၏ တိုက်ခိုက်မှုအား နှစ်ကြိမ်ဆက်တိုက် ထိမှန်ခဲ့၍ ဒဏ်ရာအပြင်းအထန် ရခဲ့သည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ်များက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။ သူက သာမန် ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်များကိုပင် မယှဉ်နိုင်သေးပေ။
လုမင်၏ စိတ်ထဲတွင် တွေးနေမိသည်။
ကတုံးကြီးနှင့် မုတ်ဆိတ်ဖြင့်လူက ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကြားတွင် အောက်ခြေ၌သာ ရှိကြသည်။ သို့သော်လည်း လုမင်ဟာ ၎င်းတို့၏ပြိုင်ဘက် မဟုတ်သေးဘဲ အနည်းငယ်ပင် အားနည်းခဲ့သေးသည်။
အစောပိုင်းက သူသည် အသန်မာဆုံး တိုက်ခိုက်နိုင်စွမ်းဖြင့် ပေါက်ကွဲခဲ့ပြီး သူ၏ စွမ်းရည်အားလုံးကို အသုံးပြုခဲ့သည်။ သို့သော်လည်း ကတုံးကြီးတစ်ယောက်တည်းကို ရင်ဆိုင်ရသောအခါ၌ပင် အားနည်းနေသေးသည်။ သူက ငရဲဖိနှိပ်ကျောက်စာချပ်ဖြင့် ပေါက်ကွဲမှသာ တန်းတူရုံမျှ ဖြစ်စေနိုင်ခဲ့သည်။
သို့သော်လည်း လုမင်၏ အသန်မာဆုံးတိုက်ခိုက်မှုက တစ်ချက်တည်း ထုတ်ဖော်ရုံဖြင့် စွမ်းအင်အားလုံးကို ကုန်ဆုံးသွားစေပေလိမ့်မည်။ နာ့ယွမ်ကျောက် ရှိနေ၍သာမဟုတ်လျှင် လုံးဝ အသုံးပြုဝံ့မည် မဟုတ်ပေ။
"ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံမှုကို ချိုးဖြတ်လိုက်ရင်တော့ အားအနည်းဆုံး ဝိညာဉ်နတ်ဘုရားတွေကို ကြောက်စရာမလိုတော့ဘူး။ ငါ သူတို့ကိုတောင် ဖိနှိပ်နိုင်လိမ့်မယ်"
လုမင်က သူ၏ခွန်အားကို တွက်ဆိုလိုက်သည်။
ထို့နောက်မှာတော့ နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီကျင့်စဉ်ကို လှည့်ပတ်ကာ သူ၏ဒဏ်ရာများကို ကုသလိုက်တော့သည်။
လုမင်က ပန်းချီကားအတွင်းသို့ ဝင်ရောက်လာပြီး မကြာမီပင် ကတုံးကြီးနှင့် မုတ်ဆိတ်နှင့်လူတို့ တောအုပ်အထက် ကောင်းကင်ယံတွင် ပေါ်လာသည်။
"သေစမ်း၊ ဒီကောင်စုတ်ရဲ့ အရှိန်အဝါတွေ ဘာဖြစ်လို့ ပျောက်ကွယ်သွားတာလဲ"
ကတုံးကြီးက ဒေါသတကြီး အော်လိုက်သည်။
"သူ ပုန်းနေတာ ဖြစ်နိုင်တယ်။ သူ့ကို မောင်းထုတ်ကြရအောင်"
မုတ်ဆိတ်နှင့်လူ၏ မျက်လုံးများတွင် အေးစက်စက် အလင်းတစ်ခု လင်းလက်လာပြီး သူ့လက်ဖဝါးကို အောက်သို့ ဖိချလိုက်သည်။
အလျား၊အနံ ဆယ်မိုင်ရှိသော သွေးရောင် လက်ဝါးပုံရိပ်ကြီးက ကောင်းကင်ကို ဖုံးလွှမ်းသွားကာ မြေပြင်ဆီသို့ ပေါက်ကွဲသွား၏။
"ဝုန်း"
တောင်ထွတ်က ပေါက်ကွဲကာ မြေပြင်တွင် နစ်မြုပ်သွားတော့သည်။ မြေပြင်ပေါ်တွင် အလျားအနံ ဆယ်မိုင်နက်သော လက်ဝါးပုံချိုင့်ခွက်ကြီး ပေါ်လာသည်။ လက်ဝါးပုံရိပ်တစ်ဝိုက်တွင် အက်ကြောင်းများကလည်း ပင့်ကူမျှင်ကဲ့သို့ နေရာတိုင်းတွင် ပျံ့နှံ့သွား၏။
မရေမတွက်နိုင်သော နတ်ဆိုး သားရဲများလည်း ဤလက်ဝါးအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဒီလိုဆိုရင် သူ့ကို မောင်းထုတ်မယ်"
ကတုံးကြီးက သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော သွေးနီရောင်အလင်းတန်းများက ကျယ်ပြောသော မြေပြင်ကို တူးထုတ်သွားခဲ့သည်။
"ဝုန်း ဝုန်း ဝုန်း"
တောင်ထိပ်များ တစ်ခုပြီးတစ်ခုပေါက်ကွဲသွားခဲ့သည်။ ရှေးဟောင်းသစ်ပင်ကြီးများ ပြိုကျကာ မြေကြီးထဲတွင် နစ်မြုပ်သွားခဲ့၏။ မရေမတွက်နိုင်သော သက်ရှိသတ္တဝါများလည်း ၎င်းတို့နှစ်ဦး၏ တိုက်ခိုက်မှုအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ဤဒေသဟာ ကမ္ဘာ၏ အဆုံးသို့ ရောက်သွားသကဲ့သို့ပင် ဖြစ်သည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်များ၏ အဖျက်စွမ်းအားက အမှန်တကယ် ထိတ်လန့်စရာကောင်းလွန်းသည်။
များမကြာမီမှာပင် မီတာတစ်ထောင်အကွာအဝေးအတွင်း အရာအားလုံး ရှုပ်ပွသွားခဲ့သည်။ မြေပြင်က အက်ကွဲသွားကာ ဖောက်ထွင်းခံခဲ့ရ၏။
အလွန်နက်ရှိုင်းသော တွင်းနက်များနှင့် အက်ကွဲကြောင်းများကလည်း ဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားတော့သည်။ မူလက စိမ်းစိမ်းစိုစိုနှင့် တက်ကြွမှုရှိသော တောင်များနှင့် တောက ပျက်ဆီးခြင်းနယ်မြေအဖြစ်သို့ ပြောင်းလဲသွားရသည်။
ဆယ်မိနစ်ကျော်အကြာတွင် ကတုံးကြီးနှင့် မုတ်ဆိတ်ဖြင့်လူက အကျည်းတန်သော အမူအရာဖြင့် လေထဲတွင် ရပ်လိုက်ကြသည်။
လုမင်ကိုတော့ အရိပ်အယောင်ပင် မမြင်ရဘဲ အရှိန်အဝါကိုလည်း မခံစားရတော့ပေ။
လုမင်က ထိုကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူတို့နှစ်ဦးက ဂုဏ်သိက္ခာရှိသော ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်များဖြစ်ရာ မူလက ၎င်းတို့၏ အိတ်ကပ်ထဲတွင် ရှိနေသည့်ကိစ္စဟု ထင်မြင်ခဲ့ကြသည်။ ယခုတော့ လုမင်က ထွက်ပြေးသွားခဲ့ပေရာ ၎င်းတို့ပြန်လာချိန်တွင် ရွယ်လော့ကျစ်အား မည်သို့ရှင်းပြရမှန်း မသိကြတော့ပေ။
"သေစမ်း၊ ငါသူ့ကို နောက်တစ်ကြိမ်တွေ့ရင် သေချာပေါက် အရေခွံခွာပြီး သူ့အရွတ်တွေကို ဆွဲထုတ်မယ်"
ကတုံးကြီးက အံကိုတင်းတင်းကြိတ်လိုက်သည်။
"မေ့လိုက်ပါ၊ ပြန်ကြရအောင်။ ရှေးဟောင်းဆေးဥယျာဉ်က ပိုအရေးကြီးတယ်။ အချိန်တွေကြာသွားပြီ၊ နောက်ဆုံးတော့ ပွင့်လာတော့မယ်"
မုတ်ဆိတ်ဖြင့်လူက ပြောသည်။
"အင်း"
ကတုံးကြီးလည်း ခေါင်းညိတ်ပြကာ နှစ်ယောက်သား ဤနေရာမှ ထွက်ခွာသွားတော့သည်။
မြေအောက် ကီလိုမီတာ ငါးဆယ်အကွာရှိ တောင်တန်းနှင့်မြစ်ပြင် ပန်းချီကားတွင် လုမင်က အစွမ်းကုန် ပြန်လည်ကုသနေခဲ့သည်။
တစ်ရက်အကြာတွင် လုမင်၏ ဒဏ်ရာများက ပြန်လည်ကောင်းမွန်လာသည်။
"အဲ၊ မြေတာအိုက နည်းနည်း ပြေလျော့သွားပုံရတယ်"
လုမင်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာခဲ့၏။
ယခင် တိုက်ပွဲအပြီးတွင်၊ တစ်ဆို့နေသော သူ၏မြေတာအိုက နောက်ဆုံးတွင် ပြေလျော့သွားသည်ကို လုမင် သတိပြုမိခဲ့သည်။ ၎င်းက ချိုးဖြတ်တော့မည့် အရိပ်အယောင်များကိုပင် ပြသလာခဲ့ပြီ။
ချက်ခြင်းပင် လုမင်လည်း ဉာဏ်အလင်းသစ်ပင်ကို ဘေးတွင်ချကာ မျက်လုံးများကိုမှိတ်၍ အစွမ်းရှိသမျှ နားလည်ဆင်ခြင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ရက်ကြာသွားပြီ။
နှစ်ရက်အကြာတွင် တာအိုငါးမျိုးက လုမင်ကို ဝိုင်းရံထားကာ သူ၏ အရှိန်အဝါကလည်း လွန်ခဲ့သောနှစ်ရက်ကထက် ပို၍အားကောင်းလာခဲ့သည်။
"နောက်ဆုံးတော့ မြေတာအိုက အဆင့်သုံး ပြီးပြည့်စုံခြင်းကို ချိုးဖြတ်သွားခဲ့ပြီ"
မျက်လုံး ပြန်ဖွင့်ပြီးနောက် လုမင်၏နှုတ်ခမ်းများက တွန့်ကွေးသွားကာ အပြုံးတစ်ခု ပေါ်လာသည်။
ယခုအခါ ရေတာအိုက အဆင့်လေးဖြစ်ပြီး လေ၊ မီး၊ မိုးကြိုးနှင့် မြေတာအိုတို့ အားလုံးက အဆင့်သုံး ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့ပြီ။ ယခုအခါ လုမင်၏ တာအိုငါးခုပေါင်းစွမ်းအားက လွန်ခဲ့သော ရက်အနည်းငယ်ကထက် ပို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။
'အခုနေ ရွယ်လော့ကျစ်ကို ထပ်မံရင်ဆိုင်ရရင် အတားအဆီးမဲ့တဲ့ ကောင်းကင်သိုင်းစွမ်းအားကို အပြည့်အဝ မထုတ်ဖော်ရင်တောင် ဖိနှိပ်နိုင်စွမ်းရှိလိမ့်မယ်'
လုမင်လည်း စိတ်ထဲတွင် တွေးနေမိသည်။
"သုံးရက်ရှိပြီ၊ အဘိုးကြီးနှစ်ယောက်လည်း ထွက်သွားလောက်ရောပေါ့။ ငါ အပြင်ထွက်ပြီး ကြည့်စမ်းမယ်"
အတွေးတစ်ခုဖြင့် လုမင်က ပန်းချီကားအတွင်းမှ ထွက်လိုက်သည်။ သူက လှံရှည်တစ်ချောင်းကို ဖန်တီးကာ မြေပြင်ကိုတူး၍ တက်သွား၏။
မကြာခင်မှာပဲ လုမင်ဟာ တိတ်တဆိတ် ဦးခေါင်းပြူလာသည်။ သူ့ပတ်ဝန်းကျင်မှ ရှုပ်ထွေးပြီး ဖရိုဖရဲ အပျက်အဆီးများကို မြင်ရသောအခါ လုမင် ဘာမျှမပြောနိုင်တော့ပေ။
ကတုံးကြီးနှင့် သူ၏အဖော်က သူ့ကိုရှာရန် ပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်လိမ့်မည်မှန်း သူကောင်းကောင်းသိသည်။
"သူတို့ ထွက်သွားပုံရတယ်။ ဟမ့်၊ ရွယ်လော့ကျစ်... ဒီနေ့အကြွေးကို အနှေးနဲ့အမြန် ဖြေရှင်းမယ်"
လုမင်၏မျက်လုံးတွင် အေးစက်စက် အလင်းတစ်ခု လင်းလက်လာပြီး အနောက်ဘက်သို့ ဦးတည်ရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်တွင် လုမင်၏ အကြည့်က လှုပ်ရှားလာပြီး တောင်ဘက်ကို လှမ်းကြည့်လိုက်၏။
မခန့်မှန်းတတ်သော အကွာအဝေးတစ်ခုတွင် အစိမ်းရောင်အလင်းတစ်ခုက ကောင်းကင်သို့ လွင့်ပျံလာသည်။
"အဲဒါက ဘာလဲ၊ ရတနာတစ်ခု မွေးဖွားလာခဲ့တာပဲလား"
လုမင် တိတ်တဆိတ် အံ့သြသွားသည်။
"ဝိညာဉ်ဆေးပင်တွေ၊ မရေမတွက်နိုင်တဲ့ ဝိညာဉ်ဆေးပင်တွေရဲ့ အငွေ့အသက်ကို ငါခံစားနိုင်တယ်။ သွား၊ လုမင်... သွား"
တန်တန်က လုမင်၏ ပခုံးပေါ်တွင် ပေါ်လာသည်။ သူ၏ မျက်လုံးလေးများက တောက်ပလာကာ အော်ဟစ်လိုက်၏။
"ကောင်းပြီ၊ သွားကြည့်ရအောင်!"
လုမင်လည်း အလင်းတန်းဆီသို့ ပျံသန်းသွားတော့သည်။
ဤအခိုက်တွင် ထွက်ပေါ်လာသော အလင်းကို မိုင်တစ်သိန်းအကွာအဝေးမှပင် မြင်နိုင်သည်။
"ကောင်းကင်ကို ဖြာတက်နေတဲ့ ဒီအလင်းတန်းကိုကြည့်ရင် ရတနာတစ်ခု ပေါ်လာတယ်ဆိုတာ သေချာတယ်။ သွားကြည့်စို့"
"သွားမယ်ဟေ့၊ ဒါက ငါ့ရဲ့ကံကြမ္မာပဲ"
အရပ်ရပ်မှ အလင်းတန်းကြီးကို မြင်ရသူတိုင်း ထိုနေရာဆီသို့ ပြေးသွားကြတော့သည်။
"ဟားဟားဟား၊ ဒီကံတရားက ငါ့ဥစ္စာပဲ"
ကြက်သွေးရောင်ဆံပင်နှင့် အဘိုးအိုတစ်ဦးက အလင်းတန်းဆီသို့ အရှိန်ပြင်းပြင်းနှင့် ပျံသန်းသွားခဲ့သည်။ ၎င်းက ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံခြင်းအခြေခံ ရှိ၏။
ဤရတနာ မွေးဖွားလာခြင်းက လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
သိပ်မကြာမီ အလင်းတန်းတည်ရှိရသို့ လုမင် ချဉ်းကပ်လာသည်။ ဤနေရာတွင် အဆုံး တောတောင်များနှင့် သစ်တောများက အကန့်အသတ်မရှိ ကျယ်ပြောလွန်း၏။
"ဟမ်၊ တကယ်ပဲ ဒီမှာလား"
လုမင်လည်း လေထဲတွင် ရပ်လိုက်ပြီးနောက် အနည်းငယ် အံ့သြသွားသည်။
လုမင်ဟာ ချူခွမ်း၊ ကျန်းဝမ်ကျင်းတို့နှင့် ကောင်းကင်တိုင်တောင်ဆီသို့ သွားရာလမ်းတွင် ဤတောအုပ်ကို ဖြတ်သွားဖူးသောကြောင့် သူ့ရှေ့ရှိ သစ်တောနှင့် အလွန်ရင်းနှီးသည်။
ဤနေရာတွင် ဒဏ်ရာကိုကုသရန်အတွက် မြို့လုံးကျွတ် သတ်ဖြတ်ခဲ့သော သွေးအေးနန်းတော်မှ တန်ခိုးရှင်တစ်ဦးနှင့်ပင် တွေ့ခဲ့ရသေးသည်။ လုမင်နှင့် အခြား နှစ်ယောက်လည်း ထိုသူနှင့် ကြီးမားသောတိုက်ပွဲကို ဆင်နွှဲခဲ့ရသည်။
လုမင်သည် မူလက အနောက်ဘက်သို့သွားရန် တွေးထားခဲ့သည်။ သို့သော်လည်း ကတုံးကြီးတို့နှင့် တိုက်ခိုက်ပြီးနောက် ကျပန်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ကာ ဤနေရာအနီးသို့ ပြန်ရောက်လာရန် မမျှော်လင့်ခဲ့ပေ။
'ဒီအလင်းတန်းက အရင် သွေးအေးနန်းတော်က ဒဏ်ရာရထားတဲ့ ဝိညာဉ်နတ်ဘုရားနဲ့ ပတ်သက်နေတာလား။ သွေးအေးနန်းတော်က ဘယ်လိုအပျက်အယွင်းကို ရှာတွေ့ခဲ့တာလဲ'
လုမင်လည်း မနေနိုင်ဘဲ တွေးလိုက်မိသည်။
--------