← Chapters

အခန်း ၁၀၃၇

Vol. 70 Ch. 1037

အခန်း ၁၀၃၇

Vol. 70 Ch. 1037

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1037 ) စိတ်ဝိညာဉ်သန့်စင်ခြင်းသစ်သီး။

"ဆရာကြီးကျိုးယန်ဆီကနေ ငါရခဲ့တဲ့ ကျောက်ကြမ်းတွေက ငါးသိန်းလောက်ပဲ ကျန်တော့တယ်။ ဒါပေမဲ့ ဒီအတောအတွင်းမှာ ငါသတ်ခဲ့တဲ့လူတွေရဲ့ သိုလှောင်လက်စွပ်တွေကို မခွဲခြမ်းရသေးဘူး။ အချိန်တန်လို့ ခွဲခြမ်းကြည့်လိုက်ရင်တော့ တစ်ခုခုရဖို့ မျှော်လင့်ရတာပဲ"

လုမင်သည် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်သောအခါ စွမ်းအင် အလွန်လိုအပ်မည်မှန်း သိထားသောကြောင့် ယခုကတည်းက ကျောက်ကြမ်းများကို သိမ်းဆည်းထားလိုခဲ့ပေသည်။

လုမင်လည်း အတွေးတစ်ခုဖြင့် ပန်းချီကားအတွင်းမှ ထွက်ခွာကာ ဆေးဥယျာဉ်အတွင်းပိုင်းသို့ ဆက်လက်ပျံသန်းသွားခဲ့သည်။

ကျင့်ကြံခြင်းအခြေခံ တိုးတက်လာသည်နှင့်အမျှ လုမင်၏ ပျံသန်းမှုအမြန်နှုန်းဟာ ပို၍ မြင့်မားလာခဲ့၏။

မကြာမီ လုမင်က ကီလိုမီတာငါးသောင်းအထိ ပျံသန်းသွားကာ ဆေးဥယျာဉ်၏ နက်ရှိုင်းသောအပိုင်းသို့ ရောက်ရှိလာတော့သည်။

ဆေးဥယျာဉ်၏ ဧရိယာသည် အလွန်ကြီးမားသော်လည်း ကီလိုမီတာ သောင်းဂဏန်းမျှသာ ရှိသည်။

လမ်းတစ်လျှောက်တွင် တန်တန်က ဝိညာဉ်ဆေးပင်များစွာကို ရရှိခဲ့ပေသည်။

"ဟင်"

လုမင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့အရှေ့မှ အကွာအဝေးတစ်ခုတွင် အစိမ်းရောင်အလင်းတစ်ခု လင်းလက်လာခဲ့၏။

"လုမင်၊ အဲဒီမှာ ရှားပါးဆေးပင်တစ်ပင် ရှိတယ်ကွ။ သွားစို့၊ သွားကြရအောင်"

တန်တန်၏ မျက်လုံးများက တောက်ပလာကာ စိတ်လှုပ်ရှားစွာ‌ အော်လိုက်သည်။

"ဆန္ဒမစောစမ်းပါနဲ့၊ အဲ့ဒီမှာ ရှားပါးဆေးပင်တွေ ရှိနေမယ်ဆိုရင်တောင် ဒီအလင်းတန်းက ကျွမ်းကျင်သူတချို့ကို ‌ဆွဲဆောင်ထားမှာ သေချာတယ်။ အဲဒါကို ရဖို့ဆိုရင် သိပ်လွယ်ကူမှာ မဟုတ်ဘူး"

လုမင် ပြောလိုက်၏။ သို့သော်လည်း သူ့တွင် စူးစမ်းလိုစိတ်ရှိနေဆဲဖြစ်ရာ အလင်းတန်းများ ဖြာထွက်သွားသည့် ဦးတည်ရာဆီသို့ ပျံသန်းသွားတော့သည်။

ကီလိုမီတာ ငါးထောင်အကွာသို့ ရောက်သောအခါ တောင်ကြီးတစ်ခုအား မြင်လိုက်ရသည်။ သူ ဤနေရာသို့ ရောက်လာသောအခါ အလင်းရောင်များ ပျောက်ကွယ်သွားခဲ့ပြီ။

"ဟင်၊ ဘာဖြစ်လို့ ဒီမှာတစ်ယောက်မှမရှိတာလဲ"

အခြေအနေက သူတွေးထားသလို မဟုတ်သောကြောင့် လုမင်၏မျက်လုံးများ အရောင်လက်သွားသည်။ အစောပိုင်းမှ ထွက်ပေါ်လာသော အလင်းတန်းသည် ကီလိုမီတာ ငါးထောင် အကွာမှပင် မြင်နိုင်သော်လည်း အဘယ်ကြောင့် ဤနေရာတွင် မည်သူမျှ မရှိကြသနည်း။

အခြေအနေက ထူးခြားလွန်းလှသည်။

"သိပ်သည်းလိုက်တဲ့ ဆေးမွှေးရနံ့ပဲ"

အရှေ့မှ တောင်ဆီသို့ မျှော်ကြည့်ရင်း လုမင်၏ အနံ့ခံရှူရှိုက်လိုက်သလို တန်တန်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

တောင်တန်းအလယ်တွင် ကျယ်ပြောသော ချိုင့်ဝှမ်းတစ်ခု ရှိနေသည်ကို လုမင် သတိပြုမိ၏။ အမြင့် ဆယ်မီတာကျော်ရှိသော သစ်ပင်များစွာလည်း ချိုင့်ဝှမ်းအတွင်းတွင် ပေါက်ရောက်နေခဲ့ကြလေသည်။

သို့သော်လည်း ထူးဆန်းသည်မှာ ဤသစ်ပင်များသည် လုံးလုံးဗလာဖြစ်နေခြင်းပင် ဖြစ်သည်။ ၎င်းတို့တွင် အရွက်တစ်ရွက်မျှမရှိဘဲ အကိုင်းအခက်များပင် ညှိုးနွမ်းနေပုံ ရ၏။ သို့သော်လည်း အပင်တစ်ပင်၏ထိပ်တွင် အသီးတစ်လုံး သီးနေသည်။ မွှေးပျံ့သော ဆေးရနံ့များက ထိုသစ်သီးမှ ထွက်လာနေခြင်း ဖြစ်သည်။

အပင်တစ်ပင်စီတွင် အသီးတစ်လုံးသာ ရှိ၏။ ဤအသီးကို ပျိုးထောင်ရန်အတွက် သစ်ပင်၏ စွမ်းအင်အနှစ်သာရအားလုံးကို အသုံးပြုထားပုံ ရပေသည်။

"ဒါက... စိတ်ဝိညာဉ် သန့်စင်ခြင်း သစ်သီးပဲ"

လုမင်၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်လာပြီး မီးတောက်လောင်လာခဲ့သည်။

သူ့နှလုံးသားမှာလည်း ပြင်းပြစွာ ပူလောင်လာခဲ့၏။

ဤသည်က အမှန်တကယ် စိတ်ဝိညာဉ်သန့်စင်ခြင်း သစ်သီးများပင်လော။ လုမင်လည်း အသက်ရှူသံ မြန်လာခဲ့ရသည်။

ဝိညာဉ်သန့်စင်အသီးက ကောင်းကင်မီးငှက်သစ်သီးထက်ပင် အဖိုးတန်သည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းက အဆများစွာ ပို၍ တန်ဖိုးကြီးပေသည်။

အကြောင်းမှာ ဝိညာဉ်သန့်စင်သစ်သီးက ဝိညာဉ်နတ်ဘုရားကို သိပ်သည်းနိုင်သောကြောင့်ပင် ဖြစ်သည်။

ဟုတ်ပေသည်၊ ဝိညာဉ်နတ်ဘုရားက ၎င်းကို စားသုံးခဲ့လျှင် ဝိညာဉ်နတ်ဘုရားကို ပို၍ပင် ရုပ်ဝတ္တုပီပြင်လာစေနိုင်ခဲ့သည်။

တကယ်တမ်းတွင် ဝိညာဉ်နတ်ဘုရားနယ်ပယ်၌ တာအိုကို နားလည်ဆင်ခြင်ရင်း တစ်ဖက်မှာလည်း ဝိညာဉ်နတ်ဘုရားကို ပေါင်းစည်းကြရသည်။

ဝိညာဉ်သန့်စင်ခြင်းအသီးသည် ဝိညာဉ်နတ်ဘုရားများအတွက် အလွန် သွေးဆောင်မှုရှိပေသည်။

သို့ရာတွင် ဝိညာဉ်သန္ဓေသားနယ်ပယ် ကျင့်ကြံသူများအတွက် ပို၍ပင် ဆွဲဆောင်မှုကြီးသည်။

အကြောင်းမှာ ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ် ကျင့်ကြံသူက ဝိညာဉ်သန့်စင်ခြင်း အသီးကို စားသုံးသောအခါ ဆေးစွမ်းအင်က ၎င်းတို့၏ ဝိညာဉ်သန္ဓေသားအတွင်းသို့ စိမ့်ဝင်သွားသောကြောင့် ဖြစ်သည်။ သူတို့က ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်သွားသောအခါ သူတို့၏ဝိညာဉ်နတ်ဘုရားက သန္ဓေသားအဖြစ်မှ ခွဲထွက်ပြီး ပို၍ပင် ခိုင်မာလာလိမ့်မည်။

တစ်ဦးတစ်ယောက်အဖို့ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရာတွင် ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်သန်းကြရသည်။ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရာတွင် ဝိညာဉ်နတ်ဘုရားကခိုင်မာလေ၊ ကောင်းကင်ကပ်ဘေးဒုက္ခာကိုဖြတ်ကျော်ရန် အခွင့်အလမ်း ပိုများလေ ဖြစ်သည်။

ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ် ကျင့်ကြံသူများအတွက်၊ ဤအရာသည် ရိုးရိုးရှင်းရှင်း အမြင့်မြတ်ဆုံးရတနာတစ်ခု ဖြစ်ပေသည်။ သို့ဖြစ်ပေရာ လုမင် အလွန်စိတ်လှုပ်ရှားသွားတာ အံ့ဩစရာမရှိတော့ပေ။

အောက်ချိုင့်ဝှမ်းတွင် စိတ်ဝိညာဉ်သန့်စင်ခြင်း သစ်သီးပင်တစ်ရာကျော် ရှိသည်။ ဆိုလိုသည်ကား စိတ်ဝိညာဉ်သန့်စင်ခြင်း သစ်သီးတစ်ရာကျော်ရှိသော အဓိပ္ပာယ်ပင် ဖြစ်ပေသည်။ ဤသတင်းများ ပျံ့သွားခဲ့လျှင် ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ်မှ ကျင့်ကြံသူအားလုံး ရူးသွပ်သွားနိုင်သည်။

"ဟားဟားဟား၊ လုမင်... စိတ်ဝိညာဉ်သန့်စင်ခြင်းသစ်သီးတွေ အများကြီးပဲဟေ့။ လုမင်၊ မင်းတော့ ချမ်းသာပြီ"

တန်တန်က အလွန်စိတ်လှုပ်ရှားသွားကာ ရယ်မောလိုက်သည်။

"ဒါပေမဲ့ ဘာလို့ ဒီမှာ တစ်ယောက်မှ မရှိတာလဲ"

လုမင်က စိတ်ဝိညာဉ်သန့်စင်ခြင်းသစ်သီးကြောင့် စိတ်လှုပ်ရှားသွားသော်လည်း အသိစိတ်မပျောက်ပေ။ ဤမျှ ထင်ရှားသွားသောနေရာတွင် ဘာကြောင့် တစ်ယောက်မျှ မရှိပါသနည်း။ သူက ပထမဆုံး ရောက်လာခြင်းပင် ဖြစ်နေပါသလော။

"ငါ ဂရုမစိုက်တော့ဘူး"

လုမင်လည်း စိတ်ဝိညာဉ်သန့်စင်ခြင်းသစ်သီးကို ဦးစွာဆွတ်ခူးရန် ဆုံးဖြတ်ခဲ့သည်။

"အစ်ကိုလု၊ ခဏ…"

ထိုအချိန်တွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ကျင်းခုန်းလင်"

ကျင်းခုန်းလင်၏အသံကို သတိပြုမိသောအခါ လုမင် မျက်လုံးအရောင်လက်သွား၏။

အောက်ခြေတောင်ထွတ်တစ်ခုတွင် ရုတ်တရက် လှိုင်းလုံးကြီးတစ်ခုနှင့် ပုံရိပ်နှစ်ခု ပေါ်လာသည်။

ထိုသည်မှာ ချောမောလှပသော မိန်းကလေးနှစ်ယောက်ဖြစ်သည့် စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်တို့ ဖြစ်ပေသည်။

ယခုလေးတင် လှုပ်ရှားသွားသော လှိုင်းလုံးကြီးက စန္ဒကူးနတ်သမီး ဖွဲ့စည်းထားသော ဝင်္ကပါတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ လုမင်ဟာ သူတို့နှစ်ယောက်ကို ဤနေရာတွင်တွေ့ရမည်ဟု မမျှော်လင့်ထားပေ။

"အစ်ကို၊ စကားပြောကြရအောင်"

ကျင်းခုန်းလင်က အခြားသူများကြားမည်ကို စိုးရိမ်ဟန်ဖြင့် လုမင်ထံသို့ အသံပို့လွှတ်ကာ ပြောလိုက်သည်။

လုမင်လည်း အောက်သို့ ဆင်းသက်သွားကာ ဝင်္ကပါအတွင်းသို့ ဝင်လိုက်သည်။ စန္ဒကူးနတ်သမီးက ဤနေရာတွင် ပုံရိပ်ယောင်ဝင်္ကပါတစ်ခုကို တည်ဆောက်ထားကြောင်း ထိုမှသာ သူသဘောပေါက်သွားခဲ့သည်။

"နတ်သမီး၊ မိန်းကလေးခုန်းလင်၊ ဘာတွေဖြစ်နေတာလဲ"

လုမင် မေးလိုက်သည်။

ပုံစံအရ ကျင်းခုန်းလင်နှင့် စန္ဒကူးနတ်သမီးသည် ဤနေရာကို ကြာမြင့်စွာကတည်းက ရောက်ရှိလာသင့်သည်။ သို့ရာတွင် စိတ်ဝိညာဉ်သန့်စင်ခြင်းသစ်သီးကို မခူးဆွတ်ခဲ့ကြပေ။ ယင်းအစား၊ သူတို့သည် ဤတောင်ထိပ်တွင် ပုန်းအောင်းနေပြီး မိမိတို့ကိုယ်ကို ဖုံးကွယ်ရန် ဝင်္ကပါတစ်ခု ရေးထိုးထားခဲ့သည်။

"စိတ်ဝိညာဉ် သန့်စင်ခြင်းသစ်သီးပင်တွေမှာ သွေးတစ္ဆေပင့်ကူတွေ အများကြီး ရှိတယ်။ သူတို့ထဲမှာ ဝိညာဉ်နတ်ဘုရားနယ်ပယ် သွေးတစ္ဆေပင့်ကူတွေတောင် ရှိတယ်လေ။ ‌အ‌လျင်စလို ဝင်သွားရင်တော့ သေမှာပဲ"

စန္ဒကူးနတ်သမီးက ရှင်းပြလိုက်သည်။

"ဘာ၊ သွေးဝိညာဥ်ပင့်ကူတွေလား"

လုမင် အံ့သြသွား၏။

"ဟုတ်တယ်၊ အစောပိုင်းက အလင်းတန်းကိုမြင်လို့ နင် ရောက်လာခဲ့တာမဟုတ်လား။ တကယ်တမ်း သွေးအေးနန်းတော်က နင့်ကိုဆွဲဆောင်ဖို့အတွက် ဝိညာဉ်ဆေးပင်တွေကို တမင်တကာသုံးခဲ့တာ။ သူတို့က တခြားသူတွေကို ချိုင့်ဝှမ်းထဲဝင်ဖို့ဆွဲဆောင်ပြီး သွေးတစ္ဆေပင့်ကူတွေကို ဖြေရှင်းပေးစေချင်နေတာလေ။ အဲဒါကို ငါက စောစောသိလိုက်လို့ ဒီမှာပုန်းနေပြီး အခွင့်အရေးကို စောင့်နေတာ…"

စန္ဒကူးနတ်သမီး၏ ရှင်းပြချက်အပြီးတွင် လုမင် ရုတ်တရက် နားလည်သွားသည်။

သွေးအေးနန်းတော်သည် စိတ်ဝိညာဉ်သန့်စင်ခြင်းသစ်သီးကို ဦးစွာရှာဖွေတွေ့ရှိခဲ့သော်လည်း အစွမ်းထက်သောသွေးဝိဥာဉ်ပင့်ကူများကို ၎င်းတို့ကိုယ်တိုင် မကိုင်တွယ်နိုင်ခဲ့သောကြောင့် သွေးဝိညာဉ်ပင့်ကူများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီရန်အတွက် သွေးဆောင်လိုခဲ့သည်။ သို့မှသာ အကျိုးအမြတ် ရရှိနိုင်လိမ့်မည်။

စန္ဒကူးနတ်သမီးက ထိုလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ရာ ဤနေရာတွင် ပုန်းခိုရန် လျှို့ဝှက်ဝင်္ကပါတစ်ခုကို တည်ထောင်ခဲ့ပေသည်။ သူမက ကျင်းခုန်းလင်ကို တားဆီးထားခဲ့သူလည်း ဖြစ်သည်။

ယခုဆိုလျှင်အထဲမှာ လူအုပ်စု အတော်များများ သေဆုံးပြီးသွားပြီ။

"သွေးအေးနန်းတော်က တခြားသူတွေကို ဆွဲဆောင်ဖို့ ထွက်သွားတာ။ ခဏကြာရင်တော့ ပြန်လာမယ်ထင်တယ်"

စန္ဒကူးနတ်သမီးက ပြောလိုက်သည်။

စန္ဒကူးနတ်သမီး စကားဆုံးသည်နှင့် သုံးယောက်သား မြောက်ဘက်ကို မျှော်ကြည့်လိုက်ကြသည်။ ထိုနေရာ၌ သွေးနီရောင်အလင်းတန်း သုံးခုသည် လျင်မြန်စွာ ပျံသန်းလာကြ၏။ ၎င်းတို့က တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်ကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

"ဝိညာဉ်နတ်ဘုရားသုံးပါး"

လုမင်၏ မျက်လုံးများ အရောင်လက်သွားသည်။

သွေးအေစနန်းတော်မှ လူသုံးယောက်စလုံးက ဝိညာဉ်နတ်ဘုရားများဖြစ်သည်။ ထိုအထဲမှ နှစ်ယောက်ကို လုမင် ယခင်က တွေ့ဖူး၏။

တစ်ယောက်က မုတ်ဆိတ်မွေးနှင့်လူဖြစ်ပြီး နောက်တစ်ယောက်ကတော့ လုမင်၊ ချူခွမ်းနှင့် ကျန်းဝမ်ကျင်းတို့ တွေ့ဆုံခဲ့ဖူးသော ဒဏ်ရာရ သွေးအေးနန်းတော်မှ ကျွမ်းကျင်သူ ဖြစ်သည်။

သွေးအေးနန်းတော်၏ ကျွမ်းကျင်သူ သုံးဦးက တောင်ထိပ်တစ်ခုတွင် လျှို့ဝှက်စွာဖြင့် ပုန်းကွယ်နေခဲ့ကြပေသည်။

မကြာမီ၊ နောက်ထပ် အလင်းတန်းတစ်ခု လင်းလက်လာပြီး ပုံရိပ်ခြောက်ခုက လျင်မြန်စွာ ပျံသန်းလာခဲ့သည်။

ပုံရိပ်ခြောက်ခုတွင် ဆံပင်ဖြူ သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်း အမျိုးသားများ ပါ၀င်သော်လည်း ၎င်းတို့အားလုံး၏ အရှိန်အဝါများကတော့ အလွန်ပြင်းထန်သည်။ အားအနည်းဆုံးက အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ်ဖြစ်ကာ ပြီးပြည့်စုံစေသော ဝိညာဉ်သန္ဓေသားနယ်ပယ် ကျွမ်းကျင်သူတချို့ပင် ရှိပေသည်။

"အဲ၊ ဒီဘက်ကို ဦးတည်နေတဲ့ အလင်းရောင်စဥ်တန်းတစ်ခုကို ရှင်းရှင်းလင်းလင်း ငါမြင်လိုက်ရပါတယ်။ ဒါက ဘာဖြစ်လို့ ရုတ်တရက် ပျောက်သွားရတာလဲ"

လူကြီးတစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဟင်... အဲဒါ စိတ်ဝိညာဉ် သန့်စင်မှု သစ်သီးပဲ"

ရုတ်တရက် သူတို့ထဲမှ တစ်ယောက်က ထအော်လိုက်၏။

အခြားသူများကလည်း ချိုင့်ဝှမ်းကိုကြည့်ကာ သူတို့၏မျက်လုံးများ ပူလောင်လာတော့သည်။

"ဒါ စိတ်ဝိညာဉ်သန့်စင်မှုသစ်သီးပဲ...၊ အဲဒါက တကယ်ကို စိတ်ဝိညာဉ်သန့်စင်မှု အသီးတွေပဲ။ ဒီမှာ အများကြီး ရှိတယ်"

လူခြောက်ယောက်စလုံးက ရူးသွပ်မှုနှင့် လောဘကို လှစ်ဟလာကြသည်။

--------

All Chapters