အခန်း ၁၀၄၅
Vol. 70 Ch. 1045
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1045 ) မျက်လုံးဖြူဝံပုလွေ။
သားအဖနှစ်ယောက် အချိန်အတော်ကြာ ဆွေးနွေးခဲ့ပြီးမှ ကျိုးမိသားစုခေါင်းဆောင်အခန်းမှ ကျိုးရှင်း ထွက်လာခဲ့လိုက်သည်။
ကျိုးရှင်းက ကောင်းကင်တွင် ထိန်ထိန်သာနေသော လမင်းကြီးကို ငေးကြည့်ကာ သက်ပြင်းရှည်တစ်ချက် ချလိုက်လေသည်။
"လုရှောက်ချင်း၊ မင်းငါ့ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်။ နင်တို့အားလုံးက ကြီးမားတဲ့ ကံကောင်းခြင်းတွေ ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တွေပါပဲ။ ဒါပေမဲ့ ငါတို့လို သာမန်လူတွေအတွက်တော့ တိုးတက်ချင်ရင် နည်းလမ်းတချို့ကို အသုံးပြုရတယ်။ မဟုတ်ရင် နင်တို့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
ကျိုးရှင်းက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ တဖြည်းဖြည်းနှင့် သူမ၏ အကြည့်များက တင်းမာလာတော့သည်။
.....…
ညက လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
နောက်တစ်နေ့ နေ့လယ်တွင် ကျိုးရှင်း၏ အသံက လုမင်၏ အခန်းအပြင်ဘက်မှ ထွက်ပေါ်လာသည်။
"သခင်လေးလု"
ကျိုးရှင်းက လေတိုးတိုးဖြင့် လှမ်းခေါ်လိုက်သည်။
လုမင်လည်း ကျင့်ကြံခြင်းကို အဆုံးသတ်ကာ တံခါး ဖွင့်လိုက်၏။ ထိုအခါ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားပြီး တံခါးဝတွင် ရပ်နေသော ကျိုးရှင်းကို သူတွေ့လိုက်ရသည်။
ကျိုးရှင်းက ယနေ့တွင် အထူး ပြင်ဆင်ထားသည်။ သူမက ကန်ရေမျက်နှာပြင်ကို တိုးထွက်လာသော ကြာပန်းတစ်ပွင့်ကဲ့သို့ လှပနေ၏။ အမှန်အတိုင်းပြောရလျှင် ကျိုးရှင်းက ရှားပါး အလှလေးတစ်ဦး ဖြစ်သည်။ သူမ၏အလှတွင် ယောင်္ကျားများစွာ ကျရှုံးရလိမ့်မယ်။
သို့သော်လည်း လုမင်ဟာ မိန်းမလှများစွာကို မြင်ဖူးသည်။ ရှဲ့နျန်ချင်း၊ ကျင်းခုန်းလင်၊ စန္ဒကူး နတ်သမီး... သူတို့ တစ်ယောက်စီတိုင်းက အလွန်တရာ လှပပြီး ပါရမီလည်း မနိမ့်ကျပေ။
ထို့ပြင် ချင်ယွဲ့နှင့် မူလန်လည်း ရှိသည်။ ၎င်းတို့က ရှားပါးအလှလေးများဖြစ်ကာ ကျိုးရှင်းထက် များစွာသာလွန်ကြပေသည်။ ထို့ကြောင့် ကျိုးရှင်းသည် လုမင်၏အမြင်တွင် အလွန် ရိုးရှင်းပုံပေါက်သည်။
"မိန်းကလေးကျိုး"
လုမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"သခင်လေးလု၊ အဖေက နင့်ကို ကျေးဇူးတင်လို့ ဧည့်ခံရအောင် ပွဲပြင်ထားပါတယ်"
ကျိုးရှင်းက ချိုသာစွာ ပြုံးလိုက်၏။
"ဘိုးဘေးက တကယ်ယဉ်ကျေးတာပဲ။ ကောင်းပြီလေ၊ သွားကြရအောင်"
လုမင်လည်း အနည်းငယ်ပြုံးကာ ကျိုးရှင်းနှင့် ထွက်လာခဲ့လိုက်သည်။
ခဏအကြာတွင် ကျိုးခေါင်းဆောင်၏ အိမ်ခြံဝင်းသို့ ရောက်ရှိလာသည်။
"ဟားဟားဟား၊ သခင်လေးလု... မင်းရောက်လာပြီပဲ။ ကျေးဇူးပြုပြီး..."
လုမင် ရောက်လာသည်နှင့် ကျိုးခေါင်းဆောင်က ချက်ချင်း ဆီးကြိုသည်။ သူ့ဘေးတွင် အဘိုးအို နှစ်ယောက်ရှိ၏။
လုမင်က တစ်ချက်ကြည့်လိုက်ရာ အဘိုးကြီးနှစ်ယောက်၏ အရှိန်အဝါက ကြီးမားကြောင်း သတိပြုလိုက်မိသည်။ ၎င်းတို့က အမှန်တကယ် ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်များ ဖြစ်ချေသည်။
သို့သော်လည်း ၎င်းတို့သည် အလွန်အားမကောင်းသင့်ဘဲ အဆင့်တစ် ဝိညာဉ်နတ်ဘုရား နယ်ပယ်၌သာ ရှိသင့်သည်။ ကျိုးခေါင်းဆောင်ကတော့ သိသိသာသာ ပိုအားကောင်းပေသည်။ လုမင်၏ ခန့်မှန်းမှုအရ ကျိုးခေါင်းဆောင်ဟာ ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်တွင် ရှိသင့်သည်။
"ခေါင်းဆောင်ကျိုးက ယဉ်ကျေးလွန်းပါပြီ"
လုမင်လည်း လက်ယှက်ပြကာ ကျိုးခေါင်းဆောင်၊ အခြားသူများနှင့်အတူ ခြံဝင်းထဲသို့ လျှောက်သွားသည်။
ခြံဝင်းထဲမှာတော့ အရက်ကောင်း၊ အရသာရှိသော အထူး စားသောက်ဖွယ်ရာများနှင့် ပြည့်နှက်နေခဲ့ပြီ။
ဟင်းပွဲများက သာမန်မဟုတ်ပေ။ ရေနဂါးကြွက်သား၊ လျှပ်စီးငှက်တောင်ပံများ၊ နှစ်တစ်ထောင် မီးပုဇွန်များ အစရှိသည်တို့ ရှိခဲ့သည်။ ၎င်းတို့အားလုံးက ရှားပါး အစားအသောက်များဖြစ်ကာ ပုံမှန်စားနိုင်ပါက ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းအတွက် များစွာအကျိုးရှိမည် ဖြစ်သည်။ ၎င်းတိုက အလွန်စျေးကြီးပေရာ သာမန်လူများအဖို့ ၎င်းတို့၏ တစ်သက်တာလုံးတွင် မြင်တွေ့ဖူးရန်ပင် မလွယ်ချေ။
အားလုံး ထိုင်ကြပြီးသော် ကျိုးရှင်းက လူတိုင်းအတွက် အရက် လိုက်ငှဲ့ပေးခဲ့သည်။ ထို့နောက် သူမ၏ခွက်ကို မြှောက်ပြီး ပြောလိုက်သည်။
"သခင်လေးလု၊ ကျိုးရှင်းက နင့်အတွက် တစ်ခွက်သောက်ပါမယ်။ ငါတို့ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါ"
"ဟားဟားဟား၊ မိန်းကလေးကျိုး၊ ခေါင်းဆောင်ကျိုး... ခင်ဗျားတို့က တကယ်ကြင်နာတာပဲ"
လုမင် ပြုံးလိုက်သည်။ ကျိုးခေါင်းဆောင်နှင့် ကျိုးရှင်းတို့က ယဉ်ကျေးလွန်းသဖြင့် လုမင်သည်ပင် အနည်းငယ် ရှက်သွားခဲ့မိသည်။
လုမင်က အရက်ခွက်ကို ကောက်ယူလိုက်သည်။ ထူးထူးခြားခြား ဘာမှ မခံစားရ၍ လုမင် တစ်ကျိုက်တည်း မော့သောက်လိုက်၏။
လုမင်က အရက်သောက်နေသည်အား မြင်ရသောအခါ ကျိုးခေါင်းဆောင်နှင့် အဘိုးကြီးနှစ်ယောက် အံ့သြဝမ်းသာ ဖြစ်သွားခဲ့ကြသည်။
ကျိုးရှင်း၏ မျက်လုံးများတွင် တွန့်ဆုတ်မှုအရိပ်အမြွက်တို့ ဖြစ်လာသော်လည်း ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် လျင်မြန်စွာ အစားထိုးခဲ့သည်။
"အရက်ကောင်းပဲ"
အရက်သောက်ပြီးနောက် လုမင်သည် ထူးထူးခြားခြား သတိမပြုမိဟန်ဖြင့် သက်ပြင်းချ၍ ချီးမွမ်းလိုက်သည်။
"ဟားဟားဟား၊ သခင်လေးလု ကြိုက်တယ်ဆိုမှတော့ နောက်တစ်ခွက် ထပ်သောက်ပါဦး"
ကျိုးခေါင်းဆောင်က ရယ်မောကာ ပြောလိုက်၏။
"ဒါက အရက်ကောင်းပါပဲ။ ကံမကောင်းချင်တော့... အဆိပ်ပါသွားတဲ့အတွက် အရက်ကောင်း မဟုတ်တော့ဘူး"
လုမင် ရုတ်တရက်ပြောလိုက်သည်။
"ဘာ"
ခေါင်းဆောင်ကျိုးနှင့် အခြားသူများ အနည်းငယ် အံ့အားသင့်သွားသည်။
"သတ်"
လုမင်က နဂါးစွမ်းအင်များ ပေါက်ကွဲထွက်ကာ အဘိုးကြီးတစ်ဦးကို လက်ဝါးဖြင့် ရိုက်ချလိုပ်၏။
ဤလက်ဝါးရိုက်ချက်က ရုတ်တရက်ဆန်လွန်းပေရာ အဘိုးကြီး သတိမပြုမိဘဲ လုံးဝ မခုခံနိုင်တော့ပေ။
အော်သံတစ်ခုနှင့် အဘိုးအို၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ပေါက်ကွဲသွားခဲ့သည်။
"ချီးပဲ"
ကျိုးခေါင်းဆောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဝိညာဉ်နတ်ဘုရားနယ်ပယ် အဘိုးအိုတစ်ဦး ချက်ချင်း သေဆုံးသွား၍ သူ့နှလုံးသားတွင် သွေးယိုစီးလုနီး ဖြစ်သွား၏။ သူ၏ ကျိုးမိသားစုတွင် ဝိညာဉ်နတ်ဘုရားနယ်ပယ် များစွာမရှိပေ။ နှစ်ပေါင်းများစွာကြာမှ အနည်းစုသာ ထွက်ပေါ်ခဲ့သော ဝိညာဉ်နတ်ဘုရားများထဲမှ တစ်ဦးမှာ ယခု တခဏချင်း သေသွားပြီ ဖြစ်သည်။
"ဝုန်း"
ကျိုးခေါင်းဆောင်ထံမှ အစွမ်းထက်အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ လုမင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။
ဤလက်ဝါးရိုက်ချက်က မိုးနှင့်မြေကို လှုပ်ခါသွားစေသည့် နှင်းမုန်တိုင်းတစ်ခု ကဲ့သို့ပင်။ စားပွဲနှင့် ပန်းကန်များ ချက်ခြင်း အမှုန့်ဖြစ်သွားသည်။ လုမင်လည်း သူ့ဆီသို့ ကြောက်မက်ဖွယ် အင်အားလှိုင်းများ တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။
ဤသည်မှာ ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်၏ ခွန်အား ဖြစ်သည်။
လုမင်က ကျိုးခေါင်းဆောင်၏ လက်ဝါးကို ပြန်ရိုက်ထုတ်လိုက်သည်။
ကြောက်မက်ဖွယ်အင်အားတစ်ခု တိုးဝင်လာကာ လုမင်ခန္ဓာက ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ သူသည် အနောက်ဘက်သို့ ခြေဆယ်လှမ်း ဆက်တိုက် ဆုတ်သွားရ၏။ ခြေလှမ်းတိုင်းက မြေပြင်၌ အပေါက်ကြီးတစ်ခုကို ထင်ကျန်စေခဲ့ကာ မြေတစ်ပြင်လုံး တုန်ခါသွားတော့သည်။
'ကြောက်စရာကောင်းလိုက်တဲ့ အင်အား၊ သွားမှ'
လုမင်လည်း မတုံ့ဆိုင်းတော့ပေ။ သူက ခြေတစ်ချက်လှမ်းလိုက်သည်တွင် ကြောက်စရာအင်အားများ ပေါက်ကွဲထွက်လာပြီး တောင်တစ်ခုလုံး ပြင်းစွာ တုန်ခါသွားခဲ့သည်။ ကျိုးမိသားစုသည်သာ အဓိကတောင်များကို ဝင်္ကပါများဖြင့် ကာကွယ်မထားပါက ယခုအချိန်တွင် အပိုင်းပိုင်းကွဲသွားနိုင်သည်။
လုမင်က ကောင်းကင်ကို တိုက်ရိုက် ထိုးတက်သွားခဲ့သည်။
"ဒီမှာနေ"
ကျိုးခေါင်းဆောင်နှင့် အခြားအဘိုးကြီးလည်း ကောင်းကင်သို့ တက်လိုက်လာကြ၏။ ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက လုမင်ထံသို့ တိုက်ရိုက် ကျရောက်လာခဲ့သည်။
"ငါလုပ်လိုက်မယ်"
တန်တန်က အော်ဟစ်ကာ ပြေးထွက်လာသည်။ ၎င်း၏ ခြေလက်လေးချောင်းက လိပ်ခွံထဲသို့ ပြန်ဆုတ်သွားကာ ကျိုးခေါင်းဆောင်ထံ တိုးဝင် သွား၏။
"ဒုန်း"
ကျိုးခေါင်းဆောင်၏ လက်ဝါးရိုက်ချက်က လိပ်ခွံကို ရိုက်မိသွားရာ တန်တန် လွင့်စဉ်သွားတော့သည်။
သို့သော်လည်း ဤအတွက် အနည်းငယ် နှောင့်နှေးသွားရပြီး လုမင်လည်း နဝမနဂါးခြေလှမ်းနှင့် တက်ပြေးရန် ပြင်လိုက်သည်။ သို့သော်၊ ထိုအခိုက်တွင်…
"ဝုန်း"
လုမင်၏ ဦးခေါင်းထက်တွင် ကြောက်မက်ဖွယ် အင်အားတစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ လုမင်လည်း ရှေးဦးတောင်ကြီးတစ်လုံးဖြင့် အရိုက်ခံရသကဲ့သို့ဖြစ်ကာ ပြင်းပြင်းထန်ထန် ပြုတ်ကျသွား၏။ မြေပြင်က ပေါက်ကွဲသွားကာ ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
လုမင်က မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်လိုက်သည်။ ချောင်းဆိုးလိုက်တိုင်း သွေးများ အဆက်မပြတ် အန်ထွက်လာကာ သူ့မျက်နှာ ဖြူဖျော့သွား၏။
ကောင်းကင်တွင် ဆံပင်ဖြူ အဘိုးကြီးတစ်ယောက် ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါက အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းကာ နားမလည်နိုင်လောက်အောင် ဖြစ်၏။
ယခုလေးတင် လုမင်ကို ရိုက်ချလိုက်သူက ဤအဖိုးကြီး ဖြစ်သည်။
တန်တန်သည်လည်း ထွက်ပြေးရန် ကြိုးစားသည့်တိုင် အဘိုးကြီးက သူ့လက်ကိုဝှေ့ယမ်းပြီး ကောင်းကင်ကို ဖြိုချနိုင်ပုံရသော ဧရာမလက်ဝါးကြီးဖြင့် ဖမ်းဆုပ်ကိုင်လိုက်သည်။
'အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထက်'
လုမင်၏ ရင်ထဲတွင် လေးလံသွားသည်။
ဤအဘိုးကြီး၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ကယ် စတုတ္ထအဆင့် သို့မဟုတ် ထိုထက်ပို၍ မြင့်မားနေပေမည်။ ကျိုးမိသားစုတွင် သ ဤမျှ အစွမ်းထက်သော တည်ရှိမှုတစ်ခု ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထို့နောက်တွင် လုမင်က ကျိုးရှင်းကို အေးစက်စက်ဖြင့် လှည့်ကြည့်ပြီး အော်လိုက်သည်။
"ဘာကြောင့်လဲ"
လုမင် အမှန်တကယ်ပင် မယုံကြည်နိုင် ဖြစ်နေသည်။ ကျိုးမိသားစုက သူ့ကို တိုက်ခိုက်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
"လုရှောက်ချင်း၊ မင်းရဲ့ ဂူလှိုဏ်ရတနာနဲ့ မင်းလေ့ကျင့်နေတဲ့ သိုင်းကျင့်စဉ်၊ သိုင်းပညာတွေကို လွှဲပေးပါ။ နောက်ပြီးတော့ မင်း ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အားကောင်းလာသလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ပြောပြ၊ ဒါက ပါရမီလို့တော့ ငါ့ကို မပြောနဲ့။ ပါရမီရှင်တစ်ယောက် ဖြစ်ဖို့ဆိုရင် ပါရမီအပြင် အခြား အခွင့်အလမ်းတွေလည်း အများကြီးလိုတယ်"
ကျိုးခေါင်းဆောင်က လုမင်ကိုလှမ်းကြည့်ကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဟားဟားဟား၊ ငါ နားလည်ပါပြီ"
လုမင် ရုတ်တရက် ရယ်မောလိုက်သည်။
ကျိုးမိသားစုမှလူများက သူ၏ တောင်တန်းနှင့်မြစ်ပြင် ပန်းချီကားနှင့် အခြားရတနာများကို မျက်စိကျနေကြောင်း ယခုတော့ သူနားလည်သွားပြီ။
မျက်လုံးဖြူ ဝံပုလွေများ၊ ကျိုးမိသားစုဝင် အားလုံးက မျက်လုံးဖြူ ဝံပုလွေများ ဖြစ်ကြသည်။
သူက ကျိုးရှင်းကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ပေးခဲ့သည်။ သို့ရာတွင် ကျိုးမိသားစုမှ မျက်စိတစ်မှိတ်အတွင်း ရန်လိုလာပြီး သူ့ကို ကိုင်တွယ်ရန် ဆန္ဒရှိခဲ့၏။ ယင်းမှာ မည်မျှ ရယ်စရာကောင်းသနည်း။
ကျိုးရှင်း၏ မျက်လုံးများတွင် သနားခြင်းအရိပ်အမြွက်တို့ ယှက်သန်းသွားသော်လည်း ဘာမျှ ပြန်မပြောဘဲ အံကိုတင်းတင်းကြိတ်လိုက်သည်။
"ဂါး"
နဂါးဟိန်းသံနှင့် နဝမနဂါးသွေးမျိုးဆက် ထွက်ပေါ်လာသည်။ လုမင်က နဝမနဂါးအသွင်ပြောင်းကာ ကောင်းကင်သို့ ထိုးတက်သွား၏။
"နဝမနဂါး...အဲဒါ နဝမနဂါးသွေးမျိုးဆက် မဟုတ်လား"
ကျိုးခေါင်းဆောင်၊ ကျိုးဘိုးဘေးဟောင်းနှင့် အခြားသူအားလုံး တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်လိုက်တော့သည်။
--------