အခန်း ၁၀၄၃
Vol. 70 Ch. 1043
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1043 ) အန္တရာယ်မှ လွတ်မြောက်ပြီ။
လုမင်က ကျိုးရှင်းကိုလွှတ်ကာ နဂါးစွမ်းအားကို ပေါက်ကွဲလိုက်သည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အမြင့်ဆုံးထိ ထုတ်ဖော်ပြီး ထိုးကြိတ်လိုက်၏။
"ဝုန်း"
နှစ်ဖက် ထိပ်တိုက်တွေ့ဆုံပြီးနောက် လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ သူက ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရကာ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။
ဤအဘိုးကြီးက သန်မာလွန်းသည်။ ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားသည် ပထမအဆင့် ဝိညာဉ်နတ်ဘုရားထက် အဆများစွာ စွမ်းအားကြီး၏။
လုမင်က အတားအဆီးမဲ့သောကောင်းကင်သိုင်းကို အမြင့်ဆုံးအထိ အသုံးပြုခဲ့သော်လည်း လက်သီးများကို တားဆီးနိုင်ရုံဖြစ်ကာ ဒဏ်ရာရရှိခဲ့သေးသည်။
ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ် ပုရွက်ဆိတ်ကဲ့သို့ လုမင်က သူ၏တိုက်ခိုက်မှုကို ခုခံနိုင်ကြောင်း မြင်သောအခါ အဘိုးကြီးလည်း အံ့ဩသွားသည်။ သူ ထိတ်လန့်သွား၍ ခဏချင်း ဆက်မတိုက်တော့တော့ပေ။
တစ်ချိန်တည်းမှာပင်၊ နာ့ယွမ်ကျောက်မှ စွမ်းအင်များက လုမင်၏ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာခဲ့သည်။ သူက ကျိုးရှင်းကိုဆွဲခေါ်ကာ နဝမနဂါးခြေလှမ်းကိုသုံးပြီး ရှေ့သို့ ဆက်ပြေးသွား၏။
ကျိုးရှင်းက သူ့ကို နာ့ယွမ်ကျောက်ပါရှိသော ခရမ်းရောင်ကျောက်စိမ်း ပေးခဲ့သည်။ သို့ဖြစ်ပေရာ ယခုကဲ့သို့ သူမ အန္တရာယ် ကျရောက်နေချိန်တွင် လုမင်က မည်သို့ ထားခဲ့နိုင်မည်နည်း။
နှစ်ယောက်သား လျှပ်စီးကဲ့သို့ ပြေးထွက်သွားကြသည်။ ထိုအခါ အဘိုးကြီး တုံ့ပြန်လာကာ သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲသွား၏။ သူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"ဘယ်ကိုသွားမှာလဲကွ"
သူဟာ လုမင်၏နောက်သို့ တဟုန်ထိုး ပြေးလိုက်လာသည်။
"ဝုန်း ဝုန်း"
သူတို့ရှေ့တွင်၊ သွေးအေးနန်းတော် ကျွမ်းကျင်သူများက လုမင်ကို တိုက်ခိုက်လာသည်။ တိုက်ခိုက်မှုများက သူတို့နှစ်ယောက်ကို ဖုံးလွှမ်းသွား၏။
၎င်းတို့က ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ လုမင် တစ်ယောက်တည်းဖြစ်လျှင် ၎င်းတို့ကို မကြောက်သော်လည်း ကျိုးရှင်းရှိနေသည့်အတွက် သူမကိုလည်း ကာကွယ်နေရသည်။ ရလဒ်အနေဖြင့် သူတို့၏အမြန်နှုန်းမှာ ထပ်မံ နှေးကွေးသွားတော့သည်။
သူတို့နောက်မှ အဘိုးကြီးကလည်း နီးကပ်လာသည်။
"မင်းရဲ့ သိုလှောင်လက်စွပ်ကို လွှဲပေးမယ်ဆိုရင် မင်းကို ချမ်းသာပေးလိုက်မယ်"
အဘိုးကြီးက လှမ်းအော်လိုက်၏။
ကျိုးရှင်းက အံကြိတ်ထားကာ ဘာမျှမပြောပေ။ သူမက အလွန်စိုးရိမ်ပြီး ပူပန်နေပုံရသော်လည်း သူမ၏သိုလှောင်လက်စွပ်ကို လွှဲပြောင်းပေးရန်တော့ ရည်ရွယ်ချက်မရှိပါချေ။
'မေ့လိုက်ပါ၊ တိုက်ခိုက်ကြရအောင်'
လုမင်က ကျိုးရှင်းကိုကြည့်ကာ အသံပို့လွှတ်ပြီး ပြောလိုက်သည်။
'မခုခံနဲ့'
လုမင်၏ စကားကို ကြားရသောအခါ ကျိုးရှင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် လုမင်၏ မျက်ခုံးနှစ်ခုကြား၌ တောင်နှင့်မြစ်ပန်းချီကားက လင်းလက်လာခဲ့၏။ သူက ကျိုးရှင်းကို ပန်းချီကားအတွင်းသို့ ဆွဲသွင်းလိုက်တော့သည်။
"ဝှစ်"
လုမင် တစ်ယောက်တည်း ကျန်သောအခါ သူ့အရှိန်က တဟုန်ထိုး တိုးလာသည်။ သူ့ရှေ့မှ သွေးအေးနန်းတော်၏ ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ် ကျွမ်းကျင်သူကို လုမင်က ဆုပ်ဖြဲပစ်လိုက်၏။
ထို့နောက် နဝမနဂါးခြေလှမ်းကို ထုတ်ဖော်လိုက်ရာ လုမင်က အလင်းတန်းတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ ခဏချင်းတွင် အဘိုးကြီးလည်း လိုက်မမီတော့ပေ။
"သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနိုင်တာလဲ။ ဒီလူငယ်က ဘယ်သူလဲ"
အဘိုးကြီးလည်း ထိတ်လန့်တုန်လှုပ်သွားကာ အနောက်မှ အစွမ်းကုန် ပြေးလိုက်သွားသည်။ သို့သော်လည်း သူတို့ကြားမှ အကွာအဝေးဟာ ပို၍ ဝေးကွာလာသည်အား သိလိုက်ရသည်။
နှစ်မိနစ်လောက်ကြာတော့ လုမင်ဟာ တောင်တန်းထဲသို့ ပြေးဝင်သွား၏။
တောင်တန်းအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးများ ခိုအောင်းနေကြသည်။ လုမင် ပြေးဝင်လာပြီး မကြာမီပင် ဝိညာဉ်သန္ဓေသားနယ်ပယ် မိစ္ဆာသားရဲတချို့ကို တွေ့ခဲ့ရ၏။ သို့သော်လည်း အားလုံးကို လုမင် ဖြတ်ကျော်နိုင်ခဲ့သည်။
နောက်ဘက်မှာတော့ သွေးအေးနန်းတော်၏ ကျွမ်းကျင်သူက အဆက်မပြတ် လိုက်လာနေဆဲပင်။ ထို့ကြောင့် လုမင်ဟာ ခြေကုန်သုတ်ပြီး တတ်နိုင်သမျှ မြန်မြန်ပြေးခဲ့ရသည်။
"ဝေါင်း"
ဟိန်းဟောက်သံနှင့် ကျားနက်ကြီးတစ်ကောင် ပေါ်လာခဲ့၏။ ၎င်းက ဆယ်မီတာကျော်မြင့်ပြီး တောင်ငယ်တစ်လုံးကဲ့သို့ဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေတော့သည်။
၎င်း၏ ဟိန်းဟောက်သံနှင့် ကောင်းကင်မှ တိမ်တိုက်များ ပေါက်ကွဲသွားရသည်။
ဤသည်မှာ အလွန်အစွမ်းထက်သော မိစ္ဆာသားရဲကြီး ဖြစ်သည်။ သူ့တွင် နတ်သားရဲသွေးမျိုးဆက် ရှိသော်လည်း တောင်တန်းအတွင်း၌ ဆက်လက်နေထိုင်ကာ လူအသွင်ပြောင်းခြင်း မရှိပေ။
လုမင်နှင့် သွေးအေးနန်းတော်မှ အဘိုးကြီးကို တွေ့လိုက်ရသောအခါ သူ့မျက်လုံးများက ခက်ထန်ကြမ်းတမ်းခြင်းများ တောက်ပလာခဲ့သည်။ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ လုမင်အား လက်တစ်ဖက်ဖြင့် ရိုက်ချလိုက်၏။
လုမင်က တောင်နှင့်မြစ်ပန်းချီကားဖြင့် ပိတ်ဆို့ထားသော်လည်း ကျားနက်၏ ရိုက်ချက်ကြောင့် လွင့်စဉ်ကာ ကျောက်တုံးကြီးများစွာကို ချိုးဖျက်ခဲ့သေးသည်။
သို့သော်လည်း ကျားနက်၏ပစ်မှတ်မှာ လုမင်မဟုတ်ဘဲ အဘိုးအိုဖြစ်ကြောင်း ထင်ရှားသည်။
အဘိုးကြီးက ကျားနက်ကို ကြီးစွာသော ခြိမ်းခြောက်မှုအား ခံစားရစေသည်။ လုမင်၏ အရှိန်အဝါကမူ အားနည်းသောကြောင့် လျစ်လျူရှုကာ အဘိုးအိုကြီးကိုသာ ဦးတည်လိုက်တော့သည်။
ချက်ခြင်းပင် ကျားနက်နှင့် အဘိုးကြီးက အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။
မနီးမဝေးတွင် ကျောက်တုံးများ လွင့်စဉ်သွားပြီး လုမင်၏ပုံရိပ် ပေါ်လာသည်။ သူက လျှပ်စီးကဲ့သို့ အဝေးကို အရှိန်ပြင်းပြင်းဖြင့် ဆက်ပြေးသွား၏။
"ချီးပဲ"
သွေးအေးနန်းတော်၏ အဘိုးကြီးက ဟိန်းဟောက်လိုက်သည်။ သို့သော်လည်း ကျားနက်၏ ပြင်းထန်သောတိုက်ခိုက်မှုကို ရင်ဆိုင်နေရရာ ဘာမျှ မတတ်နိုင်တော့ပေ။ လုမင် ထွက်သွားသည်ကို ကြည့်ရုံသာကြည့်ပြီး သူ့ကိုယ်သူ ကာကွယ်နိုင်ခဲ့သည်။
"ဒီကျားနက်က တကယ်ကို အစွမ်းထက်တယ်"
လုမင်လည်း နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်လိုက်သည်။ သူ့တစ်ကိုယ်လုံး ကျိုးပဲ့သွားသလို ခံစားလိုက်ရ၏။
ယခုလေးတင် ကျားနက်၏ ရိုက်ချက်တစ်ချက်က သူ့ကို ဒဏ်ရာအတော်အတန် ရသွားစေခဲ့သည်။
သို့သော်လည်း သွေးအေးနန်းတော်၏ အဘိုးကြီးကို ဖြတ်ချန်နိုင်ခဲ့၍ ထိုက်တန်ခဲ့ပေသည်။
ထို့နောက် လုမင်သည် အရှိန် အနည်းငယ်လျှော့၍ သူ၏အရှိန်အဝါကို ထိန်းချုပ်လိုက်သည်။ အစွမ်းထက်သော အရှိန်အဝါများကို ခံစားမိပါက ချက်ချင်း ရှောင်ထွက်ခဲ့ပေသည်။
လုမင်လည်း တောင်တန်းကိုဖြတ်ကျော်ရန် တစ်နေကုန် အချိန်ယူခဲ့ရသည်။
တောင်တန်းကို ဖြတ်ကျော်ပြီးသော်လည်း လုမင်က မရပ်တန့်သေးပေ။ သူဟာ လေထဲသို့ ခုန်လွှားပြီး အဝေးသို့ ပျံသန်းသွားခဲ့သည်။
မိုင်သန်းပေါင်းများစွာ ပျံသန်းပြီးနောက် မြစ်ငယ်တစ်ခုတွင် လုမင် ရပ်သွားသည်။ သူသည် မြစ်ထဲတွင်ရေချိုးပြီး အဝတ်အစားအသစ် လဲလိုက်၏။ ထို့နောက်မှာတော့ တင်ပျဉ်ခွေထိုင်ကာ ဒဏ်ရာများကို ပြန်လည်ကုသလိုက်တော့သည်။
ဤအခြေအနေများတွင် ဒဏ်ရာရခဲ့သော်လည်း အားလုံးက ပြင်ပဒဏ်ရာများ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ ဤဒဏ်ရာများဟာ နေ့တစ်ဝက်ခန့်ဖြင့် သက်သာပျောက်ကင်းခဲ့ပေသည်။
"ဝှူး"
လုမင် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကျိုးရှင်း ပြန်ပေါ်လာခဲ့၏။
ကျိုးရှင်းသည် ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်။ လုမင် တစ်ယောက်တည်း ရှိနေသည်ကို မြင်ရတော့မှ သက်ပြင်းရှည်ကြီးချလိုက်လေသည်။
"စိတ်မပူပါနဲ့ မိန်းကလေးကျိုး။ ငါတို့ အဲဒီတောင်တန်းနဲ့ ဝေးနေပြီ"
လုမင် ပြောလိုက်သည်။
"ငါ့ကို ထပ်ပြီး ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေးလု၊ ငါ တကယ်ပဲ ကျေးဇူးတင်ပါတယ်"
ကျိုးရှင်းက လုမင်ကို ဦးညွှတ်ကာ လွန်စွာကျေးဇူးတင်နေဟန်ဖြင့် ပြောလိုက်သည်။
"မိန်းကလေးကျိုးက ယဉ်ကျေးလွန်းပါပြီ။ မင်းက ငါ့ကို ခရမ်းရောင် ကျောက်စိမ်းကို ပေးခဲ့တာပဲလေ၊ ဒါကြောင့် မင်း အန္တရာယ်ကြုံချိန်မှာ သဘာဝအတိုင်း ကူညီသင့်ပါတယ်"
လုမင်က အနည်းငယ်ပြုံးပြီး ဆက်မေးလိုက်သည်။
"မင်းရဲ့ အစေခံတွေ ဘယ်မှာလဲ"
ယခင်က ကျိုးရှင်းတွင် အစေခံများနှင့် ကိုယ်ရံတော် အစောင့်များစွာ ရှိသည်။ ယခုတော့ သူတို့အားလုံးကို မတွေ့ရပေ။
ကျိုးရှင်း၏ မျက်လုံးများက နီရဲလာကာ ပြောလိုက်သည်။
"သူတို့... သူတို့အားလုံး သေကုန်ပြီထင်ပါတယ်"
"အိုး"
လုမင်လည်း ထိုအကြောင်းကို ထပ်မပြောတော့ပေ။ ခဏစဉ်းစားပြီးနောက် သူက ပြောလိုက်သည်။
"မိန်းကလေးကျိုး၊ မင်းက ဘယ်မှာနေတာလဲ။ ငါမင်းကို လိုက်ပို့ပေးရဦးမလား"
"ငါက ဒရမ်တောင်တန်းရဲ့ ကျိုးမိသားစုကပါ။ နင့်ကို ဧည့်သည်အနေနဲ့ ငါ့အိမ်ကို ဖိတ်ချင်သေးတာ၊ လက်ခံနိုင်မလား"
ကျိုးရှင်းက ပြောလိုက်သည်။
"ဒရမ်တောင်လား"
လုမင် ခဏစဉ်းစားလိုက်၏။
ယခင်က သူဝယ်ယူခဲ့သော ဗဟိုတိုက်ကြီး၏မြေပုံတွင် ဒရမ်တောင်တန်း၏ ဦးတည်ရာကို အကြမ်းဖျင်းသိခဲ့သည်။ ယင်းက အနောက်ဘက်တွင်ဖြစ်ရာ လုမင်သွားချင်သည့် လမ်းကြောင်းအတိုင်း ဖြစ်ပေသည်။
"ကောင်းပြီလေ၊ ငါမင်းနဲ့လိုက်ခဲ့မယ်"
လုမင် ခေါင်းညိတ်လိုက်သည်။
ကျိုးရှင်း ဝမ်းသာသွားခဲ့၏။ နှစ်ယောက်သား လေထဲသို့ ခုန်လွှားကာ ထွက်ခွာသွားတော့သည်။
မိုင်သန်းအနည်းငယ်ကြာပြီးနောက် ၎င်းတို့သည် တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါရှိသော အင်အားစုတစ်ခုကို ရောက်လာခဲ့ကြသည်။
တောင်တန်း၏ ဤဘက်ခြမ်းသည် ကောင်းကင်လင်းယုန်ခံတပ်၏ နယ်မြေတစ်စိတ်တစ်ပိုင်း ဖြစ်နေပြီဖြစ်သောကြောင့် ထိုအင်အားစုများကို သွေးအေးနန်းတော်မှ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
သူတို့နှစ်ဦးလည်း တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကိုသုံးကာ အရှေ့ပိုင်းကန္တာရရှိ ဒေသကြီးဒါဇင်ချီ အကွာအဝေးနှင့်ညီမျှသော မိုင်သန်းရာချီ အကွာအဝေးကို ခရီးနှင်ခဲ့ကြသည်။ ထို့နောက် ဒရမ်တောင်သို့ မရောက်ရှိမီ နှစ်ရက်ခန့်ကြာ ထပ်မံ ပျံသန်းခဲ့ရပေသည်။
ဒရမ်တောင်တန်းတွင် မြင့်မားသော တောင်ထွတ်များ ရှိသော်လည်း အပင်များစွာ မရှိပေ။ အကြောင်းမှာ ဤတောင်တန်းက မီးစွမ်းအင်များ ပြည့်နေသောကြောင့် အပင်ရှားပါးခဲ့ရသည်။
ဒရမ်တောင်က ကျိုးမိသားစု၏ နယ်မြေဖြစ်ပေသည်။
လမ်းခရီးတွင်၊ ကျိုးမိသားစုက လုမင် သိလာခဲ့ရသည်။ ကျိုးမိသားစုတွင် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ အများအပြားမရှိ၍ လက်တစ်ဖက်ဖြင့်ပင် ရေတွက်နိုင်ပေသည်။
"သခင်မလေးကျိုး ပြန်လာပြီဟေ့"
ဒရမ်တောင်အနီးသို့ ရောက်လာသည်နှင့် တစ်စုံတစ်ယောက်က ဝမ်းသာအားရ အော်လိုက်သည်။
"ဒီတော့ မင်းက ကျိုးမိသားစုရဲ့ အကြီးဆုံး သခင်မလေးပေါ့"
လုမင်က ပြုံးကာ ပြောသည်။
"ငါ့အဖေက ကျိုးမိသားစုရဲ့ ဘိုးဘေးဆိုပေမဲ့ ဒါက အင်အားစုငယ်လေးတစ်ခုပါ၊ သခင်လေးလုက ငါ့ကို ရယ်စရာပြောနေပြန်ပါပြီ"
ကျိုးရှင်းက ယောင်ယောင်လေး ပြုံးလိုက်၏။
"ရှင်းအာ"
ခဏအကြာတွင် လူလတ်ပိုင်း အမျိုးသားတစ်ဦးက သူမကို နှုတ်ဆက်လိုက်သည်။
--------