← Chapters

အခန်း ၁၀၅၆

Vol. 71 Ch. 1056

အခန်း ၁၀၅၆

Vol. 71 Ch. 1056

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1056 ) ဉာဏ်အလင်း။

မရေမတွက်နိုင်သော ကျောက်စိမ်းနံရံများက လေထဲတွင် လွင့်မျောနေသည်။

တစ်ချက်ကြည့်လိုက်ပါက လေထဲတွင် ပြည့်နေသော ကျောက်စိမ်းနံရံများကို မြင်တွေ့ရ၏။ ၎င်းတို့တစ်ခုစီက အဖြူရောင် ကျောက်စိမ်းများဖြင့် ပြုလုပ်ထားပုံ ရသည်။ ၎င်းတို့က လေထဲတွင် ဒေါင်လိုက် လွင့်မျောနေသော မှန်ချပ်ကဲ့သို့ ချောမွေ့နေကြ၏။ ကျောက်စိမ်းနံရံများက အဆုံးမဲ့ဖြစ်ပုံရကာ တစ်ချက်ကြည့်ရုံဖြင့် ဘယ်နှစ်‌ခုရှိမှန်း မသိနိုင်ပေ။

ဤသည်က ကျောက်စိမ်းနံရံဖြစ်ကာ သူတို့စိတ်ကူးထားသည်နှင့် အတော်ကွာခြားသည်။

လုမင်သည်လည်း ကျောက်စိမ်းနံရံများဟာ ကြီးမားသော ကျောက်စိမ်းနံရံတစ်ခု ဖြစ်မည်ဟုသာ စိတ်ကူးခဲ့ပေသည်။ သို့ရာတွင် ဤမျှ များပြားမည်ဟု သူ မမျှော်လင့်ထားပေ။

"ဒါက ကျောက်စိမ်းနံရံများပါပဲ။ ဒါက အင်မတန် လျှို့ဝှက်ဆန်းကျယ်ပြီး မင်းတို့ကိုယ်တိုင် နားလည်ဆင်ခြင်လို့ရတယ်။ ဒါပေမဲ့ ဖျက်လိုဖျက်ဆီးလုပ်ခွင့်တော့ မရှိဘူး။ မဟုတ်ရင် ထျန်းရှအကယ်ဒမီက ယဉ်ကျေးနေမှာ မဟုတ်ဘူး"

ခေါင်းဆောင်လာသူ အဘိုးကြီး၏ နောက်ဆုံးစကားက လူတိုင်းရဲ့ နှလုံးသားကို ခုန်ပေါက်သွားစေခဲ့သည်။

လူတိုင်းပဲ မဝံ့ရဲဘဲ ခေါင်းကိုညိတ်လိုက်ကြလေသည်။

"ကောင်းပြီလေ၊ မင်းတို့မြင်တဲ့အတိုင်း ကျောက်စိမ်းနံရံ တစ်ခုစီရဲ့ရှေ့မှာ၊ ကျောက်စိမ်းစင်မြင့်တစ်ခု ဒါမှမဟုတ် အများအပြား ရှိတယ်။ ကျောက်စိမ်းစင်မြင့်ပေါ်မှာ တင်ပျဉ်ခွေထိုင်ပြီး မင်းတို့ နားလည်ဆင်ခြင်နိုင်ပါတယ်"

အဘိုးကြီးက မိတ်ဆက်ပေးလိုက်သည်။

'ဒီတော့ ကျောက်စိမ်းနံရံရဲ့ ရည်ရွယ်ချက်က ဒါပေါ့'

လုမင်၏ နှလုံးတစ်ချက်ခုန်သွားသည်။

ကျောက်စိမ်းနံရံ တစ်ခုစီ၏ရှေ့တွင် ကျောက်စိမ်းစင်မြင့်အချို့ ရှိနေသည်။ လုမင်လည်း ၎င်းတို့ပေါ်တွင်ထိုင်ကာ နားလည်သဘောပေါက်ရန် အသုံးပြုရကြောင်း သဘောပေါက်ခဲ့ပေသည်။

ဆိုလိုသည်က၊ ကျောက်စိမ်းနံရံ တစ်ခုစီကို လူအနည်းငယ်သာ နားလည်နိုင်မည် ဖြစ်သည်။ ကျောက်စိမ်းနံရံများက အလွန်သေးငယ်ရာ တစ်ကြိမ်လျှင် လူတစ်ဦးသာ နေ၍ရပေသည်။

"ကောင်းပြီလေ၊ မင်းတို့ကိုယ်တိုင် နားလည်ကြည့်လိုက်ပါ"

အဘိုးကြီးက ခေါင်းညိတ်ပြကာ ကျန်ရှစ်ယောက်နှင့် ထွက်သွားသည်။

"ဝှစ် ဝှစ်"

အဘိုးကြီး ထွက်သွားသည်နှင့် လူအချို့ဟာ ကျောက်စိမ်းနံရံများကို ရှာဖွေရန် ရှေ့သို့ ပြေးသွားခဲ့ကြသည်။

လုမင်က ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ရင်းနှီးသော မျက်နှာများစွာကို တွေ့လိုက်ရ၏။

ဟန်ချင်းတောင်တွင် ကျင်းခုန်းလင်၊ ချူခွမ်း၊ ကျန်းဝမ်ကျင်းနှင့် ဟိုင်ကျစ်မင်၊ စသူတို့ ရှိသည်။

ထို့အပြင် စန္ဒကူးနတ်သမီး၊ ကောင်းကင်လင်းယုန်ခံတပ်မှ ရင်ပီဖို၊ သွေးအေးနန်းတော်မှ ရွယ်လော့ကျစ်၊ သွေးအေးနန်းတော်မှ အခြား ပါရမီရှင်များနှင့် အခြားသူများလည်း ရှိ၏။

ထို့ပြင်၊ လုမင်က အရှေ့တောကန္တာရမှ ရင်းနှီးသော မျက်နှာများဖြစ်သည့် ရွယ်ကျန့်ရီ၊ ရှီကျန့်၊ အိုတုနှင့် ဖုန်းရွယ်တို့ကိုလည်း တွေ့ခဲ့ပါသေးသည်။

'တိရှန်'

ရုတ်​တရက်​၊ လုမင်၏ အကြည့်​များ ရွေ့လျားသွားကာ တိရှန်ကို မြင်​လိုက်​ရသည်​။ သူ့ဘေးတွင် တုန်ဖန့်ယုလည်း ရှိ၏။

'အရှေ့တောကန္တာရက ထိပ်တန်းပါရမီရှင်အားလုံး ဒီကိုရောက်နေပုံရတယ်'

လုမင်လည်း ခဏစဉ်းစားကာ ရှေ့သို့ ပျံသန်းသွားလိုက်သည်။

လုမင်က အရှေ့ဘက်ရှိ ကျောက်စိမ်းနံရံဆီသို့ သွားကာ ဂရုတစိုက် စစ်ဆေးကြည့်သည်။ ရုတ်တရက်ဆိုသလိုပင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်က ပျံ့နှံ့သွားပြီး သူ၏အမူအရာ အနည်းငယ်ပြောင်းလဲသွား၏။

ဤကျောက်စိမ်းနံရံရှေ့မှာတော့ ကျောက်စိမ်းပလက်ဖောင်းတစ်ခုသာ ရှိသည်။ ဤအခိုက်တွင် ထိုပလက်ဖောင်းက တင်ပျဉ်ခွေထိုင်နေသော လူငယ်တစ်ဦး ရှိနေပြီ။

လုမင်က ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ ကျောက်စိမ်းနံရံတစ်ခုစီက လုံးဝကွဲပြားသောခံစားချက်ကို ပေးစွမ်းနိုင်သည်အား သူတွေ့ရှိခဲ့သည်။

'ဒါက တကယ်ကို ထူးဆန်းတာပဲ။ တာအိုနဲ့ ထူးခြားတဲ့အရာတွေ ရှိပုံရပေမဲ့ အားလုံးက အင်မတန် လျှို့ဝှက်ဆန်းကြယ်တယ်။ ဒီကနေ တစ်ခုခုလိုချင်ရင် ကိုယ့်ရဲ့ နားလည်နိုင်စွမ်းနဲ့ ကံတရားပေါ်မှာ မူတည်လိမ့်မယ်'

လုမင်လည်း ပေါ့ပေါ့ပါးပါး ဆက်လျှောက်သွားသည်။

လူအများအပြားကတော့ ၎င်းတို့၏ရည်ညွှန်းချက်ကို တွေ့ရှိပြီးဖြစ်ရာ ကျောက်စိမ်းပလက်ဖောင်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေခဲ့ကြပြီ။

"လုမင်၊ ဒီကျောက်စိမ်းနံရံတွေရဲ့ စီစဉ်ထားပုံက အရမ်းထူးဆန်းတယ်။ ငါ့အမြင်အရတော့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိပုံရတယ်"

သူ့ပခုံးပေါ်တွင် တန်တန်က လုမင်အား အသံပို့လွှတ်၍ ပြောလိုက်သည်။

"လျှို့ဝှက်ချက်ကြီး၊ ဘာလျှို့ဝှက်ချက်ကြီးလဲ။ မင်းဘာတွေ့ခဲ့တာလဲ"

လုမင် ရင်တစ်ချက်ခုန်သွားသည်။

ပြင်ပကမ္ဘာတွင် ကျောက်စိမ်းနံရံများနှင့်ပတ်သက်သည့် ကောလာဟလများစွာ ရှိခဲ့သော်လည်း အသိအမှတ်ပြုခံရဆုံးသော ကောလဟာလများမှာ ကျောက်စိမ်းနံရံများက နတ်ရတနာများရှိသည့် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုနှင့် ဆက်စပ်နေခြင်း ဖြစ်သည်။ ရှေးခေတ်က ထျန်းရှအကယ်ဒမီသည် ၎င်းကို ဖွင့်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုနည်းလမ်းများ ပျောက်ဆုံးသွားခဲ့သည်။ ထျန်းရှအကယ်ဒမီက ၎င်းကို နှစ်ပေါင်းများစွာ မဖွင့်နိုင်တော့ပေ။

ထိုနေရာက အလွန်ထူးဆန်းသည်ဟု ဆိုနိုင်သည်။ ရှေးခေတ်က တန်ခိုးရှင်ကြီးများ မကြာခဏဝင်ရောက်ကာ လေ့ကျင့်လေ့ရှိပြီး တန်ခိုးရှင်များစွာ၏ ဂူဗိမာန်များကိုလည်း ချန်ထားခဲ့ကြသည်။

ဤသည်က အလွန်ဆွဲဆောင်မှုရှိသောအရာ ဖြစ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့်၊ နောက်ပိုင်းတွင် ၎င်းတို့ မဝင်နိုင်တော့ပေ။

"မသိသေးဘူးကွ၊ အချိန်တိုအတွင်းတော့ အဖြေရှာလို့ မရဘူး၊ အချိန်ယူရလိမ့်မယ်"

တန်တန်က ပြောလိုက်သည်။ သူက လုမင်၏ ပခုံးပေါ်မှ ခုန်ဆင်းကာ တစ်ယောက်တည်း ပျံထွက်သွားလေသည်။

လုမင်လည်း သူ့ကို ဂရုမစိုက်တော့ဘဲ ကျောက်စိမ်းနံရံများကို တစ်ယောက်တည်း လှည့်ရှာနေခဲ့သည်။

မကြာခင်မှာပဲ လုမင်ဟာ ​​ကျောက်စိမ်းနံရံတစ်ခုရှေ့သို့ ရောက်လာသည်။ ရုတ်တရက် နဂါးဟိန်းဟောက်သံကို ယောင်ဝါးဝါးကြားလိုက်ရကာ အစစ်အမှန်နဂါးက သူ့ကို ထိုးဖောက်ဝင်ရောက်လာခဲ့၏။

"ဒါပဲ"

ဤကျောက်စိမ်းနံရံ၏ ရှေ့တွင် ကျောက်စိမ်းစင်တစ်ခုသာရှိပြီး မည်သူမျှလည်း မရောက်သေး‌ပေ။ လုမင်လည်း ပျံသန်းလာကာ ကျောက်စိမ်းစင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး နားလည်ဆင်ခြင်ရန် မျက်လုံးများကို မှိတ်လိုက်သည်။

"ဂါး"

နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ လုမင်ဟာ လေထဲတွင် ‌လျှောက်လှမ်းနေသော အစစ်အမှန်နဂါးကြီးတစ်ကောင်ကို တွေ့လိုက်ရ၏။ နဂါးကြီး၏ အရှိန်အဝါက ကြီးမားပြီး သန်မာလွန်းရာ ဟင်းလင်းပြင်က ပြိုကျသွားရသည်။

"ဒီလှုပ်ရှားမှုတိုင်းမှာ အဓိပဓိ တိုက်ပွဲစွမ်းအားတွေ ပါဝင်နေပုံရတယ်။ ဒါက အစစ်အမှန်နဂါး တိုက်ပွဲစွမ်းရည်လား။ မဟုတ်သေးဘူး၊ ဒီလိုဖြစ်ပုံ မတူဘူး…"

လုမင်၏အတွေးများ ရုတ်တရက် လှုပ်ရှားသွားသည်။

အစစ်အမှန်နဂါး၏ လှုပ်ရှားမှုတိုင်းက တိုက်ပွဲနည်းစနစ်တစ်ခုဖြစ်သည်ဟု သူခံစားမိသော်လည်း ထိုသို့မဟုတ်သည့်နှယ် ဆုပ်ကိုင်ရခက်နေသည်။

လုမင်က ယင်းကို ဂရုတစိုက် နားလည်ဆင်ခြင်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးမှာတော့ ဘာမှ မဆုပ်ကိုင်နိုင်သေးပေ။

"မဟုတ်သေးဘူး၊ ငါက ဒီတိုက်ပွဲစွမ်းရည်ကို ဘာကြောင့် နားလည်ဆင်ခြင်ရမှာလဲ။ ငါ့ရဲ့ နဝမနဂါးခြေလှမ်းကို နှိုင်းယှဉ်ကြည့်လို့ရတယ်"

လုမင်လည်း နှလုံးတစ်ချက်ခုန်သွားကာ နားလည်ဆင်ခြင်လိုက်သည်။

ဤနည်းဖြင့် သူဟာ များစွာအကျိုးရှိသည်ဟု ခံစားလာခဲ့ရပေသည်။ နဝမနဂါးခြေလှမ်းကို သူ၏နားလည်မှုက လျင်မြန်စွာ တိုးတက်လာခဲ့သည်။

သူက နမနဂါးခြေလှမ်းကို ခြေခုနစ်လှမ်းအထိ လေ့ကျင့်ထားခဲ့ပြီး ဖြစ်သည်။ ဤအဆင့်သို့ ရောက်သောအခါ လေ့ကျင့်ရသည်မှာ ပို၍ ခက်လာသည်။ ခြေလှမ်းတိုင်းသည် အလွန်ခက်ခဲ၏။ ကံကောင်းခြင်းမရှိလျှင် သူ့တစ်သက်လုံး လေ့ကျင့်နိုင်မည် မဟုတ်ပေ။

တိုးတက်မှု တစ်ခုစီတိုင်းက ရှားပါးပြီး အဖိုးတန်သည်။

လုမင်လည်း သုံးရက်ကြာအောင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။ သူ ဘာမျှ ထပ်မရနိုင်တော့ဘူးဟု ခံစားလာရမှ နေရာမှထကာ နောက်တစ်ခုကိုရှာရန် ထွက်သွားခဲ့ပေသည်။

.....…...

ကောင်းကင်ယံမှ ကြီးမားလှသော ကျောက်စိမ်းနန်းတော်ထဲတွင် အဘိုးကြီးအချို့က တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။

"ဂိုဏ်းချုပ်၊ ဒါက တကယ် အလုပ်ဖြစ်ပါ့မလား"

တစ်ယောက်က မေးသည်။

"ဒါက တစ်ခုတည်းသော နည်းလမ်းပဲလေ။ မြင့်မြတ်အိမ်တော် မဖွင့်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အခုက မဟာခေတ်ကြီးဖြစ်လို့ ပါရမီရှင်တွေအများအပြား ထွက်ပေါ်လာခဲ့ကြတယ်။ ပါရမီရှင်တိုင်းမှာ အခွင့်အလမ်းကောင်းတွေ ရှိတယ်လေ။ ဖြစ်ကောင်းဖြစ်နိုင်တာကတော့ တစ်ယောက်ယောက်က မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်နိုင်လိမ့်မယ်"

ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်က ဉာဏ်ပညာကြီးပုံရသော အမူအရာဖြင့် ပြောလိုက်သည်။

"မျှော်လင့်ပါတယ်"

တခြားသူများလည်း သက်ပြင်းချလိုက်ကြလေသည်။

.....……

လုမင်က နောက်ထပ် ကျောက်စိမ်းနံရံအချို့ကို လိုက်ကြည့်နေသော်လည်း ၎င်းတို့ထဲမှ တစ်ခုမျှ သူ့အတွက် မသင့်တော်ခဲ့ပေ။

ကျောက်စိမ်းနံရံပေါင်း တစ်ဒါဇင်ကျော်ကို ကြည့်ရှုပြီးမှ လုမင်ဟာ သင့်လျော်သော ကျောက်စိမ်းနံရံတစ်ခုကို တွေ့ရှိခဲ့ရသည်။

ဤကျောက်စိမ်းနံရံကလည်း နဂါးဟိန်းသံများ ထွက်ပေါ်နေဆဲပင်။ လုမင်က ကျောက်စိမ်းစင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ယခင် ကျောက်စိမ်းနံရံကဲ့သို့ အစစ်အမှန်နဂါးသည် ဟင်းလင်းပြင်ထဲတွင် လှုပ်ရှားနေခဲ့၏။

သို့သော်လည်း ဤတစ်ခေါက်တွင် မတူညီသည်က အစစ်အမှန်နဂါးနှစ်ကောင် ရှိနေခြင်း ဖြစ်သည်။

အစစ်အမှန်နဂါးနှစ်ကောင်က အပြင်းအထန် တိုက်ခိုက်နေကာ ၎င်းတို့၏ ဟိန်းဟောက်သံများက ကောင်းကင်ကို လှုပ်ခါသွားစေခဲ့သည်။

"ဒါကလည်း အစစ်အမှန်နဂါး တိုက်ပွဲစွမ်းရည်ပဲ"

လုမင်၏ မျက်လုံးများ တောက်ပလာသည်။

အစစ်အမှန်နဂါးနှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်နေသည်။ နဂါးများက ကောင်းကင်သို့ ပျံသန်းသွားကာ အရှိန်အဟုန်ပြင်းပြင်းဖြင့် ပေါက်ကွဲထွက်လာကြ၏။ ၎င်းတို့၏ လှုပ်ရှားမှုတိုင်းတွင် ကြီးမားသော အဖျက်စွမ်းအားများ ရှိသည်။ ဤသည်က အစွမ်းထက်သည့် အစစ်အမှန်နဂါး တိုက်ပွဲစွမ်းရည်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

"ဒီတိုက်ပွဲစွမ်းရည်က နတ်ဘုရားအဆင့် သိုင်းပညာနဲ့ ယှဉ်နိုင်တယ်။ အဲဒါက ငါ့အတွက် အရမ်းအသုံးဝင်လိမ့်မယ်"

လုမင် စိတ်လှုပ်ရှားသွားသည်။

အစစ်အမှန်နဂါးအသွင်ပြောင်းရန် သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီးနောက်၊ သူသည် များသောအားဖြင့် နဝမနဂါး‌ခြေလှမ်းနှင့် အတားအဆီးမဲ့သော ကောင်းကင်သိုင်းကိုသာ အသုံးပြုခဲ့သည်။ ထို့အပြင် နဝမနဂါးပုံစံဖြင့် တိုက်ခိုက်ရန် ရက်စက်ကြမ်းကြုတ်သော စွမ်းအားကိုသာ အားကိုးရပြီး အခြား လှုပ်ရှားမှုများ မရှိခဲ့ပေ။

ဤအစစ်အမှန်နဂါး တိုက်ပွဲစွမ်းရည်ကို ရနိုင်ခဲ့လျှင် နဝမနဂါးအသွင် ပြောင်းပြီးသောအခါ သေချာပေါက် ပိုအားကောင်းလာမည် ဖြစ်သည်။

လုမင်လည်း အစစ်အမှန်နဂါးနှစ်ကောင်ကြားမှ တိုက်ပွဲကို ဂရုတစိုက် စောင့်ကြည့်ခဲ့ပေသည်။

သူဟာ ထိုနေရာတွင် ဆယ်ရက်ကြာ ထိုင်နေခဲ့သည်။

လုမင်က အစစ်အမှန်နဂါးနှစ်ကောင်ကြားမှ တိုက်ပွဲကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့၏။ အစစ်အမှန်နဂါး၏ သိုင်းပညာကိုလည်း သူ အတော်ပင်နားလည်နေခဲ့ပြီ။

"ထွက်သွားစမ်း၊ ဒီကျောက်စိမ်းနံရံက ငါ့ဟာ"

ရုတ်တရက် အေးစက်စက်အော်သံတစ်ခု ထွက်ပေါ်လာရာ လူတော်တော်များများ လှည့်ကြည့်လိုက်မိသည်။

'ရွယ်ကျန့်ရီနဲ့ ဟွမ်ကွေ့'

လုမင် နှလုံးတစ်ချက်ခုန်သွားသည်။

ရွယ်ကျန့်ရီက ကျောက်စိမ်းနံရံရှေ့တွင် တင်ပျဉ်ခွေထိုင်နေသည်။ ဟွမ်ကွေ့က ဘေးတွင်ရပ်ကာ ရွယ်ကျန့်ရီကို အေးစက်စက်ဖြင့် ကြည့်နေခဲ့၏။ ဟွမ်ကွေ့က ရွယ်ကျန့်ရီကို မောင်းထုတ်နေခဲ့ခြင်း ဖြစ်သည်။

ရွယ်ကျန့်ရီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ညီကို၊ ငါက ဒီကိုအရင်ရောက်တဲ့သူပဲ"

"မင်း အရင်ရောက်ရင်တောင် ဘာဖြစ်သေးလဲ။ မင်းက အရှေ့တောကန္တာရက တောသား‌တစ်ယောက်ပဲ။ ကျောက်စိမ်းနံရံကို ရောက်လာရအောင် ဘာအရည်အချင်းရှိလဲ။ ဒီကနေ ချက်ချင်းထွက်သွားစမ်း"

ဟွမ်ကွေ့က အေးစက်စက်ဖြင့် အော်လိုက်သည်။

--------

All Chapters