အခန်း ၁၀၃၄
Vol. 69 Ch. 1034
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1034 ) ကောင်းကင်မီးငှက်သစ်သီးများကို ရပြီ။
အတိတ်က အသျှင်ကျစ်ခူသည် သူ့နယ်မြေ အနီးနားတဝိုက်တွင်သာ သွားလာနေပြီး ထိပ်သီးပါရမီရှင်များနှင့် တစ်ခါမှ မဆက်ဆံဘူးပေ။ မျိုးဆက်သစ်ပါရမီရှင်များက တိမ်လိုပေါပြီး ခွန်အားလည်း အလွန်ကြောက်စရာကောင်းကြောင်းကိုတော့ သူကြားသိခဲ့ရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ၎င်းသည် တစ်ဆင့်စကား တစ်ဆင့်နားများသာဖြစ်ပြီး ကားသည်ဟုထင်ကာ ဂရုမစိုက်ခဲ့ပေ။
ပါရမီရှင်တစ်ယောက်က မည်မျှသန်မာပါစေ၊ ဝိညာဉ်နတ်ဘုရား မဖြစ်သေးသရွေ့ မည်မျှ သန်မာနိုင်မည်နည်း။ သို့သော်လည်း ယခုတော့ သူမျှော်လင့်ထားတာထက် ကျော်လွန်ပြီး အမှန်တကယ် သန်မာကြသည်ဆိုတာ သူသဘောပေါက်သွားပြီ ဖြစ်သည်။
သူ့အရည်အချင်းက သူ့စိတ်ကူးကို ကန့်သတ်ထားသည်ဟုသာ ပြောရပေလိမ့်မည်။
"ဝုန်း ဝုန်း ဝုန်း"
သူတို့ သုံးယောက်ကြားမှ တိုက်ပွဲက အနှိုင်းမဲ့ စွမ်းအင်လှိုင်းများ ဖြာထွက်နေခဲ့သည်။ စွမ်းအင်စီးကြောင်းများစွာက မီးငှက်သစ်ပင်ပေါ်သို့ ကျရောက်လာရာ အလင်းအတားအဆီးကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့၏။ နောက်ဆုံးတော့ ပေါက်ကွဲသံတစ်ခုနှင့် အမှန်တကယ် ပေါက်ကွဲသွားတော့သည်။
မူလက ပြိုကွဲလုနီးနီး ဝင်္ကပါဟာ လူသုံးဦး၏ ပြင်းထန်သော စွမ်းအားအောက်တွင် အလွယ်တကူ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။
ဝင်္ကပါ ပျက်သွားပြီးနောက်၊ သုံးယောက်စလုံး၏ အကြည့်များက ကောင်းကင်မီးငှက်သစ်သီးများပေါ်သို့ ကျရောက်လာသည်။
ငရဲခွေးကြီးလည်း ဟိန်းဟောက်ကာ ကောင်းကင်မီးငှက်သစ်သီးများကို ခူးဆွတ်ပေတော့မည်။
"မစဉ်းစားနဲ့"
လုမင်က လက်သီးချက်တချို့ကို ထုတ်ဖော်လိုက်သည်။ ငရဲခွေးဆီသို့ ထိုးနှက်လိုက်သော လက်ချက်တိုင်းက ဟင်းလင်းပြင်ကို ဖြိုခွဲနိုင်ပုံရ၏။ တစ်ချိန်တည်းမှာပင်၊ ကျင်းခုန်းလင်ကလည်း ငရဲခွေးကို ဖိနှိပ်လိုက်တော့သည်။
သူတို့နှစ်ဦးက ငရဲခွေးကို အခိုင်အမာ ပိတ်ဆို့ထားခဲ့သည်။
"တန်တန်"
လုမင် လှမ်းအော်လိုက်သည်။
"ငါ့အတွက်ထားလိုက်"
တန်တန်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်မီးငှက်သစ်ပင်ဆီသို့ ခုန်ဆင်းသွား၏။
"ငါမှ မရရင် ယူဖို့ မစဉ်းစားနဲ့"
ငရဲခွေးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ မီးတောက်များမှာလည်း အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။ မီးတောက်အချို့က လုမင်နှင့် ကျင်းခုန်းလင်ထံသို့ ဦးတည်သွားပြီး အချို့မှာ ကောင်းကင်မီးငှက်သစ်ပင်ကို ဦးတည်သွားခဲ့သည်။
သူက ကောင်းကင်မီးငှက်သစ်ပင်ကို ဖျက်ဆီးပစ်ချင်သည်။
"ဥပဲ"
တန်တန် ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်သည်။ ရုတ်တရက် ကောင်းကင်တွင် မရေမတွက်နိုင်သော ကမ္ပည်းစာများ ပေါ်လာပြီး ဝင်္ကပါတစ်ခုအဖြစ် မီးတောက်များကို ပိတ်ဆို့လိုက်၏။ တစ်ချိန်တည်းမှာပင် သူက ပါးစပ်ကိုဟပြီး ကောင်းကင်မီးငှက်သစ်သီးများကို စုပ်ယူလိုက်တော့သည်။
အနည်းငယ် စုပ်ယူပြီးနောက် တစ်ဖက်သို့ ပြေးသွားကာ ကောင်းကင်မီးငှက်သစ်သီး အချို့ကို လက်သည်းကလေးများဖြင့် ဖမ်းယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"ဝှစ် ဝှစ်"
သူ့လက်သည်းများကို ဝှေ့ယမ်းကာ ကောင်းကင်မီးငှက်သစ်သီး တစ်ဒါဇင်ကို ချက်ခြင်း ဖမ်းလိုက်၏။
ဤမီးငှက်သစ်ပင်တွင် စုစုပေါင်း ကောင်းကင်မီးငှက်သစ်သီး တစ်ဒါဇင်သာ ရှိပြီး အားလုံးနီးပါးကို တန်တန်မှ ခူးဆွတ်ပြီးသွားပြီ ဖြစ်သည်။
"ဝုန်း"
ထိုအချိန်တွင် တန်တန် တည်ဆောက်ထားသည့် ဝင်္ကပါအား မီးတောက်များက ထိုးဖောက်ဝင်ရောက်လာသည်။ အဆုံးမဲ့ မီးတောက်များက ကောင်းကင်မီးငှက် သစ်ပင်ပေါ်ကို ကျဆင်းသွားခဲ့သည်။
တန်တန်က ယင်းကို ဂရုမစိုက်တော့ပေ။ သူက ထွက်ပြေးလာကာ လုမင် ပခုံးပေါ်သို့ ကျရောက်သွား၏။
မီးတောက်ကျလာသည်နှင့်အမျှ ကောင်းကင်မီးငှက်သစ်ပင်ဟာ ပြာများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
"မီးငှက်သစ်သီးကို ပေးစမ်း"
အသျှင်ကျစ်ခူက ဟိန်းဟောက်လိုက်သည်။
"အပိုတွေမပြောနဲ့၊ သတ်"
လုမင်က စွမ်းအားကို အရူးအမူး ပေါက်ကွဲလိုက်သည်။ ဤအခိုက်တွင်၊ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အကန့်အသတ်သို့ တွန်းပို့ခဲ့၏။ သူ၏စွမ်းအင်များ ချက်ချင်း ခြောက်သွားသော်လည်း သူထုတ်လွှတ်သော စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသည်။ ဤတိုက်ခိုက်မှုအောက်တွင် ငရဲခွေးက သွေးများဖြာထွက်လာပြီး အော်ဟစ်ကာ နောက်ပြန်ဆုတ်သွားရသည်။ ထို့နောက် ပုတီးစေ့ကလည်း ထပ်မံ ဖိချလိုက်ပြီး ငရဲခွေးကို ထပ်မံ ဆုတ်သွားစေလိုက်သည်။
"ချီးပဲ၊ မင်းတို့ စောင့်နေ"
ကောင်းကင်မီးငှက်သစ်သီးကိုရရန် မျှော်လင့်ချက် မရှိတော့ကြောင်း မြင်ရသောအခါ အသျှင်ကျစ်ခူလည်း ကြိမ်းမောင်းပြောဆိုပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လှည့်ထွက် ပျောက်ကွယ်သွားတော့သည်။
"ဝမ်"
ပုတီးစေ့က တုန်ခါသွားပြီးနောက် ကျင်းခုန်းလင်၏ လူသားပုံစံသို့ ပြန်ရောက်သွားခဲ့သည်။
သူမက လုမင်ကို အံ့သြမှုအပြည့်ဖြင့် ကြည့်နေသည်။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ရွယ်လော့ကျစ်နှင့် တိုက်ခိုက်စဉ်ကထက် ပို၍ အားကောင်းပုံရ၏။ ထို့ထက် ပိုအရေးကြီးသည်မှာ လုမင်က သွေးမျိုးဆက်အား မထုတ်ဖော်ခဲ့၍ သူမကို နားလည်နိုင်စွမ်းမရှိတော့သကဲ့သို့ ခံစားရစေသည်။
လုမင်က အဝေးကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ခုန်းလင်၊ တခြားတစ်ယောက် လာနေပြီ၊ ဒီကနေ အရင်ထွက်ရအောင်"
"ကောင်းပြီ"
ကျင်းခုန်းလင်က ခေါင်းညိတ်လိုက်သည်တွင် နှစ်ယောက်သား ပြေးထွက်ခဲ့တော့သည်။
လုမင်နှင့် ကျင်းခုန်းလင်တို့ ထွက်သွားပြီး များမကြာမီ ကြောက်စရာကောင်းသော အသံဗလံတစ်ခုက အဝေးမှ ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခု ပေါ်လာသည်။
လုမင်သာ ဤနေရာတွင် ရှိနေလျှင်တော့ သွေးအေးနန်းတော်မှ ကတုံးကြီးဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သတိပြုမိလိမ့်မည်။
ကတုံးကြီးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"တစ်စုံတစ်ယောက်က အပြင်းအထန် တိုက်ခိုက်ခဲ့တာတော့ ထင်ရှားတယ်။ ဒါက ရတနာကြီးအတွက် တိုက်ခိုက်နေပုံရပေမဲ့ အခုတော့ ပြီးသွားပြီပဲ။ သူတို့ပြေးတာ အတော်မြန်တယ်"
ရုတ်တရက် ကတုံးကြီးက မျက်ခုံးပင့်ကာ ခပ်တိုးတိုး ပြောသည်။
"အဲဒါက လုမျိုးရိုးနဲ့ ကောင်လေးရဲ့ အရှိန်အဝါပဲ။ ဟမ့်... ဒီတစ်ခါတော့ မင်း ဘယ်ကို ပြေးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
ထို့နောက်မှာတော့ ကတုံးကြီးသည် အရှိန်အဝါအတိုင်း လုမင်တို့ ထွက်ခွာသွားသည့် လမ်းကြောင်းအတိုင်း လိုက်ပါသွားတော့သည်။
လုမင်နှင့် ကျင်းခုန်းလင်သည် မိုင်တစ်သောင်းခန့် ပျံသန်းခဲ့ပြီးနောက် ချိုင့်ဝှမ်းတစ်ခုဆီသို့ ရောက်လာခဲ့ကြသည်။
"တန်တန်၊ ကောင်းကင်မီးငှက်သစ်သီး ဘယ်လောက်ရခဲ့လဲ။ အဲဒါတွေကို ထုတ်လိုက်"
လုမင်က တန်တန်ကို ကြည့်လိုက်သည်။
"စုစုပေါင်း ဆယ့်ငါးလုံး၊ ငါတို့ အညီအမျှ ခွဲယူမယ်"
တန်တန်က ပြောသည်။
"ဒါကို ညီတူမျှတူခွဲချင်တာလား"
လုမင်က သူ့ကို စိုက်ကြည့်လိုက်၏။
"ဟုတ်တယ်လေ၊ ငါမရှိရင် မင်း တစ်လုံးတောင်မှ ရမှာမဟုတ်ဘူး"
တန်တန်က သူ့လက်ကလေးများကို နောက်ပစ်ကာ ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ပြောလိုက်သည်။
"အစ်ကိုလု၊ အဆင်ပြေပါတယ်။ ငါ့အတွက် ငါးလုံးရရင် လုံလောက်ပြီ"
ကျင်းခုန်းလင်က ဝင်ပြောသည်။
လုမင်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ၊ မီးငှက်သစ်သီးတွေကို လွှဲပေးလိုက်တော့"
တန်တန်က သူ့ပါးစပ်ကိုဖွင့်ဟလိုက်ရာ ကောင်းကင်မီးငှက်သစ်သီး ဆယ်လုံး ထွက်လာခဲ့၏။ လုမင်က ငါးလုံးယူပြီး ကျန်ငါးလုံးကို ကျင်းခုန်းလင်က ယူလိုက်သည်။
"အစ်ကိုလု၊ နင့်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ ကောင်းကင်မီးငှက်သစ်သီးတွေကို နေရာရှာပြီး သန့်စင်ရဦးမှာမို့ ငါ အရင်သွားတော့မယ်"
ကျင်းခုန်းလင်က လက်ယှက်ပြီး လုမင်ကို နှုတ်ဆက်လိုက်သည်။
"ငါလည်း ကောင်းကင်မီးငှက်သစ်သီးတွေကို သန့်စင်ရဦးမှာ၊ နှုတ်ဆက်ပါတယ်"
လုမင်လည်း လက်ယှက်ပြပြီး ဘာမှမပြောတော့ပေ။ သူတို့နှစ်ဦးက လမ်းကြောင်းခွဲကာ ပျံသန်းသွားကြသည်။
လုမင်သည် နောက်ထပ် မိုင်တစ်သောင်းခန့် ပျံသန်းလာပြီးနောက် တောင်တစ်လုံးကို အပေါက်ငယ်တစ်ခု ထိုးဖောက်လိုက်သည်။ သူက တောင်၏ဝမ်းတွင်းသို့ ရောက်သည်တိုင်အောင် ဖောက်ထွင်းသွားကာ တောင်တန်းနှင့်မြစ်ပြင် ပန်းချီကားအတွင်းကို ဝင်ရောက်ခဲ့၏။
လုမင်က တောင်တန်းနှင့်မြစ်ပြင် ပန်းချီကားအတွင်းသို့ ဝင်ရောက်ပြီးနောက် မကြာမီပင် ကတုံးကြီး ရောက်လာသည်။
"အရှိန်အဝါ ပျောက်ကွယ်သွားပြန်ပြီ။ ဒီကောင်လေးမှာ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်တဲ့ ရတနာတချို့ ရှိရမယ်။ ဒီကောင် ဝေးဝေးတော့ ရောက်မှာမဟုတ်ဘူး၊ အနီးအနားမှာ ရှိနေရမယ်။ ငါ ငါဒီမှာပဲ စောင့်မယ်။ လုမင်မျိုးရိုးကောင် ပေါ်လာတာနဲ့ ငါ သူ့ကို ချက်ချင်း သတ်ပစ်မယ်"
ကတုံးကြီး၏ မျက်လုံးများက အေးစက်စက်အလင်းများ တောက်သွားသည်။ ထို့နောက်မှာတော့ သူဟာ ကောင်းကင်သို့ ပျံသန်းပြီး တိမ်များထဲတွင် ပုန်းနေလိုက်တော့သည်။
လုမင်က ပန်းချီကားအတွင်းသို့ဝင်ကာ တောင်ထိပ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
"တန်တန်၊ ဒီတစ်ခေါက်မှာ ကောင်းကင်မီးငှက်သစ်သီး ဆယ့်ငါးလုံးထက်ပိုပြီး မင်း ခူးလာခဲ့တယ် မဟုတ်လား"
လုမင်က အေးအေးဆေးဆေး မေးလိုက်သည်။
တန်တန်ကို သူ ကောင်းကောင်းသိ၏။ အစောပိုင်းက သူ အမှန်အတိုင်း မပြောခဲ့တာ သေချာသည်။
"ဟ... လုမင်၊ မင်း ဘာကိုဆိုလိုတာလဲကွ။ မင်း ဒီကိုယ်တော်ကို သံသယဝင်နေတာလား။ ငါ့ စရိုက်ကို သံသယဝင်နေသလား၊ မဟုတ်သေးဘး၊ ငါ့လိပ်စရိုက်ကို"
တန်တန်က လုမင်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။
"ဘာကို သံသယရှိတာလဲ။ မင်းက ဆယ့်ငါးလုံးပဲ ခူးလာတယ်ဆိုတာ ငါမယုံဘူး"
လုမင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"မင်း…"
တန်တန်က ဒေါသတကြီးဖြစ်သွားသည်။ သို့သော်လည်း လုမင်၏ အကြည့်အောက်တွင် မချိတင်ကဲလေသံဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ၊ တကယ်တော့ ဆယ့်ခြောက်လုံး ခူးလာတာ"
"ငါ မင်းကို မယုံဘူး"
လုမင်က တည်ငြိမ်စွာ ပြောပြန်သည်။
"ကောင်းပြီ... ကောင်းပြီ၊ တကယ်တော့ ဆယ့်ခုနစ်လုံး"
"မင်းကြည့်နေတုန်းပဲလား၊ ဆယ့်ရှစ်ကွာ... ဆယ့်ရှစ်လုံး"
"ဟားဟားဟား၊ နှစ်ဆယ်... နှစ်ဆယ်ပဲ၊ တကယ်ကြီး နှစ်ဆယ်ပါ"
အဆုံးတွင် တန်တန်က ရယ်မောကာ နောက်ထပ် သစ်သီးဆယ်လုံးကို ထွေးထုတ်လိုက်သည်။ ဤသည်က သူ့တွင်ရှိသမျှ အကုန်ဖြစ်ကြောင်းကို ကောင်းကင်နှင့်လည်း ကျိန်ဆိုလိုက်သေးသည်။
လုမင် ဘာပြောရမည်မှန်း မသိတော့ပေ။ ဤအကောင်က သူ့အတွက် သိမ်းထားမည်ဆိုတာ သူ ကောင်းကောင်းသိသည်။
လုမင်လည်း မဆိုင်းမတွဘဲ နောက်ထပ် အသီးသုံးလုံးကို ယူကာ တန်တန်အတွက် ခုနစ်လုံးကို ချန်ထားခဲ့သည်။
တန်တန် သက်ပြင်းချလိုက်၏။ သူသာ ဝိညာဉ်ဆေးပင်များရှာဖွေရန် လုမင်ကို လိုအပ်နေသောကြောင့် မဟုတ်ပါက လမ်းခွဲသွားမိပေလိမ့်မည်။
"ကောင်းကင်မီးငှက်သစ်သစ်သီး ရှစ်လုံး၊ ဒါက ပြီးမြောက်သင့်တယ်"
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ သူက ကောင်းကင်မီးငှက်သစ်သီးတစ်လုံးကို ထုတ်ယူကာ ဝါးမျိုခြင်းစွမ်းအားဖြင့် လွှမ်းခြုံလိုက်၏။ ထို့နောက် ဆေးအာနိသင်အားလုံးကို စုပ်ယူကာ စတင် လေ့ကျင့်လိုက်တော့သည်။
ရှားပါးဝိညာဉ်သစ်သီးဖြစ်သော ကောင်းကင်မီးငှက် သစ်သီးတွင် အဆုံးမဲ့စွမ်းအင်အနှစ်သာရများ ပါရှိသည်။ အခြား ဝိညာဉ်သစ်သီးများနှင့်မတူဘဲ ကောင်းကင်မီးငှက်သစ်သီးရှိ စွမ်းအင်အနှစ်သာရမှာ အလွန်သန့်စင်သည်။ ၎င်းက ကျင့်ကြံသူတစ်ဦး၏ စွမ်းအင်များနှင့် အလွန်ဆင်တူကာ အညစ်အကြေး လုံးဝမရှိပါ။ ၎င်းကို တိုက်ရိုက်သန့်စင်ပြီး မိမိကိုယ်ကို တိုးတက်စေရန်နှင့် နယ်ပယ်ကို ဖြတ်ကျော်ရန် အထောက်အကူပြုနိုင်သည်။
--------