← Chapters

အခန်း ၁၀၅၄

Vol. 71 Ch. 1054

အခန်း ၁၀၅၄

Vol. 71 Ch. 1054

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1054 ) အိုတု ဖိနှိပ်ခံရခြင်း။

"ဒီခေတ်က တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အပြိုင်ခေတ်ပါပဲ။ ဗဟိုတိုက်ကြီးသာမကဘဲ အနောက်ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာလည်း ပါရမီရှင်တွေက တိမ်လိုပေါကြတယ်။ အရင်တုန်းကလည်း မြောက်ပိုင်းက ပါရမီရှင်တစ်ယောက်ဟာ ငါတို့ ဗဟိုတိုက်ကြီးကိုလာပြီး ဘီလူး ပါရမီရှင်ငါး‌ယောက်မှာ တစ်ယောက်ဖြစ်တဲ့ ရန်ပိုထျန်းကို စိန်ခေါ်ခဲ့တယ်။ အဲဒီတိုက်ပွဲက ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတစ်ခုဖြစ်ပေမယ့် နောက်ဆုံးမှာတော့ သရေကျခဲ့ပါတယ်"

"အဲဒီတိုက်ပွဲအကြောင်းကို ငါလည်း ကြားဖူးတယ်။ အံ့သြစရာတော့ ကောင်းသား။ မြောက်ပိုင်းလွင်ပြင်မှာ ထိပ်တန်းဘီလူးငါးယောက်လို ယှဉ်ပြိုင်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ရှိဖို့ ငါမမျှော်လင့်ထားဘူး"

"မြောက်လွင်ပြင်မှာတင်မကဘဲ အနောက်ပိုင်းကန္တာရမှာလည်း ရှိတယ်။ အဲဒီက ရဟန်းငယ်တစ်ပါးဟာ ဗဟိုတိုက်ကြီးကို ရောက်လာပြီး သန်မာတဲ့ တိုက်ခိုက်နိုင်စွမ်းကို ပြသခဲ့တယ်လေ။ နောက်ပြီး တောင်ပိုင်းအမှောင်ကမ္ဘာမှာလည်း ကြောက်စရာကောင်းတဲ့ ပါရမီရင်တစ်ပါးရှိတယ်။ အနောက်ပိုင်းကန္တာရနှင့် တောင်ပိုင်းအမှောင်ကမ္ဘာနှစ်ခုစလုံးမှာပါ ထိပ်တန်း ဘီလူးအဆင့် လူငယ်ပါရမီရှင်ငါးဦးထက် အားမနည်းတဲ့ ပါရမီရှင်တွေ ရှိကြတယ်"

ထိုစကားများကို ကြားတော့ လုမင် အံ့အားသင့်ကာ မျက်ခုံးပင့်လိုက်သည်။

တောင်ပိုင်းအမှောင်ကမ္ဘာ၊ မြောက်ပိုင်းလွင်ပြင်နှင့် အနောက်ပိုင်းကန္တာရတွင် ထိပ်တန်းဘီလူးငါးဦးကို ယှဉ်နိုင်သူများ ရှိနေမည်ဟု သူ မမျှော်လင့်ထားပေ။ အနာဂတ်က ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းလာမည့်ပုံ ရသည်။

"အရှေ့တောကန္တာရကော၊ အရှေ့ပိုင်းမှာ အစွမ်းထက်တဲ့ ပါရမီရှင်တွေ မရိဘူးလား"

"အရှေ့တောကန္တာရမှာ မရှိဘူးကွ။ အရှေ့ပိုင်းကန္တာရက စွန့်ပစ်မြေရိုင်းပါဆိုနေ... ရှေးခေတ်ကတည်းက နယ်မြေငါးခုမှာ အညံ့ဆုံးဖြစ်ခဲ့တဲ့ အဲဒီမှာ ဘယ်ပါရမီရှင်တွေ ရှိမှာလဲ"

"အမှန်ပဲ၊ အရှေ့ပိုင်းကန္တာရမှာ မဆိုးဘူးလို့ ပြောနိုင်တာက လုမင်ဆိုသူနဲ့ တိရှန်ဆိုတဲ့သူပဲ ရှိတယ်။ သူတို့နှစ်ယောက်ကတော့ ဒုတိယတန်းစား ပါရမီရှင်တွေ ဖြစ်နိုင်ပြီး မှတ်သားထိုက်ပါတယ်။ ကျန်တဲ့လူတွေကတော့ လူပြက်တွေချည်းပဲ"

"ဟုတ်တယ်၊ နောက်ပြီး အရှေ့ပိုင်းမှာ တိုက်ပွဲကြီးတစ်ခုဖြစ်ပြီး လုမင် ပိတ်မိနေတယ်လို့ ကြားတယ်။ အဲဒီမှာ သူ သေတောင်သေသွားနိုင်ပါတယ်။ ဒါဆိုရင် တိရှန်တစ်ယောက်ပဲ ကျန်မယ်"

"ဟားဟားဟား၊ အဲဒါက မြေရိုင်းနယ်မြေတစ်ခုပဲလေ။ စကားထဲ ထည့်ပြောရအောင် ဘာအကြောင်းရှိလို့လဲ၊ လာလာ... သောက်ရအောင်"

ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။ အရှေ့ပိုင်းကန္တာရအကြောင်း ပြောကြသည့်အခါ သူတို့၏ လေသံက အထင်မြင်သေး ရှုတ်ချမှုများ ပြည့်နေသည်။

"ဟမ့်၊ ချမ်းသာတဲ့ကလေးဖြစ်ရုံနဲ့ ကမ္ဘာ့ပါရမီရှင်တွေအကြောင်းကို ဘယ်လိုပြောရဲတာလဲ"

ထိုအချိန်တွင် စားသောက်ဆိုင်ထဲမှ အေးစက်စက် နှာခေါင်းရှုံ့သံကို ကြားလိုက်ရသည်။

အားလုံးက စားသောက်ဆိုင် ထောင့်တစ်နေရာကို လှမ်းကြည့်လိုက်၏။

ထိုနေရာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။အမျိုးသားက အရပ်နှစ်မီတာကျော် မြင့်မားပြီး ကြွက်သားများ ဖောင်းကြွနေသည်။

အမျိုးသမီးကတော့ ချောမောပြေပြစ်ကာ အလွန် လှပခဲ့ပေသည်။

'အိုတု၊ ဖုန်းယွမ်'

လုမင် အံ့သြသွားသည်။ ထိုနှစ်ယောက်ကို သူမှတ်မိ၏။ ၎င်းတို့က အရှေ့ပိုင်းကန္တာရရှိ ကောင်းကင်နတ်ဆိုးတောင်ကြား၏ အသန်မာဆုံး ပါရမီရှင်နှစ်ဦး ဖြစ်သည်။

"အိုး၊ ဒီတော့ မင်းကိုယ်မင်း ပါရမီရှင်လို့ ဆိုလိုတာလား"

အစောပိုင်းက ဆွေးနေသော လူငယ်သုံးဦးစလုံးက ဓားများကို ကျောတွင်လွယ်ပြီး အဖြူရောင် ဓားသမား ၀တ်စုံကို ၀တ်ဆင်ထားသူများ ဖြစ်သည်။ ၎င်းတို့က တူညီသော အင်အားစုတစ်ခုမှဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

ဤအခိုက်တွင် ဓားတစ်လက်ကို ကျောတွင်လွယ်ထားသော လူငယ်တစ်ဦးက အိုတုကို လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။

"ငါက ပါရမီရှင်တစ်ဦးလို့ မပြောလိုပေမဲ့ မင်းကို အနိုင်ယူဖို့ကတော့ ငါ့လက်ဝါးကို လှန်လိုက်သလိုမျိုး လွယ်လွန်းတယ်"

အိုတုက ယုံကြည်မှုအပြည့်ရှိနေကာ လှောင်ပြောင်လိုက်၏။

အရှေ့ပိုင်းကန္တာရတွင် သူက လုမင်နှင့် တိရှန်ပြီးလျှင် ဒုတိယ ဖြစ်သည်။ သူက ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦးဖြစ်ကာ မည်သူမျှ သူ့ကို အနိုင်ယူနိုင်စွမ်းမရှိပေ။

ဗဟိုတိုက်ကြီးကို ရောက်ခဲ့လျှင်ပင် တခြားသူများထက် အားနည်းမည်မဟုတ်ဘူးဟု သူ ယုံကြည်နေဆဲ ဖြစ်သည်။

"ငါ့ကိုဖိနှိပ်ဖို့ မင်းလက်ဝါးကို လှန်လိုက်ရုံပေါ့၊ ဟုတ်လား။ ဟားဟားဟား... ငါ မင်းကို တစ်ခါမှ မတွေ့ဖူးဘူး။ မင်းက အရှေ့တောကလား"

ဓားလွယ်ထားသော လူငယ်က မေးလိုက်သည်။

"ဟုတ်တယ်၊ ငါက အရှေ့ပိုင်းကန္တာရက အိုတုပဲ"

အိုတုကလည်း မဖုံးကွယ်ပေ။

"ဒါဆို မင်းက အရှေ့ပိုင်းကန္တာရရဲ့ အမှိုက်တစ်စပဲ။ မင်းလို ပိုးကောင်လေးတစ်ကောင်က ငါ့ကို ဖိနှိပ်နိုင်တယ်လို့ ဘယ်လိုပြောဝံ့တာလဲ။ မင်းက ကိုယ့်အဆင့်ကို တကယ်မသိဘူး"

ဓားကိုင်လူငယ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

"မင်းဘာပြောလိုက်တာလဲ"

အိုတု ဒေါသတကြီးဖြင့် ထရပ်လိုက်၏။ အေးစက်စက် သတ်ဖြတ်ချင်စိတ်များက သူ့မျက်လုံးများမှ လင်းလက်သွားကာ ကြမ်းကြုတ်သော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။ စားသောက်ဆိုင်တစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ဖုံးအုပ်သွားသည်။

သူ့ကို ဓားလွယ်ထားသောလးငယ်က ပိုးကောင်ဟု အမှန်တကယ် ခေါ်ဝံ့သည်။ ယင်းက သူ့ကို သတ်ဖြတ်ချင်စိတ်များ ဖြစ်စေခဲ့၏။

ဓားလွယ်ထားသောလူငယ်က နှာခေါင်းတစ်ချက်ရှုံ့ကာ ဓားသွားကဲ့သို့ လက်ညှိုးကို ညွှန်ပြကာ အိုတု၏ အရှိန်အဝါများကို ခွဲထုတ်လိုက်သည်။

"အပြင်ထွက်ပြီး တိုက်ခိုက်ကြစို့၊ မင်းက အမှိုက်တစ်စ ဟုတ် မဟုတ် ငါပြောပြမယ်"

ဓားလွယ်ထားသော လူငယ်က ခြေတစ်ချက်လှမ်းကာ ကောင်းကင်သို့ ပျံတက်သွားသည်။

အိုတုလည်း လိုက်ပါသွား၏။

"ဟားဟားဟား၊ အရှေ့တောက ပိုးကောင်က ဂိုဏ်းတူအစ်ကိုစုန့်နဲ့ တိုက်ဝံ့တယ်။ သူ့အတွက် ဘာကကောင်းမှန်း မသိဘူးပဲ၊ အပြင်ထွက်ပြီး ကြည့်ရအောင်"

ဓားလွယ်ထားသည့် အခြားလူငယ်နှစ်ဦးက ရယ်မောကာ နောက်သို့ လိုက်သွားကြသည်။

ထို့နောက်တွင် ဖုန်းယွမ်လည်း သူတို့နောက်မှ လိုက်သွားသည်။

"ဒါက ထျန်းဝူဓားဂိုဏ်းက ပါရမီရှင်ပဲ။ အဲဒီလူက ထျန်းဝူဓားဂိုဏ်းရဲ့ တတိယအဆင့် ပါရမီရှင် စုန့်ဖေး ဖြစ်ပုံရတယ်။ အရှေ့ပိုင်းတောကန္တာရထဲက ရေနဂါးလေးတစ်ကောင်က စုန့်ဖေးကို တိုက်ခိုက်ချင်တာ စိတ်ဝင်စားဖို့ကောင်းတယ်။ သွားကြည့်ရအောင်"

"သွားကြရအောင်"

စားသောက်ဆိုင်အတွင်းမှ လူတိုင်း ပြေးထွက်လာကာ တိုက်ပွဲကို စောင့်ကြည့်ရန် လေထဲတွင် ရပ်နေခဲ့ကြသည်။

လုမင်လည်း လူအုပ်ကြီးနောက်သို့ လိုက်ကာ လေထဲကို ပျံတက်သွား၏။

ကောင်းကင်တွင် အိုတုနှင့် စုန့်ဖေးက မျက်နှာချင်းဆိုင်ကာ ရပ်နေသည်။ သူတို့၏ ပြင်းထန်သော အရှိန်အဝါများက လူများစွာကို ဆွဲဆောင်ခဲ့သည်။

"ဒါက အရှေ့တောကန္တာရထဲက ရေနဂါးပဲ။ သူအနိုင်ရဖို့ အခွင့်အရေးရှိတယ်လို့ မင်းထင်လား"

"မဖြစ်နိုင်ဘူး၊ စုန့်ဖေးက ထျန်းဝူဓားဂိုဏ်းရဲ့ တတိယအဆင့် ပါရမီရှင်ပဲလေ။ သူက အလွန်အစွမ်းထက်တယ်။ အဲဒီရေနဂါးက သူ့ပြိုင်ဘက် မဖြစ်သင့်ဘူး"

လူတော်တော်များများက ထိုအကြောင်းကို ပြောဆိုဆွေးနွေးလိုက်ကြသည်။

ဗဟိုတိုက်ကြီးတွင် အုပ်ချုပ်သူ ဆယ့်ရှစ်ဦး ရှိသည်။ အုပ်ချုပ်သူများကြားတွင်ပင် အင်အားကွာခြားမှုများ ရှိခဲ့၏။

ထျန်းဝူဓားဂိုဏ်းက ဗဟိုတိုက်ကြီး၏ ထိပ်တန်းအုပ်စိုးရှင်များထဲမှ တစ်ဦးဖြစ်သည်။ ၎င်းက ဟန်ချင်းတောင်၊ သွေးအေးနန်းတော်နှင့် ကောင်းကင်လင်းယုန်ခံတပ်တို့ထက် ပို၍ အားကောင်း၏။ ၎င်းတို့တွင် ကျွမ်းကျင်သူများနှင့် ပါရမီရှင်များစွာရှိခဲ့ပေရာ တတိယအဆင့် ပါရမီရှင် ဖြစ်နိုင်သူမှာ မည်မျှ အစွမ်းထက်မည်ကို ပြောပြနေရန် မလိုပေ။

"ဝုန်း ဝုန်း"

သူတို့၏ အရှိန်အဝါများက ကောင်းကင်တွင် ကျယ်လောင်ကာ ကြောက်မက်ဖွယ်ကောင်းသော လေပွေတစ်ခုကို ဖြစ်လာစေခဲ့သည်။

"သတ်"

အိုတုက ပထမဆုံး တိုက်ခိုက်သည်။ သူသည် မီတာရာဂဏန်းမျှ ရှည်လျားသော ရေနဂါးတစ်ကောင်ဖြစ်သော သူ၏ ပုံစံအစစ်အမှန်ကို ပြောင်းလဲခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်က ရွှေဖြင့်ပြုလုပ်ထားသည့်အတိုင်း ရွှေရောင်ဖြစ်သည်။

"ရွှေစင်မုန်တိုင်း ဖြတ်တောက်ခြင်း"

အိုတုက ဟိန်းဟောက်လိုက်သည်။ သူ့ပါးစပ်ကို ဟလိုက်သည်နှင့် ရွှေရောင်အလင်းကိုးခုသည် သူ့ပါးစပ်မှ ထွက်လာခဲ့၏။ ရွှေအလင်းများက လေထုကိုဖြတ်ကာ စုန့်ဖေးဆီသို့ ဖြတ်ဝင်သွားတော့သည်။

"ချွမ်"

ဓားထုတ်သံနှင့် လျှပ်တစ်ပြက်ကဲ့သို့ ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။ ဓားအလင်းက ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အရာအားလုံးကို ဖြတ်တောက်ပစ်လိုက်၏။

ဓားအလင်းဖြတ်သွားသည့်‌ နေရာတိုင်းရှိ အိုတု၏ ရွှေရောင်အလင်း ကိုးခုစလုံး ပြတ်ကျသွားရသည်။

သို့သော် ဓားအလင်းလည်း ပျောက်ကွယ်သွားသည်။

"ရွှေရောင်နဂါးလက်သည်း"

ရေနဂါးအိုတု၏ နဂါးလက်သည်းက ရွှေစင်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက ကြည်လင်ပြတ်သားပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့၏။ လက်သည်းက ဟင်းလင်းပြင်ကို ဆုပ်ဖြဲသွားကာ အလွန်ကြောက်စရာကောင်းသည်။

အိုတုက ဝိညာဉ်‌သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်း ကျင့်ကြံခြင်းအခြေခံ ရှိသည်။ သူက ခွန်အားအပြည့်ဖြင့် တိုက်ခိုက်သောအခါ ဝိညာဉ်နတ်ဘုရားနှင့်ပင် နှိုင်းယှဉ်၍ ရ၏။

သို့သော် စုန့်ဖေး၏ ကျင့်ကြံခြင်းကလည်း ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် ရှိနေသည်။

"မင်းမှာ အရည်အချင်း နည်းနည်းရှိတာပဲ။ ဒါကိုယူလိုက်"

စုန့်ဖေး အော်လိုက်သည်။ သူ့သွေးမျိုးဆက်က ဦးခေါင်းထက်တွင် ပေါ်လာခဲ့၏။ ၎င်းက ရွှေရောင်ချက္ကရခုနစ်ခုရှိသော ငွေဖြူရောင် ဓားတစ်လက် ဖြစ်သည်။

"ဓားဖြင့် ကမ္ဘာကို ဖြိုခွင်းခြင်း"

စုန့်ဖေးက ဓားအဖြစ်သို့ ပြောင်းလဲသွားသည်။ ငွေဖြူဓားမှ စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်လာကာ အိုတုကို ခုတ်ချလိုက်၏။

ဓားနှင့် အိုတု၏ ရွှေရောင်နဂါးလက်သည်းတို့ ထိပ်တိုက်တွေ့သွားသည်။ ကောင်းကင်တွင် ရွှေရောင်နှင့် ငွေရောင် အလင်းများ ပြည့်နေပြီး လူအများမှာ မျက်လုံးပင် မဖွင့်နိုင်တော့ပေ။

အလင်းရောင် ပျောက်ကွယ်သွားသောအခါ အိုတုက ပြင်းပြင်းထန်ထန် နောက်ပြန်ဆုတ်သွားသည်။ သူ၏ နဂါးလက်သည်းပေါ်တွင် နက်ရှိုင်းသော ဓားဒဏ်ရာတစ်ခု ရှိနေခဲ့၏။ သူ့လက်သည်းပေါ်မှ အကြေးခွံများ ကွဲအက်ကာ သွေးများ စီးကျနေတော့သည်။

"ရွှစ်"

ငွေဖြူရောင်ဓားက ထပ်မံခုတ်ပိုင်းလိုက်ပြန်သည်။ အဆုံးမဲ့ဓားစွမ်းအင်များ ပြန့်ကျဲသွားကာ ကောင်းကင်တွင် အလွန်ကြောက်စရာကောင်းသော ဟင်းလင်းပြင် အမာရွတ်များ ပေါ်လာခဲ့၏။

အိုတုက ဒေါသတကြီးဟိန်းဟောက်ပြီး အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။ သို့သော် စုန့်ဖေး၏ ဓားစွမ်းအင်က အလွန်ထက်မြက်ပြီး အရာအားလုံးကို ဖြတ်ကျော်နိုင်သည်။ ဓားစွမ်းအင်က အိုတု၏ တိုက်ခိုက်မှုနှင့် ခံစစ်ကို ဖြတ်ကျော်သွားကာ သူ့ခန္ဓာကိုယ်တွင် ဓားဒဏ်ရာများ ကျန်ရစ်စေခဲ့ပြန်တော့သည်။

အိုတုက လုံးဝ ဖိနှိပ်ခံခဲ့ရသည်။ မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာ တစ်ဒါဇင်ကျော် ရှိလာခဲ့၏။ ၎င်းတို့တစ်ခုစီက မီတာများစွာ ရှည်လျားကာ သွေးများ ငေါက်ငေါက် ပန်းထွက်နေပြီး မြေပေါ်သို့ ကျဆင်းသွားသည်။

"ဒီသွေးမှာ အစစ်အမှန်နဂါးရဲ့ သွေးပါတယ်ဟေ့၊ ခံယူထားမှ"

တစ်စုံတစ်ယောက်က ထိုသွေးများကို အလျင်အမြန် ခံယူလိုက်သည်။ ယင်းက အိုတုကို ဒေါသထွက်စေကာ ပို၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သော်လည်း ဘာမျှ မတတ်နိုင်ပေ။

"မင်း ရေနဂါးလေးက မဆိုးဘူးပဲ။ ငါ့မှာ စီးတော်မရှိဘူး၊ အခုချိန်ကစပြီး မင်းက ငါ့ရဲ့စီးတော် ဖြစ်လာလိမ့်မယ်"

စုန့်ဖေးက အေးစက်စက်ဖြင့် ပြောသည်။ သူ၏ ဓားချက်များကလည်း ပို၍ ကြောက်စရာကောင်းလာခဲ့ပေသည်။

--------

All Chapters