အခန်း ၁၀၅၈
Vol. 71 Ch. 1058
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1058 ) ဝိညာဉ်နတ်ဘုရားနယ်ပယ် ပါရမီရှင်များ၏ တိုက်ပွဲ။
တိရှန်က ဟွမ်ကွေ့ကို လှည့်ပင်မကြည့်ဘဲ ကျောက်စိမ်းနံရံများသို့ ဦးတည်သွားရန် ဟန်ပြင်လိုက်သည်။
"ငါ့သွေးအေးနန်းတော်က လူတစ်ယောက်ကို ရိုက်နှက်ပြီး ဒီအတိုင်း ထွက်သွားနိုင်မယ်လို့ မင်းထင်လား"
အေးစက်စက် အသံတစ်ခု ပေါ်လာသည်။ သွေးရောင်ဝတ်လူငယ်တစ်ယောက်က တိရှန်၏လမ်းကို ပိတ်ရပ်လိုက်၏။
"အဲဒါ ရွယ်လော့ကျစ်ပဲ"
တစ်ယောက်က အော်လိုက်သည်။
"ရွယ်လော့ကျစ် လှုပ်ရှားတော့မယ်"
လူများ၏ မျက်လုံးများက ပူလောင်ပြင်းပြသော အလင်းများ တောက်လာသည်။
ရွယ်လော့ကျစ်ကလည်း တိရှန်ကဲ့သို့ပင် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ချိုးဖြတ်ခဲ့ကြောင်း သူတို့ ကြားခဲ့၏။ ဝိညာဉ်နတ်ဘုရားနယ်ပယ် ပါရမီရှင်နှစ်ယောက်က လှုပ်ရှားတော့မည်ဖြစ်ရာ လူအများ၏ မျက်လုံးများကို တောက်ပစေတော့သည်။
တိရှန်က သူ့အသက်အရွယ်ဖြင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်နိုင်ရာ ဒုတိယတန်းစား ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ ဒုတိယတန်းစား ပါရမီရှင်နှစ်ယောက်၏ တိုက်ပွဲများမှာ မြင်ရခဲပေသည်။
"မင်းက လှုပ်ရှားချင်တာလား။ ဒါဆိုရင်လည်း လာ၊ ဗဟိုတိုက်ကြီးရဲ့ ပါရမီရှင်တွေ ဘယ်လောက်ထိ ထူးချွန်တယ်ဆိုတာ ငါ မြင်ချင်စမ်းတယ်"
တိရှန်က အေးဆေးတည်ငြိမ်စွာပြောသော်လည်း သူ့လေသံမှာ ယုံကြည်မှုအပြည့်ရှိသည်။
ယခုအခါ၊ သူက ဟင်းလင်းပြင်တာအိုတွင် ကြီးမားသော အောင်မြင်မှုတစ်ခု ရထားခဲ့၍ အခြားသူများထက် အားနည်းမည်မဟုတ်ကြောင်း ယုံကြည်ခဲ့ပေသည်။
လုမင်နှင့် နောက်တစ်ကြိမ် ရင်ဆိုင်ရလျှင်ပင် သူ အနိုင်ယူနိုင်မည်ဟု တစ်ရာ ရာခိုင်နှုန်း ယုံကြည်မှုရှိသည်။
"ဒါဆို မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"
ရွယ်လော့ကျစ်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ သွေးရောင်အလင်းများက သူ့တကိုယ်လုံးမှ ထွက်ပေါ်လာခဲ့၏။
"ဝှစ်... ဝှစ်... ဝှစ်"
ထိုအချိန်တွင် ကောင်းကင်ယံ၌ ပုံရိပ်များစွာ ပေါ်လာသည်။ သူတို့ တစ်ယောက်ချင်းစီက အရှိန်အဝါကြီးမားကြပေသည်။
ကျင်းခုန်းလင်၊ စန္ဒကူးနတ်သမီး၊ ကျွင်းယွဲ့၊ ရင်ပီဖို၊ ခုန်းရှင်း…
လူအချို့က ၎င်းတို့အားလုံးသည် ဒုတိယတန်းစား ဉာဏ်ကြီးရှင်များဖြစ်ကြောင်း အသိအမှတ်ပြုကြသည်။ အားလုံး ဆယ်ယောက်ထက်မနည်း ရှိပေသည်။
ယင်းက လူများ၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။ ဤသည်က ကမ္မတိုက်ပွဲအပြီးတွင် ဒုတိယတန်းစား ပါရမီရှင်အများအပြား စုစည်းခြင်း ဖြစ်သည်။ ရွယ်လော့ကျစ်နှင့် တိရှန်၏တိုက်ပွဲက သူတို့ကို ဆွဲဆောင်ခဲ့ကြောင်း သိသာထင်ရှားလှပေသည်။
"ဝုန်း ဝုန်း"
ရွယ်လော့ကျစ်နှင့် တိရှန်တို့က တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်လာကြသည်။
ရွယ်လော့ကျစ်၏ ခန္ဓာကိုယ်မှ ဓားအလင်းများ ကောင်းကင်သို့ တက်လာသည်။ တိရှန်၏ ခန္ဓာကိုယ်မှလည်း တောက်ပသော ဓားအလင်းများ ထွက်လာခဲ့၏။
ဓားအလင်းနှင့် ဓားအလင်းတို့က ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။
"ဝုန်း
ဓားအလင်းနှင့် ဓားအလင်းက လေထဲတွင် ဆုံတွေ့ကြကာ ပေါက်ကွဲသံကျယ်ကြီး ထွက်ပေါ်လာခဲ့၏။
ဤအခိုက်အတန့်တွင် ရွယ်လော့ကျစ်နှင့် တိရှန်က တပြိုင်နက်တည်း လှုပ်ရှားခဲ့ကြသည်။
"ရွယ်လော့ကောင်းကင်ဓား"
"ကောင်းကင်ဧကရာဇ်ဓား"
တိုက်ပွဲစတင်သည်နှင့် သူတို့နှစ်ဦးစလုံးက နတ်ဘုရားအဆင့်နိမ့် သိုင်းပညာများကို ထုတ်ဖော်ခဲ့ကြသည်။
သူတို့အဆင့်တွင် အင်အားစမ်းရန် မလိုတော့ပါ။ သူတို့၏ လှုပ်ရှားမှုတိုင်းက အကြွင်းမဲ့ တိုက်ခိုက်မှုဖြစ်ပြီး ကြောက်စရာကောင်းသည့် သတ်ကွက်များကို ထုတ်ဖော်နိုင်သည်။
"ဝုန်း"
ဓားနှင့်ဓားက ထိပ်တိုက်တွေ့ကြသည်။ ဓားအလင်းနှင့် ဓားအလင်းက ပတ်ဝန်းကျင်တွင် ပြည့်လျှံကာ ဟင်းလင်းပြင်ကို လှီးဖြတ်လိုက်၏။
တစ်ဖက်က ဓားကမ္ဘာဖြစ်ပြီး နောက်တစ်ဖက်ကတော့ ဓားလောကဖြစ်သည်။
နှစ်ယောက်သား ထိပ်တိုက်တွေ့ကာ တစ်ချိန်တည်းမှာပဲ နောက်ပြန်ဆုတ်သွားသည်။
"ဝုန်း ဝုန်း..."
အသက်ရှူချိန် အနည်းငယ်မျှသာ ကြာသေးသော်လည်း သူတို့နှစ်ဦးက တိုက်ကွက်ဒါဇင်ချီ၍ ရင်ဆိုင်ခဲ့ပြီးပြီ။ ကောင်းကင်ယံ၌ ဟင်းလင်းပြင် အက်ကြောင်းများက အဆက်မပြတ် ကွဲအက်နေခဲ့သည်။ နက်ရှိုင်းသော ဟင်းလင်းပြင်အက်ကြောင်းများက ကြောက်စရာကောင်းအောင် အဆက်မပြတ် ဖြစ်ပေါ်နေတော့သည်။
လူများစွာမှာ အနားမကပ်ဝံ့တော့ဘဲ ဆုတ်သွားရသည်။
အကြောင်းကတော့ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက သာမန် အဆင့်တစ် ဝိညာဉ်နတ်ဘုရားအဆင့်ကို လုံးဝ ကျော်လွန်သွား၍ပင်။ သူတို့၏ ခန္ဓာကိုယ်မှ ထွက်လာသော စွမ်းအင်လှိုင်းများက သာမန် အဆင့်တစ် ဝိညာဉ်နတ်ဘုရားကိုပင် သတ်နိုင်သည်။
ယင်းက မည်မျှ ကြောက်စရာကောင်းသည်ကို တွေးကြည့်နိုင်ပေသည်။
တိုက်ပွဲကို နေရာမပြောင်းဘဲ ဆက်လက်ကြည့်နေနိုင်သူက လူ တစ်ဒါဇင်ခနိ့သာ ရှိသည်။
သူတို့အားလုံးက ရွယ်လော့ကျစ်ကဲ့သို့ ဒုတိယတန်းစား ပါရမီရှင်များ ဖြစ်ချေသည်။
'တိရှန်ရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ရခဲ့ကြတာပဲ။ အခု သူက ပိုပြီးတော့တောင် နားမလည်နိုင်လောက်အောင် ဖြစ်နေပြီ'
လုမင်က ကောင်းကင်ကိုတော့ မပျံတက်ပေ။ ထိုအစား ကျောက်စိမ်းနံရံရှေ့တွင် တင်ပျဉ်ခွေထိုင်ရင်း စောင့်ကြည့်နေခဲ့သည်။
ဤအခိုက်တွင် တိရှန်က သူ၏ခွန်အားကို အပြည့်အဝ ထုတ်မသုံးကြောင်း သူ ခံစားနေခဲ့ရပေသည်။
"သွေးဆာလောင်ခြင်း နယ်မြေ"
ရွယ်လော့ကျစ်က သွေးဆာလောင်ခြင်းနယ်မြေကို အသုံးပြုခဲ့သော်လည်း အသုံးမဝင်ပေ။ တိရှန်၏ ဓားဖြင့် ဖျက်ဆီးခံလိုက်ရသည်။
ရွယ်လော့ကျစ်၏ မျက်နှာက တင်မာခက်ထန်လာသည်။ တိုက်ပွဲတွင် သူ၏ယုံကြည်မှုများ ပျောက်ဆုံးစပြုလာခဲ့၏။
'သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနိုင်မှာလဲ။ တိရှန်က အရှေ့တောကန္တာရမှာ ဒုတိယအဆင့်ပဲ ရှိသေးတာ၊ အရှေ့တောကန္တာရမှာ ဒီလိုကျွမ်းကျင်သူတစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ'
ရွယ်လော့ကျစ်၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။ နောက်ဆုံးတွင် သူက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြု၍ သွေးလင်းနို့အဖြစ် ပြောင်းလဲခဲ့သည်။
သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီးနောက် ရွယ်လော့ကျစ်က အော်ဟစ်လိုက်သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းတိုက်ခိုက်မှုကို ထုတ်ဖော်ခဲ့၏။ တစ်ချိန်တည်းမှာပင် ၎င်း၏ အတောင်ပံများကိုခတ်ကာ သွေးနီရောင်မိုးကြိုးလျှပ်စီးကဲ့သို့ တိရှန်ထံ ပျံသန်းသွားတော့သည်။
သို့သော်လည်း တိရှန်က ထိုနေရာတွင် မလှုပ်မယှက် ရပ်နေဆဲပင်။
"မင်းက မရှောင်ဘူးလား၊ ဒါဆိုရင် ငရဲကိုသွားတော့"
ရွယ်လော့ကျစ်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်သွားကာ တိရှန်ကို တိုက်ခိုက်လိုက်သည်။ သို့သော် သူသည် တိရှန်ထံသို့ ရောက်သွားသောအခါ တစ်ခုခုလွဲနေပြီဟု သူခံစားလိုက်ရသည်။ အနှီတိရှန်က ထင်ယောင်ထင်မှားတစ်ခုမျှသာ ဖြစ်ခဲ့၏။
ဤအခိုက်အတန့်တွင်၊ တိရှန်က ရွယ်လော့ကျစ်၏အနောက်တွင် ရုတ်တရက် ပြန်ပေါ်လာကာ သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
"ဒါ... ဒါ ဟင်းလင်းပြင်တာအိုလား"
လူအများ၏ မျက်လုံးများက မယုံကြည်နိုင်ဘဲ ပြူးကျယ်သွားကြသည်။
"မဟုတ်ဘူး"
ရွယ်လော့ကျစ်လည်း အန္တရာယ်ကို သတိပြုမိကာ တိုက်ခိုက်မှုကိုရှောင်တိမ်းရန် အတောင်များကို ခတ်လိုက်သည်။
"ဝှစ် ဝှစ် ဝှစ်"
ဤအခိုက်အတန့်တွင် တိရှန်က လေထဲသို့ လျှောက်လှမ်းသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်က လေထဲတွင် လွင့်မျောနေသလို တရိပ်ရိပ် သွားနေသည်။ သူက အလွန်လျင်မြန်ကာ ရွယ်လော့ကျစ်ကို တိုက်ခိုက်ခဲ့၏။
တခဏခြေလှမ်း။
သို့သော်လည်း၊ ကမ္မတိုက်ပွဲနှင့် နှိုင်းယှဉ်လျှင် တိရှန်၏ တခဏခြေလှမ်းက ပို၍ အားကောင်းလာခဲ့သည်။ သူက အလွန်လျင်မြန်ကာ မိုင်အနည်းငယ်ကို ခဏချင်း ဖြတ်သွားနိုင်စွမ်းရှိ၏။ သူ့ကိုဖမ်းရန် မဖြစ်နိုင်ပေ။
"ဟင်းလင်းပြင်တာအို၊ အဲဒါက တကယ်ကို ဟင်းလင်းပြင်တာအိုပဲ"
ဤတစ်ခါတော့ လူများက ပို၍ နားလည်သွားကယ တချို့လူများကလည်း အော်ဟစ်လိုက်ကြသည်။
"ဘုရားရေ၊ ဒါက တကယ်ကို ဟင်းလင်းပြင်တာအိုပါလား။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ အရှေ့ပိုင်းတောကန္တာရက လူတစ်ယောက်က ဟင်းလင်းပြင်တာအိုကို နားလည်နိုင်ခဲ့တာ မယုံနိုင်စရာပဲ"
"ထိပ်တန်း လူငယ်ဘုရင်ငါးပါးထဲမှာ တစ်ယောက်ဖြစ်တဲ့ ရန်ပိုထျန်းကတော့ ဟင်းလင်းပြင်တာအိုကို နားလည်တယ်။ ဒါပေမဲ့ အရှေ့ပိုင်းကန္တာရက တစ်ယောက်ယောက်က ဟင်းလင်းပြင်တာအိုကို နားလည်မယ်လို့ မမျှော်လင့်ထားဘူး"
အာမေဋိတ်လှိုင်းလုံးကြီးများနှင့် မယုံကြည်နိုင်စွာ အော်ဟစ်သံများကို နေရာအနှံ့မှ ကြားလိုက်သည်။
အချိန်နှင့် ဟင်းလင်းပြင်တာအိုတို့က ဘုရင်ဖြစ်သည်။ ဟင်းလင်းပြင်တာအိုက အလွန် အားကောင်းသည်မှာ စကားသက်သက် မဟုတ်ချေ။
ကျင်းခုန်းလင်နှင့် အခြား ဒုတိယတန်းစား ပါရမီရှင်များပင်လျှင် လေးနက်လာပုံရသည်။
သူတို့၏ စိတ်ထဲတွင်၊ တိရှန်ကို အလွန်ကြောက်စရာကောင်းသော ပြိုင်ဘက်အဖြစ် သတ်မှတ်ထားလိုက်ပြီ ဖြစ်သည်။
"ဟင်းလင်းပြင်တာအို၊ ဒါက ဟင်းလင်းပြင်တာအိုပဲ။ ဒါဆို မင်းရဲ့ ဟင်းလင်းပြင်တာအိုကို ငါချိုးဖြတ်မယ်"
ရွယ်လော့ကျစ်က အော်လိုက်သည်။ သွေးတောင်ပံ ကောင်းကင်လင်းနို့က ပါးစပ်ကိုဟ၍ ဟိန်းဟောက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့၏။
အသံလှိုင်းဖြတ်သွားသည့် နေရာတိုင်းမှ ဟင်းလင်းပြင်ဟာ ရေပြင်ကဲ့သို့ လှိုင်းထလာသည်။ အဆုံးတွင်၊ နက်ရှိုင်းသော ဟင်းလင်းပြင်အက်ကြောင်းများ ဖြစ်ပေါ်လာတော့သည်။
တိရှန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အရှိန်အဝါက ပို၍ အားကောင်းလာကာ ဓားဖြင့် ခုတ်ပိုင်းချလိုက်၏။
ဤဓားချက်တွင် တာအိုသုံးမျိုး ပါဝင်သည်။
ဓားတာအို၊ ရွှေရောင်မီးလျှံတာအိုနှင့် ဟင်းလင်းပြင်တာအို။
ဤဓားက ဟင်းလင်းပြင်ကို ရွေ့လျားစေကာ ကြီးမားသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
ဓားအလင်းက ထုတ်ဖော်လိုက်သည်နှင့် ရွယ်လော့ကျစ်ထံ တိုက်ရိုက် ဖြတ်သွား၏။
ရွယ်လော့ကျစ်လည်း အော်လိုက်သည်။ သွေးရောင်အလင်းများက လေထဲတွင် ပြည့်နှက်သွား၏။ သွေးတောင်ပံကောင်းကင်လင်းနို့၏ အတောင်များက ဓားထက်ထက်ကဲ့သို့ဖြစ်ကာ ၎င်း၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်တော့သည်။
"ဝုန်း"
ကောင်းကင်နှင့်မြေပြင် တုန်ခါသွားခဲ့သည်။ စူးရှတောက်ပသော အလင်းတန်းများက ကောင်းကင်ကို ပျံ့လွင့်သွား၏။ အလင်းတန်းတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားကာ ကောင်းကင်ယံမှ တိမ်တိုက်များ လွင့်ပါးသွားတော့သည်။ ဤအလင်းက ကောင်းကင်ကို အပေါက်ကြီးတစ်ပေါက်ဖြစ်အော ထိုးဖောက်ထားခဲ့ပုံရသည်။
"ဝုန်း"
ပုံရိပ်တစ်ခုက လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ ၎င်းက သွေးတောင်ပံ ကောင်းကင်လင်းနို့ ဖြစ်၏။
သွေးတောင်ပံ ကောင်းကင်လင်းနို့က ဆုတ်ခွာသွားသည်နှင့်အမျှ သူ၏ လူသားအသွင်ကို ပြန်ပြောင်းသွားတော့သည်။ သို့ရာတွင် သူ့နှုတ်ခမ်းထောင့်တွင် သွေးစတချို့ ရှိနေခဲ့သည်။
ရွယ်လော့ကျစ် ဒဏ်ရာရသွားသည်။
"မင်း ထပ်တိုက်ချင်သေးလား"
တိရှန်၏ ဆံပင်များက လေအဝှေ့တွင် တဖျပ်ဖျပ် လူးလွန့်နေသည်။ သူသည် ရွယ်လော့ကျစ်ကို လျှပ်စီးလက်နေပုံရသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ သူ၏ မျက်ခုံးများက မယုံနိုင်စရာ ယုံကြည်မှုတစ်ခု ရှိခဲ့သည်။
"ဟမ့်၊ ဒီနေ့အတွက်တော့ ဒီလောက်ပဲပေါ့။ ငါတို့ နောက်နေ့မှ ထပ်တိုက်မယ်"
ရွယ်လော့ကျစ်၏မျက်နှာက အကြည့်ရဆိုးခဲ့သည်။ သူက အေးစက်စက်ဖြင့် ပြောဆိုကာ နောက်ဆုတ်လိုက်၏။ ခဏချင်းပင် သူ့ပုံရိပ်က ပျောက်ကွယ်သွားတော့သည်။
ရွယ်လော့ကျစ်က အမှန်တယ်ပင် ဤကဲ့သို့ ထွက်ခွာသွားခဲ့သည်။
တိရှန်၏လက်တွင် ရွယ်လော့ကျစ် ရှုံးသွားပြီဖြစ်မှန်း လူတိုင်း နားလည်လိုက်ကြ၏။
အခင်းဖြစ်ပွားရာနေရာရှိ လူများအားလုံး အံ့အားသင့်သွားပြီးနောက် ရုတ်ရုတ်သဲသဲဖြစ်ကာ ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုသံများ ထွက်ပေါ်လာတော့သည်။
--------