အခန်း ၁၀၅၅
Vol. 71 Ch. 1055
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1055 ) ကျောက်စိမ်းနံရံများ။
"စဉ်းတောင်မစဉ်းစားနဲ့"
အိုတုက အလွန်ဒေါသထွက်သွားကာ အော်ဟစ်လိုက်သည်။
အိုတုတွင် အစစ်အမှန်နဂါးသွေး ခုနစ်ဆယ် ရာခိုင်နှုန်းကျော် ရှိသည်။ သူသည် ငယ်စဉ်ကတည်းက ကောင်းကင်နတ်ဆိုးချိုင့်ဝှမ်းတွင် ထိပ်တန်းပါရမီရှင် ဖြစ်ခဲ့၏။ ၎င်းက တိရှန်နှင့်ပင် နှိုင်းယှဉ်၍ရသည်။ အရှေ့တောကန္တာရရှိ မျိုးဆက်သစ်လူငယ်များကြားတွင် သူနှင့် ယှဉ်ပြိုင်နိုင်သည့် လူအနည်းငယ်သာ ရှိ၏။
သူသည် ကမ္မတိုက်ပွဲတွင် လုမင်ကို ရှုံးနိမ့်ခဲ့သော်လည်း သူ့ထက် သန်မာသူက အရှေ့တောကန္တာရတစ်ခုလုံးတွင် လုမင်နှင့် တိရှန်တို့နှစ်ဦးသာ ရှိခဲ့သည်။ သူနှင့် ယှဉ်နိုင်သည့်သူများကလည်း ရွယ်ကျန့်ရီနှင့် ဖုန်းရွယ်တို့သာ ရှိချေသည်။ သူဟာ ကမ္မတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ထီးဖြူဆောင်းသည့် ပါရမီရှင်တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။
သို့သော်၊ ဗဟိုတိုက်ကြီးသို့ ရောက်လာသည်နှင့် ကျပန်းလူငယ်တစ်ဦး၏ ဖိနှိပ်ခြင်းကို ခံခဲ့ရကာ သူ့ကိုပင် စီးတော်အဖြစ် ဖမ်းဆီးချင်ခဲ့သည်။ ဤအခိုက်တွင် သူ၏ ယုံကြည်မှုက ပြင်းထန်စွာ ထိခိုက်သွားခဲ့ရပေသည်။
"ရွှစ် ရွှစ်"
ထက်မြက်သော ငွေရောင်ဓားအလင်းများဟာ ကောင်းကင်ယံမှတဆင့် အိုတုဆီသို့ ဖြတ်သွားသည်။
အိုတုတွင် အစစ်အမှန်နဂါးသွေးရှိသော်လည်း ကြောက်စရာကောင်းသော ဓားချီများအောက်တွင် လုံးလုံးလျားလျား ဖြိုခွဲခံလိုက်ရ၏။
"အရှုံးပေးလိုက်၊ ငါ့စီးတော်ကို မသတ်ဘူး။ မဟုတ်ရင် ဒီနေ့ မင်းသေလိမ့်မယ်"
စုန့်ဖေး၏ အေးစက်စက်အသံက ငွေရောင်ဓားမှ ထွက်ပေါ်လာသည်။
"မစဉ်းစားနဲ့"
အိုတုက အော်လိုက်သည်။ သူ၏ မာနအရ စုန့်ဖေး၏ စီးတော်ဖြစ်ခြင်းထက် အသေခံချင်သည်။
"ဒါဆိုသေလိုက်တော့"
ငွေရောင်ဓားက တောက်ပလာပြီး ဓားအလင်းတစ်ခုဖြင့် အိုတု၏ဦးခေါင်းကို ခုတ်ပိုင်းချလိုက်သည်။
အိုတုက အရူးအမူး ဆုတ်ခွာသွားကာ အစွမ်းကုန် ပိတ်ဆို့လိုက်သော်လည်း သူ့ခေါင်းမှာ ပြတ်လုနီးပါး ဖြစ်သွားသည်။ သူ့လည်ပင်းတွင် နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခု ပေါ်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ဆုတ်ခွာသွားကာ အဝေးသို့ ပြေးထွက်သွားတော့သည်။
"ထွက်သွားဖို့ မစဉ်းစားနဲ့"
စုန့်ဖေးတွင် အိုတုကို အလွတ်ပေးရန် ရည်ရွယ်ချက်မရှိကြောင်း ထင်ရှားသည်။ သူသည် အိုတုအနောက်ကို ပြေးလိုက်သွား၏။
ထိုအချိန်တွင် ဖီးနစ်အော်မြည်သံ ထွက်ပေါ်လာသည်။ ဖီးနစ်ကဲ့သို့ နတ်ငှက်တစ်ကောင်သည် စုန့်ဖေးဆီသို့ ပျံသန်းသွား၏။ အတောင်ပံခတ်သံနှင့်အတူ ကောင်းကင်တစ်ခွင်လုံး မီးတောက်များ ပြည့်နေပြီး စုန့်ဖေးဆီသို့ ပျံ့နှံ့သွားတော့သည်။ စုန့်ဖေး အံ့အားသင့်သွားသည်။ သူက ဓားအလင်းများ ထုတ်ဖော်ကာ မီးတောက်များကို ခွဲထုတ်လိုက်၏။ သို့သော် ဤအချန်ခဏကို အခွင့်ကောင်းယူကာ အိုတုက အဝေးသို့ ပြေးထွက်ပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့သည်။
ဖီးနစ်နှင့်တူသော နတ်ငှက်မှာ အလွန်လျင်မြန်သည်။ အတောင်ပံများကို ခတ်လိုက်သည်နှင့် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အဝေးသို့ ပြေးသွား၏။ စုန့်ဖေးက ဒေါသတကြီးအော်ကာ နောက်မှ လိုက်သွားသော်လည်း လိုက်မမီတော့ပေ။
လုမင်ကတော့ ဖီးနစ်နှင့်တူသော နတ်ငှက်သည် ဖုန်းယွမ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူမက ဖီးနစ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကာ အလွန်လျင်မြန်လှပေသည်။
စုန့်ဖေးလည်း သူ့လူသားပုံစံဆီသို့ ပြန်ပြောင်းကာ အေးစက်စက်ဖြင့် အော်လိုက်သည်။
"ဘာကို အရှေ့ပိုင်းကန္တာရက ပါရမီရှင်လဲ။ အဲဒါ အမှိုက်ပဲ"
ထိုသို့ပြောဆိုပြီးနောက် သူသည် ထျန်းဝူဓားဂိုဏ်း၏ တပည့်နှစ်ယောက်နှင့်အတူ စားသောက်ဆိုင်သို့ ပြန်သွား၍ ဆက်လက်စားသောက်နေလိုက်သည်။
လူအုပ်ထဲတွင် ရွယ်ကျန့်ရီနှင့် ရှီကျန့်တို့လည်း တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။ သူတို့မျက်နှာများက အကြည့်ရဆိုးသွားသော်လည်း ဘာမျှမပြောဝံ့ကြပေ။
စုန့်ဖေး၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းကာ ရွယ်ကျန့်ရီသည်ပင် သူ၏ပြိုင်ဘက် မဟုတ်ပါချေ။
"ဗဟိုတိုက်ကြီးမှာ ဒီလောက် ဉာဏ်ကြီးရှင်တွေ အများကြီးရှိဖို့ ငါ မမျှော်လင့်ထားဘူး။ စုန့်ဖေးက ထျန်းဝူဓားဂိုဏ်းရဲ့ တတိယအဆင့် ပါရမီရှင်တစ်ယောက်သာလို့ ငါကြားတယ်"
ရှီကျန့် သက်ပြင်းချလိုက်သည်။
ယခု တိုက်ပွဲက သူ့ကို တုန်လှုပ်သွားစေခဲ့ပေသည်။
"ဗဟိုတိုက်ကြီးက အမှန်တကယ် ရှန်းဟွမ်ကြီးရဲ့ အလယ်ဗဟိုပါပဲ။ ဒီနေရာမှာ ပါရမီရှင်တွေက နေရာတိုင်းမှာ ရှိနေတယ်။ အရှေ့တောကန္တာရမှာ လုမင်နဲ့ တိရှန်တို့ပဲ စုန့်ဖေးကို အနိုင်ယူနိုင်လိမ့်မယ်"
ရွယ်ကျန့်ရီလည်း ခေါင်းညိတ်ကာ နှစ်ယောက်သား ထွက်သွားကြတော့သည်။
လုမင်ကတော့ သိပ်မစဉ်းစားပါ၊ ဤရလဒ်ကို သူ မအံ့သြပါချေ။
အိုတုနှင့် စုန့်ဖေးက တတိယတန်းစား ပါရမီရှင်များဖြစ်သော်လည်း အိုတုဟာ တတိယတန်းစား ပါရမီရှင်များကြား၌ ပျမ်းမျှသာ ဖြစ်သည်။ စုန့်ဖေးကတော့ တတိယတန်းစား ပါရမီရှင်များထဲတွင် ထိပ်ဆုံးမှဖြစ်၏။ ၎င်းက ဒုတိယတန်းစား ပါရမီရှင်များနှင့်ပင် နီးစပ်သောကြောင့် အိုတုဟာ သဘာဝအတိုင်း သူ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။
လုမင်လည်း စားသောက်ဆိုင်သို့ ပြန်လာကာ ဆက်လက်စားသောက်နေခဲ့သည်။ မကြာမီပင် သတင်းအသစ်တစ်ခုကို သူသိလိုက်ရ၏။
ထျန်းရှမြို့တော်တွင် ပါရမီရှင်များစွာ စုရုံးလာရသည့် အကြောင်းရင်းက ထျန်းရှအကယ်ဒမီဟာ ကျောက်စိမ်းနံရံကို သုံးရက်အတွင်း ဖွင့်လှစ်တော့မှာဖြစ်၍ပင် ဖြစ်သည်။
ထျန်းရှအကယ်ဒမီ၏ ကျောက်စိမ်းနံရံတွင် အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်သည်ဟု ပြောဆိုကြပေသည်။ ကျင့်ကြံသူများအတွက် ကြီးကျယ်သော အခွင့်အလမ်းများနှင့် အကျိုးကျေးဇူးများကို ရရှိလိမ့်မည်ဟု ဆိုကြသည်။
ကျောက်စိမ်းနံရံများတွင် ကြီးစွာသောလျှို့ဝှက်ချက်နှင့် နတ်ဘဏ္ဍာတိုက်ပါရှိသည်ဟူသော ကောလဟာလများပင် ထွက်ပေါ်နေခဲ့သည်။
သို့သော် နှစ်ပေါင်းများစွာအတွင်းမှာ မဖွင့်ခဲ့ဘူးပေ။
ထျန်းရှအကယ်ဒမီက ကျောက်စိမ်းနံရံများကို အမြဲပိတ်ထားခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အများဆိုင်ရာအဖြစ် ဖွင့်လှစ်ထားကြောင်း ရုတ်တရက် ကြေညာခဲ့သည်။ ကမ္ဘာပေါ်ရှိ ပါရမီရှင်များအားလုံး လွတ်လွတ်လပ်လပ် လာရောက်ကြည့်ရှု နားလည်နိုင်ပေသည်။
သတင်းထွက်လာသည်နှင့် ၎င်းသည် ပါရမီရှင်များစွာကို ဆွဲဆောင်ခဲ့သည်။
'ကျောက်စိမ်းနံရံများလား၊ ငါ ဒီကို ရောက်လာကတည်းက လက်မလွတ်နိုင်ဘူး'
လုမင်လည်း ဆက်လက် စားသောက်နေခဲ့သည်။ နောက်ထပ် သူကြားရသည့် သတင်းများကတော့ သိပ်အရေးမကြီးတော့ပေ။ မည်သည့် ပါရမီရှင်က ပိုအားကောင်းသည်၊ မည်သည့် မိန်းမလှက ပိုလှသည်၊ စသဖြင့်။
စားသောက်ပြီးနောက် လုမင်သည် စားသောက်ဆိုင်မှ ထွက်ကာ တည်းခိုရန် တည်းခိုဆောင်တစ်ခုကို ရှာဖွေခဲ့သည်။
သုံးရက်တာက မြန်ဆန်စွာ ကုန်လွန်သွားခဲ့သည်။ လုမင်က ထျန်းရှမြို့မှ ထွက်ခွာကာ ထျန်းရှအကယ်ဒမီကို အမြန်သွားခဲ့၏။
သူတစ်ယောက်တည်းတော့ မဟုတ်ဘဲ အခြား ပါရမီရှင်များစွာလည်း လေထဲသို့ ပျံတက်သွားကြသည်။ အမှတ်တမဲ့ ကြည့်လိုက်ပါက ကြယ်ကြွေသကဲ့သို့ ကောင်းကင်တွင် သက်တံရောင်အလင်းများ ပြည့်နေခဲ့ပေသည်။
ထျန်းရှအကယ်ဒမီက ထျန်းရှမြို့နှင့် အလွန်နီးကပ်သည်။ မကြာမီ သူတို့ရောက်လာကြ၏။
"အဲဒါ…"
လုမင်လည်း အဝေးမှ လှမ်းမြင်လိုက်ရသောအခါ အနည်းငယ် အံ့သြသွားသည်။
နှင်းဖြူနန်းတော်ကြီးက လေထဲတွင် လွင့်မျောကာ တောက်ပနေသော အလင်းများ ထွက်ပေါ်နေလေသည်။
နန်းတော်က ကောင်းကင်မြို့တော်ကြီးကဲ့သို့ အလွန်ကြီးမားသည်။ ၎င်းက ကျောက်စိမ်းသီးသန့်ဖြင့် ပြုလုပ်ထားပုံရပေသည်။
ဤသည်မှာ ထျန်းရှအကယ်ဒမီ၏ ပင်မ ဖြစ်သည်။ နန်းတော်အောက်တွင် တိမ်များဖုံးလွှမ်းနေသည့် နတ်တောင်တစ်လုံး ရှိသည်။ ဝိညာဉ်စွမ်းအင်က ထူထပ်ကာ ဝိညာဉ်ဆေးပင်များကလည်း နေရာတိုင်းတွင် ရှိ၏။ ဝိညာဥ်သားရဲများကလည်း လှည့်ပတ်ပျံသန်းနေကာ မသေမျိုး နတ်ဘုံနတ်နန်းကဲ့သို့ပင် ဖြစ်သည်။
မြေပြင်မှ အဆုံးမဲ့ နတ်တောင်တန်း ကောင်းကင်ယံရှိ ကျောက်စိမ်းနန်းတော်မှာ ပြီးပြည့်စုံသော ထျန်းရှအကယ်ဒမီ ဖြစ်ပေသည်။
သို့သော်လည်း ထျန်းရှအကယ်ဒမီ၏ အဓိကလူများသာ ကျောက်စိမ်းနန်းတော်ထဲသို့ ဝင်ရောက်နိုင်ကြသည်။ လုမင်နှင့် ကျန်လူများကတော့ သဘာဝအတိုင်း ဝင်မလာနိုင်ခဲ့ပေ။ သူတို့က ထျန်းရှအကယ်ဒမီအပြင်ဘက်တွင် ဆင်းသက်ကြကာ ရှေးဟောင်း ကျောက်တုံးပြာ လမ်းအတိုင်း လျှောက်သွားခဲ့ကြသည်။
ခဏကြာတော့ ကြီးမားသော ကျောက်ပြားကြီးကို တွေ့လိုက်ရသည်။ ကျောက်ပြားပေါ်တွင် စာလုံးလေးလုံး ရေးထား၏၊ ထျန်းရှအကယ်ဒမီ။
ဤစာလုံးများက ရဲ့ရင့်ပြီး အစွမ်းထက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကြောက်မက်ဖွယ်ကောင်းပြီး အရှိန်အဝါကြီးသော အငွေ့အသက်များကို ခံစားရ၏။
ဒဏ္ဍာရီအရ ဤစကားလုံးလေးလုံးသည် ရှေးဟောင်း သန့်စင်မင်းဆက်၏ မြင့်မြတ်သော အုပ်ချုပ်သူတစ်ပါးမှ ချန်ရစ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတွင် မြင့်မြတ်သော အုပ်ချုပ်သူ၏ အလိုတော်များ ပါဝင်ခဲ့ပေသည်။
လွန်ခဲ့သော သောင်းစုနှစ် အနည်းငယ်က ရှေးဟောင်းသန့်စင်မင်းဆက်သည် မပြိုကွဲသေးဘဲ ဒေသရှစ်ခုကို အုပ်ချုပ်ခဲ့သည်။ ထိုစဉ်က ထျန်းရှအကယ်ဒမီဟာ ရှေးဟောင်းသန့်စင်မင်းဆက်၏ ပါရမီရှင်များကို ပြုစုပျိုးထောင်ရန် နေရာတစ်ခု ဖြစ်ချေသည်။ မရေမတွက်နိုင်သော ပညာရှင်များလည်း ထျန်းရှအကယ်ဒမီမှ ထွက်ပေါ်လာခဲ့သည်။
သို့သော်၊ ရှေးဟောင်း သန့်စင်မင်းဆက်၏ ရှဲ့မိသားစုတွင် ပြဿနာဖြစ်ပြီးနောက်၊ ထျန်းရှအကယ်ဒမီသည် သီးခြားလွတ်လပ်လာပြီး အုပ်ချုပ်သူအင်အားစု ဖြစ်လာခဲ့ရသည်။
ကျောက်စိမ်းပြားကို ဖြတ်သွားပြီးနောက် ကျောက်စိမ်းဖြူ လှေကားထစ်တစ်ခု ပေါ်လာသည်။ သူတို့အဖွဲ့က ကျောက်စိမ်းဖြူလှေကားပေါ်မှ တက်လာသောအခါ ကြီးမားသော ရင်ပြင်တစ်ခုသို့ ရောက်ခဲ့၏။
ဤအခိုက်တွင် ရင်ပြင်က လူများနှင့် ပြည့်နှက်နေခဲ့သည်။ တစ်ချက်ကြည့်လိုက်ပါက လူ တစ်သောင်းကျော် ရှိနိုင်လောက်ပေသည်။ သူတို့အားလုံးက ပါရမီရှင်များ ဖြစ်ကြသည်။
"အားလုံးပဲ၊ ကျောက်စိမ်းနံရံများက ရှေ့မှာရှိပါတယ်။ ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ကြပါ"
ဆံပင်ဖြူ လူကြီးတစ်ယောက်က လေထဲတွင်ပေါ်လာကာ ပြုံးလျက် ပြောလိုက်သည်။ ထို့နောက်တွင် ၎င်းက ရှေ့မှထွက်သွားရာ ကျန်လူများလည်း လိုက်သွားကြ၏။
ဒါဇင်နှင့်ချီသော တောင်ထွတ်များကို ဖြတ်ကျော်သွားပြီးနောက် သူတို့ရှေ့မှ မြေပြင်အနေအထားက ပြောင်းသွားသည်။ ဤတွင် တောင်ထွတ်များမရှိဘဲ တောင်ကုန်းများသာ ရှိချေသည်။
တောင်ကုန်းများပေါ်တွင် တိမ်စိုင်များနှင့် မြူခိုးများက မြင်ကွင်းကို ပိတ်ဆို့ထားသည်။ သူတို့အဖွဲ့လည်း သေချာ မမြင်ရတော့ပေ။
'ဝင်္ကပါ'
လုမင်၏စိတ်ထဲတွင် တွေးလိုက်သည်။
ဒဏ္ဍာရီအရ၊ ထျန်းရှအကယ်ဒမီသည် သိုင်းပညာနှင့် ကမ္ပည်းစာများကို လေ့ကျင့်သော အင်အားစုတစ်ခု ဖြစ်သည်။ သိုင်းပညာကို အထူးပြုသော ကျွမ်းကျင်သူများနှင့် ကမ္ပည်းသခင်များလည်း ရှိခဲ့ကြပေသည်။
ထျန်းရှအကယ်ဒမီတွင် သိုင်းအုပ်ချုပ်သူ တစ်ယောက်မကရှိသော ကောလာဟလများလည်း ရှိခဲ့သည်။ သူတို့တွင် နှစ်ယောက်ရှိ၏။
တစ်ဦးက သိုင်းပညာ အုပ်ချုပ်သူဖြစ်ကာ နောက်တစ်ဦးက ကမ္ပည်း အုပ်ချုပ်သူ ဖြစ်သည်။
"ဝုန်း ဝုန်း ဝုန်း"
ပုံရိပ်များ ထွက်ပေါ်လာကာ စုစုပေါင်း အကြီးအကဲရှစ်ဦး ပေါ်လာသည်။ ဦးဆောင်လာသူ အပါအဝင်ဆိုလျှင် ကိုးဦးရှိသည်။
အကြီးအကဲ ကိုးဦးက လေထဲတွင်ရပ်ကာ ကမ္ပည်းများ စတင်ရေးထိုးလိုက်ကြ၏။ ကမ္ပည်းစာများက အနီးပတ်ဝန်းကျင်တွင် ပျောက်ကွယ်သွားတော့သည်။
"ဝှူး...ဟူး…"
လေပြင်းများ တိုက်ခတ်လာဟန်ဖြင့် တိမ်စိုင်များနှင့် မြူမှုန်များ ပျောက်ကွယ်သွား၏။ မကြာမီတွင် တိမ်စိုင်နှင့်မြူများ လုံးဝ ကွယ်ပျောက်သွား၍ လူအများလည်း သူတို့ရှေ့မှ မြင်ကွင်းကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြတော့သည်။
--------