← Chapters

အခန်း ၁၀၃၂

Vol. 69 Ch. 1032

အခန်း ၁၀၃၂

Vol. 69 Ch. 1032

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1032 ) ကောင်းကင်မီးငှက်သစ်သီး။

"ဂရုစိုက်ပါ သခင်လေးလု၊ ဒီတစ်ခေါက်မှာ ကျွမ်းကျင်သူတွေ အများကြီးကို ဆွဲဆောင်ထားတယ်။ ငါကတော့ အစွန်းတစ်ဝိုက်မှာပဲ လှည့်သွားတော့မှာပါ၊ အတွင်းပိုင်းမှာက ကျွမ်းကျင်သူတွေ အများကြီးရှိတယ်"

ကျိုးရှင်းက ပြောလိုက်သည်။

"အိုး၊ မင်းနဲ့ ငါလိုက်ခဲ့ဖို့ လိုသေးလား"

လုမင် မေးလိုက်၏။

သူ့စိတ်ထဲတွင် ကျိုးရှင်းကို ကျေးဇူးတင်နေမိသည်။ ထိုစဉ်က သူ့ကို နာ့ယွမ်ကျောက်ရှိသော ခရမ်းရောင်ကျောက်အား ပေးခဲ့သည့်အတွက် ကျိုးရှင်း အကူအညီလိုလျှင် သူ ငြင်းမည်မဟုတ်ပေ။

"ရပါတယ်၊ ဦးလေးလျိုနဲ့ ငါက အားနည်းတယ်။ သခင်လေးလုနဲ့ သွားမယ်ဆိုရင် နင့်အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ်။ တစ်ယောက်တည်း သွားတာက ပိုကောင်းပါတယ်"

ကျိုးရှင်းက ပြောသည်။

ကျိုးရှင်း၏ စကားကိုကြားတော့ လုမင်လည်း မဆန့်ကျင်တော့ဘဲ နှုတ်ဆက်လိုက်၏။ သို့သော်၊ သူ မထွက်ခွာမီတွင် ဝါးမျိုခြင်းစွမ်းရည်နှင့် အဘိုးကြီးနှစ်ယောက်၏ စွမ်းအင်အားလုံးကို ဝါးမျိုခဲ့ပေသည်။ ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ တန်ခိုးရှင်နှစ်ဦး၏ စွမ်းအင်များက ကြွယ်ဝလွန်း၍ လုမင် လက်လွတ်မခံချင်ပေ။ ထို့နောက်တွင်မှ ရှေ့ဆက်သွားခဲ့သည်။

ကျိုးရှင်းနှင့် လူလတ်ပိုင်းကြီးကတော့ အဘိုးကြီးနှစ်ဦး၏ အလောင်းများ မမ်မီကဲ့သို့ ခြောက်ကပ်သွား၍ အံ့အားသင့်ကာ ကျန်ရစ်ခဲ့တော့သည်။

"လုမင်၊ ဒီကောင်မလေးမှာ အကြောင်း တစ်ခုခုတော့ ရှိပုံရတယ်ကွ။ သူက တခြားသူတွေနဲ့ သွားချင်ပုံမရဘူး။ မင်းကိုလည်း ရည်ရွယ်ချက်ရှိရှိ လွှတ်လိုက်တာ"

တန်တန် ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်ပေသည်။ သူလည်း အလားတူ ခံစားချက်မျိုးရှိခဲ့သည်။ ကျိုးရှင်းတွင် အကြောင်း တစ်ခုခုရှိနေပုံရပြီး သူနှင့် မသွားလိုပေ။

သို့သော်လည်း ဤသည်မှာ အခြားသူ၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်၍ သူ ဂရုမစိုက်ရန် ပျင်းလွန်းသည်။ သူက ဝိညာဉ်ဆေးဖက်ပင်များကို ဆက်လက်ရှာဖွေခဲ့ပေသည်။

မကြာမီတွင်၊ အဘိုးကြီးနှစ်ယောက်၏ စွမ်းအင်ကို လုမင်က လုံးဝသန့်စင်ပြီးသွားသည်။

ထုံးစံအတိုင်း၊ ဤစွမ်းအင်မျှနှင့် သူ့သွေးမျိုးဆက်အဆင့်က တိုးမလာဘဲ ကျင့်ကြံခြင်းအခြေခံလည်း မတိုးတက်ခဲ့ပေ။

'လက်ရှိ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံအရ ဝိညာဦသန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတွေကို ဝါးမျိုတာဟာ အသုံးမဝင်သလောက် ဖြစ်လို့ တိုးတက်မှုလည်း နှေးနေပြီ။ ဝိညာဉ်‌နတ်ဘုရားတွေကို ဝါးမျိုမှပဲ ပိုပြီးမြန်မြန် တိုးတက်နိုင်တော့မှာ'

လုမင် တစ်ယောက်တည်း တွေးလိုက်မိသည်။

ဤနေရာသည် အလွန်ကျယ်ဝန်း၏။ မကြာခင်မှာပဲ လုမင်ဟာ ​​မိုင်တစ်သောင်းခန့် ခရီးနှင်ခဲ့သည်။

"ဝှစ်"

ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ပုံရိပ်တစ်ခုက သူ့ရှေ့မှ ဖြတ်ပျံသွားသည်။

"ဒါ သူပဲ"

လုမင်၏ မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များဖြင့် တောက်ပလာခဲ့၏။

ထိုလူရိပ်က ကတုံးကြီးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သူ မြင်လိုက်ရသည်။ ၎င်းက သူ့ကို လိုက်ဖမ်းခဲ့သော သွေးအေးနန်းတော်မှ ဝိညာဉ်ဘုရားနယ်ပယ် တန်ခိုးရှင်တစ်ဦးလည်း ဖြစ်သည်။

ဟုတ်ပေသည်၊ ဤနေရာမှာတော့ တစ်ယောက်သာ ရှိသည်။

ကတုံးကြီးကတော့ လုမင်ကို သတိမထားမိပေ။ သူက ရှေ့သို့ ဆက်လက်ပျံသန်းသွားကာ မျက်စိတစ်မှိတ်အတွင်း မိုးကုတ်စက်ဝိုင်းသို့ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက်မှာတော့ လုမင်ဟာ ပို၍သတိထားလာပြီး အရှိန် အနည်းငယ်လျှော့လိုက်သည်။ သူက တောအုပ်ထဲမှ ဆက်လက် ပြေးသွားခဲ့သည်။

လမ်းတစ်လျှောက်တွင် တန်တန်၏ ရိတ်သိမ်းမှုက မဆိုးပေ။ သူက ဝိညာဥ်ဆေးပင်များစွာကို စုဆောင်းနိုင်ခဲ့သည်။ အများစုမှာ အဆင့်ရှစ် ဝိညာဉ်ဆေးပင်များ ဖြစ်၏။ တန်တန်လည်း ပါးစပ်က နားရွက်ချိတ်လုနီး ပြုံးနေတော့သည်။

ဤဆေးဥယျာဉ်က ရှေးဟောင်း ဆေးယျာဉ်တစ်ခု ဖြစ်သည်။ ဤနေရာ တည်ရှိခဲ့တာ အတော်ကြာခဲ့ပြီ။ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များကြောင့်လည်း ဝိညာဉ်ဆေးပင်များ၏အဆင့်က မြင့်မားသောအဆင့်တွင် ရှိနေသည်မှာ ပုံမှန်သာ ဖြစ်သည်။ ကံမကောင်းစွာဖြင့် အဆင့်ကိုး ဝိညာဉ်ဆေးပင်ကိုတော့ ရှာမတွေ့ခဲ့ပေ။

အဆင့်ကိုး ဆေးပင်များက အဆင့်ရှစ် ဆေးပင်များထက် များစွာပို၍ ရှားပါးသည်။

ရုတ်​တရက်​ သူတို့​ရှေ့တွင်​ အလင်း​ရောင်​များ လင်းလက်​လာသည်​။ ပေါက်ကွဲသံနှင့် မာန်သွင်းသံများကိုလည်း သူကြားလိုက်ရ၏။

"ရှေ့မှာ နောက်ထပ် တိုက်ပွဲကြီးတစ်ခုရှိသေးတယ်"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

လုမင်က မီတာရာဂဏန်းအကွာ တောင်ထိပ်တစ်ခုပေါ်တွင် ပြန်ပေါ်လာပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

အရှေ့ဘက်တွင် ရေကန်ကြီးတစ်ခုရှိပြီး ရေကန်အလယ်၌ ကျွန်းငယ်လေးတစ်ခု ရှိ၏။ ကျွန်းငယ်လေးပေါ်တွင်ကား မြင့်မားသော သစ်ပင်ကြီးတစ်ပင် ရှိနေသည်။

သစ်ပင်က ကျွန်းငယ်လေးပေါ်တွင် အမြစ်တွယ်နေသော်လည်း အလွန်ကြီးမားသည်။ ၎င်း၏ လုံးပတ်က ကျွန်းငယ်လေးထက်ပင် ကြီးမားလှပေသည်။

သစ်ပင်ပေါ်တွင် အသီးအနှံများလည်း ရှိသည်။ အသီးအနှံများက ပန်းကန်ပြားအရွယ်ရှိကာ အနီရောင်တောက်တောက်ဖြစ်ပြီး စွမ်းအင်များနှင့် ပြည့်နှက်နေသည့်ပုံ ရသည်။

"ဒါ မီးငှက်သစ်သီးပဲ"

သစ်သီးများကို မှတ်မိကာစကတော့ လုမင် အံ့ဩသွားသည်။ ထို့နောက် သူ အလွန်ဝမ်းသာသွား၏။

မီးငှက်သစ်သီးက အလွန်ရှားပါးသလောက် အဖိုးတန်လွန်းသော သစ်သီးမျိုး ဖြစ်သည်။

ဤသစ်သီးတွင် အလွန်အစွမ်းထက်ပြီး သန့်စင်သော စွမ်းအင်များ ရှိသည်။ ကျင့်ကြံသူတစ်ဦးမှ ၎င်းကို စားသုံးပါက နောက်တစ်ဆင့်သို့ ဖြတ်ကျော်နိုင်ရန် ကူညီပေးနိုင်သည်။

ကျင့်ကြံသူ၏ သက်ဆိုင်ရာတာအိုက အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေသမျှ ကာလပတ်လုံး ဤသစ်သီးကိုစားသုံးကာ စွမ်းအင်ကို လျင်မြန်စွာတိုးပွားစေပြီး နောက်နယ်ပယ်သို့ ဖြတ်ကျော်နိုင်လိမ့်မည်။

ဤသစ်သီးက အဖိုးတန်လွန်းသည်။

ဝိညာဉ်သန္ဓေသားနယ်ပယ်နှင့် ဝိညာဉ်နတ်ဘုရားများအတွက် တာအိုကို နားလည်သဘောပေါက်ရန် မလွယ်ကူပါ။ အချို့လူများက တာအိုကို အဆင့်တစ်ခုသို့ ရောက်ရှိစေနိုင်သော်လည်း ကျင့်ကြံခြင်းအခြေခံ တိုးတက်နိုင်ရန် မလွယ်ပေ။

ဥပမာအားဖြင့်၊ ရွယ်လော့ကျစ်နှင့် ကျွင်းယွဲ့ကဲ့သို့ ဒုတိယတန်းစား ပါရမီရှင်များစွာ၏ တာအိုများက စတုတ္ထအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့သော်လည်း၊ သူတို့၏ ကျင့်ကြံခြင်းကတော့ ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် ငြိမ်နေကြဆဲပင်။ ယင်းမှ တာအိုသည် နားလည်ရခက်ပြီး ကျင့်ကြံခြင်းအခြေခံ တိုးလာရန်ကလည်း ခက်ခဲလွန်းကြောင်း တွေ့မြင်ရနိုင်သည်။

လုမင်တွင် နဝမနဂါးသွေးမျိုးတက် ရှိထားလျှင်ပင် ဝိညာဉ်နတ်ဘုရားများကို ဝါးမြိုခြင်း သို့မဟုတ် ကျောက်ကြမ်းအမြောက်အမြားကို သန့်စင်ခြင်း မပြုပါက ခက်ခဲနေဦးမည်သာ ဖြစ်သည်။

သို့သော်လည်း မီးငှက်သစ်သီးကို ရနိုင်လျှင်တော့ သူ၏ ကျင့်ကြံခြင်းအခြေခံက လျင်မြန်စွာ တိုးတက်လာလိမ့်မည်။

"ဒီ ငှက်သစ်သီးကို ငါ ရယူရမယ်"

လုမင်၏ မျက်လုံးများက တောက်ပလာသည်။

မီးငှက်သစ်သီးတချို့ကို ရရှိသရွေ့ လုမင်၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံမှုသို့ ဖြတ်ကျော်သွားနိုင်ပေလိမ့်မည်။ အကြောင်းမှာ သူ၏တာအိုက လိုအပ်ချက်များနှင့် ပြည့်မီနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော်လည်း မီးငှက်သစ်သီးကို ဝင်္ကပါကြီးဖြင့် ကာကွယ်ထားသောကြောင့် သူ အလျင်စလို မဖြစ်ပါ။ အလင်းမျက်နှာပြင်အလွှာတစ်ခုက ကောင်းကင်မီးငှက်သစ်ပင်ကို ဖုံးအုပ်ထားသည်။

လူ ခုနစ်ဦးက ဝင်္ကပါကိုချိုးဖျက်ရန် အလင်းမျက်နှာပြင်အား အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။

ဝင်္ကပါမှ ဖြစ်ပေါ်လာသော အလင်းမျက်နှာပြင်လည်း ရေလှိုင်းများကဲ့သို့ အဆက်မပြတ် တုန်ခါနေတော့သည်။

"ကျိုးပေါက်တော့မယ်"

တစ်ယောက်၏ မျက်လုံးများက အရောင်တလက်လက် တောက်ပလာသည်။

၎င်းတို့သည် ယခင်က ဝင်္ကပါကိုဖြိုခွင်းရန်အတွက် ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။ ယခုတော့ ဝင်္ကပါပြိုကွဲတော့မည်ဖြစ်ရာ မူလက မကောင်းသော ရည်ရွယ်ချက်များလည်း ပြန်လည် လှစ်ဟလာတော့သည်။

"ဝှစ်"

ရုတ်​တရက်​ ဓားအလင်းတစ်ခု ​​တောက်​ပလာသည်​။ အစိမ်းရောင်ဝတ် အဘိုးကြီးတစ်ဦးက သူ့ဘေးနားမှ အဘွားအိုတစ်ဦးကို တိုက်ခိုက်ခဲ့၏။

"နင် လှုပ်ရှားမယ်ဆိုတာ ငါသိတယ်"

အဘွားကြီးလည်း အော်ဟစ်ကာ အဘိုးကြီးကို လက်ဝါးဖြင့်ရိုက်ပြီး ပြန်လည်တိုက်ခိုက်လိုက်တော့သည်။

"ဝမ်"

သံတုတ်တစ်ချောင်းက ပျံသန်းလာပြီး အစိမ်းရောင်ဝတ် အဘိုးကြီးကို ရိုက်ချလာသည်။ အဘိုးကြီးလည်း ရုတ်တရက်ဖြစ်ရာ ခေါင်းကို ထိထိမိမိ ရိုက်ခံလိုက်ရ၏။ အဘိုးကြီးမှာ အော်ပင် မအော်နိုင်ဘဲ သေဆုံးသွားတော့သည်။

"သေချင်နေတာပဲ၊ သတ်"

"သေမယ့်သူက မင်းကွ"

ဝင်္ကပါမပြိုကွဲမီတွင် ကျန်ခြောက်ဦးက အချင်းချင်း တိုက်ခိုက်ကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဤလူများအားလုံးက ကျွမ်းကျင်သူများဖြစ်ကြကာ အနည်းဆုံး ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ခြောက်တွင် ရှိကြသည်။ ၎င်းတို့က အလင်းတန်း၏ ဆွဲဆောင်မှုကို ခံရသော အနီးနားမှ ကျင့်ကြံသူများ ဖြစ်ချေသည်။

တိုက်ပွဲစတင်ပြီး အသက်ရှူချိန် အနည်းငယ်မျှကြာသောအခါ အခြေခံအားနည်းသော လူနှစ်ဦး သေဆုံးသွားခဲ့သည်။ ကျန်လေးယောက်ကြားမှ တိုက်ပွဲကလည်း ပိုပြင်းထန်လာခဲ့၏။

ထိုအချိန်တွင် ပုံရိပ်တစ်ခုက လေထဲမှ လျှောက်လှမ်းလာတော့သည်။

"ကျင်းခုန်းလင်"

လုမင် အနည်းငယ် အံ့သြသွားသည်။

လေထဲမှာ ဖြတ်လျှောက်လာသော မိန်းကလေးက တိမ်တိုက်များပေါ် လှမ်းလျှောက်လာသည်။ သူမ၏ တစ်ကိုယ်လုံးကိုလည်း တိမ်တိုက်များ ဖုံးလွှမ်းနေပေရာ သာမညနတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။ ထိုမိန်းကလေးက အမှန်တကယ် ကျင်းခုန်းလင် ဖြစ်သည်။

"ကျင်းခုန်းလင်လား"

တိုက်ပွဲအလယ်တွင် ရှိနေသော လူလေးယောက်လည်း ကျင်းခုန်းလင်ကို ရုတ်တရက်တွေ့ကာ တုန်လှုပ်သွားကြသည်။ သူတို့ လုပ်နေသည်များကိုရပ်ကာ မျက်နှာအမူအရာများလည်း လေးနက်သွားသည်။

"ကောင်းကင်မီးငှက်သစ်သီးက ငါ့အတွက်ပဲ၊ သွားကြတော့"

ကျင်းခုန်းလင်၏လေသံက စိတ်ခံစားချက် အတက်အကျမရှိဘဲ အလွန်တည်ငြိမ်ကာ ပုံမှန်အတိုင်း ထွက်ပေါ်လာခဲ့သည်။

"ကျင်းခုန်းလင်၊ မင်းက ကြီးစိုးလွန်းတာပဲ။ ဒီနေ့ မီးငှက်သစ်သီးတွေကို ငါတို့ အရင်ရှာတွေ့ခဲ့ကြတာ၊ ငါတို့က ဝင်္ကပါကိုတောင် ချိုးဖြတ်တော့မှာလေ။ ဒီတော့မှ မင်းပေါ်လာပြီး အားလုံးကို လိုချင်တာက‌တော့ မင်းရဲ့ စားချင်စိတ်က အရမ်းကြီးတယ်"

အဘွားကြီးတစ်ယောက်က လှမ်းအော်လိုက်သည်။

"ဒါဆိုရင် ဒီမှာ ထာဝရနေရမယ်"

ကျင်းခုန်းလင်က ပုံမှန်အတိုင်းသာ ပြောလိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများက အလွန်အားကောင်းသည်။ သူမ၏ ပတ်ဝန်းကျင်မှာလည်း လေထုတွင်းမှ ရေခိုးများ စုစည်းလာပြီး ကျင်းခုန်းလင်ကို လှည့်ပတ်ပျံသန်းနေသော ရေအစစ်အမှန်နဂါးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုလူလေးယောက်၏ မျက်နှာများလည်း အကြည့်ရဆိုးပြီး လက်မခံလိုမှုများ ပေါ်လာသည်။ သို့သော်လည်း ၎င်းတို့၏ခွန်အားဖြင့် ကျင်းခုန်းလင်ကို ရင်ဆိုင်ပါက သေခြင်းတစ်ခုသာ အဆုံးသတ် ရှိလိမ့်မည်။ ထိုသူကား ဗဟိုတိုက်ကြီး၏ ထိပ်သီးပါရမီရှင်တစ်ဦးဖြစ်ကာ တိုက်ခိုက်နိုင်စွမ်းကလည်း လွန်စွာ အားကောင်းသည်။

"ဟားဟား၊ ဒီအမှိုက်တွေ သွားသင့်တယ်"

ထိုစဉ် လှောင်ပြောင်ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အဝေးမှ ပုံရိပ်တစ်ခုသည် အကြွင်းမဲ့အရှိန်ဖြင့် ပျံသန်းလာခဲ့၏။ နောက်အခိုက်မှာတော့ ဆံပင်နီ အဘိုးအိုတစ်ဦး ပေါ်လာတော့သည်။

--------

All Chapters