အခန်း ၁၀၃၁
Vol. 69 Ch. 1031
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1031 ) ရှေးဟောင်းဆေးဥယျာဉ်။
ဒဏ်ရာရရှိထားသော သွေးအေးနန်းတော်၏ ဝိညာဉ်နတ်ဘုရားသည် ယခင်က ဤတောထဲတွင်ရှိခဲ့သည်။ ယခုအခါ ထိုအလင်းတိုင်ကလည်း ဤတောတွင်း၌ ရှိခဲ့၏။ ဤကိစ္စများမှာ ဆက်စပ်နေမည်ဖြစ်ကြောင်း လုမင် တွေးမိသည်။
'ကြည့်ရတာ ဒီနေရာမှာ ရတနာတွေရှိရင်တောင် ရရှိဖို့တော့ လွယ်မှာမဟုတ်ဘူး။ ဒီနေရာမှာ ဝိညာဉ်နတ်ဘုရားတွေလည်း ရှိနေကြတာ သေချာတယ်'
လုမင် တစ်ယောက်တည်း တွေးလိုက်မိသည်။ သို့သော်လည်း သူဟာ နောက်ဆုတ်ရန်တော့ စိတ်ကူးမရှိပေ။ သူ၏ အရှိန်အဝါကိုထိန်းချုပ်ကာ တောထဲသို့ ဆင်းသက်သွားပြီး အလင်းတိုင်ဆီသို့ ပြေးသွားသည်။
"ဝှစ် ဝှစ်"
အလင်းတန်းအနီးသို့ ရောက်ခါနီးတွင် အခြားလမ်းကြောင်းဘက်မှ ပျံလေတိုးသံများ ပေါ်လာသည်။ ၎င်းက လူသုံးယောက်နှင့် အဘိုးကြီးနှစ်ယောက်ဖြစ်ကြောင်း လုမင် သတိပြုမိ၏။ သူတို့က အလွန်မြင့်မားသော အရှိန်အဟုန်ဖြင့် အလင်းတန်းဆီသို့ ပျံသန်းသွားကြသည်။
"အဲ၊ ဝင်္ကပါကြီးတစ်ခုပါလား"
အလင်းတိုင်အနီးသို့ ချဉ်းကပ်သောအခါ၊ လွန်စွာကြီးမားသော ဝင်္ကပါကြီးတစ်ခုက လွှမ်းခြုံထားကြောင်း လုမင် သတိပြုမိသွားသည်။ ဝင်္ကပါဘေးတွင် အက်ကြောင်းတစ်ခုရှိ၏။ အစိမ်းရောင် အလင်းတန်းကြီးက ထိုအက်ကြောင်းမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
ထိုအက်ကြောင်းမှ အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေပေသည်။
ဝင်္ကပါကြီးတွင် အက်ကြောင်းတစ်ခု ကျိုးပေါက်သွားကြောင်း ထင်ရှားသည်။
"လုမင်၊ ဒီနေရာမှာ ဆေးဥယျာဉ်တစ်ခုရှိနေတာ ဖြစ်နိုင်တယ်။ ငါ ဝိညာဥ်ဆေးပင်တွေရဲ့ အနံ့ကို ရနေပြီ"
အစွမ်းကုန် ရှူရှိုက်ရင်း တန်တန်၏ နှာခေါင်းက လှုပ်ယမ်းသွားသည်။
"ဆေးဥယျာဉ်လား။ ဒါက ဆေးဘုရင်တောင်ကြားရဲ့ ဆေးဥယျာဉ်ပဲလား"
လုမင် အံ့သြသွား၏။
ဆေးဘုရင်များတောင်ကြားက ဤနေရာနှင့်မဝေးပေ။ ထို့ကြောင့်ပင် ဆေးဥယျာဉ်အကြောင်း ကြားရသောအခါ ဆေးဘုရင်တောင်ကြားကို ချက်ခြင်းစဉ်းစားလိုက်မိခြင်း ဖြစ်သည်။
"မဖြစ်နိုင်ပါဘူးကွ၊ နောက်ပြီး ဒီဝင်္ကပါဟာ အရင်တုန်းက အရမ်းကြောက်ဖို့ကောင်းနိုင်ပေမဲ့ တည်ဆောက်ခဲ့တာ နှစ်တွေ တအားကြာသွားပြီ။ ငါ့ရဲ့ ခန့်မှန်းချက်အရ လွန်ခဲ့တဲ့ နှစ်တစ်သန်းကျော်လောက်က ဖြစ်နိုင်တယ်"
တန်တန် ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်တစ်သန်းကျော်ကလား"
လုမင် အအတော်လေး အံ့သြသွားသည်။
နှစ်တစ်သန်းကျော်က ရှေးခေတ် မဟုတ်လော။
"ထားပါ၊ ဝင်ကြည့်ရအောင်"
လုမင်လည်း အလင်းစက်ဝိုင်းထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
ရှေးဟောင်းဆေးဥယျာဉ်ကို ဝင်္ကပါကြီးဖြင့် အခိုင်အမာ ပိတ်ထားသည်။ ယခုတော့ နှစ်ပေါင်းများစွာ ကုန်လွန်သွားသည့်အတွက် အထဲမှာ အလွန်အဖိုးတန်သော ဝိညာဉ်ဆေးပင်များ ရှိကောင်းရှိနေပေလိမ့်မည်။ သို့ဖြစ်ပေရာ လုမင်လည်း သဘာဝအတိုင်း ဤအခွင့်အရေးကို လက်လွတ်မခံချင်တော့ပေ။
အလင်းစက်ဝိုင်းအတွင်းတွင် တောင်များနှင့် သစ်တောများလည်း ရှိသော်လည်း မိုးနှင့်မြေ၏ သဘာဝစွမ်းအင်က အပြင်ဘက်ထက် အဆများစွာ ပို၍သိပ်သည်းသည်။ ထို့ထက်၊ ဝိညာဉ်စွမ်းအင်အပြင် မူလစွမ်းအင်ကဲ့သို့ အခြား စွမ်းအင်တစ်မျိုးလည်း ရှိသေးသည်။
လုမင်က ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ဤနေရာရှိ ပန်းများ၊ အပင်များနှင့် သစ်ပင်များသည် ပို၍ အသက်ဝင်ပြီး ဝေဆာနေသည်ကို တွေ့လိုက်ရသည်။
"လုမင်... သွားစို့။ ဝိညာဉ်ဆေးပင်တွေရဲ့ ရနံ့ကို ငါ ရနေပြီ"
တန်တန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကာ ခြေလက်တိုတိုလေးများဖြင့် ပြေးသွားသည်။
လုမင်ကတော့ ပတ်ဝန်းကျင်ကို ဂရုတစိုက် အကဲခတ်ရင်း တန်တန်အနောက်သို့ လိုက်ပါသွားတော့သည်။
"ငါတို့ရောက်တာ အတော်နောက်ကျသွားပြီကွာ။ ဝိညာဉ်ဆေးအချို့က တူးဖော်ပြီးပြီ"
လမ်းတစ်လျှောက်တွင် မကြာသေးမီက တူးထားပုံရသော တွင်းအနည်းငယ်ကိုတွေ့ခဲ့ရ၍ တန်တန် သက်ပြင်းချလိုက်သည်။
ဝိညာဉ်ဆေးပင်များ၏ အကြွင်းအကျန် အရှိန်အဝါများအရ အဆင့်ရှစ် ဝိညာဉ်ဆေးပင်များ ဖြစ်ဖွယ်ရှိပေသည်။
အဆင့်ရှစ် ဝိညာဉ်ဆေးပင်များက အဆင့်ခုနစ် ဝိညာဉ်ဆေးပင်များထက် အဆများစွာ တန်ဖိုးရှိကြသည်။
ယခင်က လူအများအပြား ဝင်ရောက်ခဲ့ပြီးဖြစ်ရာ ဝိညာဉ်ဆေးများကိုလည်း တူးဖော်ပြီးဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
တန်တန်က အရှေ့တည့်တည့်ကို ဆက်မသွားတော့ပါ။ ထိုအစား ဘယ်ဘက်ကို ပြေးထွက်သွားခဲ့သည်။
မိုင်ထောင်ချီကာ ကြာမြင့်ပြီးနောက် နောက်ဆုံးတွင် ဝိညာဉ်ဆေးပင် နှစ်ပင်ကို တွေ့ရှိခဲ့ကြသည်။ နှစ်မျိုးလုံးက အဆင့်ရှစ် ဝိညာဉ်ဆေးပင်များ ဖြစ်ပေသည်။ တန်တန်လည်း ဝမ်းသာအားရဖြစ်ကာ သူ၏ ပါးစပ်အတွင်းသို့ ချက်ချင်းပစ်ထည့်ထားလိုက်သည်။
ထို့နောက် ရှေ့သို့ ဆက်သွားခဲ့ရာ ဝိညာဉ်ဆေးပင်များက အနိမ့်ဆုံး အဆင့်ခုနစ်နှင့် အမြင့်ဆုံး အဆင့်ရှစ်များဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။
လုမင်ကတော့ တန်တန်နှင့် အတိုက်အခံမပြုတော့ပေ၊ အားလုံးကို တန်တန်အတွက်သာ ပေးခဲ့သည်။
ယခုအခါ သူ၏ခန္ဓာက အဆင့်ရှစ် ပြီးပြည့်စုံမှုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ့အဖို့ အဆင့်ကိုးသို့ ဖြတ်ကျော်ချင်လျှင် အဆင့်ရှစ် ဝိညာဉ်ဆေးများက အသုံးမဝင်တော့ပေ။ အဆင့်ကိုး ဝိညာဉ်ဆေးပင်များသာ လုမင်ကို အထောက်အကူပြုနိုင်တော့မည် ဖြစ်သည်။
ဖင်းဂေါ့ခန္ဓာ အဆင့်ကိုးသို့ ရောက်ရှိရန်က မလွယ်ကူပေ။ အကြောင်းမှာ ၎င်းက ရုပ်ခန္ဓာ၏ အမြင့်ဆုံးနယ်ပယ်ဖြစ်ပြီး သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖောက်ထွက်ရန် အခြေခံအုတ်တစ်ခုမြစ်လည်း ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ရုပ်ခန္ဓာကို အဆင့်ကိုးအထိ လေ့ကျင့်ထားမှ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်နိုင်လိမ့်မည်။
သို့ရာတွင် ဖင်ဂေါ့ခန္ဓာ အဆင့်ကိုးသို့ ဖြတ်ကျော်ရန်က ခက်ခဲပြီး ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိချင်လျှင် ပို၍ ခက်ခဲသည်။
ထို့ကြောင့်ပင် ဗဟိုတိုက်ကြီး၏ ဒုတိယတန်းစားနှင့် တတိယတန်းစား ပါရမီရှင်များက သူတို့၏ ဖင်းဂေါ့ခန္ဓာကို အဆင့်ရှစ်၏ အထွတ်အထိပ်သို့ရောက်အောင် ဂရုထား၍ လေ့ကျင့်ခဲ့ကြသည်။
နောက်ဆုံးတွင်၊ ၎င်းတို့က အုပ်ချုပ်သူအဆင့် အင်အားစုမှ ပါရမီရှင်များ ဖြစ်ကြသည်။ လုမင်၏ ဝိညာဉ်တစ်သောင်း ခန္ဓာကိုယ်ကျင့်စဉ်က ထိပ်တန်းအဆင့်တွင် ရှိနေသော်လည်း ထိုပါရမီရှင်များ၏ ကျင့်စဉ်များက အားနည်းကြမည် မဟုတ်ချေ။ ထို့အပြင် ၎င်းတို့က အရင်းအမြစ်များ မချို့တဲ့၍ သဘာဝအတိုင်း ခန္ဓာကိုယ်ကြံ့ခိုင်မှုများ မြင့်မားခဲ့ကြသည်။
"ဝုန်း ဝုန်း ဝုန်း"
ထိုစဉ် အရှေ့နားမှ ပေါက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ လုမင်လည်း အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ ရှေ့တွင် တစ်စုံတစ်ယောက် တိုက်ခိုက်နေသည်။
"သွားကြည့်ရအောင်"
လုမင်က တန်တန်ကိုဆွဲခေါ်ကာ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။
သူ့ရှေ့တွင် အဘိုးကြီး နှစ်ယောက်က အခြားလူနှစ်ယောက်ကို တိုက်ခိုက်နေသည်။
သူတို့ထဲတွင် တစ်ယောက်က လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး နောက်တစ်ယောက်ကတော့ မိန်းမပျိုတစ်ဦးပင်။
ဤအခိုက်တွင် အမျိုးသားနှင့် မိန်းကလေးက အားနည်းသည့်ဘက်သို့ ရောက်နေသည်။
အဘိုးကြီး နှစ်ဦးစလုံးက ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်း၌ ရှိကြသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားသည်လည်း ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းတွင် ရှိ၏။ သို့ရာတွင် သူ့ကို အဘိုးကြီးတစ်ယောက်က တိုက်ခိုက်ပြီး ပိတ်ဆို့ထားခဲ့သည်။
အခြားတစ်ဖက်တွင်မူ ထိုမိန်းကလေးက ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ခြောက်တွင်သာ ရှိသေးသည်။ သူမက သန်မာသော တိုက်ခိုက်နိုင်စွမ်းရှိသည့် ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းမှ အဘိုးကြီး၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။ ယခုအခါ သူမက အပြတ် ဖိနှိပ်ခံရပြီး အချိန်မရွေး အသတ်ခံရနိုင်ချေပင် ရှိနေသည်။
"သခင်မလေး"
လူလတ်ပိုင်းအရွယ် အမျိုးသားက ဒေါသတကြီး ဟိန်းဟောက်ပြီး ကူညီချင်ပါသော်လည်း တစ်ဖက်လူကြီးမှ ချုပ်နှောင်ထား၍ ဘာမျှမတတ်နိုင်ခဲ့ပေ။
"ဟားဟားဟား၊ သေစမ်း"
အကြီးအကဲတစ်ဦးက လှောင်ပြောင်လိုက်သည်။
ထိုအချိန်တွင် လုမင်က တိတ်တဆိတ် ချဉ်းကပ်လာသည်။ အသန်မာဆုံးသူက ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းတွင်သာ ရှိနေသည်အား မြင်ရသောအခါ သူ ချက်ချင်း စိတ်အေးလက်အေး ဖြစ်သွားတော့သည်။
"ဟင်၊ အဲဒါက ကျိုးရှင်းပဲ"
မိန်းကလေးကို မှတ်မိသောအခါ လုမင်၏အကြည့်များ လှုပ်ရှားသွားသည်။
မိန်းကလေးမှာ ဆေးမြို့တော်ကို လုမင် ရောက်လာစက နာ့ယွမ်ကျောက်တုံးရှိသော ခရမ်းရောင်ကျောက်စိမ်းတုံးကို လက်ဆောင်ပေးခဲ့သော မိန်းကလေးကျိုးရှင်းပင် ဖြစ်သည်။ ကျိုးရှင်းက လုမင်အပေါ်တွင် ကျေးဇူးရှိပေသည်။
ယခုတော့ ကျိုးရှင်း ဒုက္ခရောက်နေပြီဖြစ်ရာ သဘာဝအတိုင်း ဥပေက္ခာပြုထားနိုင်မည် မဟုတ်ပေ။
"ဝှစ်"
လုမင်က လျှပ်တပြက်ထွက်ကာ ကျိုးရှင်းကို တိုက်ခိုက်နေသော အဘိုးကြီးဆီသို့ ပြေးသွားသည်။
ရုတ်တရက် ပြေးထွက်လာသော လှုပ်ရှားသံကိုကြားသောအခါ အားလုံး လှည့်ကြည့်လိုက်၏။
"အဲဒါနင်ပဲ"
လုမင်ကို မှတ်မိသွားသော ကျိုးရှင်း၏အကြည့်များက လှုပ်ရှားသွားခဲ့သည်။
"အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် ကောင်လေးပဲ၊ မင်းက သေချင်နေတာပဲ"
အဘိုးကြီးက တစ်ချက်ကြည့်ပြီး ပြုံးကာ သနားစရာကောင်းသော အကြည့်ကို လှစ်ဟလိုက်သည်။ သူက ဓားသဏ္ဍာန်လက်သည်းများဖြင့် လုမင်ကို လှမ်းဆွဲလိုက်၏။
"ဝှစ်"
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လှံအလင်းများ ထွက်လာခဲ့၏။ ၎င်းက အဘိုးကြီး၏ တိုက်ခိုက်မှုနှင့် ခုခံမှုအားလုံးကို ဖျက်ဆီးကာ မျက်ခုံးနှစ်ခုကြားကို တိုးဝင်သွားတော့သည်။
"မဟုတ်ဘူး ငါ့အသက်ကို ချမ်းသာပေးပါ"
အဘိုးကြီး ထိတ်လန့်တကြား ဖြစ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း သူသိသော်လည်း အချိန်နှောင်းသွားခဲ့ပြီ။
"စွပ်"
လှံအလင်းက မျက်ခုံးနှစ်ခုကြားကို တိုက်ရိုက် ထိုးဖောက်သွား၍ သေဆုံးသွားတော့သည်။
ယင်းကိုမြင်သောအခါ လူလတ်ပိုင်းအမျိုးသားနှင့် တိုက်ခိုက်နေသော အဘိုးကြီးလည်း ကြောက်လန့်တကြားဖြင့် ထွက်ပြေးလိုက်သည်။ သို့ရာတွင် လှံအလင်းတစ်ခုက လင်းလက်လာပြီး အဘိုးကြီးကို မြေကြီးပေါ်သို့ ထိုးဖောက်သွားတော့သည်။
"ဒါက…"
ကျိုးရှင်း အနည်းငယ် မင်သက်သွားသည်။
လုမင်ဟာ ပေါ်လာသည်နှင့် ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ပညာရှင်နှစ်ယောက်ကို ချက်ချင်း သတ်ဖြတ်ခဲ့သည်။ ၎င်းတို့က သူ့ရှေ့တွင် အနည်းငယ်မျှ ခုခံနိုင်စွမ်းမရှိပေ။
"မိန်းကလေးကျိုး၊ ဒီလိုနေရာမှာ မင်းနဲ့တွေ့ဖို့ ငါ မမျှော်လင့်ထားဘူး။ ဒါထက် ငါ့ကို မှတ်မိရဲ့လား"
လုမင် အနည်းငယ်ပြုံးလိုက်သည်။
"သခင်လေးလုကိုလည်း ဒီလောက်တောင် သန်မာမယ်လို့ မမျှော်လင့်ထားဘူး"
ကျိုးရှင်း၏ လှပသော မျက်လုံးများက အနည်းငယ် အံ့အားသင့်မှု အရိပ်အမြွက်တို့ လင်းလက်နေပေသည်။
ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ကျွမ်းကျင်သူနှစ်ဦးကို အလွယ်တကူ သတ်နိုင်သောကြောင့် လုမင်ဟာ တတိယတန်းစား ပါရမီရှင် ဖြစ်နိုင်သည်ဟု ကျိုးရှင်း ခန့်မှန်းမိခဲ့သည်။
"သခင်မလေး"
လူလတ်ပိုင်းအမျိုးသားက ကျိုးရှင်းအနားသို့ ရောက်ရှိလာကာ စိုးရိမ်တကြီးဖြင့် ခေါ်လိုက်သည်။
"ဦးလေးလျို၊ ကျွန်မ အဆင်ပြေပါတယ်။ ဒါက သခင်လေးလု လေ"
ကျိုးရှင်းက မိတ်ဆက်ပေးလိုက်သည်။
"ငါ့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေးလု"
လူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်ယှက်ကာ ပြောလိုက်သည်။ သို့ရာတွင် သူ့မျက်လုံးများမှာတော့ သတိထားမှုအချို့ ရှိနေဆဲပင်။
"သခင်လေးလု၊ နင်လည်း ဝိညာဉ်ဆေးပင်တွေရှာဖို့ ဒီကိုရောက်နေတာလား"
ကျိုးရှင်းက မေးသည်။
"ဟုတ်တယ်လေ၊ ဒီအလင်းက ဆွဲဆောင်နိုင်လွန်းတော့ ငါလည်း သိချင်တာနဲ့ လာကြည့်ရတာပဲ"
လုမင် ခေါင်းညိတ်လိုက်သည်။
--------