အခန်း ၁၀၅၀
Vol. 70 Ch. 1050
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1050 ) ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်ခြင်း။
ထို့နောက် လုမင်သည် ခေါင်းဆောင်ကျိုးကို လက်တစ်ဖက်နှင့် ဖမ်းကိုင်ပြီး မိုးကြိုးကျားတစ်ကောင်ကို ရိုက်ထုတ်လိုက်သည်။
ဤအခိုက်တွင်၊ မိုးကြိုးကပ်ဘေးမှ ဖြစ်ပေါ်လာသော သတ္တဝါများက လုမင်ကို ခုန်အုပ်လာကြ၏။ သို့သော်လည်း ၎င်းတို့အားလုံးကို လုမင်က ချေမှုန်းနိုင်ခဲ့သည်။
ခြေလှမ်းတစ်လှမ်းဖြင့် လုမင်သည် ကျိုးမိသားစုအထက် ကောင်းကင် ဝေဟင်ပြင်သို့ ပြန်လာခဲ့၏။
ယခုအချိန်တွင် ကျိုးမိသားစုမှ အခြားမိသားစုဝင်များသည် ကောင်းကင်ကို ထိတ်လန့်တကြားကြည့်နေကြဆဲဖြစ်ပြီး ဘာဖြစ်သွားမှန်းပင် မသိပေ။
ကျိုးမိသားစုအထက် ကောင်းကင်ယံတွင် တစ်စုံတစ်ယောက်က အဘယ်ကြောင့် ကပ်ဘေးဒုက္ခကို လာဖြတ်ကျော်နေမှန်း နားမလည်သလို ဝိညာဉ်နတ်ဘုရားများ အဘယ်ကြောင့် ထွက်ပြေးသွားသည်ကိုလည်း နားမလည်ခဲ့ပါချေ။
အဖြစ်အပျက်များက မြန်လွန်းသည်။ လုမင်က မြေအောက်လှိုဏ်ဂူမှ ပြေးထွက်လာသည်နှင့် ကပ်ဘေးဒုက္ခကို ကျော်ဖြတ်ခြင်းမှာ မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့ပေသည်။
"မဟုတ်ဘူး၊ ကျေးဇူးပြုပြီး သူတို့ကိုလွှတ်လိုက်ပါ၊ သူတို့က အပြစ်မရှိပါဘူး"
လုမင်၏ လက်တွင်းမှ ခေါင်းဆောင်ကျိုးက အော်လိုက်သည်။ လုမင်က သူ့ခန္ဓာကိုယ်ကို အသုံးချကာ မိုးကြိုးကပ်ဘေးကိုပင် ရင်ဆိုင်လိုက်သေး၏။
ဤအခိုက်တွင် သူ့နှလုံးသားက စိတ်ပျက်အားငယ်မှု၊ ကြီးစွာသော နောင်တတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
သူ နောင်တရသည်၊ လုမင်၏ ရတနာများကို လောဘကြီးမိသည့်အတွက် သူ နောင်တရမိ၏။ သို့သော်လည်း လုမင်သည် ဤမျှ ဆိုးရွားလှသော နတ်လောင်မြေမီးလျှံတွင် ချုပ်နှောင်ထားခံရသည့်တိုင် လွတ်မြောက်လာပြီး ကြောက်စရာကောင်းလွန်းသော ကောင်းကင်ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။
ဤသည်က တကယ်ကို မယုံနိုင်စရာ ဖြစ်သည်။
သို့သော်၊ နောင်မှရသည့် နောင်တက အသုံးမဝင်ပေ။ လုမင်က ကျိုးမိသားစုဝင်များကို လွှတ်ပေးမည်ဟုသာ မျှော်လင့်နိုင်ခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် လုမင်၏ သတ်ဖြတ်ချင်စိတ်က ကြောက်စရာကောင်းအောင် ပြင်းထန်နေသည်။ ကျိုးမိသားစုဝင်အားလုံးကို ဖျက်ဆီးပြီး သတ်ပစ်ချင်သည်မှာ လွန်ခဲ့သည့်နှစ်က သူခံစားခဲ့ရသော ဝေဒနာအတွက် လက်စားချေခြင်းသာ ဖြစ်သည်။
"သတ်"
လုမင်၏ မျက်လုံးများတွင် လျစ်လျူရှုမှုသာ ရှိခဲ့သည်။ သူ့စိတ်ထဲတွင် အဆက်မပြတ် ထွက်ပေါ်နေသော ဟိန်းဟောက်သံများကလည်း သတ်ဖြတ်ရန်သာ ပြော၏။
"သတ်"
လုမင်က ခြေလှမ်းကာ ဟိန်းဟောက်လိုက်သည်။ နဝမနဂါးသွေးမျိုးဆက်ကလည်း ဟိန်းဟောက်ကာ ကြောက်စရာကောင်းသော ဝါးမျိုခြင်းစွမ်းအားဖြင့် ကျိုးမိသားစုဝင်အားလုံးကို လွှမ်းခြုံလိုက်တော့သည်။
"အား၊ မဟုတ်ဘူး"
"ကယ်ကြပါဦး"
အော်သံများ အဆက်မပြတ် ပေါ်လာသည်။ အနှစ်သာရ၊ သွေး၊ ချီနှင့် ကျိုးမိသားစုဝင်များ၏ ဝိညာဉ်များ ဝါးမြိုခံရကာ သွေ့ခြောက်သွားသော အလောင်းများအဖြစ်သို့ ပြောင်းလဲကုန်တော့သည်။
အနှစ်သာရ၊ သွေးနှင့် စွမ်းအင်အားလုံးကို နဝမနဂါးသွေးမျိုးဆက်က ဝါးမျိုပြီး ယွမ်ချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသန့်စင်ကာ ဝိညာဉ်နတ်ဘုရားအတွင်းသို့ ပို့လွှတ်လိုက်သည်။
"မဟုတ်ဘူး… မဟုတ်ဘူး"
ခေါင်းဆောင်ကျိုး၏ မျက်လုံးများက ဤအရာအားလုံးကို ကြည့်ကာ မှင်တက်သွားသည်။
ကျိုးမိသားစုဝင် အားလုံးနီးပါး သေဆုံးခဲ့ကြသည်။ တောင်တစ်ခွင်လုံးတွင် အလောင်းများသာ ရှိ၏။
မဟုတ်သေး၊ နောက်ထပ် လူတစ်ယောက်တော့ ကျန်ရှိသည်။ ယင်းက တောင်ထိပ်တစ်ခုပေါ်တွင် မျက်လုံးကိုမှိတ်ပြီး လဲကျနေသော ကျိုးရှင်း ဖြစ်ချေသည်။
လုမင်သည် တတိယသွေးမျိုးဆက်၏ လွှမ်းမိုးမှုကြောင့် သတ်ဖြတ်ချင်စိတ်များ ဒီရေကဲ့သို့ ထိုးတက်နေသော်လည်း ကျိုးကြောင်းဆီလျော်မှု အသိစိတ်တချို့ကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။ သူက ကျိုးရှင်းကို တမင်တကာ ချန်ထားခဲ့ပေသည်။
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကျိုးရှင်းနှင့် မနီးမဝေးတွင် ပေါ်လာသည်။
"ဝုန်း"
ဤအခိုက်တွင် မရေမတွက်နိုင်သော မိုးကြိုးသတ္တဝါများ ရှိနေသေးသော်လည်း လုမင်ကိုတော့ ဘာမှမလုပ်နိုင်ပေ။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ကြီးမားလွန်းသည်။ သူသည် မတူညီသော တာအိုငါးခုကို လေ့ကျင့်ထားသလို နဂါးစွမ်းအားကိုလည်း ပေါက်ကွဲစေခဲ့၏။ ထို့ထက် ကြောက်စရာအကောင်းဆုံးမှာ၊ တတိယသွေးမျိုးဆက်မှ ဝင်ရောက်လာသော စွမ်းအားအရိပ်အမြွက်က လုမင်၏ သတ်ဖြတ်ချင်စိတ်ကို မြင့်မားလာစေရုံသာမကဘဲ တိုက်ခိုက်နိုင်စွမ်းကိုလည်း ပို၍ ကြောက်စရာကောင်းစေသည်။ ဤအချက်များက မိုးကြိုးကပ်ဘေးဒုက္ခကို အလွယ်တကူ တားဆီးနိုင်စေခဲ့ပေသည်။
"နောင်တရပြှလား"
လုမင်က အေးစက်စက်ဖြင့် ပြောသည်။ သွေးနီရောင် မျက်လုံးများဖြင့် ကျိုးရှင်းကို စိုက်ကြည့်လိုက်၏။
ကျိုးရှင်းက ခေါင်းဆောင်ကျိုးကို ကြောင်တက်တက်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမက လုမင်ကိုကြည့်ကာ ပြောလေသည်။
"မှန်ပါတယ်၊ ဒါတွေအားလုံးက ငါတို့အမှားပဲ။ လက်စားချေတာ... ဒါက လက်စားချေလိုက်တာပါပဲ။ ငါတို့ကိုယ်တိုင်က ဒါကို တောင်းဆိုခဲ့မိတာ"
"ရှင်းအာ... ဒါ ငါ့အပြစ်ပါ။ လုရှောက်ချင်း... မင်းကို ငါတောင်းပန်တယ်၊ ရှင်းအာကို ချမ်းသာပေးဖို့ ငါတောင်းပန်ပါတယ်။ ဒါတွေအားလုံးက ငါ့ကြောင့်ဖြစ်ရတာပါ"
ခေါင်းဆောင်ကျိုးက အော်လိုက်သည်။
"မင်းတို့အားလုံး သေသင့်တယ်"
လုမင်၏ မျက်လုံးများက အေးစက်နေကာ မတုန်လှုပ်ပေ။
သူ့လက်ကို ဝှေ့ယမ်းပြီး ခေါင်းဆောင်ကျိုးကို လွှင့်ပစ်လိုက်သည်။ ခဏချင်းမှာပင် မိုးကြိုးကပ်ဘေးကြောင့် ခေါင်းဆောင်ကျိုးမှာ ပြာဖြစ်သွားတော့သည်။
"အဖေ"
ကျိုးရှင်းက စူးစူးဝါးဝါး အော်လိုက်သည်။
"ကျိုးရှင်း၊ အဲဒီတုန်းက မင်းပေးလိုက်တဲ့ ခရမ်းရောင်ကျောက်စိမ်းမှာ ငါ့အတွက် အတော်အသုံးဝင်တဲ့ နာ့ယွမ်ကျောက်တုံး တစ်တုံးရှိခဲ့တယ်၊ ဒါပေမဲ့ အဲဒီ့နောက်ပိုင်းမှာ မင်းရဲ့အသက်ကို နှစ်ခါလောက် ငါ ကယ်ခဲ့တာကြောင့် တကယ်ဆိုရင် ဒါက အကြွေးကျေဖို့ လုံလောက်သွားပြီ။ မင်းကို ကျေးဇူးတင်လို့ ငါ လိုက်ပြီး ကူညီပေးခဲ့ပေမဲ့ မင်းကတော့ ငါ့ကို လုပ်ကြံတယ်။ ဒီနေ့တော့ မင်းတို့အားလုံးကို ငါသတ်မယ်။ ဒါတွေအားလုံးအတွက် မင်းတို့ သေသင့်ပြီ"
လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ သူက ကျိုးရှင်းကိုလွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။
"ကောင်းပါပြီ၊ ဒါဆိုရင်လည်း ငါ့အဖေနောက်ကို လိုက်ပါရစေ"
ကျိုးရှင်းက ခါးသက်သက်ဖြင့် ပြုံးလိုက်သည်။ သူမ ခန္ဓာကိုယ်က ရုတ်တရက် ရွေ့လျားသွားကာ လုမင်ဆီသို့ ပြေးသွား၏။
"ဂျုန်း"
လျှပ်စီးတစ်ချက်လက်ပြီး ကျိုးရှင်း၏ ခန္ဓာကိုယ်ကို ထိမှန်သွားကာ ကပ်ဘေးမိုးကြိုးအောက်တွင် ပြာဖြစ်သွားတော့သည်။
ထိုအချိန်တွင် ကျိုးမိသားစုဝင် အားလုံးနီးပါး သေဆုံးခဲ့ကြသည်။
"ဂျိန်း"
မိုးကြိုးကပ်ဘေးဒုက္ခက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ အားကောင်းသည်ထက် ပိုအားကောင်းလာသည်။
လုမင်က လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်ကာ မိုးကြိုးသတ္တဝါများစွာကို သတ်ဖြတ်ခဲ့၏။ တစ်ချိန်တည်းမှာပင် နဝမနဂါးသွေးမျိုးဆက်က သွေးအနှစ်သာရနှင့် ကျိုးမိသားစုဝင်များ၏ စွမ်းအင်များကို အဆက်မပြတ် သန့်စင်ကာ ကိုယ်ပိုင်စွမ်းအင်အဖြစ် ပြောင်းလဲခဲ့သည်။
လုမင်၏ စိတ်ဝိညာဉ်က ပို၍ ခိုင်မာလာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ လုမင်က သွေးအနှစ်သာရ စွမ်းအင်များကို တတိယသွေးမျိုးဆက်ထဲသို့ သွန်းလောင်းလိုက်၏။ သို့သော် တတိယသွေးမျိုးဆက်က သွေးအနှစ်သာရ စွမ်းအင်များကို လုံးဝစုပ်ယူခြင်းမရှိကြောင်း သူတွေ့ရှိခဲ့သည်။
"မစုပ်ဘူးလား။ ဘာတွေဖြစ်နေတာလဲ"
လုမင်သည် မူလက သူ၏ တတိယသွေးမျိုးဆက်တွင် ချက္ကရမရှိသော်လည်း နဝမနဂါးသွေးမျိုးဆက်ကဲ့သို့ သွေးအနှစ်သာရ စွမ်းအင် လိုအပ်မည်ဟု ထင်ခဲ့ည်။ ယခုတော့ အတူတူမဟုတ်ဟု ထင်မှတ်ရပေသည်။
တတိယသွေးမျိုးဆက်တွင် ချက္ကရရှိပုံ မရပေ။
တတိယသွေးမျိုးဆက်က စွမ်းအင်ကို မစုပ်ယူနိုင်သောကြောင့် လုမင်လည်း သွေးအနှစ်သာရစွမ်းအင်များကို ဒုတိယသွေးမျိုးဆက်တွင်းသို့ လွှဲပြောင်းနိုင်ခဲ့သည်။
"မလုံလောက်သေးဘူး၊ စွမ်းအင် မလုံလောက်သေးဘူး"
လုမင်က ဘိုးဘေးကျိုး၏ သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်သည်။ သူ့စိတ်အတွေးကို ပို့လိုက်သည်တွင် ကျောက်ကြမ်းအပုံကြီး ပေါ်လာခဲ့၏။ ယင်းက တစ်သန်းကျော်ရှိကာ နဝမနဂါးသွေးမျိုးဆက်ဖြင့် ဝါးမျိုပြီး ဆက်လက်သန့်စင်လိုက်တော့သည်။
အချိန်ကြာလာသည်နှင့်အမျှ မိုးကြိုးကပ်ဘေးဒုက္ခမှာ ပို၍ အားကောင်းလာသည်။ သို့သော်လည်း လုမင်က တားဆီးထားနိုင်ခဲ့ဆဲပင်။
ဆယ့်ငါးမိနစ်ခန့်ကြာတော့ ကောင်းကင်တွင် တိမ်မည်းကြီးများ မိုးခြိမ်းသံနှင့်အတူ ပျောက်ကွယ်သွားသည်။
လုမင်လည်း နောက်ဆုံးတွင် မိုးကြိုးကပ်ဘေးဒုက္ခကို ကျော်ဖြတ်၍ ဝိညာဉ်နတ်ဘုရား ဖြစ်လာခဲ့ချေပြီ။
တခြားသူများအတွက် ခက်ခဲလွန်းသော မိုးကြိုးကပ်ဘေးဒုက္ခသည် လုမင်အတွက်တော့ မခက်ခဲပေ။
မိုးကြိုးကပ်ဘေးဒုက္ခပြီးနောက်၊ ကမ္ဘာပေါ်ရှိ အဆုံးမဲ့ဝိညာဉ်စွမ်းအင်များသည် လုမင်ထံသို့ လျင်စွာ စုရုံးလာသည်။ လုမင်၏ အရှိန်အဝါကလည်း လျင်မြန်စွာ မြင့်မားလာခဲ့၏။
"ဒီနေရာက အရင်ထွက်သွားရအောင်"
လုမင်၏ ခန္ဓာကိုယ်က လှုပ်ရှားသွားကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။
နာရီအနည်းငယ်ကြာပြီးနောက် မိုင်သန်းအနည်းငယ်အကွာမှ တောင်ထိပ်တစ်ခုတွင် လုမင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။
ဤအခိုက်တွင်၊ သူ၏ အရှိန်အဝါက တည်ငြိမ်သွားပြီး ဝိညာဉ်နတ်ဘုရား နယ်ပယ် အဆင့်တစ်သို့ အခိုင်အမာ ဝင်ရောက်လာခဲ့ပြီ။
ထိုအချိန်တွင် သွေးမျိုးဆက်နှင့် သွေးများက လုမင်၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။ သူ့မျက်လုံးကို မှိတ်ထားကာ ဆံပင်များကလည်း အနက်ရောင် ပြန်ဖြစ်လာခဲ့၏။ နောက်တစ်ကြိမ် မျက်လုံးဖွင့်လိုက်ချိန်မှာတော့ သတ်ဖြတ်ချင်စိတ်များ မရှိတော့ပေ။
"ဟင်း၊ တတိယသွေးမျိုးဆက်က အရမ်းအံ့ဩဖို့ကောင်းတယ်"
လုမင် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များက အံ့ဩစရာကောင်းလွန်းသည်။ အစပိုင်းက လုမင်ဟာ ထိန်းချုပ်ခံရလုနီး ဖြစ်ခဲ့ရပေသည်။
'ဒါက ကျိုးသားစုအပေါ် ငါ့ရဲ့ ပြင်းပြတဲ့ သတ်ဖြတ်ချင်စိတ်တွေ ရှိလို့ပဲ။ မဟုတ်ရင် ဒီစွမ်းအားကို ငါ ထိန်းချုပ်နိုင်လောက်ပြီ'
လုမင် တိတ်တဆိတ် တွေးလိုက်သည်။
အစောပိုင်းက သူဟာ ကျိုးမိသားစုကို အလွန်အမင်း သတ်ချင်နေခဲ့သည်။ ယင်းအပြင် တတိယသွေးမျိုးဆက်ကို ထည့်ပေါင်းလိုက်သောအခါ သတ်ဖြတ်ချင်စိတ်များ၏ လွှမ်းမိုးခံရလုနီးဖြစ်ပြီး ကျိုးမိသားစုကို လုံးလုံးလျားလျား ဖျက်ဆီးလုနီး ဖြစ်ခဲ့ရပေသည်။
လုမင်၏ မူလစရိုက်အရ ဤသို့လုပ်ဆောင်ခဲ့မည် မဟုတ်ပါ။ အလွန်ဆုံး ကျိုးမိသားစု၏ အဆင့်မြင့် မိသားစုဝင်များကိုသာ သတ်ဖြတ်မည်ဖြစ်သည်။ ကျင့်ကြံခြင်းအခြေခံ နိမ့်ကျသူများကိုတော့ မသတ်ဘဲ လွှတ်ပေးခဲ့ပေမည် သို့သော်လည်း ဒီရေကဲ့သို့ မြင့်တက်နေသော သတ်ဖြတ်ချင်စိတ်များ၏ လွှမ်းမိုးမှုအောက်တွင် သတ်ဖြတ်ရန်သာ ရှိတော့သည်။ ကျိုးမိသားစုတစ်ခုလုံးကို သတ်ဖြတ်နိုင်မှ သူ့စိတ်ထဲရှိ အမုန်းတရားများကို ဖယ်ရှားနိုင်လိမ့်မည်။
သို့သော်လည်း ဖြစ်ပြီးသွားမှ နောင်တမရတော့ပေ။
ကျိုးမိသားစုက သူ့ကို ထိုသို့ဆက်ဆံကာ တစ်နှစ်ခန့် ဖိနှိပ်ထား၍ အကျိုးဆက်များကို ခံကြရမည် ဖြစ်သည်။
“ဒီတတိယသွေးမျိုးဆက်က ဘာလဲ။ တကယ်ကို သွေးတစ်စက်ပဲလား၊ ဒါပေမယ့် သွေးတစ်စက်မှာ ဒီလောက် များပြားတဲ့ စွမ်းအားတွေ ရှိနေတာလား"
အစောပိုင်းက လုမင်သည် ထိုစွမ်းအားကို အရိပ်အမြွက်မျှသာ ချေးယူခဲ့သော်လည်း ခွန်အား အလွန်တိုးတက်လာခဲ့သည်။ သို့သော်လည်း ကြီးမားသော သတ်ဖြတ်လိုစိတ်များကြောင့် သူ၏အသိစိတ် ပျောက်လုနီးပါး ဖြစ်ခဲ့ရပေသည်။ ဤသည်က သူ့စိတ်ထဲတွင် တုန်လှုပ်သွားစေသည်။ အနာဂတ်တွင် တတိယသွေးမျိုးဆက်ကို အသုံးပြုရာ၌ သတိထားရလိမ့်မည်။
သူသာ ယခုထက်ပိုပြီး စွမ်းအင်များကို ဆွဲယူအသုံးပြုခဲ့ပါက အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များဖြင့် လွှမ်းမိုးခံရကာ သတ်ဖြတ်ရန်သာသိသော ရုပ်သေးရုပ်တစ်ခု ဖြစ်သွားမည်ကို ကြောက်ရသည်။
--------
အပိုင်း ( 1051 ) ဆက်ရန်...