← Chapters

အခန်း ၁၀၄၂

Vol. 70 Ch. 1042

အခန်း ၁၀၄၂

Vol. 70 Ch. 1042

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1042 ) လွှမ်းမိုးချုပ်ကိုင်သော သွေးအေးနန်းတော်။

ပတ်ပတ်လည်တွင် သွေးအလင်းတန်းများ ထွက်ပေါ်လာပြီး လေထဲတွင် ရပ်သွားခဲ့ကြသည်။

အသက်ရှူချိန် အနည်းငယ်အတွင်း လူအုပ်ကြီး၏နေရာတိုင်းတွင် သွေးရောင်ဝတ်ရုံရှင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြ၏။ ၎င်းတို့က လုမင်နှင့် အခြားသူများကို အေးစက်စက်ဖြင့် စိုက်ကြည့်နေတော့သည်။

သူတို့အားလုံးက သွေးအေးနန်းတော်၏ ကျွမ်းကျင်သူများဖြစ်ကာ တချို့က အလွန်ကြောက်စရာကောင်းသော အရှိန်အဝါများ ရှိသည်။

"ကျွမ်းကျင်သူတွေ၊ နတ်ဘုရားအဆင့်က ကျွမ်းကျင်သူတွေ အများကြီးပဲဟေ့၊ ဝိညာဉ်နတ်ဘုရားအဆင့်က ကျွမ်းကျင်သူတွေချည်း အယောက်နှစ်ဆယ်ကျော် ရှိတယ်"

တစ်စုံတစ်ယောက်က အော်လိုက်သည်။

ကောင်းကင်ယံ လေဟာပြင်တွင် သွေးအေးနန်းတော်မှ ကျွမ်းကျင်သူများ ရပ်နေသည်။ ‌၎င်းတို့က သွေးအေးနန်းတော်မှ ခေါင်းဆောင်ပိုင်းများ ဖြစ်ပေသည်။

"ပတ်ဝန်းကျင်က အင်အားစုအားလုံးရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်အားလုံးကို ငါတို့ ထိန်းချုပ်ထားပြီးပြီ။ ရတနာကို ခိုးသွားတဲ့လူက အမြန်ထွက်သွားဖို့ ကြိုးစားနိုင်တာကြောင့် ဒီလူစုထဲမှာ ရောနှောနေနိုင်တယ်"

ဆံဖြူ အဘိုးကြီးတစ်ဦးက ပြောလိုက်သည်။

"ဟုတ်တယ်၊ သွေးအေးနန်းတော်ရဲ့ နယ်မြေထဲမှာနေတာက အန္တရာယ်များမှန်းသိတာကြောင့် သူ အမြန်ထွက်သွားဖို့ ကြိုးစားနိုင်ချေ များတယ်။ ဒါပေမဲ့ အစီရင်ကို ငါတို့ ပိတ်ဆို့ထားတာကြောင့် ဒီကောင်တွေ ပျံသန်းပြီး ထွက်ပြေးသွားမှာ အသေချာပဲ။ ငါတို့ရှာနေတဲ့ သူက ဒီလူအုပ်စုကြားထဲမှာ ရှိနိုင်တယ်။ စစ်ကြ၊ သူတို့ တစ်ယောက်ချင်းစီကို စစ်ဆေးမယ်"

လူထွားကြီးတစ်ယောက်ကလည်း အေးစက်စက်ဖြင့် ပြောလိုက်သည်။ ၎င်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကြောက်စရာအရှိန်အဝါများကို ထုတ်ဖော်လိုက်၏။ သူက အစွမ်းထက်ဖိအားများဖြင့် လုမင်နှင့် လူတစ်သောင်းနီးပါးကို လွှမ်းမိုးလိုက်တော့သည်။

"သွေးအေးနန်းတော်က အကြီးအကဲတွေ၊ ကျုပ်တို့ကို ဘာဖြစ်လို့ တားဆီးရတာလဲ"

တစ်ယောက်က အသံကျယ်ကျယ်နှင့် မေးလိုက်သည်။

"ဟုတ်တယ်ဗျ၊ ကျုပ်တို့က သွေးအေးနန်းတော်ရဲ့ ဘယ်သူ့ကိုမှ မစော်ကားခဲ့ဘူး"

အခြားလူတစ်ဦးကလည်း ပြောလိုက်၏။

"သွေးအေးနန်းတော်က လူတစ်ယောက်ကို ရှာနေတယ်။ အဲဒီလူက မင်းတို့ထဲမှာ ရှိနေတာကြောင့် တားထားရတာပဲ"

လူထွားကြီးက ပြောလိုက်သည်။

"ခင်ဗျားတို့ရှာနေတဲ့ လူရှိတာလား။ သူ့ရဲ့ ပုံပန်းသဏ္ဍာန်က ဘယ်လိုလဲ၊ ကျုပ်တို့ ကူရှာပေးမယ်"

တစ်ယောက်ယောက်က မေးသည်။

"ငါတို့မသိဘူး။ သူတို့မှာ ဘယ်လိုလက္ခဏာတွေရှိမှန်း မသိသလို သူတို့က ယောက်ျားလား၊ မိန်းမလားတောင် မသိဘူး။ အဲဒါကြောင့် မင်းတို့အားလုံးကို တားရတာပေါ့"

လူထွားကြီးက ပြောလိုက်၏။

လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ ယောက်ျားလား၊ မိန်းမလားပင် မသိလျှင် မည်သို့ရှာပေးရမည်နည်း။

လူထွားကြီးက လှောင်ပြောင်ပြောဆိုလိုက်သည်။

"အဲဒီလူက သွေးနန်းတော်ရဲ့ ရတနာတစ်ခုကို ယူသွားတယ်။ ဒါကြောင့် အခြေအနေက ရှင်းပါတယ်။ မင်းတို့ လုပ်ရမှာက မင်းတို့ရဲ့ သိုလှောင်လက်စွပ်အားလုံးကို လွှဲပြောင်းပေးဖို့ပဲ"

"ဘာ၊ ကျုပ်တို့ရဲ့ သိုလှောင်လက်စွပ်တွေကို လွှဲပြောင်းပေးစေချင်တာလား။ မဖြစ်နိုင်ဘူး"

တစ်ယောက်ယောက်က ချက်ချင်းပင် ငြင်းဆန်လိုက်၏။

လွှဲပြောင်းပေးပြီးနောက် ၎င်းတို့၏ သိုလှောင်လက်စွပ်များကို မည်သို့ပြန်ရနိုင်မည်နည်း။

ထို့အပြင် မည်သည့်ကျင့်ကြံသူ၌ လျှို့ဝှက်ချက်များ မရှိသနည်း။ အများစုက သိုလှောင်လက်စွပ်ထဲတွင် ထည့်သိမ်းထားတတ်သည်။ သို့ဖြစ်ပေရာ မည်သူက လွှဲပေးချင်မည်နည်း။

"ဒီနေ့ မင်းတို့မပေးရင် ပေးဆပ်ရမယ်"

လူထွားကြီး၏ မျက်လုံးများက အေးစက်သွားသည်။

"သွေးအေးနန်းတော်က မာနကြီးလွန်းတယ်။ မင်းတို့ ဗဟိုတိုက်ကြီးရဲ့ တစ်ခုတည်းသော အုပ်စိုးရှင်မဟုတ်ဘူးနော်။ သိပ်လွန်မလာနဲ့"

တစ်ယောက်က အေးစက်စက်ဖြင့် ပြောလိုက်၏။

"တကယ်လား"

လူထွားကြီး၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားကာ သူ့လက်ထဲတွင် သွေးရောင်လှံတစ်ချောင်း ပေါ်လာသည်။ နောက်အခိုက်တွင်၊ သွေးလှံက သွေးရောင်လျှပ်စီးကဲ့သို့ ဟင်းလင်းပြင်ကိုဖြတ်သန်းကာ လူအိုတစ်ဦးဆီသို့ ထိုးဆင်းသွား၏။ ထိုလူအိုကြိးလည်း မျက်နှာဖြူဖျော့သွားကာ အရှိန်အဝါများ ပေါက်ကွဲထွက်ရင်း အရူးအမူး ဆုတ်ခွာသွားတော့သည်။

သို့သော်၊ အသုံးမဝင်ခဲ့ပေ။ သွေးရောင်လှံက ဖောက်ထွင်းသွားပြီး လွင်ပြင်တွင် သံမှိုဆွဲသကဲ့သို့ စိုက်ဝင်သွားခဲ့သည်။

"ဟူး"

လူအတော်များများက လေအေးကြီးကို ရှူရှိုက်လိုက်မိသည်။ အဘိုးကြီးထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် အလွန် ကြောက်မက်ဖွယ်ကောင်း၏။ ၎င်းက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်တွင် ရှိနေသော်လည်း လူထွားကြီး၏ သွေးလှံဖြင့် အသတ်ခံခဲ့ရသေးသည်။ ယင်းက တကယ်ကို ကြောက်စရာကောင်းသည်။

"ငါ့သွေးအေးနန်းတော်ကို မေးခွန်းထုတ်ဝံ့တယ်၊ သေချင်နေတာပဲ"

လူထွားကြီးက အေးစက်စက်ဖြင့် ပြောလိုက်သည်။

လူတော်တော်များများလည်း ကြောက်လန့်တကြားဖြင့်ကာ ချွေးများ စိမ့်ထွက်လာကြသည်။

သွေးအေးနန်းတော်က ကြီးစိုးလွန်းပေသည်။ သူတို့က အဆင့်တစ် ဝိညာဉ်နတ်ဘုရားကိုပင် အလွယ်တကူ သတ်နိုင်သည်။ ဤသည်က အုပ်စိုးရှင် အင်အားစုတစ်ခု၏ စွမ်းအားတစ်ခုပင် ဖြစ်ပေသည်။

အချို့သော အင်အားစုငယ်များ၏ ဝိညာဉ်နတ်ဘုရားများက သူတို့ မျက်လုံးထဲတွင် ပုရွက်ဆိတ်များကဲ့သို့ ဆန္ဒအတိုင်း သတ်နိုင်သည်။

"မင်းတို့ရဲ့ သိုလှောင်လက်စွပ်ကို လွှဲမပေးရင် သေရမယ်"

လူထွားကြီးက သူ့အနီးဆုံးလူများကို တစ်ချက်ဝေ့ကြည့်ရင်း အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ကောင်းပါပြီ၊ ငါ လွှဲပေးပါ့မယ်"

လူထွားကြီး၏ အကြည့်ခံရသော လူများစွာမှာ မျက်နှာပျက်သွားပြီး သိုလှောင်လက်စွပ်များကို ချွတ်ပေးလိုက်ကြသည်။

လူအုပ်ထဲတွင် လုမင် မျက်မှောင်ကြုတ်လိုက်၏။ လူထွားကြီးက သန်မာလွန်းလှသည်။ ၎င်းက အဆင့်တစ် ဝိညာဉ်နတ်ဘုရား မဟုတ်တာတော့ သေချာလှပေသည်။ သူက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်သုံး သို့မဟုတ် အဆင့်လေးတွင် ဖြစ်နိုင်သည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် အလွှာတစ်ခုစီကြား ကွာဟမှုက အလွန်တရာ ကြီးမားသည်။ အလွှာတစ်ခုပိုမြင့်သူကို တိုက်ခိုက်ရန်ပင် ခက်ခဲပေရာ အလွှာအနည်းငယ် ပိုမြင့်သူဆိုပါက ပြောနေစရာပင် မလိုတော့ပေ။

"တိုက်ခိုက်မယ်ဟေ့၊ သွေးအေးနန်းတော်မှာ လူရာဂဏန်းပဲ ရှိတာ။ ငါတို့မှာက သောင်းဂဏန်းရှိတယ်။ အတူတူ ဖောက်ထွက်ကြစို့"

"ဟုတ်တယ်၊ သိုလှောင်လက်စွပ်က ငါတို့ ကျင့်ကြံသူတွေရဲ့ အဓိကရတနာတစ်ခုပဲ။ ဒါကို လွှဲပြောင်းပေးလိုက်ရင် အနာဂတ်မှာ ဘယ်လိုလုပ်ပြီး လေ့ကျင့်ရမှာလဲ။ အတူတူ တိုက်ခိုက်ကြစို့"

"စကြ"

ရုတ်​တရက်​ လူအုပ်ထဲမှ အော်သံများ ထွက်​​ပေါ်လာသည်​။ လူအချို့က အရပ်ရပ်သို့ ပြေးလွှားကာ စတင်တိုက်ခိုက်လိုက်၏။

တစ်ယောက်က ဦးဆောင်သောအခါ ကျန်လူများလည်း လိုက်ပါလှုပ်ရှားရင်း ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။ နောက်ဆုံးတွင် မိမိ၏ သိုဆလှာင်လက်စွပ်ကို မည်သူမျှ လွှဲမပေးချင်ပေ။ ထို့ကြောင့် အခြားသူများ ဖောက်ထွက်ခြင်းကို မြင်ရသောအခါ လိုက်ပါ လှုပ်ရှားလိုက်ကြသည်။

လူတစ်သောင်းကျော်က နေရာအနှံ့မှ ဖောက်ထွက်ကြရာ လွင်ပြင်တွင်း၌ ဖရိုဖရဲ ဖြစ်သွားခဲ့ရသည်။

"မင်းတို့ သေချင်နေတာပဲ။ သတ်... မသက်ညှာဘဲ သတ်ကြ"

လူထွားကြီးက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ဟိန်းဟောက်လိုက်သည်။

"ဝုန်း ဝုန်း"

သွေးအေးနန်းတော်၏ ကျွမ်းကျင်သူများက အစွမ်းထက်အရှိန်အဝါများ ပေါက်ကွဲလိုက်ကြသည်။ သွေးရောင်အလင်းများက ပတ်ဝန်းကျင်တွင် ပြည့်သွားကြ၏။

ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင် နှစ်ဆယ်ကျော်ရှိသည်။ ကျန်လူများက ဝိညာဉ်သန္ဓေသားနယ်ပယ် အမြင့်ပိုင်းတွင် ရှိကြ၏။ ထိုအထဲတွင် ဘီလူးအိုအဆင့် ကျွမ်းကျင်သူများပင် ပါဝင်သည်။

"သတ်"

"ဝုန်း ဝုန်း"

သွေးအလင်းများက ဓားအလင်းများ၊ လက်သီးအင်အား၊ စသည်တို့ကို ဖြစ်ပေါ်စေပြီး လုမင်နှင့် အခြားသူများဆီသို့ ကျရောက်သွားသည်။

တခဏချင်းမှာပဲ လူရာချီကာ သေဆုံးခဲ့၏။ သူတို့၏ အလောင်းများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေတော့သည်။

လုမင်ဆီသို့ လှံအလင်းတစ်ခု ထိုးဖောက်ဝင်ရောက်လာသည်။ လုမင်က လှံအလင်းကို ရိုက်ဖယ်ကာ ဖျက်ဆီးလိုက်၏။ ထို့နောက်မှာတော့ လက်ဝဲဘက်ရှိ တောင်တန်းဆီသို့ ပြေးထွက်သွားတော့သည်။

တောင်တန်းထဲကို ပြေးဝင်ပြီးနောက် ရှုပ်ထွေးသော မြေပြင်အနေအထားနှင့် တောင်တန်းရှိ မိစ္ဆာသားရဲများကို အကာအကွယ်ယူခြင်းဖြင့်သာ သွေးအေးနန်းတော်မှ ကျွမ်းကျင်သူများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ အကယ်၍ သူသာ လွင်ပြင်အဆုံးသို့ ပြေးသွားပါက ဖမ်းမိ၍ အသတ်ခံရမည်မှာ သေချာသလောက် ရှိပေသည်။

"ဟမ်"

ကျွမ်းကျင်သူတစ်ယောက်က လုမင်ကို သတိပြုမိသွားသည်။ သူ့လက်ထဲမှ လှံအလင်းများ ထွက်ပေါ်လာကာ လုမင်ထံသို့ ထိုးဖောက်လိုက်၏။

လုမင်လည်း လှံအလင်းကိုရှောင်တိမ်းရင်း အရှိန်ပြင်းပြင်းဖြင့် ဆက်လက်ပြေးတော့သည်။

"ဝုန်း အား"

လွင်ပြင်တစ်ခုလုံးမှာတော့ ပေါက်ကွဲသံ၊ အော်ဟစ်လိုက်သံများနှင့် ပြည့်သွားသည်။ လူအများအပြား သေဆုံးသွားပြီး သွေးညှီနံ့များကလည်း လေထုထဲတွင် ပြည့်နှက်နေတော့သည်။

"ဟားဟားဟား၊ ဝါးမျိုမယ်"

သွေးအေးနန်းတော်မှ ကျွမ်းကျင်သူအချို့သည် သွေးဆာလောင်ခြင်းကျင့်စဉ်ကို အသုံးပြုကာ ကြွယ်ဝသော သွေးစွမ်းအင်များအား ၎င်းတို့၏ ပါးစပ်ထဲသို့ စုပ်ယူလိုက်ကြသည်။

"ဝုန်း ဝုန်း"

သွေးအေးနန်းတော်တွင် လူထွားကြီးအပြင် နောက်ထပ် အလွန်ကြောက်စရာကောင်းသော ကျွမ်းကျင်သူအချို့လည်း ရှိသည်။ ၎င်းတို့ အရှိန်အဝါများသည် အလွန် ပြင်းထန်ကြ၏။ သူတို့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မိုးနှင့်မြေက တုန်ခါသွားကာ လူ အများအပြား သေဆုံးသွားတော့သည်။

လုမင်တို့အဖွဲ့တွင် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတချို့ ရှိသော်လည်း ၎င်းတို့နှင့် မယှဉ်နိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်။

"ငါပေးမယ်၊ ငါ့သိုလှောင်လက်စွပ်ကို ပေးမယ်"

လူတချို့က ကြောက်လန့်ပြီး သူတို့၏ သိုလှောင်လက်စွပ်များကို စွန့်လွှတ်ချင်ကြောင်း အော်ဟစ်ပြောလာသည်။

သို့သော်လည်း အချို့လူများက ၎င်းတို့၏ သိုလှောင်လက်စွပ်များကို စွန့်လွှတ်ရန် ဆန္ဒမရှိဘဲ ရှေ့သို့ ဆက်လက် ထိုးဖောက်ခဲ့ကြသာ်။

"သခင်လေးလု၊ ငါ့ကိုကယ်ပါ!"

လုမင် ထွက်ပြေးရန် ကြံလိုက်စဉ်မှာပင် ရုတ်တရက် အော်ခေါ်သံအား ကြားလိုက်ရသည်။ သူ လှည့်ကြည့်မိသောအခါ အနည်းငယ် အံ့ဩသွား၏။

လူအုပ်ကြားတွင် ကျိုးရှင်းကို သူလှမ်းမြင်ရသည်။

ယခုအချိန်တွင် ကျိုးရှင်းက အစွမ်းကုန် ကြိုးစားပြီး ပြေးလာနေပေသည်။

"သွားကြရစို့"

လုမင်လည်း ကျိုးရှင်းကိုဆွဲကာ ရှေ့သို့ မြန်မြန် ပြေးသွားသည်။

"ဒီမှာနေ့"

အဘိုးကြီးတစ်ယောက်က သူတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။ သူ့ထံမှ ကြောက်စရာကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ လုမင်တို့ကို တိုက်ခိုက်လိုက်၏။

ဤအကြီးအကဲ၏ အရှိန်အဝါက သာမန် အဆင့်တစ် ဝိညာဉ်နတ်ဘုရားများထက် ပို၍ပြင်းထန်သည်။ သူက အဆင့်နှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်တစ်ဦး ဖြစ်သင့်သည်။

လုမင်က ကျိုးရှင်းကိုဆွဲခေါ်ကာ နဝမနဂါးခြေလှမ်းကိုသုံးပြီး အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားသည်။ သူ့အရှိန်သည် အလင်းစီးကြောင်းကဲ့သို့ မြန်ဆန်သော်လည်း လူတစ်ယောက်ကို သယ်ဆောင်ထားရ၍ အနည်းငယ် နှေးသွားခဲ့၏။ နောက်မှ အဘိုးကြီးကလည်း သူတို့အနီးကို နီးကပ်လာခဲ့ပြီ။

အဘိုးကြီးက လက်သီးချက်များ ထုတ်ဖော်လိုက်၏။ သွေး‌နီရောင် လက်သီးအင်အားများက လုမင်ဆီသို့ တိုးဝင်လာတော့သည်။

--------

All Chapters