← Chapters

အခန်း ၁၀၄၀

Vol. 70 Ch. 1040

အခန်း ၁၀၄၀

Vol. 70 Ch. 1040

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1040 ) ကံမကောင်း ‌အကြောင်းမလှ။

လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တစ်ချက်လက်ပြီး တောင်တန်းနှင့်မြစ်ပြင် ပန်းချီကား ပေါ်လာသည်။ ပန်းချီစာလိပ်က လျင်မြန်စွာ ကျယ်ပြန့်လာကာ လုမင်၊ စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်တို့ အနီးတစ်ဝိုက်တွင် ရစ်ပတ်သွား၏။

တစ်ချိန်တည်းမှာပင် လုမင်က သွေးရောင်မျှော်စင်အား လက်သီးချက် တစ်ဒါဇင်ခန့် ထိုးချလိုက်သည်။

ကျင်းခုန်းလင်ကလည်း အော်ဟစ်ကာ လက်ကို ဝှေ့ယမ်းသည်။ ရေ အစစ်အမှန်နဂါးနှစ်ကောင်က သွေးရောင်မျှော်စင်ထံသို့ ပြေးသွား၏။

စန္ဒကူးနံ့နတ်သမီးကမူ၊ သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဆေးကိုးလုံးက သွေးရောင်မျှော်စင်ထံသို့ ပစ်လွင့်သွားခဲ့သည်။ အံ့ဖွယ်ကောင်းအောင်၊ လမ်းတစ်ဝက်ရောက်သောအခါတွင် ဆေးကိုးလုံးက တောက်ပလာပြီး ၎င်းတို့ပေါ်တွင် ကမ္ပည်းစာများ ပေါ်လာကြ၏။ ထို့နောက်မှာတော့ ပေါက်ကွဲကာ ဓားကိုးချောင်းအဖြစ် ပြောင်းလဲသွားပြီး သွေးရောင်မျှော်စင်ကို ခုတ်ပိုင်းလိုက်တော့သည်။

ဆေးဝါးများကို လက်နက်များအဖြစ် သန့်စင်ခြင်း။

လုမင်၏ မျက်လုံးများက အံ့အားသင့်မှုများဖြင့် တောက်ပလာခဲ့သည်။ စန္ဒကူးနတ်သမီး၏ ဆေးပညာက အမှန်တကယ်ပင် နားမလည်နိုင်သောအဆင့်သို့ ရောက်ရှိနေခဲ့ပြီ။ သူမက ဆေးလုံးများကို လက်နက်အဖြစ် အမှန်တကယ် သန့်စင်ပေးနိုင်သည်။

ဆေးတစ်လုံးက အဆုံးမဲ့စွမ်းအားများနှင့် ကြောက်စရာကောင်းသော ဝိညာဉ်လက်နက်တစ်ခု ဖြစ်နေသည်။

"ဝုန်း ဝုန်း ဝုန်း"

သူတို့သုံးယောက်၏ တိုက်ခိုက်မှုက သွေးရောင်မျှော်စင်နှင့် တိုက်မိသွားခဲ့သည်။ သွေးရောင်မျှော်စင်ကို အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့သော်လည်း ၎င်းတို့၏ တိုက်ခိုက်မှုများပါ ပြိုကျခဲ့ရ၏။ သူတို့ဆီသို့ ပြင်းထန်သော စွမ်းအားတစ်ခု တိုးလာနေသည်ကိုသာ ခံစားလိုက်ရပြီး ၎င်းတို့၏ ခန္ဓာကိုယ်များ အနည်းငယ် တုန်လှုပ်သွားတော့သည်။

သွေးရောင်မျှော်စင်၏စွမ်းအားက မုတ်ဆိတ်နှင့်လူ၊ သွေးရောင်ဝတ်လူကြီးထက် များစွာပို၍အားကောင်းသည်။

"အမြန်သွား"

သွေးရောင်‌မျှော်စင်ကို ပိတ်ဆို့ပြီးနောက် သူတို့သုံး​ယောက်​ဟာ ပြေးထွက်သွားကြသည်။ သို့သော်လည်း ထိုအချိန်တွင် မုတ်ဆိတ်လူနှင့် သွေးရောင်ဝတ်လူကြီးက တိုက်ခိုက်လာကြ၏၏။ သွေးရောင်မျှော်စင်ကလည်း လိုက်လာပေရာ လုမင်နှင့် အခြားလူနှစ်ယောက်ကို ဝိုင်းရံထားမိပြန်တော့သည်။

လုမင်တို့သုံးယောက်လည်း ခဏချင်း ရုန်းမထွက်နိုင်ဘဲ ခုခံကာကွယ်ရန်သာ အစွမ်းကုန် ကြိုးစားခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် တောင်နှင့်မြစ်ပန်းချီကား၏ ကာကွယ်မှုဖြင့်၊ ၎င်းတို့သုံးဦးသည် ကာကွယ်ရေးကို လျှော့ချနိုင်ပြီး တိုက်ခိုက်မှုပိုင်းတွင် စွမ်းအားပို၍သုံးနိုင်သည်။

လုမင်နှင့် ကျင်းခုန်းလင်က သွေးရောင်မျှော်စင်နှင့် သွေးရောင်ဝတ်လူကြီးကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ စန္ဒကူးနတ်သမီး၏ ခန္ဓာကိုယ်က တောက်ပနေကာ ရောင်စုံအလင်းများ အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။ သူမကို ကြည့်ရသည်မှာ လှပသော်လည်း သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ စန္ဒကူးနတ်သမီးက သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ‌ဆေးလုံးများက လေထဲတွင် တစ်ခုပြီးတစ်ခု ပျံ့လွင့်သွားပြီး အံ့သြဖွယ်ကောင်းသော ဝင်္ကပါတစ်ခု ဖြစ်လာခဲ့၏။ စန္ဒကူးနတ်သမီးက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကိုပြသကာ မုတ်ဆိတ်နှင့်လူကို ပြင်းပြင်းထန်ထန် တိုက်ခိုက်‌လိုက်တော့သည်။

သို့တိုင်၊ သူတို့သုံးယောက်က အားနည်းနေဆဲပင်။

အဓိက အကြောင်းအရင်းမှာ သွေးရောင်မျှော်စင်က အစွမ်းထက်လွန်းသောကြောင့်ပင် ဖြစ်သည်။

လုမင်စိတ်ထဲတွင် တဖြည်းဖြည်း လှုပ်ရှားလာသည်။ ဤအတိုင်းဆက်သွားနေလျှင် သူ၏ ခွန်အားအပြည့် အသုံးပြုရန်မှတပါး၊ အခြား ရွေးချယ်စရာရှိတော့မည် မဟုတ်ပေ။

သူ၏ ခွန်အားကို အပြည့်အ၀ထုတ်ဖော်ပါက သွေးရောင်မျှော်စင်ထက် အားနည်းမည်မဟုတ်ဟု သူယုံကြည်မှုရှိသည်။

"ဝုန်း"

သို့သော်လည်း ဤအခိုက်တွင် မိုးနှင့်မြေကြား၌ ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ မြေပြင်က တုန်ခါသွားကာ ကောင်းကင်ကြီးပင် ပေါက်ကွဲသွား၏။

မရေတွက်နိုင်အောင် တောက်ပနေသော မီးရှူးမီးပန်းများက တပြိုင်နက်တည်း ပေါက်ကွဲသွားသကဲ့သို့ ကောင်းကင်တွင် ပြိုးပြိုးပြက်ပြက်လက်နေသော မီးအလင်းများကို လူတိုင်း မြင်လိုက်ရတော့သည်။

"တင်္ကပါ၊ ဝင်္ကပါ ပေါက်ကွဲသွားပြီ။ ဘာတွေဖြစ်သွားတာလဲ"

စန္ဒကူးနတ်သမီးက ခပ်တိုးတိုး ပြောလိုက်သည်။

လုမင်လည်း တုန်လှုပ်သွား၏။ ဤဆေးဥယျာဉ်ကို ကြီးမားသော ဝင်္ကပါကြီးတစ်ခုဖြင့် ဝန်းရံထားကြောင်း သူ သတိရမိသည်။ ယခင်ကတော့ သွေးအေးနန်းတော်မှ ကျွမ်းကျင်သူကြောင့် ထောင့်စွန်းတစ်ခုသာ ကျိုးပေါက်ခဲ့ပေသည်။ ယခုမူ၊ ဝင်္ကပါတစ်ခုလုံး ပြိုကျသွားပုံရ၍ ဆေးဥယျာဉ်တစ်ခုလုံး ပြန်ပေါ်လာတော့မည် ဖြစ်သည်။

"သေစမ်း၊ တခြားတစ်ယောက်ယောက်က ရသွားပြီ"

ထိုအချိန်တွင် သွေးရောင်မျှော်စင်အတွင်းမှ အံ့အားသင့်စွာ အော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်။

"ဘာ၊ တခြားတစ်ယောက်က ယူသွားပြီလား"

မုတ်ဆိတ်ဖြင့်လူနှင့် သွေးရောင်ဝတ်အဘိုးကြီးလည်း အော်ဟစ်လိုက်၏။ သူတို့နှစ်ဦးက လုမင်တို့ကို မတိုက်ခိုက်တော့ဘဲ နောက်ပြန်ဆုတ်သွားခဲ့ကြသည်။ ထို့နောက် အသံလွှင့်ကျောက်စိမ်း ကမ္ပည်းပြားများကို အသီးသီး ထုတ်ယူကြည့်လိုက်ကြ၏။ ချက်ချင်းပင် သူတို့ မျက်နှာပျက်သွားကြတော့သည်။

"ဝမ်"

သွေးရောင်မျှော်စင်က တုန်ခါသွားကာ လူလတ်ပိုင်းကြီးအသွင်သို့ ပြောင်းလဲခဲ့သွားသည်။

"ဒါက ပိုအရေးကြီးတယ်ဟေ့။ သံသယရှိသူကိုမှန်သမျှ သွားဖမ်းကြရအောင်"

လူလတ်ပိုင်းကြီးက ပြောလိုက်သည်။

"ကောင်လေး၊ မင်း ဒီနေ့ ကံကောင်းသွားတယ်"

မုတ်ဆိတ်ဖြင့်လူက လုမင်တို့ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက်မှာတော့ သွေးအေးနန်းတော်မှ ကျွမ်းကျင်သူသုံးဦးစလုံး နောက်လှည့်ကာ ထွက်ခွာသွားတော့သည်။

လုမင်၊ စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်လည်း တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

'သွေးအေးနန်းတော်က ဒီရှေးဟောင်းဆေးဥယျာဉ်ကို ဖွင့်လိုက်တာ... ဒီမှာ ပိုအရေးကြီးတဲ့ ရတနာ ဒါမှမဟုတ် တစ်ခုခု ရှိနေပုံရတယ်၊ ဒါပေမယ့် အခုတော့ တခြားတစ်ယောက်ယောက်က သိမ်းသွားပုံပဲ'

လုမင် မှန်းဆကြည့်လိုက်သည်။

ထိုရတနာ၏တန်ဖိုးက ဝိညာဉ်သန့်စင်ခြင်း သစ်သီးများထက် အဆများစွာ တန်ဖိုးရှိနေသည်မှာ သိသာထင်ရှားလှပေသည်။ ထို့ကြောင့်ပင် မုတ်ဆိတ်ကြီးနှင့် အခြားသူများက လုမင်တို့ကို ချန်ထားခဲ့ကာ ထိုရတနာနောက်သို့ လိုက်သွားခဲ့ပင် ဖြစ်မည်။

ထို့ပြင် လုမင်တို့ကို အချိန်တိုအတွင်း ဖယ်ရှားနိုင်မည်ဟု မယုံကြည်သောကြောင့်လည်း ဖြစ်ပေသည်။

"သွားရအောင်၊ ဒီဆေးဥယျာဉ်ကနေ အရင်ထွက်သွားကြစို့"

လုမင် ပြောလိုက်သည်။

စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်လည်း ခေါင်းညိတ်ကာ အနောက်ဘက်သို့ အတူတကွ ပျံသန်းသွားတော့သည်။

ဤကဲ့သို့ ကြီးမားသော လှုပ်ရှားမှုကြီးအပြီးတွင် ကျွမ်းကျင်သူများ ပို၍ များပြားလာမည်မှာ သေချာသည်။ ဤဆေးဥယျာဉ်က အကြာကြီးနေရန် နေရာကောင်းမဟုတ်သောကြောင့် ဦးစွာထွက်ခွာခြင်းက ပို၍ကောင်းပေသည်။

လမ်းတစ်လျှောက်မှာတော့ နောက်ထပ် မတော်တဆမှုများ မရှိတော့ပေ။ သူတို့သုံးယောက်ဟာ ဆေးဥယျာဉ်နှင့် မိုင်တစ်သိန်းအကွာအထိ ပျံသန်းလာပြီးမှ ရပ်တန့်လိုက်ကြသည်။

"တန်တန်၊ စိတ်ဝိညာဉ် သန့်စင်ခြင်း သစ်သီးအားလုံးကို ထုတ်လိုက်ပါ"

တောင်ထိပ်တစ်ခုပေါ်တွင် ဆင်းသက်ပြီးသောအခါ လုမင်က တန်တန်ကို ကြည့်ကာပြောလိုက်သည်။

"ဘာတုန်းဟ၊ ဒါတွေကို ငါခူးလာတာလေ"

တန်တန်က တစ်ဖက်လှည့်နေကာ လုမင်ကို မကြည့်ပေ။

"ဝိညာဉ် သန့်စင်ခြင်း သစ်သီးတွေက ပြီးပြည့်စုံတဲ့ ဝိညာဉ်သန္ဓေသားနယ်ပယ် ဒါမှမဟုတ် ဝိညာဉ်နတ်ဘုရားတွေအတွက် အင်မတန် အသုံးဝင်ပါတယ်၊ ဒါပေမဲ့ ဒါက အခြားဝိညာဉ်ဆေးပင်တွေလိုမျိုး မင်းအတွက်တော့ အသုံးမဝင်‌ဘူးလေ။ ဒါတွေ မင်းကိုပေးလိုက်တာက ဖြုန်းတီးတာပဲ မဟုတ်ဘူးလား။ လုပ်စမ်းပါ... အမြန်ထုတ်လိုက်၊ ဒါက စန္ဒကူးနတ်သမီးနဲ့ မိန်း‌ကလေးခုန်းလင်နဲ့လည်း သက်ဆိုင်တယ်"

လုမင်က တန်တန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

ဤအကောင်က အားလုံးကို သိမ်းပိုက်ချင်နေပါသေးသည်။

အဆုံးတွင်၊ လုမင်၏ ခြိမ်းခြောက်သောအကြည့်အောက်၌ တန်တန့်မှာ ဝိညာဉ်သန့်စင်ခြင်းသစ်သီး တစ်ရာကျော်ကို ထွေးထုတ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

သို့သော်လည်း၊ ဤသည်မှာ ဝိညာဉ်သန့်စင်ခြင်းသစ်သီးများက တန်တန့်အတွက် များစွာ အသုံးမဝင်သောကြောင့် ဖြစ်သည်။ မဟုတ်လျှင် သူတို့ကို လွှဲပြောင်းပေးရန် ဆန္ဒရှိမည် မဟုတ်ပေ။

"စန္ဒကူးနတ်သမီး၊ မိန်းကလေးခုန်းလင်… စုစုပေါင်း ဝိညာဉ်သန့်စင်ခြင်း သစ်သီး တစ်ရာနှစ်လုံးရှိပါတယ်။ တစ်ယောက်ကို သုံးဆယ့်လေးလုံးစီ ယူကြမယ်ဆိုရင် မင်းတို့ ဘယ်လိုထင်လဲ"

လုမင်က ဝိညာဉ်သန့်စင်ခြင်းသစ်သီးများကို သုံးစုပုံပြီး စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်အား ခွဲဝေပေးလိုက်သည်။

ယခုတစ်ကြိမ်တွင် စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်အား ကျေးဇူးတင်ရမည် ဖြစ်သည်။ မဟုတ်ပါက ချိုင့်ဝှမ်းထဲသို့ အလောတကြီး ပြေးဝင်မိကာ သွေးအေးနန်းတော်၏ ထောင်ချောက်ထဲသို့ ကျသွားပေလိမ့်မည်။ အဆုံးတွင် ဝိညာဉ်သန့်စင်ခြင်းသစ်သီးများကို မရဘဲ ပျက်ဆီးခြင်းသာ ဆိုက်ရမည် ဖြစ်သည်။

စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်လည်း ဟန်ဆောင်မနေတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ယူသွားလိုက်ကြသည်။

ဝိညာဉ်သန့်စင်ခြင်းသစ်သီးများက ၎င်းတို့အတွက် အသုံးဝင်လွန်းလှပေသည်။

စန္ဒကူးနတ်သမီးက သိုင်းတာအိုအဓိက မဟုတ်သော်လည်း၊ အဆင့်ရှစ်ကမ္ပည်းသခင်သို့ ဖြတ်ကျော်ရန် အလွန်အသုံးဝင်မည့် ဆေးတစ်မျိုးကို ပြန်လည်သန့်စင်ရန်အတွက် ဝိညာဉ်သန့်စင်ခြင်းသစ်သီးများကို အသုံးပြုနိုင်သည်။

"ကောင်လေး၊ မင်းက မိန်းမတွေကို သူငယ်ချင်းထက် တန်ဖိုးထားတတ်တဲ့ ကောင်ပဲ။ ငါခူးထားတဲ့ သစ်သီးတွေနဲ့ အလှလေးတွေရဲ့ နှလုံးသားကို အနိုင်ယူတာကိုတော့ ငါလက်မခံနိုင်ဘူး။ မိန်းမလှလေးတွေ... ဒီစိတ်ဝိညာဉ်သန့်စင်ခြင်းသစ်သီးကို ခူးဆွတ်ခဲ့တဲ့သူက ဒီကိုယ်တော်ဆိုတာ သိထားပါ။ မင်းလေးတို့ရဲ့ မျက်နှာသာပေးမှုကို ရသင့်တဲ့လူက လုမင် မဟုတ်ဘူး"

တန်တန်က မကျေမနပ်ဖြင့် အော်လိုက်သည်။ ထို့နောက် အရောင်လက်နေသော မျက်လုံးများဖြင့် စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်ကို ကြည့်လိုက်၏။

"ခစ်ခစ်ခစ်၊ သခင်လေးလု၊ နင့်ရဲ့ ဝိညာဉ်သားရဲက တကယ်ထူးဆန်းတာပဲ"

စန္ဒကူးနတ်သမီးက တခစ်ခစ်ရယ်ပြီး တန်တန်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

ကျင်းခုန်းလင်လည်း ထို့အတူပင်။ လုမင်၏ ဝိညာဉ်သားက လိပ်လေးတစ်ကောင်ဖြစ်ပြီး ကမ္ပည်းများပင် ရေးထိုးနိုင်သည်။ ဤသည်က တကယ့်ကို အံ့သြစရာပင်။

နောက်ဆုံးတွင်၊ ကမ္ပည်းဝင်္ကပါ ရေးထိုးနိုင်သော မွန်းစတားသားရဲတစ်ကောင်ကိုမျှ မတွေ့ဖူးကြပါချေ။

"ဟားဟားဟား၊ အလှလေးတို့... တကယ်တော့ ဒီကိုယ်တော်ဟာ ထိပ်တန်း စစ်သားရဲဆယ်ကောင်ရဲ့ ခေါင်းဆောင်ပဲ။ ငါက ကမ္ဘာမှာ ပြိုင်ဘက်ကင်းပြီး အင်မတန် အစွမ်းထက်တယ်။ ငါဘယ်သွားသွား စကြာဝဠာကြီးတစ်ခုလုံးက အားလုံး ဦးညွတ်ကြရတာချည်းပဲ။ ဒါထက်... မင်းတို့နှစ်ယောက်က မဆိုးဘူးလို့ ငါထင်တယ်။ ဒီလိုဆိုရင်ကော… မင်းတို့ကို ငါ့အစေခံအဖြစ် ဝန်လေးပေမဲ့ လက်ခံလိုက်မယ်။ မင်းတို့ ဘယ်လိုထင်လဲ"

တန်တန်သည် သူ့ကိုယ်သူ လွန်စွာမှ အရှိန်အဝါကြီးမည်ဟု ထင်ရသော ပုံစံမျိုးဖြင့် လုမင်၏ပုခုံးပေါ်တွင် ‌ခြေနှစ်ဖက်ဖြင့်မတ်တပ်နေကာ ပြောလိုက်သည်။

လုမင်ကတော့ ၎င်းကို ချက်ချင်း ကိုင်ပေါက်ချင်စိတ် ဖြစ်သွားမိလေသည်။

တန်တန်၏ ဤပုံစံက စန္ဒကူးနတ်သမီးကို တခစ်ခစ်ဖြင့် ရယ်မောစေခဲ့သည်။ အမြဲတစေ အေးစက်စက်ရှိသော ကျင်းခုန်းလင်သည်ပင် အပြုံးတစ်ခု ရှိနေတော့သည်။

"သခင်လေးလု၊ ငါ့ကို နင့်ဝိညာဉ်သားရဲ ရက်နည်းနည်းလောက် ဘာလို့မငှားတာလဲ"

စန္ဒကူးနတ်သမီးက ပြုံးကာ ပြောလိုက်သည်။

"ဟုတ်ပြီ"

လုမင်က ဘာမျှပြန်မပြောနိုင်မီ တန်တန်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။ သူက စန္ဒကူးနတ်သမီး၏ ရင်ခွင်ထဲကို ခုန်ဝင်သွားခဲ့၏။ သူ၏ လက်သေးသေးလေးများဖြင့် အင်္ကျီ အနားစကိုဆုပ်ကိုင်ထားကာ ပြောလိုက်သည်။

"အလှလေး... ငါနဲ့ ဘယ်လိုကစားချင်လို့လဲ"

ပြောရင်းဖြင့် တန်တန်သည် ဆိုးရွားသော အမူအရာဖြင့် ပြုံးလိုက်သည်။

--------

All Chapters