← Chapters

အခန်း ၁၀၄၁

Vol. 70 Ch. 1041

အခန်း ၁၀၄၁

Vol. 70 Ch. 1041

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1041 ) လမ်း ပိတ်ဆို့ထားခြင်း။

"နင်... နင်... လိပ်စုတ်"

စန္ဒကူးနတ်သမီး၏မျက်နှာက နီမြန်းလာကာ တန်တန်ကို ရိုက်ထုတ်လိုက်သည်။

ဘေးနားတွင် ရပ်နေသော ကျင်းခုန်းလင်လည်း ရှက်ရွံ့ကာ မျက်နှာအနည်းငယ် နီရဲသွား၏။ သူမနှင့် စန္ဒကူးနတ်သမီးက လုမင်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်သည်။

"လုရှောက်ချင်း၊ နင့်ကို ဒီလိုလူတစ်ယောက်ဖြစ်ဖို့ ငါမမျှော်လင့်ထားဘူး။ နင့်ရဲ့ ဝိညာဉ်သားရဲကိုတောင် ဒီလိုဖြစ်အောင်သင်ပေးထားခဲ့တယ်"

စန္ဒကူးနတ်သမီးက လုမင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်သည်။

လုမင်လည်း မျက်နှာရှုံ့မဲ့သွားကာ တစ်ခုခုမှားနေသည့်နှယ် ခံစားလိုက်ရ၏။

သူက တန်တန်ကို သင်ပေးခဲ့ခြင်းမဟုတ်ပေ။ ထိုအကောင်မှာ အစကတည်းက မြေခွေးအိုကြီးတစ်ကောင် ဖြစ်သည်။

သို့သော် စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်တို့၏အမြင်တွင် တန်တန်က လုမင်၏ ဝိညာဉ်သားရဲဖြစ်သည်။ ထို့ပြင် ငယ်ရွယ်သေးပုံရသောကြောင့် လုမင်မှ သင်ကြားပေးထားခြင်းသာ ဖြစ်ရမည်။ ဝိညာဉ်သားရဲတစ်ကောင်ပင် ဤမျှ အရှက်မဲ့ပြီး ပေါက်ကရလုပ်တတ်ပါက သခင်မှာလည်း အလားတူဖြစ်နိုင်သည်။

လုမင်လည်း တန်တန်ကို စိတ်ထဲမှ ကြိန်ဖန်များစွာ ကျိန်ဆဲပစ်လိုက်သည်။ သူ တကယ်ကို ဆွံ့အရပေသည်။

ဤအကောင်က သူ့ဂုဏ်သိက္ခာကို ပျက်ပြားသွားစေသည်။

"အလှလေး၊ မင်းငါ့ကိုဘာလို့ရိုက်တာလဲ။ မင်းငါ့ကို ဘယ်လိုကစားမယ်ဆိုတာ မပြောရသေးဘူးလေ"

တန်တန်က အော်ဟစ်ကာ ထပ်မံပြေးသွားသည်။

"ထွက်သွား"

လုမင်လည်း တန်တန်ကိုဖမ်းကာ တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ တိုက်ရိုက် ပစ်သွင်းလိုက်၏။

"အဟမ်း၊ မိန်းကလေးတို့... ငါအခု သွားတော့မယ်၊ နောင်မှ ပြန်ဆုံကြတာပေါ့"

လုမင် အနည်းငယ်ရှက်သွားသည်။ သူ နှစ်ကြိမ်ချောင်းဟန့်ကာ လက်ယှက်ပြီး ပြောလိုက်၏။

"ဘယ်သွားမလို့လဲ သခင်လေး လု"

လုမင်က လိကလေးနှင့် အမှန်တကယ် ကွဲပြားသည်မို့ စန္ဒကူးနတ်သမီးက လေသံတိုးတိုးဖြင့် မေးလိုက်သည်။

"ငါ သန့်စင်မြို့ကို သွားရင်း လေ့ကျင့်ဖို့ စီစဉ်ထားတယ်လေ။ နှုတ်ဆက်ပါတယ်"

ပြောပြီးသည်နှင့် လုမင်ဟာ နောက်ထပ် မနေနိုင်တော့ပေ။ သူက သက်တန့်အလင်းအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက် ပျောက်ကွယ်သွားတော့သည်။

'ဒီလုရှောက်ချင်းက ထင်ထားတာထက် ပိုဆန်းကြယ်တာပဲ'

စန္ဒကူးနတ်သမီး၏ လှပသော မျက်လုံးများက အရောင်လက်သွားသည်။ ထို့နောက်မှာတော့ ကျင်းခုန်းလင်နှင့်အတူ တိုက်ရိုက်ထွက်ခွာသွားတော့သည်။

....……

‌

နောက်ပိုင်းတွင် လုမင်က လမ်းသွားရင်း လေ့ကျင့်သွားခဲ့သည်။ သူ့အရှိန်က နှေးလည်းမနှေး၊ မြန်လည်း မမြန်ပေ။ ရံဖန်ရံခါ တစ်ခုခုကို နားလည်သွားပါက ခဏရပ်ပြီး နားလည်ဆင်ခြင်တတ်သည်။ ဤအတောအတွင်းမှာတော့ သူဟာ တာအိုကို နားလည်ဆင်ခြင်ရန် အာရုံစိူက်ခဲ့သည်။

အခြားတစ်ဖက်တွင်၊ သူက စိတ်ဝိညာဉ်သန့်စင်ခြင်း သစ်သီးများကိုလည်း နေရာရှာကာ သန့်စင်ခဲ့သေးသည်။ ဝိညာဉ်သန့်စင်ခြင်း သစ်သီးများ၏ စွမ်းအင်က သူ၏ ဝိညာဉ်သန္ဓေသားထဲသို့ လုံးလုံး စိမ့်ဝင်သွားခဲ့သည်။ ထိုအခါ၊ သူ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ချိုးဖြတ်သွားခဲ့ပါက သူ၏ ဝိညာဉ်နတ်ဘုရားဟာ သာမန်လူများထက် ပို၍ခိုင်မာလာလိမ့်မည်။ သို့သော်လည်း ကောင်းကင်ကပ်ဘေးဒုက္ခကလည်း ပို၍ကြီးမားလာရ‌မည် ဖြစ်သည်။

ခုနစ်ရက်ကြာ နားနားနေနေ ခရီးဆက်ခဲ့ပြီးနောက် လုမင်ဟာ မိုင်သန်းအနည်းငယ်သာ ခရီးပေါက်ခဲ့သည်။

‌ယနေ့တွင် လုမင်က နတ်မြူခိုးဂိုဏ်းဟုခေါ်သော ဂိုဏ်းတစ်ခု၏ နယ်မြေသို့ ရောက်ရှိလာသည်။

ဗဟိုတိုက်ကြီးတစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ ဂိုဏ်းငယ်တစ်ခု ဖြစ်ပေသည်။ ထိုဂိုဏ်းတွင် ဝိညာဉ်နတ်ဘုရား အနည်းငယ်သာရှိသော်လည်း တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ ရှိသည်။ လုမင်က ဆန်းကြယ်မြူခိုးဂိုဏ်း၏ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်နှင့် အနောက်ဘက်သို့ ခရီးဆက်ရန် စီစဉ်ခဲ့ပေသည်။

နောက်ဆုံးတွင် ဗဟိုတိုက်ကြီးက ကျယ်ပြောလွန်းလှသည်။

အရှေ့ပိုင်းကန္တာရတွင် ဒေသရာချီသာ ရှိကြသော်လည်း ဗဟိုတိုက်ကြီးက အရှေ့ပိုင်းကန္တာရထက် ခုနစ်ဆ သို့မဟုတ် ရှစ်ဆ ပိုကြီးသည်။ သူ့ဘာသာ ပျံသန်းသွားလျှင် သန့်စင်မြို့သို့ရောက်ရန် အချိန်မည်မျှကြာမည်ကိုပင် သူမသိပေ။

"ဘာဖြစ်သွားတာလဲဟ။ ဆန်းကျယ်မြူခိုးဂိုဏ်းရဲ့ တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အားကောင်းတဲ့ အင်အားစုက ထိန်းချုပ်ထားပြီး ဘယ်သူ့ကိုမှ ထွက်သွားခွင့် မပေးဘူး"

"ဘယ်လို၊ ဒါအမှန်ပဲလား။ ဘယ်လိုအင်အားစုမျိုးက ဒီလောက်ထိ လွှမ်းမိုးနိုင်စွမ်း ရှိနေတာလဲ"

"ဒါက သွေးအေးနန်းတော်လို့ ငါကြားတယ်။ သူတို့က တစ်ယောက်ယောက်ကို ရှာနေပုံရပြီး ကျွမ်းးကျင်သူအများကြီးကို စေလွှတ်လိုက်တယ်တဲ့"

"ငါ့မှာ အရေးတကြီးလုပ်စရာရှိတယ်၊ ငါ သွားမှဖြစ်မှာ"

"မတတ်နိုင်ဘူးကွာ၊ တခြားအင်အားစုတွေကိုပဲ သွားကြည့်ရမှာပဲ"

လုမင်က ဂိုဏ်းအနီးရှိ မြို့ကြီးတစ်မြို့သို့ လျှောက်သွားခဲ့စဉ် သတင်းကြားရခြင်း ဖြစ်သည်။

'သွေးအေးနန်းတော်က ဆန်းကြယ်မြူခိုးဂိုဏ်းရဲ့ တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို တကယ်ပဲ ပိတ်ဆို့ထားတာပဲ'

လုမင် မျက်မှောင်ကြုတ်လိုက်သည်။

ရှေးဟောင်းဆေးဥယျာဉ်တွင် မုတ်ဆိတ်ကြီးနှင့် အခြားသူများက တစ်ခုခုကို အခြားသူယူသွားပြီဟု ပြောဆိုခဲ့ခြင်းကို သူမှတ်မိသည်။ သွေးအေးနန်းတော်က ထိုလူကို လိုက်ရှာနေခြင်းလော။ သွေးအေးနန်းတော်က ဤမျှ လူအမတားကြီးကို စေလွှတ်ရအောင် ဘယ်အရာများ ဖြစ်သနည်း။

လုမင်က ဆန်းကျယ်မြူခိုးဂိုဏ်း၏ အနီးတစ်ဝိုက်ကို အကဲခတ်ကြည့်ရာ သွေးအေးနန်းတော်မှ ကျွမ်းကျင်သူများစွာကို တွေ့ခဲ့ရသည်။

နောက်တစ်နေ့တွင် လုမင်က ဆန်းကျယ်မြူခိုးဂိုဏ်း၏ နယ်မြေမှ ထွက်ခွာပြီး အခြားအင်အားစုတစ်ခုသို့ သွားခဲ့သည်။

ဤသည်က ဝိညာဉ်နတ်ဘုရားများစွာရှိသည့် နတ်လေရှေးဟောင်းတိုင်းပြည်ဟု‌ခေါ်သော ရှေးဟောင်းတိုင်းပြည်တစ်ခု ဖြစ်သည်။ နတ်လေ ရှေးဟောင်းတိုင်းပြည်တွင်လည်း တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတစ်ခု ရှိထားခဲ့ပေသည်။

ရက်အနည်းငယ်ကြာပြီးနောက်၊ လုမင်သည် နတ်လေရှေးဟောင်းတိုင်းပြည်၏ မြို့တော်သို့ ရောက်ရှိလာခဲ့သည်။ သူက စားသောက်ဆိုင်တစ်ခုကို ဦးစွာ ဝင်ရောက်လိုက်လေသည်။

"သေစမ်း၊ နတ်လေရှေးဟောင်းတိုင်းပြည်ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကိုလည်း သွေးအေးနန်းတော်က ထိန်းချုပ်ထားတာပဲကွ။ ငါတို့ လုံးဝ ထွက်မသွားနိုင်တော့ဘူး"

"အနီးပတ်ဝန်းကျင်မှာရှိတဲ့ အင်အားတစ်ဒါဇင်ကျော်ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါအားလုံးကို သွေးအေးနန်းတော်က ထိန်းချုပ်ထားတာလို့ ပြောနိုင်တယ်။ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်နဲ့ ဘယ်သူမှ ထွက်သွားလို့မရတော့ဘူး"

"​သွေး​အေး​နန်းတော်က အရမ်းလွန်တာပဲ"

"ဘာတတ်နိုင်မှာလဲကွာ။ သူတို့က သိုင်းအုပ်ချုပ်သူရှိတဲ့ အင်အားစုကြီးတစ်ခုပဲကို"

စားသောက်ဆိုင်တွင်းဝယ် စကားသံများ ထွက်ပေါ်နေခဲ့သည်။ လုမင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

အနီးပတ်ဝန်းကျင်ရှိ အင်အားစု တစ်ဒါဇင်ကျော်၏ တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါများကို ထိန်းချူပ်ထားသည် ဆိုပါလား။

စားသောက်ပြီးနောက် လုမင်သည် နတ်လေရှေးဟောင်းတိုင်းပြည်၏ မြို့တော်မှ တည်းခိုဆောင်တစ်ခုကိုရှာဖွေကာ အခြေအနေအား စောင့်ကြည့်လေ့လာခဲ့ပေသည်။

နောက်ရက်များတွင် လုမင်က တည်းခိုဆောင်၌ နေ့စဉ်လေ့ကျင့်နေခဲ့သည်။ ရံဖန်ရံခါတော့လည်း သူဟာ အခြေအနေကို စစ်ဆေးရန် အပြင်ထွက်ပေသည်။

မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားသည်။ သို့သော်လည်း သွေးအေးနန်းတော်သည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များကို ထိန်းချုပ်ထားဆဲဖြစ်၍ မည်သူမှ မထွက်ခွာနိုင်ခဲ့ပေ။

တစ်ချို့လူများက အရေးတကြီးကိစ္စများရှိကြပေရာ စိတ်ပူလာကြ၏။ ထို့ကြောင့် နောက်ဆုံးတွင် လူများစွာတို့က စုဝေးပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီရင်ကို အသုံးမပြုဘဲ ပျံသန်းသွားရန် ဆုံးဖြတ်ခဲ့ကြသည်။

သို့သော်လည်း အနောက်ဘက်သို့သွားရန် ကြီးမားသော တောင်တန်းကြီးကို ဖြတ်ကျော်ခဲ့ရသည်။ တောင်တန်းက မြောက်မှတောင်သို့ သွယ်တန်းနေကာ မိုင် သန်းပေါင်းများစွာ ရှည်လျားလှပေသည်။ တောင်တန်းပေါ်တွင် မရေမတွက်နိုင်သော မိစ္ဆာသားရဲကြီးများလည်း ရှိသည်။ ထို့ကြောင့် သာမန်လူများအတွက်တော့ တောင်တန်းပေါ်မှ ပျံသန်းခြင်းမှာ သေမင်းကို ထိပ်ပုတ်ခြင်းနှင့် မခြားပေ။

သို့ရာတွင် နတ်လေရှေးဟောင်းတိုင်းပြည်၏ အနောက်ဘက်သို့ ဦးတည်ရာတွင် လွင်ပြင်ကျယ်ကြီးတစ်ခု ရှိသည်။ ဤသည်မှာ တောင်တန်းအလယ်မှ လက်ဝါးဖြင့် ရိုက်ချထားသကဲ့သို့ ဟိုဘက်သည်ဘက် ဖောက်ထားခဲ့သော လွင်ပြင်ကြီးတစ်ခု ဖြစ်ပေသည်။ ဤလွင်ပြင်က တောင်တန်းများထက် များစွာပို၍လုံခြုံပြီး အနောက်ဘက်သို့ လူများစွာသွားလာနိုင်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။

သို့သော်လည်း လွင်ပြင်ပေါ်တွင် မိစ္ဆာသားရဲကြီးများ ရှိတတ်သည်။ ရံဖန်ရံခါတွင် နှစ်ဖက်စလုံးရှိ မိစ္ဆာသားရဲကြီးများက တောင်တန်းများမှ ထွက်လာတတ်ကြ၏။ ထို့ကြောင့်ပင် တည်နေရာရွှေ့ပြောင်းခြင်းအစီရင်ကို အသုံးမပြုပါက လူအစုအဝေးကြီးစုပြီး အတူတကွ ခရီးသွားခြင်းက အလုံခြုံဆုံး ဖြစ်တော့သည်။

နတ်လေရှေးဟောင်းတိုင်းပြည်၏ တော်ဝင်မြို့တော်မှာတော့ လူတစ်စုရှိနေသည်။ ၎င်းတို့က တောင်တန်းမှ အတူတူ ပျံသန်းသွားရန် စီစဉ်ထားကြသူများ ဖြစ်ပေသည်။

ထိုနေ့တွင် လူထောင်ချီပြီး နတ်လေမြို့တော်၏ အနောက်ဘက်သို့ ပျံသန်းသွားကြသည်။

ဤလူစုထဲတွင် လုမင်လည်း တစ်ယောက်အပါအဝင် ဖြစ်ချေသည်။ သူသည်လည်း ဤလူများနှင့်အတူ ပျံသန်းသွားရန် စီစဉ်ထားခဲ့သည်။

လူစုက အရှိန်အဟုန်ဖြင့် ရှေ့ကို ပျံသန်းသွားခဲ့ကြလေသည်။ မကြာမီ၊ သူတို့ရှေ့တွင် ကြီးမားကျယ်ပြန့်သော တောင်တန်းကြီးတစ်ခု ပေါ်လာသည်။

ဤတောင်တန်းသည် အလွန်ကြီးမား၏။ မြောက်မှတောင်သို့ သွယ်တန်းနေသော ထိုတောင်တန်းတွင် မရေမတွက်နိုင်သော မိစ္ဆာသားရဲကြီးများ ရှိကြသည်။

သို့သော်လည်း တောင်တန်း၏အလယ်တွင် ကြီးမားသော ဖြတ်‌လမ်းကြောင်းကြီးတစ်ခု ရှိနေသည်။ ဤသည်က မိုင်တစ်သောင်းခန့်ကျယ်ပြန့်ပြီး တောင်တန်းကို အလယ်မှ ပိုင်းဖြတ်ထားသကဲ့သို့ ရှိပေသည်။

ဒဏ္ဍာရီအရ၊ ဤတောင်တန်းတွင် ယခင်က ဤဖြတ်ကြောင်းကြီး မရှိပေ။ နောက်ပိုင်းတွင် သိုင်းအုပ်ချုပ်သူနှစ်ပါးကြား တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။ ထိုအထဲတွင် သိုင်းအုပ်ချုပ်သူတစ်ပါးက လက်ဝါးဖြင့် ရိုက်ချမိ၍ ‌ဤတောင်တန်းကြီးကို ပိုင်းပြတ်သွားစေခဲ့ပေသည်။ ဤသို့ဖြင့် နောက်ပိုင်းတွင် လွင်ပြင်ကြီး ဖြစ်ပေါ်လာခဲ့သည်။

လုမင်လည်း သိုင်းအုပ်ချုပ်သူများ၏ တိုက်ပွဲကို မြင်တွေ့ဘူးပေသည်။ သူတို့က အလွန်ကြောက်စရာကောင်း၍ ဤမျှကျယ်ပြောသော တောင်တန်းကြီးကိုပင် လက်ဝါးတစ်ချက်ဖြင့် ရိုက်ဖြတ်နိုင်ကြသည်မှာ သေချာသည်။

သူတို့လူစုလည်း လွင်ပြင်ဆီသို့ ပျံသန်းသွားကြသည်။

"ဝေါင်း ဂါး"

မိစ္ဆာသားရဲ အမျိုးမျိုး၏ ဟိန်းဟောက်သံများကိုလည်း အခါအားလျော်စွာ ကြားကြရပေသည်။ ဟိန်းဟောက်သံအချို့က ကောင်းကင်ယံသို့ ပျံ့လွင့်လာကာ အလွန်ကြောက်စရာကောင်းလှသည်။

၎င်းက ဝိညာဉ်နတ်ဘုရားများနယ်ပယ် မိစ္ဆာသားရဲများ၏ ဟိန်းဟောက်သံ ဖြစ်သည်။

"ဒီတောင်တန်းကို အမြန်ဆုံးဖြတ်ကျော်ကြရအောင်။ ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာသားရဲတွေကို ဆွဲဆောင်မိရင် ငါတို့ဒုက္ခရောက်လိမ့်မယ်"

တစ်ယောက်က အော်ဟစ်ကာ နှိုးဆော်လိုက်သည်။ ထို့နောက်မှာတော့ လူစုဟာ အရှိန်ပြင်းပြင်းနှင့် ရှေ့ကို ပြေးသွားကြတော့သည်။

"ဝုန်း ဝုန်း"

ရုတ်​တရက်​ သူတို့​ရှေ့တွင် သွေးအလင်းတစ်​ခု​ ပေါ်လာသည်​။ သွေးချီများက ကောင်းကင်ယံတွင် ပြည့်သွားကာ သူတို့လမ်းကို ပိတ်ဆို့လိုက်၏။

"ဘာဖြစ်တာလဲဟ"

တစ်ယောက်က အော်လိုက်သည်။

“ဟာ၊ သွေးအေးနန်းတော်ရဲ့ ကျွမ်းကျင်သူတွေက ငါတို့လမ်းကို ပိတ်ဆို့နေတာဟေ့"

"ဘာ၊ သွေးအေးနန်းတော်က ဒီနေရာကိုပါ ပိတ်ဆို့ထားဖို့ ကျွမ်းကျင်သူတွေ စေလွှတ်ခဲ့တာလား။ သေစမ်း"

တစ်ယောက်တစ်ပေါက် ပြောဆိုသံများ ဆူဆူညံညံ ထွက်ပေါ်လာသည်။

--------

All Chapters