← Chapters

အခန်း ၁၀၅၂

Vol. 71 Ch. 1052

အခန်း ၁၀၅၂

Vol. 71 Ch. 1052

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1052 ) ပန်တုန်အရှိန်အဝါစွမ်းရည်။

လုမင်၏ ဦးခေါင်းထက်တွင် သွေးတစ်စက် ထွက်ပေါ်လာသည်။ ၎င်းမှာ သူ၏ တတိယမြောက် သွေးမျိုးဆက်ဖြစ်သည်။ ထို့နောက် တတိယသွေးမျိုးဆက်မှ သူ့ခန္ဓာကိုယ်ထဲကို တစ်စုံတစ်ခု စီးဝင်သွား၏။ ချက်ချင်းပင် လုမင်၏ အနက်ရောင်ဆံပင်များက သွေးနီရောင်ပြောင်းသွားကာ သွေးအလင်းများကလည်း တကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။ ထို့အပြင် သူ့မျက်လုံးများကလည်း ပတ္တမြားကဲ့သို့ နီရဲနေပြီး အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်နေခဲ့သည်။

သူ၏ တတိယသွေးမျိုးဆက်က လှုပ်ရှားသွားကာ လုမင်လက်တွင်း၌ ဆုပ်ကိုင်ထားသော ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွား၏။

"ဝှစ်"

ဓားချက် ထုတ်ဖော်လိုက်သည်နှင့် ကျားနက်၏ တိုက်ခိုက်မှုသုံးခု ပျက်ဆီးသွားသည်။ သွေးရောင်ဓားအလင်းက ဟင်းလင်းပြင်ကို ဆုပ်ဖြဲကာ ပြေးထွက်သွား၏။

"ရွှစ်"

ဓားအလင်းက ရှေ့သို့ ဆက်လက် ဝင်ရောက်သွားပြီး ကျားနက်ကို ထက်ခြမ်းခွဲချလိုက်တော့သည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်နှင့် ညီမျှသာ ခေါင်းသုံးလုံး ကျားတစ်ကောင်သည် လုမင်၏ ဓားတစ်ချက်ဖြင့် သေဆုံးသွားခဲ့သည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်ပြီးနောက် လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန် တိုးတက်လာသည်။ ဤတိုက်ခိုက်မှုတွင် တတိယသွေးမျိုးဆက်မှ စွမ်းအားကိုသာ အသုံးချခဲ့၏။

သူက နဂါးစွမ်းအား၊ တာအို စသည်တို့ကို အသုံးမချခဲ့ပေ။

ဟုတ်ပေသည်၊ လုမင်က ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် ရှိစဉ်ကကဲ့သို့ ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် အဆင့်ငါးခု၊ ခြောက်ခုကျော်၍ တိုက်ခိုက်ရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပေ။

ဝိညာဉ်နတ်ဘုရား ဖြစ်လာနိုင်သူတိုင်းမှာ ပါရမီရှင်များကြားမှ ရှားပါး ပါရမီရှင်များ ဖြစ်ကြသည်။ ၎င်းတို့က ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် ရန်သူများကို အဆင့်အနည်းငယ်ကျော်၍ သတ်ဖြတ်နိုင်သည့် တည်ရှိမှုများ ဖြစ်သည်။ ထိုသို့သော ပါရမီရှင်များနှင့် ရင်ဆိုင်ရလျှင် လုမင်အတွက် အဆင့်ငါးခု၊ ခြောက်ခုအထိ ကျော်ဖြတ်တိုက်ခိုက်သည်အထိ ချဲ့ကားနေရန် သဘာဝအတိုင်း မဖြစ်နိုင်ပေ။

ထို့အပြင်၊ ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် အဆင့်တိုင်းကြားမှ ကွာဟချက်က အလွန်ကြီးမားသည်။

လုမင်သာ သူ၏ ခွန်အားအပြည့်ဖြင့် မပေါက်ကွဲခဲ့ပါက ဝိညာဉ်နတ်ဘုရားနယ်ပယ် ရန်သူများကိုသတ်ရန် အဆင့်အနည်းငယ်ကို ကျော်ဖြတ်နိုင်မည်ဟု မသေချာပါချေ။

'ငါ့ရဲ့ တတိယသွေးမျိုးဆက်ကို အသုံးပြုတဲ့အခါ၊ အမှန်တကယ် ပြင်းထန်တဲ့ သတ်ဖြတ်ခြင်းတာအိုတွေ ပါဝင်လာတာပဲ"

လုမင်၏ အတွေးတစ်ချက်ဖြင့် တတိယသွေးမျိုးဆက်ဟာ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ အနီရောင် ဆံပင်များကလည်း အနက်ရောင် ပြန်ပြောင်းလာကာ သတ်ဖြတ်ချင်စိတ်များနှင့် သွေးအလင်းများလည်း ကွယ်ပျောက်သွား၏။ သူက ပုံမှန်ပြန်ဖြစ်သွားသော်လည်း သူ့စိတ်ထဲမှာတော့ အနည်းငယ် အံ့ဩနေဆဲပင်။

သတ်ဖြတ်ခြင်းတာအိုသည် အလွန်ကြောက်စရာကောင်းသော တာအိုတစ်ခုဖြစ်ပြီး သတ်ဖြတ်ခြင်း စွမ်းအင်များနှင့် ပြည့်နှက်နေကာ ကြောက်စရာကောင်းလှသည်။ ဤတာအိုက မိုးနှင့်မြေ၏ ကြောက်စရာကောင်းဆုံး တာအိုများထဲမှ တစ်ခုဖြစ်ကာ အချိန်နှင့် ဟင်းလင်းပြင်တာအိုထက် အားနည်းလိမ့်မည် မဟုတ်ပေ။

ဤသည်မှာ လုမင်ကိုယ်တိုင် နားလည်သဘောပေါက်သည့် တာအိုမဟုတ်သော်လည်း တတိယသွေးမျိုးဆက်ကို အသုံးပြုသောအခါ ၎င်းကို ဆွဲယူအသုံးပြုနိုင်သည်။

လုမင်သည် ယင်းကို ကိုယ်တိုင် နားမလည်သော်လည်း သူ၏ သတ်ဖြတ်ကွက်အဖြစ် အသုံးချနိုင်၍ အတော်ကျေနပ်သွားသည်။

နဝမနဂါးသွေးမျိုးဆက်က ပေါ်လာကာ ကျားနက်၏ အနှစ်သာရနှင့် မွန်းစတားစွမ်းအင်များကို စုပ်ယူလိုက်လေသည်။ ထို့နောက် ဤနေရာမှ ထွက်ခွာသွားသည်။

မိုင်သောင်းဂဏန်းခန့် ထွက်လာပြီးနောက် လုမင်သည် ခေါင်းသုံးလုံး ကျားနက်၏ သွေးအနှစ်သာရကို သန့်စင်ရန် တင်ပျဉ်ခွေထိုင်လိုက်သည်။

"ဝမ်"

ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက် ထွက်ပေါ်လာကာ အဆက်မပြတ်တုန်ခါလာသည်။ ရွှေရောင်ချက္ကရ ခြောက်ခုကလည်း တောက်ပစွာ ထွန်းလင်းနေကာ မကြာမီပင် သတ္တမမြောက် ရွှေရောင်ချက္ကရ ထွက်ပေါ်လာခဲ့၏။

ငရဲဖိနှိပ်ကျောက်စာချပ်က နတ်ဘုရားအဆင့်ခုနစ်သို့ ရောက်ရှိသွားခဲ့ပြီ။

လမ်းတစ်လျှောက်တွင် လုမင်က မိစ္ဆာသားရဲများစွာကို သတ်ခဲ့ပြီး ၎င်းတို့၏ သွေးအနှစ်သာရများကို သန့်စင်ခဲ့ပေသည်။ ယခုအခါ၊ ငရဲဖိနှိပ်ကျောက်စာချပ်က နဝမနဂါး သွေးမျိုးဆက်နှင့်တူညီစွာ အဆင့်ခုနစ်သို့ မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော်၊ လုမင်၏ ကျင့်ကြံခြင်းကတော့ များစွာ မတိုးတက်ခဲ့ပေ။ အဆင့်တစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်သို့သာ ရောက်ရှိနိုင်ခဲ့သည်။

ခေါင်းသုံးလုံး ကျားနက်၏ စွမ်းအင်များကို သန့်စင်ပြီးနောက် နာ့ယွမ်ကျောက်သည် လုမင်၏လက်ထဲတွင် ပေါ်လာသည်။

လုမင်က သူ၏ စွမ်းအင်များကို နာ့ယွမ်ကျောက်အတွင်းသို့ အဆက်မပြတ် သွန်းလောင်းထည့်လိုက်၏။ လုမင်၏ စွမ်းအင် ကုန်ဆုံးလုနီးပါးအချိန်တွင် နာ့ယွမ်ကျောက်လည်း ပြည့်ဝလာတော့သည်။

"သေချာတာပေါ့၊ ဒါက ငါမျှော်လင့်ထားတဲ့အတိုင်းပဲ။ ဒီနာ့ယွမ်ကျောက်က ငါ့ရဲ့ စွမ်းအင်ကို အဆင့်တစ် ဝိညာဉ်နတ်ဘုရားနယ်ပယ်အထိပဲ လက်ခံထားနိုင်တယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံ ဆက်ပြီး တိုးတက်လာမယ်ဆိုရင် ဒီနာ့ယွမ်ကျောက်က အများကြီး အသုံးမဝင်တော့ဘူး"

နာ့ယွမ်ကျောက်ကို ဖယ်ရှားပြီးနောက် လုမင်ဟာ ကျောက်ကြမ်းများကို ဝါးမျိုပြီး စွမ်းအင် ပြန်လည်ဖြည့်တင်းလိုက်သည်။

လုမင်သည် စွမ်းအင် အပြည့်အဝ ပြန်ကောင်းလာပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြန်သည်။ လေထဲတွင် သိုလှောင်လက်စွပ်များ ပေါ်လာကြ၏။

ဤသိုလှောင်လက်စွပ် အများစုက ကျိုးမိသားစုနှင့် ယခင်က သူသတ်ခဲ့သော ကျွမ်းကျင်သူအချို့မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ ယခင်ကတော့ လုမင်တွင် သေချာရှင်းလင်းရန် အချိန်မရှိခဲ့ပေ။ ယခုက ရှင်းလင်းရန် အချိန်ကောင်း ဖြစ်သည်။

သိုလှောင်လက်စွပ်များကို ရှင်းလင်းရာမှာတော့ လုမင်က ကျွမ်းကျင်ပြီးသားပင်။ ပထမဦးစွာ သူက ပစ္စည်းများကို အမျိုးအစားခွဲပြီး ရှားပါးပစ္စည်းများကို ခွဲထုတ်လိုက်သည်။

အရာအားလုံးကို စီစဉ်ရန် လုမင်အဖို့ တစ်နေကုန် အချိန်ယူခဲ့ရသည်။

"ကျောက်ကြမ်း တစ်သန်းလောက်ပဲ ရှိတော့တာပဲ"

လုမင် သက်ပြင်းချလိုက်သည်။

ဘိုးဘေးကျိုး၊ ခေါင်းဆောင်ကျိုးနှင့် အကြီးအကဲအချို့သာ ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိကြသည်။ အားလုံး ပေါင်းလိုက်သော်လည်း ကျောက်ကြမ်း သန်းဂဏန်းခန့်သာ ရှိခဲ့ပေသည်။ သို့သော်လည်း လုမင်သည် ၎င်းတို့ထဲမှ ထက်ဝက်ကျော်ကို ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရာတွင် အသုံးပြုခဲ့၍ ယခုအခါ တစ်သန်းခန့်သာ ကျန်ရှိသည်။

ဤကျောက်ကြမ်းတစ်သန်းက လုမင်အတွက်တော့ ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်သို့ တက်လှမ်းရန်ပင် မလုံလောက်နိုင်ပေ။

ကျောက်ကြမ်းများကို ခွဲထုတ်ပြီးသော်လည်း များစွာတန်ဖိုးရှိမည်မဟုတ်သည့် အခြား အမျိုးမျိုးသော ပစ္စည်းများစွာ ရှိသေးသည်။

"အဲ၊ ဒီသေတ္တာအတွင်းက ဘာပါလိမ့်။ သေသေချာချာ ကာကွယ်ထားတယ်"

လုမင်ဟာ ဘိုးဘေးကျိုး၏ သိုလှောင်လက်စွပ်အတွင်းမှ သေတ္တာတစ်လုံးကို သတိပြုမိသွားသည်။ ၎င်းကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိသော်လည်း အလွန်မာကျောကာ ကမ္ပည်းဝင်္ကပါများဖြင့် ဖုံးအုပ်ထား၏။

ဘိုးဘေးကျိုး၏ လျှို့ဝှက်ထားခြင်းက လုမင်၏ စိတ်ဝင်စားမှုကို နှိုးဆွနိုင်ခဲ့သည်။

လုမင် ဂရုတစိုက် ကြည့်လိုက်သည်။ ဤကမ္ပည်းဝင်္ကပါသည် အဆင့်မြင့်သော်လည်း လုမင်က ၎င်း၏ချို့ယွင်းချက်များနှင့် အားနည်းချက်များကို လျင်မြန်စွာ သတိပြုမိဆဲပင်။

"တန်တန်၊ ဖွင့်ကြည့်လိုက်စမ်းပါဦး"

လုမင်တွင် ယခုအခါ ဝိညာဉ်မီး မရှိသောကြောင့် တန်တန်ကိုသာ အကူအညီတောင်းနိုင်သည်။

"ဒါက လွယ်လွယ်လေးပါ၊ ငါ့အတွက် ထားလိုက်"

တန်တန်က သူ၏ လက်သေးသေးလေးများကို ဝှေ့ယမ်းကာ သေတ္တာဆီသို့ ကမ္ပည်းစာများစွာ ပို့လွှတ်လိုက်သည်။

သေတ္တာပေါ်ရှိ ကမ္ပည်းစာများက တောက်ပလာပြီး ခဏအကြာတွင် တုန်ခါကာ ပြိုကျသွား၏။

"ငါ့ကို ရတနာတွေ ဝေပေးပါ"

တန်တန်က သေတ္တာကို အမြန်ဖွင့်ကာ တောက်ပသော မျက်လုံးများဖြင့် အော်လိုက်သည်။

သေတ္တာကိုဖွင့်ပြီးတောက် တန်တန်မျက်နှာက ရှုံ့မဲ့သွားကာ စိတ်ပျက်နေသောအမူအရာကို ထုတ်ဖော်လိုက်၏။

အကြောင်းမူ၊ သေတ္တာထဲမှအရာက ရိုးရှင်းလွန်းသောကြောင့်သာ ဖြစ်သည်။ သေတ္တာထဲတွင် ကျောက်စိမ်းသေတ္တာငယ်တစ်လုံးနှင့် စာအုပ်တစ်အုပ်သာ ရှိ‌ပေသည်။ ၎င်းတို့က တန်တန် စိတ်ကူးယဉ်ခဲ့သော ရတနာများ လုံးဝ မဟုတ်ပေ။

သဘာဝ ရတနာများ မဟုတ်သောအခါ တန်တန်က ချက်ချင်းပင် စိတ်ဝင်စားမှု မရှိတော့ဘဲ ဆေးပင်များကိုစားရန် ပျင်းရိသောအမူအရာဖြင့် ဘေးသို့လျှောက်သွားသည်။

လုမင်ကတော့ အနည်းငယ် စိတ်ဝင်စားသွားကာ စာအုပ်ကို ကောက်ယူပြီး ဖတ်ကြည့်လိုက်၏။

ခဏအကြာမှာတော့ လုမင်၏မျက်နှာတွင် အံ့အားသင့်သည့် အမူအရာများကို လှစ်ဟလာတော့သည်။

ဤစာအုပ်တွင် လျှို့ဝှက်ကျင့်စဥ် တစ်မျိုးဖြစ်သည့် ဖန်တုန်အရှိန်အဝါစွမ်းရည်ကို မှတ်တမ်းတင်ထားသည်။

မှတ်တမ်းများအရ၊ ဖန်တုံအရှိန်အဝါစွမ်းရည်ကို လေ့ကျင့်ခြင်းက လူတစ်ဦး၏ အရှိန်အဝါကို တခြား အရှိန်အဝါအဖြစ်သို့ အလိုရှိသည့်အတိုင်း ပြောင်းလဲနိုင်သည်။

ဤသည်က လူတစ်ယောက်၏ အရှိန်အဝါကို ဖုံးကွယ်သည့်နည်းလမ်းနှင့် လုံးဝ မတူပေ။ လူတစ်ယောက်၏ အရှိန်အဝါကို ဖုံးကွယ်ခြင်းက အခြားသူများ အလွယ်တကူ မတွေ့နိုင်အောင် ဖုံးကွယ်ထားခြင်း ဖြစ်သည်။ သို့သော်၊ ဖန်တုန်အရှိန်အဝါ စွမ်းရည်ကတော့ လူတစ်ဦး၏ အရှိန်အဝါကို အခြား အရှိန်အဝါအဖြစ် ပြောင်းလဲစေနိုင်စွမ်း ရှိ၏။

ဤသည်မှာ လူတစ်ဦး၏ အသက်ကယ်နည်းလမ်း ဖြစ်နိုင်သည်။ ဤသို့သော လျှို့ဝှက်ကျင့်စဉ်မျိုးက တစ်ခါတစ်ရံတွင် လူတစ်ဦး၏အသက်ကို ကယ်တင်နိုင်ပေသည်။

လူတစ်ဦးက ၎င်း၏ အသွင်အပြင်နှင့် အရှိန်အဝါကို ပြောင်းလဲနေသရွေ့ အခြားမည်သူမျှ မှတ်မိနိုင်မည် မဟုတ်ပေ။

ကျင့်ကြံခြင်းလောကတွင် လူတစ်ဦး၏ အသွင်အပြင်ကို ပြောင်းလဲရန် လွယ်ကူသော်လည်း အရှိန်အဝါကိုတော့ မရပေ။ လူတိုင်း၏ အရှိန်အဝါက ကွဲပြားသော ဤလျှို့ဝှက်ကျင့်စဉ်မျိုးမှာ အလွန်တန်ဖိုးကြီးသည်။

ယခုတော့ ဘိုးဘေးကျိုးက ယင်းကို သေချာ ထိန်းသိမ်းထားခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။

"ငါသာ ထန်တုန်အရှိန်အဝါစွမ်းရည်ကို လေ့ကျင့်ပြီးရင် အသိအကျွမ်းဟောင်းတစ်ယောက်နဲ့ တွေ့ရရင်တောင် အသိအမှတ်ပြုခံရမှာကို ကြောက်နေစရာ မလိုတော့ဘူး"

လုမင်လည်း ပြုံးကာ ကျောက်စိမ်းသေတ္တာငယ်ကို ကြည့်လိုက်သည်။

ဖန်တုန်အရှိဋ်အဝါစွမ်းရည်နှင့် အတူတွဲထားရသည့် ဤကျောက်စိမ်းသေတ္တာငယ်ထဲတွင် ဘာများ ရှိမည်နည်း။

လုမင်လည်း မျှော်လင့်တကြီးဖြင့် ကျောက်စိမ်းသေတ္တာကို ဖွင့်ကြည့်လိုက်သည်။

ကျောက်စိမ်းသေတ္တာအတွင်းတွင် ကျောက်စိမ်းပြားတစ်ခု ရှိသည်။

လုမင်က ဖွင့်ကြည့်လိုက်ရာ အသံဖမ်း ကျောက်စိမ်းပြားဖြစ်ကြောင်း သိလိုက်ရ၏။

အတွင်းသို့ အသိစိတ်ပို့ကြည့်လိုက်ရာ ပထမတော့ လုမင် အံ့အားသင့်သွားသည်။ ထို့နောက်မှာတော့ သူ့မျက်နှာမှာ မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်လာတော့သည်။

"ဒါ...‌ဒါ... ဒါက၊ ဒီကမ္ဘာမှာ ဒီလို ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ဆေးလုံးမျိုး တကယ်ရှိတာလား"

လုမင်စိတ်ထဲ အတော်ပင် လှုပ်ရှားသွားမိသည်။

ဤကျောက်စိမ်းပြား မှတ်တမ်းတင်ထားသည်က ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော ဆေးဖော်စပ်နည်းတစ်မျိုး ဖြစ်ချေသည်။

နီဗားနားဆေးလုံး...

ဤဆေးသည် နီဗားနားဆေးလုံးဟုခေါ်သော ဆေးတစ်မျိုးဖြစ်သည်။ သို့သော် ဤဆေးလုံး၏ ကောင်းကင်ကို ဆန့်ကျင်နိုင်သော လုပ်ဆောင်ချက်က လုမင်ကို လုံးဝ အံ့ဩသွားစေခဲ့ပေသည်။

--------

All Chapters