အခန်း ၁၀၄၆
Vol. 70 Ch. 1046
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1046 ) ပိတ်မိခြင်း။
"ဒီနေ့ မင်းထွက်သွားလို့မရဘူး။ ဒီမှာနေ"
ကျိုးဘိုးဘေးက အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်သည်။ သူ့ထံမှ အရှိန်အဝါများက ကောင်းကင်သို့ ထိုးတက်သွားကာ မိုးနှင့်မြေ တုန်ခါသွား၏။
၎င်းက တောင်တစ်လုံးကဲ့သို့ ကြီးမားသော လက်ဝါးကြီးဖြင့် လုမင်၏ ဆုတ်ခွာလမ်းကို ပိတ်ဆို့လိုက်သည်။ လက်ဝါးကြီးက နဝမနဂါးကို ရိုက်ချသည်။
လုမင်လည်း အင်အားအပြည့်သုံးကာ ပေါက်ကွဲလိုက်၏။ နဂါးခုနစ်ကောင် စွမ်းအားနှင့် တာအိုငါးမျိုး ပေါက်ကွဲထွက်ပေါ်လာတော့သည်။ အတားအဆီးမဲ့သော ကောင်းကင်သိုင်းကလည်း အားကောင်းစွာ ထွက်ပေါ်လာခဲ့သည်။
လုမင်က သူ၏ အထွတ်အထိပ် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။
"ဝုန်း"
ကျိုးဘိုးဘေး ဖန်ဆင်းထားသော ဧရာမ လက်ဝါးကြီးသည် အမှန်တကယ်ပင် အနည်းငယ် တုန်လှုပ်သွား၏။
ကျိုးဘိုးဘေးလည်း မျက်နှာအမူရာ လေးနက်သွားကာ သက်ပြင်းချ၍ ပြောလိုက်သည်။
"ပြီးပြည့်စုံတဲ့ ဝိညာဉ်သန္ဓေသားနယ်ပယ်နဲ့ ဒီလောက်ထိ အစွမ်းထက်တယ်။ တကယ်ကို ကြောက်စရာကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးကို စော်ကားပြီးပြီမို့ အသက်ရှင်ခွင့် ပေးလို့မရတော့ဘူး"
ကျိုးခေါင်းဆောင်နှင့် အခြား အဘိုးကြီးတစ်ဦးလည်း အံ့အားသင့်သွားသည်။ အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျိုးဘိုးဘေးကိုပင် သက်ပြင်းချစေနိုင်ခြင်းမှာ တကယ့်ကို တုန်လှုပ်စရာပင်။
"ဝုန်း"
ကျိုးဘိုးဘေး၏ အရှိန်အဝါက ပိုအားကောင်းလာပြီး လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်သည်။
"ဒုန်း ဒုန်း"
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ နဝမနဂါး ပြိုကျသွား၏။ လုမင်၏ရုပ်သွင်က ပြန်ပေါ်လာကာ မြေပေါ်ကို ပြုတ်ကျသွားပြီး သွေးများ အန်ထွက်လာတော့သည်။
ကျိုးဘိုးဘေးက တကယ်ကို သန်မာလွန်းလှသည်။ သူ အစွမ်းကုန် ကြိုးစားလျှင်ပင် လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။
"ဝှစ်"
ကျိုးဘိုးဘေးက လုမင်ရှေ့တွင် ပြန်ပေါ်လာကာ လက်ညိုးညွှန်လိုက်သည်။ လုမင် မရှောင်နိုင်တော့ပေ။
"ဝမ် ဝမ်"
လက်ချောင်းမှ စွမ်းအင်များက လုမင်၏ ခန္ဓာကိုယ်တွင်း ဝင်ရောက်သွားသည်။ အဆုံးမဲ့ စွမ်းအားများက လုမင်ကိုယ်တွင်းမှ စွမ်းအင်များကို တံဆိပ်ခတ်လိုက်၏။
လုမင်လည်း စွမ်းမင် အနည်းငယ်မျှ မစုစည်းနိုင်တော့ပေ။
"ဝမ်"
ကျိုးဘိုးဘေး၏ မျက်ခုံးနှစ်ခုကြားမှ မျှော်စင်ငယ်တစ်ခု ပေါ်လာသည်။ မျှော်စင်ငယ်က ပျံထွက်လာကာ အရွယ်အစား လျင်မြန်စွာ ကြီးထွားလာခဲ့၏။ ၎င်းက လုမင်၏ ဦးခေါင်းထက်တွင် ပျံဝဲနေကာ အလင်းတန်းများ ဖြာဆင်းလာတော့သည်။
ဤအခိုက်အတန့်တွင်၊ လုမင်က ယွမ်ချီစွမ်းအင်အပြင် သူ၏ တာအိုများပါ ပိတ်ဆို့ခံရသကဲ့သို့ ခံစားလိုက်ရသည်။
"ငါ ဒီကောင်လေးကို စွမ်းအင်ချိန်ပိတ်မျှော်စင်နဲ့ ချိတ်ပိတ်ထားလိုက်ပြီ။ သူ့ရဲ့ တာအို၊ စွမ်းအင်နဲ့ သွေးမျိုးဆက်တွေကို သုံးလို့မရတော့ဘူး၊ ဒါကြောင့် သူ မလွတ်နိုင်တော့ဘူး"
ကျိုးဘိုးဘေးက ပြောသည်။ အလင်းတန်းက သူ့လက်တစ်ဖက်မှ ပျံ့နှံ့သွားကာ တန်တန်ကိုလည်း တံဆိပ်ခတ်လိုက်၏။
"မင်းတို့ သူခိုးတွေ၊ ဒီကိုယ်တော်ကို မြန်မြန်လွှတ်စမ်း။ မဟုတ်ရင် နောင်တစ်ချိန်မှာ မင်းတို့ သင်္ချိုင်းမြေမရှိဘဲ သေချာပေါက် သေကြရလိမ့်မယ်"
လိပ်ခွံတွင်းသို့ ခြေလက်များကို ပြန်ဆွဲသိမ်းရင်း တန်တန်က အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
"တိရစ္ဆာန်ကများ၊ မင်း သေချင်နေပြီ"
ကျိုးဘိုးဘေးက အော်ဟစ်လိုက်သည်။ သူက စွမ်းအင်ဖြန့်ကျက်ကာ တန်တန်ကိုအမှုန့်ချေရန် ပြင်းပြင်းထန်ထန် ညှစ်လိုက်၏။
သို့သော်လည်း နောက်အခိုက်အတန့်တွင် ဘိုးဘေးကျိုး၏ အမူအရာက ပြောင်းသွားသည်။ မည်သို့ပင်ဖြစ်စေ၊ တန်တန်က အခိုင်အမာ ရှိနေသေးကြောင်း တွေ့ရှိခဲ့၏။
"ဟားဟားဟား... အဘိုးကြီး၊ မင်းရဲ့ သနားစရာကောင်းတဲ့ ခွန်အားနဲ့ ငါ့ကိုသတ်ချင်နေရင် အိပ်မက်မက်နေတာလို့ပဲ ပြောရမယ်။ အခု မြန်မြန် ငါ့ကိုလွှတ်ပြီး အဲဒီကောင်လေးကို လွှတ်ပေးလိုက်စမ်း။ မဟုတ်လို့ ငါ စွမ်းအားပြလိုက်ရင် မင်း ပြာဖြစ်သွားမယ်နော်"
တန်တန်က ရယ်မောလိုက်သည်။
တန်တန်သည် မကြာသေးမီက ဆေးပင်အများအပြားကို စားသုံးခဲ့၍ အတော်အတန် ပြန်လည်ကောင်းမွန်လာခဲ့သည်။
ဘိုးဘေးကျိုးလည်း မျက်နှာသည် အနည်းငယ်နီလာသည်။ လိပ်လေးတစ်ကောင်ကိုပင် ဘာမျှမလုပ်နိုင်ပေရာ သူ အနည်းငယ်ရှက်သွား၏။ သူက အင်္ကျီလက်စကို ခါယမ်းကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ငါမင်းကို နောက်မှ သန့်စင်ပစ်မယ်"
ထို့နောက် သူဟာ ခေါင်းဆောင်ကျိုးကိုကြည့်ပြီး ပြောလိုက်သည်။
"ကောင်လေးကို ငါ ဖိနှိပ်ပြီးသွားပြီ။ အခုလောက်ထိ အစွမ်းထက်နေတာကိုကြည့်ရင် သူ့မှာ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေမှာ အသေအချာပဲ။ ကျန်တာကတော့ ငါ မင်းဆီမှာ ထားခဲ့လိုက်ပြီ"
ပြောပြီးသည်နှင့် ဘိုးဘေးကျိုးဟာ ဤနေရာမှ ထွက်ခွာသွားတော့သည်။
ခေါင်းဆောင်ကျိုးက လုမင်ကိုကြည့်ကာ ပြောလိုက်သည်။
"လုရှောက်ချင်း၊ အခု မင်း ငါတို့လက်ထဲ ရောက်နေပြီ။ မင်းရဲ့ ကောင်းကင်ရတနာ၊ ကျင့်စဉ်နဲ့ သိုင်းပညာတွေကို လွှဲပေးစမ်း"
"ဟားဟားဟား၊ မင်းငါ့ကိုသတ်ချင်ရင် သတ်လိုက်"
လုမင်က လှောင်ပြောင် ရယ်မောလိုက်သည်။ သူ့ အကြည့်များသည် အလွန်အေးစက်နေခဲ့၏။ သူက ခေါင်းဆောင်ကျိုးနှင့် အခြားအဘိုးအိုကို တစ်ချက်ကြည့်လိုက်ရာ ၎င်းတို့ကို အလိုအလျောက် တုန်လှုပ်စေခဲ့သည်။
"ဟမ့်"
ကျိုးဘိုးဘေးက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ပြီး သူ့လက်ကိုဆန့်ကာ လုမင်၏ လက်ချောင်းမှ သိုလှောင်လက်စွပ်ကို သူ့လက်ထဲသို့ စုပ်လိုက်သည်။ သူသည် သိုလှောင်လက်စွပ်ကို အသိစိတ်ဖြင့် စစ်ဆေးခဲ့၏။ ခဏကြာတော့ သူ့မျက်နှာ ပျက်သွားကာ အကြည့်ရဆိုးသွားတော့သည်။
သိုလှောင်လက်စွပ်ထဲတွင် ပစ္စည်းအများအပြားရှိသော်လည်း ၎င်းတို့က အထူးတန်ဖိုးမရှိပေ။ သူ့ကို သွေးဆောင်နိုင်သည့် ရှားပါးရတနာ တစ်ခုမျှ ရှိမနေပါချေ။
လုမင်က လှောင်ပြောင် ရယ်မောလိုက်သည်။ သူ၏ အဖိုးတန်ရတနာ အများစုကို တောင်တန်းနှင့်မြစ်ပြင်ပန်းချီကားအတွင်းမှ တောင်တစ်ခုတွင် ထားရှိခဲ့ပေသည်။ ဒုတိယခန္ဓာမတိုင်မီက လုမင်သည် ထိုတောင်ပေါ်တွင် အစစ်အမှန်နှင့် ပုံရိပ်ယောင်ဝင်္ကပါကို တည်ဆောက်ထားခဲ့၏။ ယင်းမှာ လုမင်မှလွဲ၍ ဘယ်သူမှ ရှာမတွေ့နိုင်ပေ။
အပြင်ထွက်လျှင် အန္တရာယ်ကြုံရမည်မှန်း သူသိသည်။ တစ်နေ့တွင်၊ သူ အန္တရာယ်ကြုံရသည့်အခါ ရတနာများ အခြားသူများလက်သို့ ကျရောက်မည်ကို သူကြောက်မိပေသည်။
"လုရှောက်ချင်း၊ ကောင်းကင်ရတနာကို လွှဲပေးစမ်း။ မဟုတ်ရင် မင်းကို သေခြင်းထက် ပိုဆိုးတဲ့ ကံကြမ္မာကို ငါခံစားစေမယ်"
ခေါင်းဆောင်ကျိုး၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာသည်။
"ဟားဟားဟား"
လုမင် ဟားတိုက်ကာ ရယ်မောလိုက်၏။ သူ၏ မျက်လုံးအကြည့်များက ပို၍ အေးစက်လာကာ ပြောလိုက်သည်။
"နောင်တစ်ချိန် ငါလွတ်မြောက်ခဲ့ရင် ကျိုးမိသားစုကို သေချာပေါက်သတ်မယ်"
"မင်းမှာ အခွင့်အရေးရှိမှာ မဟုတ်ဘူး"
ခေါင်းဆောင်ကျိုးက အေးစက်စက်ဖြင့် ပြောသည်။ သူက စွမ်းအင်ကြိုးတစ်ချောင်းကို ဖန်တီးကာ လုမင်ကို ရစ်ပတ်တုပ်နှောင်လိုက်၏။ ၎င်းက လုမင်ကိုသယ်ဆောင်ကာ လေထဲသို့ ပျံတက်သွားတော့သည်။
ကျိုးရှင်းနှင့် အခြားအဘိုးကြီးလည်း နောက်မှ လိုက်လာခဲ့သည်။
မကြာခင်မီ၊ ခေါင်းဆောင်ကျိုးက လုမင်ကို လှိုဏ်ဂူတစ်ခုဆီသို့ ခေါ်ဆောင်လာပြီး အတွင်းသို့ဝင်သွားသည်။
ဂူသည် ဘယ်ကို ဦးတည်သွားမှန်း မသိနိုင်သော်လည်း အောက်ဘက်သို့ နိမ့်ဆင်းသွားခဲ့သည်။
သူတို့ နက်ရှိုင်းလာသည်နှင့်အမျှ ပတ်ဝန်းကျင် အပူချိန်များ ပိုမြင့်လာသည်ကို လုမင် ခံစားလိုက်ရသည်။ သူ့ကို တစ်ကိုယ်လုံး ပူလောင်လာခဲ့၏။
ခေါင်းဆောင်ကျိုးနှင့် အခြားသူများက ၎င်းတို့ကိုယ်ကို စွမ်းအင်များဖြင့် ကာကွယ်ကြသော်လည်း လုမင်က စွမ်းအင်အသုံးမပြုနိုင်ပေ။ ကြောက်စရာကောင်းသော အပူချိန်က သူ့ခန္ဓာကိုယ်ကို တိုက်ရိုက်သက်ရောက်ကာ ပြင်းရှသော နာကျင်မှုအား ခံစားရသည်။
သို့သော်လည်း လုမင်က မျက်မှောင်ကြုတ်တောင် မပြခဲ့ပေ။ ခေါင်းဆောင်ကျိုးကို ဆက်လက် ခေါ်ဆောင်သွားခွင့် ပြုခဲ့သည်။
နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် အဆုံးကို ရောက်သွားသည်။
ဤသည်မှာ ကြီးမားသော မြေအောက်လှိုဏ်ဂူကြီး ဖြစ်သည်။ သူတို့က တောင်ထိပ်တစ်ခုပေါ်တွင် ရပ်ကာ ရှေ့ကိုမျှော်ကြည့်လိုက်၏။ အောက်ဘက်မှာတော့ အဆုံးမဲ့ အဆုံးမဲ့ ခရမ်းနီရောင် ချော်ရည်များနှင့် ပြည့်နေသည်။
လုမင်၏ လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ သာမန် မီးတောက်များ လာရောက်လောင်ကျွမ်းလျှင်ပင် ဆံချည်တစ်မျှင်ကို လောင်ကျွမ်းနိုင်မည် မဟုတ်ပေ။ ဤနေရာမှ ချော်ရည်နှင့် ဤမီးတောက်များက ထူးထူးခြားခြား ဖြစ်နေသည်မှာ ထင်ရှားသည်။ အပူချိန်က ကြောက်စရာကောင်းလောက်အောင် မြင့်မားလှပေသည်။
ဤနေရာတွင် ချော်ရည်အပူချိန်က သာမန်ချော်ရည်ထက် အဆတစ်ရာ ပိုမြင့်မားသည်။
လုမင်ဟာ သူ့ခန္ဓာကိုယ် နာကျင်ရုံသာမကဘဲ သူ့ကိုယ်တွင်းရှိ သွေးများလည်း ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်မိသည်။ သူ၏ ဝိညာဉ်က ကွဲအက်သွားသလို ပြင်းထန်သော နာကျင်မှုလှိုင်း တက်လာခဲ့ပေသည်။
'နတ်လောင်မြေမီးလျှံ'
ဤမီးတောက်ကို မှတ်မိသဖြင့် လုမင် မျက်မှောင်ကြုတ်လိုက်သည်။
"လုရှောက်ချင်း၊ မင်း လွှဲပေးမှာလား... မပေးဘူးလား။ မင်းက ထက်မြက်တဲ့လူပါ၊ မင်းဆန္ဒရှိရင် ငါမင်းကို အမြန်သေစေမယ်။ မဟုတ်ရင် ဒီ မြေမီးလျှံရဲ့ အရသာကို ခံစားရမယ်"
ခေါင်းဆောင်ကျိုးက အေးစက်စက်ဖြင့် ပြောသည်။
သို့သော်၊ လုမင်က မထီမဲ့မြင် လှောင်ပြောင်မှုဖြင့်သာ တုံ့ပြန်ခဲ့၏။
"ခေါင်းမာနေတယ်ပေါ့၊ မင်းဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"
ခေါင်းဆောင်ကျိုးက လုမင်ကို ချော်ရည်ပြင်ထဲသို့ တွန်းချလိုက်တော့သည်။
"ဝုန်း"
ကြောက်မက်ဖွယ်ရာ ခရမ်းရောင်မီးတောက်များ လျှံတက်လာပြီး လုမင်ကို ဖုံးလွှမ်းသွားခဲ့သည်။ ကြောက်စရာကောင်းသော အပူလှိုင်းက လုမင် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားကာ ပူလောင်လာခဲ့၏။
မမြင်နိုင်သော နာကျင်မှုလှိုင်းလုံးက လုမင်၏ ခန္ဓာကိုယ်အတွင်းသာမကဘဲ သူ့စိတ်ဝိညာဉ်ကိုပါ လွှမ်းခြုံသွားခဲ့သည်။
နာကျင်မှု၊ မထင်မှတ်ထားသော နာကျင်မှုများ… လုမင်၏ စိတ်ဓာတ်ဖြင့်ပင် ညည်းတွားကာ အေးစက်သော ချွေးများ ထွက်လာခဲ့ရသည်။ သို့သော်လည်း အေးစက်စက် ချွေးများ ပေါ်လာသည်နှင့် တခဏချင်းပင် အငွေ့ပျံသွားသည်။
ဟူး…
လုမင်က အံကြိတ်ကာ တောင့်ခံလိုက်သည်။
တစ်ချိန်က ကောင်းကင်ဘုရင်လှေကားကို နင်းတက်ခဲ့ချိန်မှာလည်း မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို ခံစားခဲ့ရပေသည်။ အချို့က သူ၏ ဝိညာဉ်ကို ထိုးဖောက်လာကာ အလွန်နာကျင်ခဲ့သည်။
အလားတူပင်၊ အမွှာအသက် တားမြစ်ကျင့်စဉ်ကို လေ့ကျင့်ချိန်က စိတ်ဝိညာဉ်ကို နှစ်ပိုင်းခွဲရန် လိုခဲ့သည်။ ယင်းကလည်း စိတ်ကူးမယဉ်နိုင်သော ဝေဒနာတစ်ခုပင်။ ထို့ကြောင့် လုမင်၏ ခံနိုင်ရည်သည် သာမန်လူများထက် များစွာ သာလွန်လာခဲ့သည်။ လုမင်က ပတ်ဝန်းကျင်နှင့် သူ့ကိုယ်သူ ချိန်ညှိကာ ငြိမ်သက်သွားစေခဲ့ပေသည်။
ခေါင်းဆောင်ကျိုး၏ မျက်လုံးများက အစပိုင်းတွင် အေးစက်သွားသော်လည်း တဖြည်းဖြည်း တုန်လှုပ်ခြောက်ခြားသွားကြသည်။
လုမင်က အမှန်တကယ် တောင့်ခံနိုင်နေသည်။
--------