← Chapters

အခန်း ၁၀၄၇

Vol. 70 Ch. 1047

အခန်း ၁၀၄၇

Vol. 70 Ch. 1047

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1047 ) တတိယသွေးမျိုးဆက် နိုးထလာပြီ။

သူ့အမြင်တွင် နာကျင်လွန်း၍ လုမင်မှ အော်ဟစ်၊ ငိုယို၊ ဟိန်းဟောက်ပြီး ဂရုဏာကို တောင်းသင့်သည်။

သို့သော် ထိုအရာများကို သူမမြင်ခဲ့ပေ။

နတ်လောင်မြေမီးလျှံက မည်မျှကြောက်စရာကောင်းကြောင်း သူ ကောင်းစွာသိသည်။ ယခင်က သူ့ကို စော်ကားခဲ့သူ အများကြီးကို ခေါ်လာခဲ့ဘူးပြီး မည်သူမျှ ငါးမိနစ်ထက် မပိုခဲ့ကြပေ။ အားလုံးက အော်ဟစ်ပြီး သက်ညှာပေးရန် တောင်းပန်ခဲ့ကြသည်။

နတ်လောင်မြေမီးလျှံတွင် သေခြင်းထက် ပိုဆိုးသောကြောင့် သေခြင်းတရားကို တောင်းရမ်းသူအချို့ပင် ရှိခဲ့၏။

သို့သော်လည်း ဆယ်မိနစ်ကျော်ကျော် ကြာပြီးသည်အထိ လုမင်သည် သာမာန်နေရာတွင် ထိုင်နေသကဲ့သို့ ချော်ရည်တောင်ထိပ်တွင် ငြိမ်သက်စွာထိုင်နေဆဲပင်။

'ဒီကောင်လေးက အံ့ဩစရာကောင်းလွန်းတယ်။ သူက ကြောက်စရာကောင်းတဲ့ ဘီလူးကောင်ပဲ။ ငါတို့ သူ့ကို အသက်ရှင်ခွင့်မပြုနိုင်ဘူး'

ခေါင်းဆောင်ကျိုး၏ နှလုံးသားတွင် အနည်းငယ် တုန်လှုပ်သွားသည်။

"အဖေ၊ ကျွန်အ အရင်ပြန်တော့မယ်"

နံဘေးတွင် ကျိုးရှင်း၏ မျက်လုံးများက အနည်းငယ်သနားမှုများ လှစ်ဟလာကာ ပြောလိုက်သည်။

"ကောင်းပြီလေ၊ မင်းအရင်သွားပါ"

ခေါင်းဆောင်ကျိုးက ပြော၏။

ကျိုးရှင်းလည်း လုမင်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ထွက်သွားတော့သည်။

"မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ရသးတာပေါ့"

ခေါင်းဆောင်ကျိုး၏ မျက်လုံးများက အေးစက်သွားကာ လက်နှစ်ဖက်ဖြင့် လက်ဟန်သင်္ကေတများ ပြုလိုက်သည်။ စွမ်းအင်တံဆိပ်ခတ်မျှော်စင်က တုန်ခါသွားကာ သံကြိုးတချို့ ထိုးကျလာခဲ့၏။ သံကြိုးများက လုမင်၏ပုခုံးကို ထိုးဖောက်ကာ ခန္ဓာကိုယ်ကို ထပ်မံချုပ်နှောင်လိုက်တော့သည်။

လုမင် နာကျင်စွာဖြင့် ညည်းလိုက်သည်။ သူက ခေါင်းဆောင်ကျိုးကို အေးစက်စက်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်၏။ ထို့နောက်မှာတော့ မျက်လုံးကို မှိတ်ထားလိုက်တော့သည်။

သူ၏ စွမ်းအင်နှင့် တာအိုများက တံဆိပ်ခတ်ခံထားရသလို ခန္ဓာကိုယ်ကိုလည်း သံကြိုးများနှင့် ထပ်မံချုပ်နှောင်လိုက်၍ လုံးဝမခုခံနိုင်တော့ပေ။ ခေါင်းဆောင်ကျိုးက လုမင် လွတ်မြောက်သွားမှာကို အမှန်တကယ် ကြောက်နေခဲ့သည်။

ကြောက်မက်ဖွယ်ရာ မီးတောက်များက လုမင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လောင်ကျွမ်းစေခဲ့သည်။ မထင်မှတ်ထားသော ဝေဒနာသည် လှိုင်းလုံးများသဖွယ် တလိမ့်လိမ့် ပေါ်လာခဲ့၏။ ပထမတော့ လုမင်သည် ​​ကြီးစွာသောဝေဒနာကို ခံစားနေရသော်လည်း တဖြည်းဖြည်းနှင့် သူ ငြိမ်သက်သွားသည်။

"ဘယ်လောက်ပဲ နာကျင်ခဲနေပါစေ ငါ့နှလုံးသားကို တုန်လှုပ်စေမှာ မဟုတ်ဘူး။ ဒါက ငါ့သိုင်းတာအိုရဲ့ စမ်းသပ်မှုတစ်ခုပဲလေ။ ဘယ်လောက်ပဲ နာကျင်နေပါစေ ငါ မလှုပ်ရှားဘူး"

လုမင်က တဖြည်းဖြည်း ငြိမ်သက်လာသည်။ နောက်ဆုံးတွင်၊ ထူးကဲသော အခြေအနေတစ်ခုကို ရောက်ရှိခဲ့၏။

နာကျင်မှုများကို သူ မသိတော့ပေ။ နောက်ဆုံးတွင်၊ လုမင်က မိုးနှင့်မြေနှင့် တစ်သားတည်း ဖြစ်သွားပုံရသည်။

ဤသည်က အံ့သြစရာကောင်းသည့် အခြေအနေတစ်ခုပင်။ ရှေးမှတ်တမ်းများတွင်မူ တာအိုဉာဏ်အလင်းပွင့်ခြင်းဟု ခေါ်သည်။

မိုးမြေနှင့် တစ်သားတည်းဖြစ်ချိန်တွင် ရုပ်ခန္ဓာ၏ အနှောင်အဖွဲ့များမှ လွတ်မြောက်ပြီး မိုး‌နှင့်မြေ၏ မဟာတာအိုကို နားလည်ဆင်ခြင်နိုင်သည်။

လုမင်က နတ်လောင်မြေမီးလျှံဖြင့် လောင်ကျွမ်းမှုအောက်တွင် အသိစိတ်ကို ဗလာဖြစ်စေပြီး လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ရောက်သွားလိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားမည်မဟုတ်ပေ။

အချိန်များ ကုန်လွန်သွားခဲ့သည်။

နာရီဝက်၊ တစ်နာရီ၊ ငါးနာရီ၊ နေ့တစ်ဝက်၊ တစ်ရက်...

သုံးရက်အကြာသွားသော်လည်း လုမင်သည် မလှုပ်ရှားဘဲ ချော်ရည်တောင်ထိပ်တွင် ငြိမ်သက်စွာ ထိုင်နေဆဲပင်။

ခေါင်းဆောင်ကျိုးနှင့် အဘိုးအိုသည် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း ယခုအခါ လုံးဝ ထုံကျင်သွားကြသည်။

လုမင်က ထိုနေရာတွင် မလှုပ်မယှက် ထိုင်နေခဲ့၏။ သူ့ခန္ဓာကိုယ်မှ အသက်ဓာတ်ကိုသာ မခံစားရလျှင် သေသွားပြီဟု ထင်မိကြလိမ့်မည်။

"ဒီကောင်လေးက တကယ်ကို ကောင်းကင်ဘုံကိုတောင် အံတုနေတာပဲ၊ သူက သုံးရက်တောင် ခံနိုင်ရည်ရှိတာလား"

အဘိုးအိုက တုန်လှုပ်သောလေသံဖြင့် ပြောလိုက်သည်။

"ထိပ်သီးပါရမီရှင်အားလုံးက ထူးခြားတဲ့ စိတ်ဓာတ်ခိုင်မှာမှုစွမ်းအား ရှိတာများပါတယ်။ ရွယ်လော့ကျစ်ကိုတောင် အနိုင်ယူခဲ့တာကိုကြည့်ရင် သူ ဘယ်လောက်ထိ ကြောက်စရာကောင်းမှန်း ထင်ရှားတယ်၊ ဒါပေမယ့် သူဟာ လူသားဖြစ်သရွေ့တော့ ကန့်သတ်ချက်တစ်ခု ရှိမှာပဲ။ သူ ထာဝရ ခံနိုင်ရည်ရှိနေမယ်လို့ ငါမယုံဘူး"

ခေါင်းဆောင်ကျိုးက ပြောလိုက်၏။

လုမင်က ပကတိအခြေအနေသို့ ရောက်ရှိနေပြီဟုတော့ သူ၏ အရူးမိုက်ဆုံး အိပ်မက်ထဲမှာပင် ‌တွေးခဲ့ဘူးမည် မဟုတ်ချေ။

ဆက်ပြီး စောင့်နေခဲ့ကြသည်။

မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်ကြာသွားပြီ။

လုမင်က ချော်ရည်တောင်ထိပ်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေဆဲ ဖြစ်သည်။

ခေါင်းဆောင်ကျိုးလည်း အံကို တင်းတင်းကြိတ်လိုက်လေသည်။

"လုရှောက်ချင်း၊ မင်း လွှဲပေးမှာလား... မပေးဘူးလား။ မင်း လက်လွှဲပေးမယ်ဆိုရင် ဒီနာကျင်မှုကို ခံစားရမှာ မဟုတ်တော့ဘူး"

ခေါင်းဆောင်ကျိုးက အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

လုမင်က မျက်လုံးကို မှိတ်ထားဆဲဖြစ်ကာ ဘာမျှ မပြောပေ။

"ကောင်းတယ်၊ မင်း စကားမပြောချင်ဘူးဆိုမှတော့ ဒီမှာပဲ ထာဝရနေပြီး နတ်လောင်မြေမီးလျှံရဲ့ နာကျင်မှုကို ခံစားလိုက်။ အကြီးအကဲ... သွားကြရအောင်"

ခေါင်းဆောင်ကျိုးက သူ့အင်္ကျီလက်ကိုခါယမ်းကာ ပြန်လည် ထွက်ခွာသွားသည်။

သူ သည်းခံနိုင်စွမ်း မရှိတော့ပေ။

နှစ်ယောက်သား ထိုနေရာမှ ထွက်သွားပြီးနောက် လမ်းတစ်လျှောက်မှ ကျောက်တံခါးများကို ပိတ်ကာ အလုံပိတ်လိုက်သည်။

လုမင်၏ ခန္ဓာကိုယ်ကို ချိတ်ပိတ်ထားကာ ကျင့်ကြံခြင်းကိုလည်း တံဆိပ်ခတ်ထားသည်။ လုမင်က သူတို့ကို ဘာမျှ ပြဿနာမရှာနိုင်တော့ပေ။ သူ့ကို ဤနေရာတွင် ဖိနှိပ်ထားပြီး သူ မည်မျှ နေနိုင်မလဲဆိုတာ ကြည့်လိုသည်။

လုမင်ကတော့ နေရာတွင် မလှုပ်မယှက်ဘဲ တင်ပျဉ်ခွေထိုင်နေဆဲပင်။

သူဟာ လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ဝင်ရောက်ခဲ့ပြီး အရာအားလုံးကို မေ့လျော့သွားသည်။ သူဟာ မိုးနှင့်မြေ၏ မဟာတာအိုများကို အလိုလိုနားလည်ခဲ့ပေသည်။

စီးဆင်းနေသော ရေကဲ့သို့... အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားခဲ့ပြီ။

အစပိုင်းတွင်၊ ခေါင်းဆောင်ကျိုးက စစ်ဆေးမေးမြန်းရန် ခုနစ်ရက်တစ်ကြိမ် ဤနေရာကို လာခဲ့သည်။ နောက်တော့ တစ်လ တစ်ကြိမ်သာ လာတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ်ကုန်လွန်သွားခဲ့သည်။

လုမင် ဤနေရာတွင် ဖိနှိပ်ခံခဲ့ရသည်မှာလည်း တစ်နှစ်ပြည့်ခဲ့ပြီ။

………

ကျိုးမိသားစု၏ ဂူတစ်ခုတွင် ဘိုးဘေးကျိုးက တင်ပျဉ်ခွေထိုင်နေသည်။ သူ့လက်ဝါးမှာတော့ မီးတောက်မီးလျှံများ ထွက်ပေါ်နေကာ လိပ်ခွံတစ်ခုကို မီးရှို့နေခဲ့၏။

ဤလိပ်ခွံသည်ကား သဘာဝအတိုင်း တန်တန် ဖြစ်သည်။

"သူခိုးလေး၊ မင်းငါ့ကို ဘာမှလုပ်မနိုင်ဘူးလို့ ငါပြောခဲ့သားပဲ၊ မင်း သေဖို့သာ စောင့်နေ"

တန်တန်က လိပ်ခွံထဲမှ အော်လိုက်သည်။

မီးများ ငြိမ်းသွားသောအခါ ဘိုးဘေးကျိုးသည် သူ့လက်ထဲမှ လိပ်ခွံကို အလွန်လေးနက်သော အမူအရာဖြင့် ကြည့်လိုက်၏။

လွန်ခဲ့သည့်နှစ်အတွင်း၌ သူသည် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သော်လည်း တန်တန်ကို ဘာမှမတတ်နိုင်ခဲ့ပေ။ မည်သို့ပင် ပြုနေပါစေ၊ သူ မသတ်နိုင်ချေ။

ဤသည်က သူ့ကို တုန်လှုပ်စေကာ ပို၍ ကြောက်လာစေခဲ့သည်။

ထို့အပြင် လုမင်ကလည်း နတ်လောင်မြေမီးလျှင်တွင် တစ်နှစ်ကြာ ဖိနှိပ်နေခဲ့ပြီး လုံးဝမလှုပ်ရှားကြောင်း သူ ကြားသိခဲ့ရသည်။ အမှန်တကယ်ပင် လုမင်က တစ်နှစ်ပြည့်အောင် ခံနိုင်ရည်ရှိခဲ့၏။ ဤအရာအားလုံးက ဘိုးဘေးကျိုးကို ထိတ်လန့်သွားစေကာ သူစိတ်မချနိုင်တော့ပေ။

ဤအခိုက်တွင် ပုံရိပ်တစ်ခု ဝင်လာသည်။ ကျိုးခေါင်းဆောင်ပင် ဖြစ်ချေသည်။

"လုရှောက်ချင်း ဘယ်လိုနေလဲ"

ဘိုးဘေးကျိုးက မေးလိုက်သည်။

"ဒီကောင် စကားတစ်ခွန်းမှ မပြောသေးဘူး၊ တကယ် သေသင့်တဲ့ကောင်"

ခေါင်းဆောင်ကျိုးက အံကြိတ်ကာ ပြောလိုက်၏။

"ငါတို့ ဒီပုံစံအတိုင်း ဆက်သွားလို့မရဘူး။ ဒီကလေးနဲ့ ဒီလိပ်က ကြောက်စရာကောင်းလွန်းတယ်။ ငါတို့ သူတို့ကို အသက်ရှင်လျက်ထားလို့ မရဘူး။ နောက်ထပ် သုံးလလောက်စောင့်မယ်၊ ဒါမှ စကားမပြောသေးရင်တော့ ‌ငါတို့သတ်ပစ်တော့မယ်။ ဒီလိပ်ကိုတော့ ကောင်းလေးကိုသတ်ပြီးမှ ငါအပြင်ထွက်ပြီး ဒီလိပ်ကို ဖျက်ဆီးဖို့ အဓိပတိကို အကူအညီတောင်းမယ်"

ဘိုးဘေးကျိုးက ပြောသည်။

"ကောင်းပါပြီ"

ခေါင်းဆောင်ကျိုးလည်း အကူအညီမဲ့နေကာ ခေါင်းညိတ်လိုက်လေသည်။

လုမင်ကို သတ်လိုက်ပါက ကောင်းကင်ရတနာကို ရရှိနိုင်တော့မည်မဟုတ်ပါ။ သူတို့၏ ကြိုးစားအားထုတ်မှု အားလုံး အချည်းနှီး ဖြစ်ရမည် ဖြစ်သည်။

သို့ရာတွင်၊ လုမင်ကို အသက်ရှင်လျက် ထိန်းထားခြင်းက ခေါင်းဆောင်ကျိုးနှင့် ဘိုးဘေးကျိုးကို ပို၍ တုန်လှုပ်သွားစေသည်။ လုမင်သည် မကောင်းဆိုးရွား ဆန်လွန်း၏။ သူ့ကို အသက်ရှင်လျက် ဆက်ထားခြင်းက အန္တရာယ်များလွန်းသည်။

………

မြေအောက်လှိုဏ်ဂူထဲတွင်၊ ​​လုမင်က ချော်ရည်တောင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေတုန်းဆဲပင်။ စွမ်းအင်တံဆိပ်ခတ် မျှော်စင်ကလည်း လုမင်၏ ဦးခေါင်းထက်တွင် ပျံဝဲကာ ဆက်လက် ဖိနှိပ်နေခဲ့သည်။

သူ၏ ယွမ်ချီစွမ်းအင်၊ သွေးမျိုးဆက် သို့မဟုတ် ကျင့်ကြံခြင်းအခြေခံကို အသုံးမပြုနိုင်သေးပါ။

သို့ရာတွင်၊ ဤအခိုက်အတန့်လေးမှာပင် သူ့ကျောရိုးမှ အနီရောင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

တဖြေးဖြေးနှင့် သွေးအလင်းသည် ပိုပိုပြီး သိပ်သည်းလာခဲ့သည်။

နောက်ဆုံးတွင် သွေးအလင်းက ခရမ်းနီရောင်ချော်ရည်၏ အရောင်ကို ဖြိုခွင်းလိုက်၏။ မြေအောက်ဂူကြီးတစ်ခုလုံး နီမြန်းသော သွေးအလင်းရောင်များဖြင့် ပြည့်နှက်နေတော့သည်။

ထို့နောက်တွင်၊ လုမင်၏ ကျောရိုးမှ သွေးတစ်စက်ထွက်လာပြီး သူ၏ဦးခေါင်းထက်သို့ ပျံ့လွင့်သွားသည်။

ဤသွေးတစ်စက်သည် နီရဲနေပြီး ပုံဆောင်ခဲ ဖြစ်နေခဲ့၏။ သို့သော်လည်း အလွန်အေးပုံရသည်။ ၎င်းမှ အဆုံးမဲ့သတ်ဖြတ်ချင်စိတ်များလည်း ပျံ့နှံ့လာခဲ့၏။ သတ်ဖြတ်ရန် ရည်ရွယ်ချက်များ ပျံ့နှံ့လာခဲ့သည်။ ထို့အပြင်၊ ၎င်းမှ ကြီးစိုးသော အရှိန်အဝါတစ်ခုကလည်း မြေအောက်လှိုဏ်ဂူခုလုံးကို ပြည့်စေသည်။

"ဝမ်"

တစ်နှစ်ကြာ မှိတ်ထားခဲ့သော လုမင်၏မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။

"တတိယသွေး၊ ဒါ ငါ့ရဲ့တတိယသွေးမျိုးဆက်ပဲ"

လုမင် မျက်လုံးများ တောက်ပလာခဲ့၏။ ဤနေရာတွင် တစ်နှစ်ကြာ ထိုင်နေခဲ့ပြီး သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က စမ်းသပ်မှုများစွာကို ဖြတ်သန်းခဲ့ရသည်။ ယခုအခါ နောက်ဆုံးတွင်ကား သူ၏ တတိယမြောက်သွေးမျိုးဆက်ကို နိုးကြားစေခဲ့ပြီ။

သို့သော်လည်း လုမင်ကို အံ့ဩသွားစေအောင် သူ၏ သွေးမျိုးဆက်တွင် ချက္ကရတစ်ခုမှ ရှိမနေပါချေ။

--------

All Chapters