← Chapters

အခန်း ၁၀၅၃

Vol. 71 Ch. 1053

အခန်း ၁၀၅၃

Vol. 71 Ch. 1053

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1053 ) ထျန်းရှမြို့တော်။

နိဗ္ဗာနဆေးကို စားသုံးခြင်းဖြင့် ကျင့်ကြံသူတစ်ဦး၏ သွေးမျိုးဆက်တွင် နိဗ္ဗာန်အခွင့်အလမ်း ရလိမ့်မည်။ နိဗ္ဗာန်ရပါက သွေးမျိုးဆက်ကို အဆင့်မြှင့်တင်ရန် အခွင့်အလမ်းရသည်။ သို့သော်လည်း အဆင့်မြှင့်တင်ခြင်းမှာ အမြဲတည်ငြိမ်မှုမရှိပေ။ လူတစ်ယောက်၏ အလားအလာနှင့် ကံအပေါ်တွင် မူတည်သည်။

အချို့လူများက အဆင့်တစ်ခု၊ တချို့ဆိုလျှင် နှစ်ဆင့် သို့မဟုတ် ထိုထက်ပို၍ အဆင့်မြှင့်နိုင်သည်။

ဤဆေးမျိုးက‌ ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်ပေသည်။

သွေးမျိုးဆက်များအတွက် မွေးဖွားလာပြီးနောက်တွင် အဆင့်မြှင့်တင်ရန် ခက်သည်။

နဝမနဂါး‌သွေးမျိုးဆက်သာ ကမ္ဘာပေါ်တွင် အထူးဖြစ်ချေသည်။

ထို့အပြင် ရှဲ့နျန်ချင်း၏ သွေးမျိုးဆက်ကလည်း အထူးဖြစ်သည်။ ဧကရာဇ်လျန်ခန်း၏ အကူအညီဖြင့် သူ၏သွေးမျိုးဆက်ဟာ နိဗ္ဗာန်ကို ခံယူ၍ တိုးတက်ပြောင်းလဲနိုင်ခဲ့သည်။

လုမင်၏ ဘဝတစ်လျှောက်တွင် သွေးမျိုးဆက်နိဗ္ဗာန်ကို ရှဲ့နျန်ချင်းထံ၌သာ တစ်ကြိမ် မြင်ဖူးသည်။ ထို့ထက် အခြားအခြေအနေများကို မမြင်ဘူး၊ ကြားလည်း မကြားဘူးပါချေ။

ဤနိဗ္ဗာနဆေးက ကောင်းကင်ဘုံကို အံတုလွန်းသည်။ ဤသတင်းသာ ပြန့်နှံ့သွားခဲ့ပါက ပရမ်းပတာဖြစ်စေပြီး အဆုံးမဲ့မုန်တိုင်းများကို လှုံ့ဆော်ပေးနိုင်ပေလိမ့်မည်။

ရိုးရိုးရှင်းရှင်း တွေးကြည့်ပါ။ ဘုရင်အဆင့်ကိုး သွေးမျိုးဆက်ရှိသူမှ နိဗ္ဗာနဆေးကို အသုံးပြုခဲ့လျှင် နတ်ဘုရားအဆင့် သွေးမျိုးဆက်သို့ အဆင့်မြှင့်တင်ခံရပြီး ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရန် အရည်အချင်းပြည့်မီနိုင်ဖွယ် ရှိသည်။

နတ်ဘုရားအဆင့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူများအတွက်လည်း ၎င်းတို့၏ သွေးမျိုးဆက်ကို အဆင့်တစ်ခု သို့မဟုတ် နှစ်ခု မြှင့်တင်နိုင်ခဲ့ပါက ၎င်းတို့၏စွမ်းရည်များ မြင့်မားလာမည်မှာ သေချာလှပေသည်။

အထူးသဖြင့် ဤသည်မှာ နတ်ဘုရားအဆင့်ခြောက် အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ်အထိ နိုးထနိုင်ခဲ့သော ထိပ်တန်းပါရမီရှင်များအတွက် ပိုမှန်သည်။ အကယ်၍ ၎င်းတို့သာ နိဗ္ဗာနဆေးလုံးကို ရယူနိုင်ခဲ့ပါက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်အဖြစ်ပင် အဆင့်မြှင့်သွားနိုင်သည်။ ဤအရာက ကောင်းကိုပင် အန်တုပေရာ မည်မျှ ဆွဲဆောင်မှုကြီးမားပါမည်နည်း။

လူများ သိရှိသွားခဲ့ချိန်တွင် ရူးသွပ်မသွားမှသာ ထူးဆန်းလိမ့်မည်။

သို့သော်၊ မှတ်တမ်းများအရ ကျင့်ကြံသူတိုင်းတွင် အခွင့်အရေးတစ်ခုသာ ရှိသည်။ နိဗ္ဗာနဆေးကို တစ်ကြိမ်သောက်ပြီး၍ ဒုတိယ အကြိမ်သောက်လျှင် ထူးခြားမှုရှိမည် မဟုတ်ပေ။ သို့သော်လည်း ဤအရာက နိဗ္ဗာနဆေးလုံး၏ အမြင့်ဆုံးတန်ဖိုးကို မလျှော့ချနိုင်ပါ။

'အဲဒီတုန်းက သွေးအေးနန်းတော်ဟာ ရတနာတစ်ခု လုယူသွားတယ်လို့ပြောပြီး ကြီးမားတဲ့ လှုပ်ရှားမှုတစ်ခု လုပ်ခဲ့တယ်။ ဒါက အဲဒီအချိန်မှာ ကျိုးရှင်း ယူသွားခဲ့တာပဲလား…'

ဤအခိုက်အတန့်တွင် လုမင်က အရာများစွာကို စဉ်းစားခဲ့သည်။

သူသည် ကျိုးရှင်းနှင့် ရှေးဟောင်းဆေးဥယျာဉ်တွင် တွေ့ဆုံခဲ့သော်လည်း သူမက လုမင်နှင့် တွဲချင်ဘဲ တစ်ယောက်တည်း လုပ်ဆောင်လိုသည်မှာ ထင်ရှားသည်။ နောက်ပိုင်းတွင် သွေးအေးနန်းတော်က ရှေးဟောင်းဆေးဥယျာဉ်တွင် ရတနာတစ်ခုကို ရှာဖွေနေပုံရသော်လည်း သိမ်းယူခံ

လိုက်ရ၏။ ယင်းကြောင့် သွေးအေးနန်းတော်သည် ကြီးမားသော လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီး တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတိုင်းကို ပိတ်ဆို့ပေသည်။ လွင်ပြင်၌ပင် ၎င်းတို့၏ သိုလှောင်လက်စွပ်များကို လွှဲပြောင်းပေးအပ်ရန် ဝိုင်းရံထားစေခဲ့သည်။

ထိုစဉ်က လုမင်ဟာ ကျိုးရှင်းကိုတွေ့၍ ကယ်တင်ပေးခဲ့သည်။

ယုတ္တိဗေဒအရပြောရလျှင် ကျိုးရှင်း၏ ကျင့်ကြံခြင်းအခြေခံက မမြင့်မားပေ။ ထိုအခြေအနေမျိုးတွင် သူမအသက်ကို ကယ်တင်ရန်အတွက် သူမ၏ သိုလှောင်လက်စွပ်ကို လွှဲပြောင်းပေးအပ်လိုက်သင့်သည်။ သို့သော်လည်း ကျိုးရှင်းက မလုပ်ခဲ့ပေ။ သူမ၏ သိုလှောင်လက်စွပ်ကို လွှဲပြောင်းပေးရန် အနည်းငယ်မျှပင် ရည်ရွယ်ချက်မရှိပါချေ။

ထိုအချိန်ကတော့ လုမင်ဟာ ၎င်းကို သိပ်ပြီးမစဉ်းစားခဲ့ပါ။ ယခု၊ နိ‌ဗ္ဗာနဆေးဖော်နည်းကို မြင်ရပြီးမှ လုမင်ဟာ ဤအရာအားလုံးကို ပြန်လည် သုံးသပ်မိသွားခြင်း ဖြစ်သည်။

ဤနိဗ္ဗာနဆေးဖော်စပ်နည်းက ရှေးဟောင်းဆေးဥယျာဉ်မှ ကျိုးရှင်း ရရှိလာခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သွေးအေးနန်းတော်က အင်အား သုံးခဲ့ခြင်းမှာလည်း ဆေးဖော်နည်းကို ရှာဖွေနေသောကြောင့် ဖြစ်ရပေလိမ့်မည်။

မမျှော်လင့်ဘဲ၊ နောက်ဆုံးတွင်၊ ၎င်းက လုမင်၏ လက်ထဲသို့ ကျရောက်ခဲ့ရပြီ ဖြစ်သည်။

ဤဆေးဖော်နည်းက လုမင်အတွက်တော့ အသုံးမဝင်ပါ။ သူ့တွင် နဝမနဂါး သွေးမျိုးဆက်ရှိသောကြောင့် သွေးမျိုးဆက် အဆင့်မြှင့်တင်ရန် နိဗ္ဗာနဆေးကို မလိုအပ်ပါချေ။ သို့သော်လည်း လုမင်ဟာ လွန်စွာ စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။

ဤသည်က သူ့အတွက် သိပ်အသုံးမဝင်သော်လည်း သူ့တွင် မိသားစုနှင့် သူငယ်ချင်းများ ရှိသည်။ ဤဆေးဖော်စပ်နည်းမျိုးက သူ့မိသားစုနှင့် သူငယ်ချင်းများအတွက် အလွန်တရာ အသုံးဝင်ပါလိမ့်မည်။

"ဒါပေမဲ့ နိဗ္ဗာနဆေးပြားကို ဖော်စပ်ဖို့အတွက် လိုအပ်တဲ့ ဆေးပင်တွေက ရှားလွန်းတယ်"

လုမင် သက်ပြင်းချလိုက်ပြန်သည်။

နိဗ္ဗာနဆေးသည် ကောင်းကင်ဘုံကို အန်တုနိုင်သော်လည်း လိုအပ်သော ပစ္စည်းများနှင့် ဆေးပင်များက အလွန်အဖိုးတန်ကာ ရှားပါးသည်။ စုစုပေါင်း ဆေးပင်နှင့် ပါဝင်ပစ္စည်းများ ဒါဇင်များစွာ လိုအပ်၏။ ဖြည့်စွက်ပစ္စည်းများအများစုက အဆင့်ရှစ် အမြင့်ဆုံးအဆင့်ဖြစ်ပြီး အဓိကပစ္စည်း ခုနစ်ခုမှာ အဆင့်ကိုး ဖြစ်သည်။

ထို့အပြင်၊ ၎င်းတို့က အဆင့်ကိုးတွင် အမြင့်ဆုံးအဆင့် ဖြစ်၏။ ယင်းကြောင့် လုမင်လည်း ဘာမျှမပြောနိုင်တော့ပေ။ ဤပစ္စည်းများကို စုဆောင်းရန်က အလွန်ခက်ခဲသည်။

"မေ့လိုက်ပါ၊ ငါကလည်း အလျင်လိုနေတာမှ မဟုတ်တာ၊ တဖြည်းဖြည်းပေါ့"

လုမင် ပြုံးလိုက်သည်။ သူက နိဗ္ဗာနဆေး၏ ဖော်စပ်နည်းကို အလွတ်ကျက်ကာ တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ထည့်သိမ်းလိုက်သည်။

ထို့နောက် သူသည် ဖန်တုန်အရှိန်အဝါစွမ်းရည် စာအုပ်ကိုဖွင့်ကာ စတင်ဖတ်လိုက်၏။

ထို့နောက်တွင် လုမင်လည်း ရှေ့သို့ ခရီးဆက်ရင်း ဖန်တုန်အရှိန်အဝါစွမ်းရည်ကို လေ့ကျင့်ခဲ့တော့သည်။

အချိန်များက တစ်နေ့ပြီးတစ်နေ့ ကုန်သွားသည်။ လုမင် ကျိုးမိသားစုမှ ထွက်သွားသည်မှာ တစ်လပင်ရှိပြီ။

ထိုနေ့တွင် လုမင်က ကြီးမားသော မြို့တစ်မြို့သို့ ရောက်လာသည်။

ဤမြို့က အလွန်ကြီးကျယ်ခမ်းနားပြီး ရှုခင်းများနှင့် ပြည့်နှက်ကာ ကြီးကျယ်ခမ်းနားလှပေသည်။

မြို့တံခါးတွင် 'ထျန်းရှမြို့'ဟူသော စကားလုံးကြီးသုံးလုံး ရှိသည်။

"ငါ တကယ်ပဲ ထျန်းရှမြို့ကို ရောက်လာပြီ"

လုမင် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ထျန်းရှမြို့က ထျန်းရှအကယ်ဒမီအနီးတွင် တည်ရှိ၏။ ၎င်းက ဗဟိုတိုက်ကြီး၏ ထိပ်တန်း ရှေးဟောင်းမြို့ဆယ်ခုထဲမှ တစ်ခုဖြစ်ကာ ရှည်လျားသောသမိုင်းကြောင်းရှိခဲ့သည်။

ထျန်းရှအကယ်ဒမီက ကောင်းကင်လင်းယုန်ခံတပ်၏ အနောက်မြောက်ဘက် ဖြစ်‌ချေသည်။ မသိလိုက်ခင်ပင် လုမင်က ကောင်းကင်လင်းယုန်ခံတပ်၏ နယ်မြေကို ဖြတ်ကျော်ပြီး ထျန်းရှန်အကယ်ဒမီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူ ဤနေရာကို ရောက်လာမှတော့ သဘာဝအတိုင်း သွားကြည့်ရလိမ့်မည်။

ထျန်းရှမြို့တော်သို့ လျှောက်လာပြီးနောက်တွင် ၎င်းက အလွန်ကြွယ်ဝချမ်းသာကြောင်း သူသဘောပေါက်ခဲ့သည်။ လူများစွာက သွားလာလှုပ်ရှားနေကာ လွန်စွာ တက်ကြွမှုရှိနေခဲ့ပေသည်။

'အဲ၊ လူငယ်တွေ ဘာဖြစ်လို့ ဒီလောက်များနေတာလဲ'

လုမင် အနည်းငယ် အံ့သြသွားသည်။ လမ်းများပေါ်တွင် ရံဖန်ရံခါ လျှောက်သွားနေသည့် လူငယ်များစွာကို သူမြင်ရသည်။ ၎င်းတို့က သုံးယောက်တစ်စုမှ ငါးယောက်တစ်စုအထိဖြစ်ကာ တစ်ယောက်ချင်းစီကလည်း ဂုဏ်သိက္ခာရှိသော အသွင်အပြင်မျိုး ရှိ၏။

၎င်းတို့က အလွန်အစွမ်းထက်သည့် ပါရမီရှင်များဖြစ်မှာ သေချာလှပေသည်။ လူတော်တော်များများက နတ်ဘုရားအဆင့် သွေးမျိုးဆက်များ နိုးကြားလာသည်ဟု လုမင် ခံစားလိုက်မိသည်။

ဗဟိုတိုက်ကြီးက ထူးချွန်သူများနှင့် ပြည့်နှက်နေပြီး အရှေ့ပိုင်းကန္တာရထက် ပါရမီရှင် ပိုများသော်လည်း၊ မြို့ကြီးတစ်မြို့၌ နတ်ဘုရားအဆင့် ပါရမီရှင်များစွာ စုရုန်းနေသည်ကတော့ လက်တွေ့မကျပေ။

'ထျန်းရှမြို့တော် ဒါမှမဟုတ် ထျန်းရှအကယ်ဒမီမှာ ပါရမီရှင်တွေကို စုဝေးရအောင် တစ်ခုခု ရှိနေလို့များလား'

လုမင် မှန်းဆလိုက်သည်။

'ဟင်၊အဲဒါ…'

ရုတ်တရက် လုမင်သည် ရင်းနှီးသော မျက်နှာနှစ်ခုကို တွေ့လိုက်ရ၏။

ရွယ်ကျန့်ရီနှင့် ရှီကျန့်။

ကောင်းကင်အလောင်းကောင်ဂိုဏ်း၏ ရွယ်ကျန့်ရီနှင့် ရှီကျန့်က ဗဟိုတိုက်ကြီးမှ ထျန်းရှမြို့တော်တွင် အမှန်တကယ် ပေါ်ထွန်းခဲ့သည်။ ယင်းင လုမင်ကို အံ့ဩသွားစေခဲ့ပေသည်

'စိတ်ဝင်စားစရာပဲ၊ ‌ကောင်းကင်အလောင်းကောင်ဂိုဏ်းရဲ့ အသန်မာဆုံး ပါရမီရှင်‌တွေ ဒီကိုရောက်လာတယ်။ ဒါဆိုရင် တိရှန်နဲ့ အခြားသူတွေကော ရောက်လာကြမလား'

လုမင်၏ နှုတ်ခမ်းများက အပြုံးတစ်ခုလို တွန့်ကွေးသွားသည်။

ရွယ်ကျန့်ရီနှင့် ရှီကျန့်တို့ကတော့ လုမင်ကို သတိမထားမိပေ။ ထိုအစား ဆိုင်တစ်ဆိုင်ထဲကို ၀င်သွားကြသည်။

လုမင်က လျှို့ဝှက်နေရာတစ်ခုသို့ ရောက်လာသောအခါ သူ၏ ခန္ဓာကိုယ်ကို ပုံစံပြောင်းလိုက်သည်။ ခဏအကြာတွင်၊ လုမင်က အသားမည်းပြီး ရိုးရှင်းသော လူငယ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက်တွင် သူက ဖန်တုန်အရှိန်အဝါစွမ်းရည်ကို အသုံးပြု၍ အရှိန်အဝါကိုလည်း ပြောင်းလိုက်သည်။

ယခုဆိုလျှင် လုမင်နှင့် ရင်းနှီးသောသူများပင် လုမင်ရှေ့တွင် ရပ်နေသည့်တိုင် သူ့ကို မှတ်မိနိုင်မည် မဟုတ်ပေ။

လုမင်လည်း ပြုံးကာ လမ်းမအတိုင်း လျှောက်သွားလိုက်သည်။ ဤအခိုက်တွင် ရွယ်ကျန့်ရီနှင့် ရှီကျန့်တို့က ဆိုင်မှ ထွက်လာကာ လုမင်ဘေးမှ ဖြတ်သွားကြ၏။ သို့သော်၊ တုံ့ပြန်မှုတော့ လုံးဝမရှိခဲ့ပေ။

လုမင်ကို လုံးဝမသိသော သူစိမ်းတစ်ယောက်ကဲ့သို့ မျက်ကွယ်ပြုခဲ့သည်။

လုမင်လည်း ကျေနပ်စွာဖြင့် ပြုံးကာ စားသောက်ဆိုင်ထဲသို့ ၀င်သွားလိုက်လေသည်။

"ကြားပြီးကြပြီလား၊ လွန်ခဲ့တဲ့ တစ်လကပဲ သွေးအေးနန်းတော် ရဲ့ ရွယ်လော့ကျစ်က ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်သွားပြီတဲ့"

"ဘာ၊ ရွယ်လော့ကျစ်လည်း ချိုးဖြတ်သွားပြီလား။ သူက ဒုတိယတန်းစား ပါရမီရှင်တွေကြားမှာ အရမ်း သန်မာနေတာ မဟုတ်ဘူး။ သူတောင်‌မှ ဖြတ်ကျော်သွားတယ်ဆိုရင် ဒုတိယတန်းစား ပါရမီရှင်အများစုက ဝိညာဉ်နတ်ဘုရား ဖြစ်လာပြီထင်တယ်"

"လွန်ခဲ့တဲ့တစ်နှစ်လောက်က ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ဖြတ်သွားခဲ့တဲ့ ဘီလူးငါးယောက်ဆိုရင်လည်း အခု ဒုတိယအဆင့်ကို ချိုးဖြတ်ကုန်ပြီလေ။ အခုအချိန်ကစပြီး ကမ္ဘာကြီးဟာ မျိုးဆက်သစ်လူငယ်တွေရဲ့ ခေတ်ပဲ"

"ဒီခေတ်မှာ လူငယ်လူရွယ်တွေ အများကြီး ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်သွားခဲ့တယ်။ ဒါက မယုံနိုင်စရာပါပဲ"

လုမင် စားသောက်ဆိုင်ထဲဝင်ပြီး သိပ်မကြာခင်မှာပဲ စကားဝိုင်းတစ်ခုမှ အသံ ကြားလိုက်ရသည်။

လုမင် တစ်ယောက်တည်း အနည်းငယ် ခေါင်းညိတ်လိုက်၏။ ရှေးဟောင်းဆေးဥယျာဉ်ကိစ္စပြီးသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်သောကြောင့် ဒုတိယတန်းစား ပါရမီရှင်များ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်သွားသည်မှာ ပုံမှန်ပင် ဖြစ်သည်။

နောက်ဆုံးတွင်၊ ထိုပါရမီရှင်များက အင်အားစုကြီးများ၏ ကျောထောက်နောက်ခံရှိကာ လုမင်ကဲ့သို့ အရင်းအမြစ်များအတွက် စိုးရိမ်စရာ မလိုပေ။

--------

All Chapters