← Chapters

အခန်း ၁၀၄၈

Vol. 70 Ch. 1048

အခန်း ၁၀၄၈

Vol. 70 Ch. 1048

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1048 ) ဝိညာဉ်နတ်ဘုရား ကပ်ဘေးဒုက္ခ။

လုမင်သည် သူ၏ တတိယမြောက် သွေးမျိုးဆက်က အမှန်တကယ်ပင် သွေးတစ်စက်ဖြစ်ကြောင်းမည်ဟု လုံးဝမထင်မှတ်ခဲ့ပေ။ ဤသွေးတစ်စက်သည် နဝမနဂါးသွေးမဟုတ်ဘဲ သူ့ခန္ဓာကိုယ်မှ နိုးထလာသော သွေးမျိုးဆက်ဖြစ်သည်။

ထို့ပြင် မယုံနိုင်စရာကောင်းအောင် ဤသွေးစက်တွင် ချက္ကရများ မရှိပေ။

ဤသည်က သူ၏ နဝမနဂါးသွေးမျိုးဆက်ကို ပထမဆုံး နိုးထလာချိန်ကနှင့် အတူတူ ဖြစ်သည်။

နဝမနဂါးသွေးမျိုးဆက်ကို နိုးထစမှာလည်း ချက္ကရများ မရှိခဲ့ပေ။ သို့ရာတွင် သွေးအနှစ်သာရများကို စားသုံးပြီးနောက် ဆက်လက်တိုးတက်လာခဲ့သည်။

ယခုမူ၊ သူ၏ တတိယသွေးမျိုးဆက်ကလည်း ထိုကဲ့သို့ပင် ဖြစ်သလော။

လုမင်၏ အသိစိတ်က တတိယသွေးမျိုးဆက်နှင့် ပေါင်းစပ်ကာ ဂရုတစိုက်ခံစားကြည့်လိုက်သည်။

"သတ်၊ သတ်၊ သတ်"

လုမင်၏အသိစိတ်က တတိယသွေးမျိုးဆက်နှင့် ပေါင်းစည်းလိုက်သောအခါ၊ လုမင်၏ စိတ်ထဲတွင် မြေပြင် တုန်ဟီးစေနိုင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ဤအသံက ကြီးကျယ်ခမ်းနားသည်။ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေခဲ့၏။ အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များတွင် လုမင် ချက်ချင်းနစ်မြုပ်သွားတော့သည်။

"သတ်"

လုမင် အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်များ ပြည့်လာခဲ့၏။ ဤအခိုက်အတန့်တွင် သူ့နှလုံးသားက ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံးကို သတ်လိုသကဲ့သို့ အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေတော့သည်။

"ဝုန်း"

တစ်ချိန်တည်းမှာပင်၊ လုမင်ဟာ သူ၏ တတိယသွေးမျိုးဆက် ဤသွေးတစ်စက်မှ အဆုံးမဲ့စွမ်းအင်များကို ခံစားခဲ့ရသည်။

ဤသွေးတစ်စက်က လုမင်၏ မျက်လုံးထဲတွင် သွေးတစ်စက်မဟုတ်တော့ပေ။ သွေးပင်လယ်၊ အဆုံးမဲ့သွေးပင်လယ်ကြီး၊ ဤသွေးပင်လယ်၌ အဆုံးမဲ့စွမ်းအားများဖြင့် ပြည့်နေသည်။

လုမင်၏ စိတ်ထဲတွင် သိုင်းအုပ်ချုပ်သူများပင် ဤစွမ်းအား၏ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်လောက် အရေးမပါဟု ခံစားလိုက်မိသည်။

ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင် အရိပ်အယောင်များ စီးဆင်းနေသည်။ ဤစွမ်းအင်အရိပ်အယောင်သည် သွေးပင်လယ်ရှိ စုစုပေါင်းစွမ်းအင်၏ တစ်ဘီလီယံပုံ တစ်ပုံမျှပင် မဟုတ်ပါ။

သို့တိုင်၊ အလွန်ကြောက်စရာကောင်းနေပြီ ဖြစ်သည်။

"သတ်"

လုမင် ဒေါသတကြီးဖြင့် ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။ သူ၏ သတ်ဖြတ်ချင်စိတ်များက အကန့်အသတ်မရှိတော့ပေ။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်မှ သွေးနီရောင်အလွှာတစ်ခု ထွက်ပေါ်လာသည်။ အံ့ဖွယ်ကောင်းအောင် သူ့ဆံပင်များပင် အ‌နီရောင် ပြောင်းသွား၏။ သူ၏ ဆံပင်များက သွေးများ စီးကျနေသကဲ့သို့ ရဲရဲနီလျက် ရှိတော့သည်။

သူ၏ သွေးနီရောင်ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ လုမင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်များ ထွက်လာခဲ့၏။

"ဒုန်း ဒုန်း ဒုန်း"

စွမ်းအင်တံဆိပ်ခတ်မျှော်စင်မှ တွဲလောင်းကျနေသည့် သံကြိုးအားလုံး ချက်ချင်းပြိုကျကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။

စွမ်းအင်တံဆိပ်ခတ်မျှော်စင်မှ လုမင်၏ကျင့်ကြံခြင်းအခြေခံကို ဖိနှိပ်ထားသော စွမ်းအင်များလည်း ဤစွမ်းအားကြောင့် ပြိုကျသွားတော့သည်။

ဖိနှိပ်မှုစွမ်းအားများ ပျောက်ကွယ်သွားပြီးနောက် တစ်နှစ်ကြာ ဖိနှိပ်ခံခဲ့ရသော လုမင်၏ ယွမ်ချီစွမ်းအင်များသည် အရူးအမူး ရုန်းကြွလာသည်။ သူ၏ ဝိညာဉ်သန္ဓေသားက နှလုံးသားကဲ့သို့ ပြင်းထန်စွာ ခုန်လာခဲ့၏။

တစ်ချိန်တည်းမှာပင်၊ တာအိုသန္ဓေက တောက်ပလာပြီး လျင်မြန်စွာ ရှည်လာတော့သည်။

"ဝုန်း"

ရောင်စုံအလင်းတစ်ခုက ကောင်းကင်သို့တက်သွားကာ စွမ်းအင်တံဆိပ်ခတ်မျှော်စင်ကို တိုက်ခိုက်ခဲ့သည်။

စွမ်းအင်တံဆိပ်ခတ်မျှော်စင်လည်း အဆက်မပြတ် တုန်ခါသွားကာ နောက်ဆုံးတွင် ပေါက်ကွဲသွား၏။

တာအိုများ၊ လုမင်၏ တာအိုငါးမျိုးက ယခုအခါ စတုတ္တအဆင့်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။

ကြောက်မက်ဖွယ်ရာ စွမ်းအင်များက တဟုန်ထိုးတိုးလာသောအခါ အောက်မှ ချော်ရည်အားလုံး လှိုင်းထလာပြီး အပေါ်မှ လှိုဏ်ဂူကြီးလည်း တုန်ခါသွားရသည်။

………

ဤအခိုက်တွင် ကျိုးမိသားစု၌ ဘိုးဘေးကျိုး တုန်လှုပ်သွားသည်။ သူ့ခန္ဓာက ကောင်းကင်ကို ထိုးတက်သွားကာ သူ့မျက်လုံးများမှာလည်း တုန်လှုပ်ခြောက်ခြားမှုများ ပြည့်နှက်သွား၏။ သူ အော်ဟစ်လိုက်သည်။

"မကောင်းတော့ဘူး၊ မြေအောက်ဂူထဲမှာ တစ်ခုခုဖြစ်သွားပြီ"

အော်ပြီးသည်နှင့် သူသည် မြေအောက်ဂူထဲသို့ အမြန်ပြေးသွားတော့သည်။

………

"စတုတ္ထအဆင့်၊ စတုတ္ထအဆင့် တာအို"

လုမင် ဟိန်းဟောက်လိုက်သည်။ နောက်ဆုံးတွင် သူ့စိတ်က အဆုံးမဲ့သတ်ဖြတ်ချင်စိတ်များတွင် မနစ်မြုပ်သေးဘဲ အသိဥာဏ်အရိပ်အမြွက်ကို ဆက်လက်ထိန်းသိမ်းထားခဲ့ဆဲပင်။

"ဒါဆိုရင် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ငါချိုးဖြတ်မယ်"

"ဂါး"

နဝမနဂါးသွေးမျိုးဆက် ဟိန်းဟောက်ပြီး ထွက်ပေါ်လာသည်။ လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကျောက်ကြမ်းတစ်ပုံသည် လေထဲတွင် ပေါ်လာခဲ့၏။

ကျောက်ကြမ်း တစ်သန်းကျော် ရှိသည်။

အဓိပဓိကျိုးယန်က သူ့ကို ကျောက်ကြမ်းငါးသိန်းခန့် ပေးခဲ့သည်။ ဤအချိန်ကာလအတွင်း ရန်သူအချို့ကို သတ်ခြင်းမှလည်း ကျောက်ကြမ်းစွာ ရရှိခဲ့၏။ သူ၏ မူလကျောက်ကြမ်းများကို ပေါင်းလိုက်သောအခါ ကျောက်ကြမ်း တစ်သန်းကျော် ရှိခဲ့သည်။

နဝမနဂါးက ပါးစပ်ကိုဟကာ ကျောက်ကြမ်းများကို မျိုချလိုက်သည်။

"ဒုတ် ဒုတ် ဒုတ်"

သူ၏ဒန်တျန်တွင်၊ သက်ရှိသတ္တဝါတစ်ဦး မွေးဖွားလာသကဲ့သို့ ဝိညာဉ်သန္ဓေသားသည် လျင်မြန်စွာ ခုန်လာခဲ့၏။

ဤအခိုက်တွင် ဝိညာဉ်သန္ဓေသားမှ ပြင်းထန်သော စုပ်ယူမှုစွမ်းအားများ ပေါက်ကွဲထွက်လာကာ လုမင်၏ဝိညာဉ်ကို ဝိညာဉ်သန္ဓေသားအတွင်းသို့ ဆွဲယူလိုက်သည်။

"ဝုန်း"

နောက်အခိုက်တွင် ဝိညာဉ်သန္ဓေသား ပြိုကျသွားပြီး သူ၏ဒန်တျန်တွင် ပုံသဏ္ဍာန်တစ်ခု ပေါ်လာခဲ့၏။

ဤပုံရိပ်က လုမင် အသေးစားဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းက အလွန်သေးငယ်ကာ လက်သီးဆုပ်အရွယ်အစား ရှိသည်မှလွဲ၍ လုမင်နှင့် အတိအကျ တူညီသည်။

၎င်းက ကျင့်ကြံသူတစ်ဦး၏ အနှစ်သာရ၊ စွမ်းအင်နှင့် တာအိုတို့ကို စုစည်း၍ ဖွဲ့စည်းထားသော ဝိညာဉ်နတ်ဘုရား ဖြစ်သည်။

လုမင် သံရှည်ဆွဲ၍ အော်ဟစ်လိုက်သည်။ သူ့ပုံရိပ်က ရွေ့လျားသွားကာ ကောင်းကင်သို့ ပျံတက်သွား၏။

ဂူအထက်မှ ကျောက်တုံးများက တို့ဟူးကဲ့သို့ ပေါက်ကွဲသွားကြသည်။ ထိုအချိန်တွင်၊ ဒရမ်တောင်တစ်ခုလုံးနှင့် ကျိုးမိသားစု တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါစပြုလာတော့သည်။

"ဝှစ်"

ထို့နောက် သွေးအလင်းရောင်သည် မြေပြင်မှ ပြေးထွက်လာပြီး ကောင်းကင်၌ လွင့်ပျံလာခဲ့သည်။

သွေးအလင်းရောင်တွင်းမှ လုမင် လေထဲတွင် ရပ်လိုက်၏။ သူ့ခန္ဓာကိုယ်က သွေးအလင်းရောင်ဖြင့် ဖုံးလွှမ်းသွားကာ သတ်ဖြတ်ချင်စိတ်များလည်း မြင့်တက်လာတော့သည်။

"သတ်၊ သတ်၊ သတ်"

တတိယသွေးမျိုးဆက်မှ ဟိန်းဟောက်သံကလည်း လုမင်၏ စိတ်ထဲတွင် အတက်မပြတ် ပေါ်လာသည်။

"မင်း... မင်း ဘယ်လို လွတ်လာတာလဲ"

မနီးမဝေးတွင် ဘိုးဘေးကျိုး၏ မယုံကြည်နိုင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ဤအခိုက်တွင် ကျိုးမိသားစုတစ်ခုလုံးမှ ပုံရိပ်များစွာ ထွက်လာကြ၏။ သူတိုအားလုံး ထိတ်လန့်သွားတော့သည်။

"ဝှစ် ဝှစ်"

ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

ခေါင်းဆောင်ကျိုး၊ ကျိုးမိသားစု၏အကြီးအကဲနှင့် ကျိုးရှင်း…

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်း ဘယ်လိုလုပ်ပြီး လွတ်မြောက်လာတာလဲ"

ခေါင်းဆောင်ကျိုးက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများလည်း အပြင်ကို ထွက်ပေါ်လာတော့မည်။

"ဟားဟားဟား၊ ငါသိတယ်။ ဒီကောင်လေးကို ဖမ်းထားလို့မရဘူး"

ဘိုးဘေးကျိုး၏ လက်တစ်ဖက်တွင် တန်တန်က အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။

"သတ်၊ မင်းလွတ်လာရင်တောင် ဘာဖြစ်လဲ။ ဒီတစ်ခါ မင်းကို လုံးလုံးသတ်ပစ်မယ်"

ဘိုးဘေး‌ကျိုးက အော်ဟစ်ကာ လုမင်ကိုတိုက်ခိုက်ရန် ခြေလှမ်းပြင်လိုက်သည်။

သို့သော်လည်း နောက်အခိုက်တွင် သူ့ဆံပင်များ ထောင်ထသွားပြီး ကြောက်စရာကောင်း‌သော အန္တရာယ်တစ်ခုကို ခံစားလိုက်ရ၏။

သူ၏ မသိစိတ်မှ ကောင်းကင်ကို မော့ကြည့်လိုက်ရာ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

"ကောင်းကင်ကပ်ဘေးဒုက္ခ၊ အဲဒါ ကောင်းကင် ကပ်ဘေးဒုက္ခပဲ။ မင်း ကပ်ဘေးဒုက္ခကို ကျော်ဖြတ်တော့မှာ"

ထိုအချိန်တွင် ကောင်းကင်ယံ၌ လေနှင့် တိမ်တိုက်များ စုရုံးလာသည်။ အဆုံးမဲ့ တိမ်တိုက်များက ထွက်ပေါ်လာကာ ကောင်းကင်ကို ဖုံးလွှမ်းသွား၏။

အဆုံးမဲ့ လျှပ်စီးများက တိမ်မည်းများကြားတွင် တဖျတ်ဖျတ်လက်ကာ ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်လာတော့သည်။

ထိုအချိန်တွင်၊ လုမင်က ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ လုံးဝ မဝင်ရောက်သေးပေ။ ဝိညာဉ်နတ်ဘုရား ကပ်ဘေးဒုက္ခကို ဦးစွာ ဖြတ်ကျော်ရဦးမည် ဖြစ်သည်။ ဝိညာဉ်နတ်ဘုရား ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နိုင်မှသာ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ အမှန်တကယ် ဝင်ရောက်လာသည်ဟု ယူဆနိုင်သည်။ မကျော်ဖြတ်နိုင်လျှင်တော့ ကျဆုံးသွားရပေလိမ့်မည်။

"မဟုတ်ဘူး၊ နောက်ဆုတ်... မြန်မြန်ပြန်ဆုတ်ကြ"

ဘိုးဘေးကျိုးက အော်ဟစ်လိုက်သည်။

၎င်းတို့သာ ကပ်ဘေးဒုက္ခအတွင်းကို ဝင်ရောက်မိပါက တူညီစွာပင် ဖြတ်ကျော်ရလိမ့်မည်။ ထို့အပြင်၊ ကောင်းကင်ကပ်ဘေးဒုက္ခ၏ စွမ်းအားက တန်ခိုးရှင်၏ ကျင်ကြံမှုအရ ပြောင်းလဲသွားရမည် ဖြစ်သည်။

မပြင်ဆင်ထားဘဲနှင့် ပါဝင်မိလျှင် အသက်အန္တရာယ်ပင် ခြိမ်းခြောက်ခံရနိုင်သည်။

ဘိုးဘေးကျိုးက အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။ ၎င်းက လုမင် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးမှ သတ်ဖြတ်ရန် တွေးထားလိုက်ပေသည်။

လုမင်က ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်သို့ ဝင်ရောက်ခဲ့လျှင်ပင် သူ့ခွန်အားကို ယုံကြည်မှုရှိသည်။ လုမင်ကို သတ်နိုင်နေဦးမည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် အဆင့်တိုင်းကြား ကွာဟချက်က အလွန်ကြီးမားသည်။ လုမင်က ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်သုံးဆင့်ကိုကျော်ကာ သူ့ကိုတိုက်ခိုက်နိုင်မည်ဟု သူ မယုံကြည်ပေ။

"ခွေးအိုကြီး၊ မင်းဘယ်သွားမလို့လဲ"

လုမင်က ဘိုးဘေးကျိုးကို စိုက်ကြည့်ပြီးနောက် နဝမနဂါးခြေလှမ်းဖြင့် ရှေ့တစ်လှမ်းတိုးလိုက်သည်။

ဤအခိုက်တွင်၊ လုမင်၏ နဝမနဂါးခြေလှမ်းက လွန်ခဲ့သော တစ်နှစ်ကထက် အဆအနည်းငယ် ပို၍မြန်လာသည်။

လုမင်၏ နဝမနဂါးခြေလှမ်းက ယခုနှစ်အတွင်း ဖြတ်ကျော်သွားပုံ‌ ရပေသည်။

သူ၏ပုံရိပ်က ဘိုးဘေးကျိုး၏ အနီးကို လျှပ်စီးလက်သကဲ့သို့ အကြွင်းမဲ့အမြန်နှုန်းဖြင့် ရောက်ရှိသွားခဲ့သည်။

"ဂျိန်း"

ထိုအချိန်တွင်၊ ကောင်းကင်ယံရှိ တိမ်မည်းများမှ ရေအိုးတစ်လုံးကဲ့သို့ ထူထဲသော မိုးကြိုးတစ်စင်းသည် လုမင်ဆီသို့ ကျရောက်လာသည်။

တာအိုငါးမျိုးက လင်းလက်သွားကာ လုမင် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ လုမင်က ဘိုးဘေးကျိုးအနောက်သို့ ပြေးလိုက်သွားချိန်တွင် မိုးကြိုးလျှပ်စီးကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။

"ဂျိန်း"

လုမင်က မိုးကြိုးတန်းတွင် နစ်မြုပ်သွားသော်လည်း ဘာမျှမဖြစ်ဘဲ ဆက်ပြေးသွားခဲ့သည်။

"ဂျိန်း ဂျိန်း ဂျိန်း"

ကောင်းကင်တွင် တုန်လှုပ်ခြောက်ခြားဖွယ် ထစ်ချုန်းသံများ ပေါ်လာခဲ့၏။ ယခုတစ်ကြိမ်တွင် စုစုပေါင်း မိုးကြိုးလျှပ်စီးကြောင်းသုံးကြိမ်တိတိ လုမင်ကို ထိမှန်သွားတော့သည်။

--------

All Chapters