အခန်း ၁၀၅၇
Vol. 71 Ch. 1057
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1057 ) အထင်မြင်သေးခြင်း။
ဟွမ်ကွေ့က အေးစက်စက်ဖြင့် ပြောသည်။ သူ့မျက်လုံးများက အေးစက်နေကာ အထင်မြင်သေးမှုများ အပြည့်ရှိ၏။ သူ့အသွင်မှာ ကျေးလက်တောရွာမှ သူဌေးတစ်ယောက်ကိုကြည့်နေသော မြို့ကြီးတစ်မြို့မှ သခင်လေးနှင့် တူလှသည်။
ရွယ်ကျန့်ရီ၏ မျက်နှာက မည်းမှောင်သွားသည်။
သူ့တွင် ကိုယ်ပိုင်မာန ရှိ၏။ ကမ္မတိုက်ပွဲ မဖြစ်မီက သူသည် ထိပ်တန်းပါရမီရှင် တစ်ထောင်စာရင်း၏ ဒုတိယဖြစ်ခဲ့သည်။ သူ့အထက်တွင် တိရှန်တစ်ယောက်သာ ရှိပေသည်။ အရှေ့တောကန္တာရတွင် မည်သူမျှ သူ့ကို ထိုသို့မပြောဝံ့ပေ။
ယခုမူ ဟွမ်ကွေ့က သူ့ကိုထွက်သွားရန် ပြောခဲ့သည့်အပြင် ဤနေရာတွင် နားလည်ရန်လည်း အရည်အချင်း မရှိဘူးဟု ပြောခဲ့သည်။ ယင်းက သူ့မာနကို ထိပါးခြင်းဖြစ်ရာ ရွယ်ကျန့်ရီ ဒေါသထွက်သွားတော့သည်။
"ဘာကြည့်တာလဲ၊ မင်း သေချင်နေတာလား"
ဟွမ်ကွေ့က ငေါက်လိုက်သည်။
"ဒီကျောက်စိမ်းနံရံကို လိုချင်ရင် မင်းမှာ ဘာတွေရှိလည်း အရင်ကြည့်တာပေါ့"
ရွယ်ကျန့်ရီက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"မင်းစကားက ဘာလဲ၊ ငါ့ကို စိန်ခေါ်ချင်တာလား"
ဟွမ်ကွေ့က မျက်ခုံးပင့်ကာ ပြောလိုက်၏။
"ဟုတ်တယ်"
ရွယ်ကျန့်ရီက အလွန်မာနကြီးသူဖြစ်ရာ ဤသို့ အထင်သေးခြင်းကို လက်မခံနိုင်ပေ။ သူ့အစွမ်းအစကို လူတိုင်းသိသွားစေချင်သည်။
"ဟားဟား၊ မင်းကိုယ်တိုင်က အရှက်ရချင်မှတော့ ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။ အပြင်ထွက်ပြီး တိုက်ကြရအောင်"
ဟွမ်ကွေ့က ရယ်မောပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ သူသည် ကျောက်စိမ်းနံရံများမှ ပြေးထွက်လာပြီး မနီးမဝေးမှ ကောင်းကင်ယံကို ပျံတက်သွား၏။
ရွယ်ကျန့်ရီလည်း လှုပ်ရှားကာ ဟွမ်ကွေ့အနောက်သို့ လိုက်သွားတော့သည်။ နှစ်ယောက်သား လေထဲတွင် မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။
"စိတ်ဝင်စားစရာပဲ၊ အဲဒီကောင်က အရှေ့တောကန္တာရကနေ ရောက်လာပုံရတယ်"
"အဲဒီစွန့်ပစ်မြေမှာ ကျွမ်းကျင်သူမရှိဘူးလေ။ သူက ဟွမ်ကွေ့ကို စိန်ခေါ်ပြီး ကိုယ့်အရှက်ကိုခွဲဖို့ တောင်းဆိုနေတာပဲ"
"သွားကြည့်ရအောင်"
လူအများက ပြုံးကာ တိုက်ပွဲကိုကြည့်ရန် ခပ်လှမ်းလှမ်းမှ ကောင်းကင်သို့ ပျံတက်သွားကြသည်။
"အရှေ့တောကန္တာရက နယ်မြေငါးခုမှာ အမြဲ အညံ့ဆုံးပဲလေ၊ အဲဒီမှာ ကျွမ်းကျင်သူတွေ မရှိသလောက်ပဲ။ အရှေ့ပိုင်းတောရိုင်းမှာ ပါရမီလို့ ခေါ်တဲ့ လူတွေက မသိတတ်ဘဲ သူတို့ကိုယ်ကို အကောင်းဆုံးလို့ပဲ ထင်နေကြတာ။ အရှေ့ပိုင်းတောကန္တာရထက် ပိုသန်မာတဲ့သူတွေ ဒီမှာ အများကြီးရှိတာ သူတို့မသိကြဘူး!"
"ဟုတ်တယ်၊ သိပ်မကြာခင်ကလည်း အရှေ့တောကန္တာရက ရေနဂါးတစ်ကောင် မာနကြီးခဲ့တယ်၊ ဒါပေမယ့် ထျန်းဝူဓားဂိုဏ်းက စုန့်ဖေးကို အပြတ် ရှုံးနိမ့်ခဲ့ရသေးတာပဲ။ သူက စီးတော်တောင် ဖြစ်လုနီးပါး ဖြစ်ခဲ့တာ"
"ဟားဟား၊ ဟုတ်တယ်"
ပတ်ပတ်လည်တွင် ရယ်မောပြောဆိုသံများ ပေါ်လာသည်။ လူအုပ်ကြားမှ အိုတု၊ ဖုန်းရွယ်၊ တိရှန်နှင့် တုန်ဖန့်ယုလည်း မျက်မှောင်ကြုတ်သွားကြလေသည်။
ထိုအချိန်တွင်၊ ဟွမ်ကွေ့နှင့် ရွယ်ကျန့်ရီ၏ ခန္ဓာကိုယ်များက သွေးနီရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
နှစ်ယောက်စလုံးက သွေးတာအိုကို လေ့ကျင့်ကြပေသည်။
"သွေးတာအိုလား။ မင်းက ကျွမ်းကျင်သူတစ်ယောက်ရှေ့မှာ ပညာပြချင်နေတာပဲ"
ဟွမ်ကွေ့က လှောင်ပြောင်လိုက်သည်။
"သွေးဓား၊ ဆွဲထုတ်ခြင်း"
"ချွမ်"
သွေးရောင်ဓားက ရွယ်ကျန့်ရီ၏ မျက်ခုံးနှစ်ခုကြားမှ ပြေးထွက်လာသည်။ ဓားက အပြင်ရောက်သောအခါ ဆယ်မီတာကျော်ရှည်သော ဓားကြီးတစ်လက်အသွင် ပြောင်းလဲသွား၏။ ပိုကြီးလာပြီးနောက် ဓားရှည်တစ်လက်မှ နှစ်လက်ဖြစ်သွားသည်၊ ထိုမှတစ်ဖန် လေးပိုင်း ဖြစ်သွား၏။ နောက်ဆုံးတွင် သွေးရောင်ဓား ဆယ့်ခြောက်လက်အဖြစ် ပြောင်းလဲသွားတော့သည်။
"သတ်"
ရွယ်ကျန့်ရီက အော်ဟစ်ကာ သူ့လက်ချောင်းကို ဓားကဲ့သို့သုံးပြီး လှုပ်ရှားသည်။ သွေးရောင်ဓား ဆယ့်ခြောက်လက်က ဓားအလင်း ဆယ့်ခြောက်ခုကဲ့သို့ဖြစ်ကာ ဟွမ်ကွေ့ထံ တိုးထွက်သွား၏။
ဓားဆယ့်ခြောက်လက်က လေထဲတွင် အဆုံးမဲ့ ဓားချီများဖြင့် ထပ်မံပေါက်ကွဲသွားတော့သည်။
သွေးနီရောင်ဓား ဆယ့်ခြောက်ချောင်းကို အကန့်အသတ်မဲ့ဓားချီများက ရစ်ပတ်ထားပြီး ဟွမ်ကွေ့ဆီသို့ ရောက်သွားသည်။
ရွယ်ကျန့်ရီ၏ တိုက်ခိုက်နိုင်စွမ်းက ကမ္မတိုက်ပွဲတွင် ရှိစဉ်ကထက် ဆယ်ဆပို၍ အားကောင်းလာခဲ့သည်။ သူ၏ ကျင့်ကြံခြင်းကမူ ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွား၏။ သွေးတာအိုနှင့် ဓားတာအိုကလည်း တိုးတက်လာ၍ တိုက်ခိုက်မှု ထုတ်ဖော်ချိန်မှာတော့ ကြောက်စရာ အမှတ်အသားတစ်ခုကို လေထဲတွင် ချန်ရစ်ခဲ့တော့သည်။
"သွေးမီးလျှံ ဧကရာဇ်လက်သည်း"
ယင်းကိုမြင်တော့ ဟွမ်ကွေ့လည်း ပေါ့ပေါ့တန်တန် သဘောမထားဝံ့တော့ပါ။ သွေးနီရောင်အလင်းတန်းများ ပျံ့နှံ့လာပြီး သူ၏လက်သည်းများဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သည်။ တခဏအတွင်းမှာပင် အကြိမ်ရာချီကာ တိုက်ခိုက်ခဲ့၏။
ဟွမ်ကွေ့က အကြိမ်ပေါင်း ရာနှင့်ချီ တိုက်ခိုက်ခဲ့ရာ အဆုံးမဲ့ သွေးနီရောင် လက်သည်းအလင်းများက ရွယ်ကျန့်ရီဆီသို့ လွှမ်းခြုံသွားတော့သည်။
လက်သည်းအလင်းတိုင်းက ကြောက်မက်ဖွယ်ကောင်းအောင် ထက်မြက်သည်။ ၎င်းတွင် သန်မာသော လောင်ကျွမ်းခြင်းနှင့် တိုက်စားခြင်းစွမ်းအားကို ပိုင်ဆိုင်ထား၏။ ဟွမ်ကွေ့၏ ကျင့်ကြံခြင်းအခြေခံကလည်း ဝိညာဉ်သန္ဒေသားနယ်ပယ် ပြီးပြည့်စုံမှုတွင် ရှိသည်။
"ဝုန်း ဝုန်း ဝုန်း"
သွေးရောင် လက်သည်းအလင်းနှင့် ကောင်းကင်တွင် ပြည့်နေသော ဓားစွမ်းအင်တို့က အပြန်အလှန် ပေါက်ကွဲသွားကြသည်။ လေထုက အဆက်မပြတ်တုန်ခါကာ ကောင်းကင်တွင် သန်မာသောလှိုင်းများ ပြည့်လာခဲ့၏။
သွေးရောင်လက်သည်းအလင်းနှင့် သွေးရောင်ဓားစွမ်းအင်တို့က တစ်ခုကိုတစ်ခု ချေဖျက်ပစ်ကာ ခဏချင်းတွင် လက်ရည်ညီမျှသွားခဲ့သည်။
ဟွမ်ကွေ့၏မျက်နှာက အကြည့်ရဆိုးကာ မှုန်ကုပ်သွားသည်။
အရှေ့တောကန္တာရမှ လူတစ်ယောက်ကိုပင် အလွယ်တကူ ဖိနှိပ်မရခြင်းမှာ သူ့အတွက် အရှက်ရစရာပင်။
"သတ်၊ သွေးဆာလောင်တဲ့ နယ်မြေ"
ဟွမ်ကွေ့က အော်ဟစ်ပြီး သွေးဆာလောင်ခြင်း စွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ သွေးနီရောင်အလင်းတန်းတစ်ခုက ရွယ်ကျန့်ရီကို ဖုံးလွှမ်းသွား၏။
သွေးဆာလောင်ခြင်း စွမ်းရည်နှင့် ဖုံးလွှမ်းခံရပြီးနောက် ရွယ်ကျန့်ရီ မျက်နှာပျက်သွားသည်။ ကြီးမားသောစွမ်းအားတစ်ခုက သူ့သွေးများကို ဆွဲထုတ်နေသည့်နှယ် သူ့သွေးများ ပွက်ပွက်ဆူနေသလို ခံစားရ၏။
"ဝှစ်"
ရွယ်ကျန့်ရီက သွေးဆာလောင်ခြင်းနယ်မြေ၏ လွှမ်းမိုးမှုကို ရှောင်လွှဲရန် အရှိန်အဟုန်ဖြင့် ဆုတ်သွားသည်။ သို့သော်လည်း ဟွမ်ကွေ့က သူ့ကို တင်းတင်းကြပ်ကြပ် ချုပ်ထိန်းထားရာ ရွယ်ကျန့်ရီ ခဏချင်းတော့ မလွတ်မြောက်နိုင်တော့ပေ။
ရွယ်ကျန့်ရီလည်း အကူအညီမဲ့၍ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုကာ သွေးရောင်ဓားအဖြစ်နှင့် တိုက်ခိုက်နိုင်ခဲ့သည်။
သို့ရာတွင် ဟွမ်ကွေ့ကလည်း သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီး သွေးရောင် လက်သည်းကြီးအဖြစ် ပြောင်းလဲခဲ့သည်။
သွေးလက်သည်းနှင့် သွေးဓားတို့ ထိပ်တိုက်တွေ့ဆုံသောအခါ သွေးဓားက ပြန်လွင့်သွား၏။ သွေးဆာလောင်ခြင်းနယ်မြေ၏ လွှမ်းမိုးမှုအောက်တွင် ရွယ်ကျန့်ရီက အားနည်းချက်ရှိလာတော့သည်။
"ဝုန်း ဝုန်း ဝုန်း"
အဆက်မပြတ် တိုက်ခိုက်မှုများအပြီးတွင် ဟွမ်ကွေ့က တဖြည်းဖြည်း အသာစီးရပြီး ရွယ်ကျန့်ရီကို ဖိနှိပ်လာခဲ့သည်။
တိုက်ကွက်ဒါဇင်ချီကာ ထပ်မံရင်ဆိုင်ပြီးနောက် သွေးဓားပြိုကျသွား၏။ ရွယ်ကျန့်ရီ၏ပုံရိပ်က ပြန်ပေါ်လာကာ သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။ သူ့မျက်နှာကလည်း ဖြူဖျော့သွားသည်။
ရွယ်ကျန့်ရီ ရှုံးနိမ့်သွားခဲ့ပြီ။ သူက ဟွမ်ကွေ့၏ ပြိုင်ဘက် မဟုတ်ချေ။
သွေးလက်သည်းက တဖျပ်ဖျပ်လက်ကာ ဟွမ်ကွေ့အဖြစ်သို့ ပြန်ပြောင်းသွား၏။ သူက ရွယ်ကျန့်ရီကိုကြည့်ကာ အထင်အမြင်သေးဟန်ဖြင့် ပြောသည်။
"မင်းလို တောသားမျိုးတွေ ကျောက်စိမ်းနံရံမှာ လေ့ကျင့်ဖို့ အရည်အချင်းမရှိဘူးလို့ ငါပြောခဲ့တယ် မဟုတ်လား"
ထိုစကားကြောင့် ရွယ်ကျန့်ရီမျက်နှာမှာ မည်းမှောင်သွားသော်လည်း သူဘာမှ မပြောပေ။ သူရှုံးသွားခဲ့ပြီ ဖြစ်သည်၊ အရှုံးသမားက ဘာများ ပြောနိုင်ပါမည်နည်း။
"မင်းက အရှေ့ပိုင်းကန္တာရရဲ့ ထိပ်တန်း ပါရမီရှင်တစ်ထောင်စာရင်းမှာ ဒုတိယဖြစ်ခဲ့ဘူးတယ်လို့ ငါကြားတယ်။ အရှေ့ပိုင်းကန္တာက တကယ်ကို အားနည်းနေတဲ့ပုံပဲ။ ဒုတိယက ဒီလောက်ထိ အားနည်းရင် ပထမလူက ဘယ်လောက်ထိ ပိုသန်မာနိုင်မှာလဲ။ မင်းတို့ ပထမကို တိရှန်လို့ ခေါ်တယ်လို့ ငါကြားတယ်။ သူလည်း ဒီနေ့ ဒီမှာရှိမှာပဲ။ သူ့ကို ထွက်လာခိုင်းလိုက်ပါ၊ ငါသူ့ကို ဂရုစိုက်လိုက်မယ်။ ပြီးရင်တော့ မင်းတို့အားလုံး အရှေ့ပိုင်းကန္တာရကို ပြန်သွားလို့ရပြီ"
ဟွမ်ကွေ့က မာနထောင်လွှားစွာဖြင့် ပြောလိုက်သည်။
ယနေ့တွင်၊ ဟွမ်ကွေ့က သူ့ကိုယ်သူ ပို၍ကျော်ကြားစေရန်အတွက် အရှေ့ပိုင်းကန္တာရမှ လူများကို နင်းချေပေတော့မည်။
"မင်းငါ့ကိုရှာနေတာလား"
ထိုစဉ် အေးစက်စက် စကားသံနှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
လုမင် မျက်ခုံးပင့်လိုက်၏။ ၎င်းက တိရှန် ဖြစ်သည်။
ဟွမ်ကွေ့က တိရှန်ကိုကြည့်ကာ ပြောလိုက်သည်။
"မင်းက တိရှန်လား"
"မှန်တယ်"
တိရှန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။
"မင်းက အချိန်မှန်ကို ရောက်လာတာပဲ။ လာ... ငါ မင်းကိုလည်း ဂရုစိုက်မယ်"
ဟွမ်ကွေ့က လှောင်ပြောင်ပြောဆိုလိုက်သည်။
"ချွမ်"
သူပြောပြီးသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားတစ်ခုက တိရှန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ထက်မြက်သော ဓားတစ်ချောင်းက ကောင်းကင်သို့ ထိုးတက်လာပုံရကာ အဓိပဓိဖိအားများ ပေါ်လာခဲ့၏။
ဤဖိအားမျိုးနှင့် ရင်ဆိုင်ရသောအခါ ဟွမ်ကွေ့၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ နောက်ကျောမှ ချွေးစေးများလည်း စီးကျလာခဲ့၏။
"ဝိညာဉ်နတ်ဘုရား၊ မင်းက ဝိညာဉ်နတ်ဘုရားပဲ"
ဟွမ်ကွေ့က ထိတ်လန့်တကြားဖြင့် အော်လိုက်သည်။
"ချွမ်"
ဓားဆွဲထုတ်သံနှင့် ဓားအလင်းတစ်ခုသည် ဟွမ်ကွေ့ထံ တိုးဝင်သွား၏။
ဟွမ်ကွေ့လည်း ထိတ်လန့်တကြားဖြင့် ဆုတ်သွားတော့သည်။ တစ်ချိန်တည်းမှာပင်၊ သူက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီး အစွမ်းကုန်သုံး၍ ခုခံလိုက်သည်။
သို့သော်လည်း၊ အချည်းနှီးသာပင်။ ဓားချက် ထိမှန်သည်နှင့် သွေးလက်သည်းကြီးက ပေါက်ကွဲသွားခဲ့သည်။ ၎င်းက ဟွမ်ကွေ့အသွင် ပြန်ပြောင်းသွားကာ အမြောက်ဆန်ကဲ့သို့ မြေပေါ်ကို ပြုတ်ကျသွားသည်။ မြေပြင်က ပေါက်ကွဲသွားကာ တွင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ဟွမ်ကွေ့က တွင်းထဲတွင် လဲကျနေကာ သွေးအန်ရင်း ဆက်တိုက် ချောင်းဆိုးနေတော့သည်။
လူအုပ်ကြီးလည်း ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
"ဒီလူက သန်မာလှချေလား။ သူက ဟွမ်ကွေ့ကို တစ်ချက်တည်းနဲ့ အနိုင်ယူသွားတာ၊ သူက ဝိညာဉ်နတ်ဘုရားပဲ"
"အရှေ့ပိုင်းကန္တာရမှာ ဒီလိုမျိုး ပါရမီရှင်တစ်ယောက်ရှိဖို့ ငါ မမျှော်လင့်ထားဘူး။ သူ့နာမည်က တိရှန်တဲ့၊ ကမ္မတိုက်ပွဲ မစခင်ကတော့ သူဟာ ထိပ်တန်း ပါရမီရှင်တစ်ထောင်စာရင်းမှာ ပထမဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ကမ္မတိုက်ပွဲမှာ လုမင်က အနိုင်ယူခဲ့လို့ အခု ဒုတိယဖြစ်သွားတာ"
"ဘယ်လို၊ အရှေ့ပိုင်းကန္တာရမှာ သူ့ထက် ပိုထက်မြက်တဲ့ ပါရမီရှင်တစ်ယောက် ရှိသေးတာလား"
အနည်းငယ် မယုံကြည်နိုင်ဟန်ဖြင့် ဆွေးနွေးပြောဆိုသံများ ထွက်လာခဲ့သည်။
--------