အခန်း ၁၀၅၉
Vol. 71 Ch. 1059
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1059 ) ထျန်းရွှီဂူ၊ ခြင်ဆီသန့်စင်ခြင်းကန်။
အရှေ့ပိုင်းကန္တာမှ ပါရမီရှင် တိရှန်က ရွယ်လော့ကျစ်ကို အနိုင်ယူကာ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
"တိရှန်က အရမ်းအစွမ်းထက်တယ်။ သူ့သွေးမျိုးဆက်ကိုတောင် အသုံးမချခဲ့ဘူး။ အရှေ့ပိုင်းကန္ဆာရမှာ သူ့လိုလူ ရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး"
"တိရှန်က အရှေ့ပိုင်းကန္တာရက သိုင်းအုပ်ချုပ်သူတစ်ဦးကနေ တိုက်ရိုက်ဆင်းသက်လာသူတစ်ဦးလို့ ငါကြားတယ်။ သူက အရမ်းထက်မြက်ပြီး အရှေ့ပိုင်းကန္တာရမှာ ဒုတိယအဆင့် ပါရမီရှင် ဖြစ်ခဲ့တာ"
"ဘာ၊ တိရှန်က အရှေ့ပိုင်းကန္တာရမှာ ဒုတိယအဆင့်ပဲ ရှိတာလား။ သူက အရှေ့တောကန္တာရဲ့ နံပါတ်တစ်ဖြစ်မယ်လို့ ငါထင်ထားတာ။ ဒါဆိုရင် အဲဒီတုန်းက ဘယ်သူ ပထမဖြစ်ခဲ့တာတဲ့လဲ"
"လုမင်လေ၊ တိရှန်က အရမ်းအစွမ်းထက်ပေမယ့် လုမင်က သူ့ကို အနိုင်ယူနိုင်ခဲ့တယ် သူက ဘယ်လို ပါရမီရှင်လဲတော့ ငါလည်း မသိဘူး"
"ကြည့်ရတာ ဒီမျိုးဆက်က တကယ့်ကို ရွှေရောင်ခေတ် ဖြစ်နေခဲ့တာပဲ။ အရှေ့တောကန္တာရမှာတောင် လုမင်နဲ့ တိရှန်လို ပါရမီရှင်တွေ မွေးဖွားလာကြတယ်"
တိရှန်၏ အစွမ်းစကြောင့် လူအများ အံ့အားသင့်ခဲ့ကြရသည်။ ထို့အတူ တိရှန်ကို အနိုင်ယူနိုင်ခဲ့သည့် လုမင်ကိုလည်း သူတို့ သိချင်ခဲ့ကြ၏။
"ရွယ်လော့ကျစ်က တကယ်ကံဆိုးနေတာပဲ။ ပြီးခဲ့တဲ့နှစ်ကပဲ လုရှောက်ချင်းလို့ခေါ်တဲ့ ပါရမီရှင်တစ်ယောက်ကို ရှုံးနိမ့်ခဲ့ရတယ်။ အခုလည်း တိရှန်ဆီမှာ ထပ်ပြီး ရှုံးပြန်ပြီ"
"ပါရမီရှင်တွေကြားက တိုက်ပွဲတွေက ဒီလိုပါပဲ။ အားနည်းသူတွေက အင်အားကြီးသူတွေရဲ့ ခြေနင်းကျောက်တွေပဲ ခြေလှမ်းတွေ ဖြစ်လာလိမ့်မယ်"
သွေးအေးနန်းတော်ကို မုန်းတီးခဲ့သူအချို့က ရွယ်လော့ကျစ်၏အနာကို တမင် ဆားသိပ်ခဲ့ကြသည်။
"ကြည့်ရတာ၊ အနာဂတ်မှာ ငါတို့အတွက် အင်အားကြီးတဲ့ ပြိုင်ဘက်နောက်တစ်ယောက် ရှိလာပုံရတယ်"
ကျွင်းယွဲ့က တိုက်ခိုက်ချင်စိတ်များဖြင့် ပြောလိုက်သည်။
"သူက တကယ် ကြောက်စရာကောင်းပါတယ်"
ရင်ပီဖိုက ခေါင်းညိတ်လိုက်၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ရွယ်လော့ကျစ်နှင့် တူညီပေရာ တိရှန်၏ပြိုင်ဘက် ဖြစ်မည် မဟုတ်ချေ။
"ထျန်းရှအကယ်ဒမီက ထျန်းရွှီဂူကို ဖွင့်ထားတယ်တဲ့ဟေ့။ အဲဒါကို ဖြတ်သွားနိုင်သူတိုင်း ခြင်ဆီသန့်စင်ခြင်းကန်ထဲကို တစ်ကြိမ်ဝင်နိုင်တယ်"
ရုတ်တရက် သတင်းတစ်ခုထွက်ပေါ်လာရာ နေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
"ဘာ၊ ထျန်းရွှီဂူ ဖွင့်နေပြီလား။ အဲဒါကို ဖြတ်သွားနိုင်သူတိုင်း ခြင်ဆီသန့်စင်ခြင်းဂူထဲကို ဝင်ရောက်နိုင်မယ်ပေါ့။ ဒါ အမှန်ပဲလား"
"ဒါအမှန်ပါပဲ၊ သေချာတယ်။ ဒီသတင်းက ထျန်းရှအကယ်ဒမီ ကျောင်းအုပ်ကြီးဆီကနေ ထွက်လာတာ"
"ဘုရားရေ၊ ခြင်ဆီသန့်စင်ခြင်းကန်ဆိုတာ အခွင့်အလမ်းကောင်းကြီးတစ်ခုဟ။ ငါလည်း စမ်းကြည့်ချင်တယ်"
"မင်း အိပ်မက်မက်နေတာကို ရပ်လိုက်သင့်ပြီ။ ထျန်းရွှီအကယ်ဒမီရဲ့ ရှန်းရွှီ ဂူက အသေခက်တယ်ဆိုတာ လူတိုင်းအသိပဲလေ။ ရှေးခေတ်ကတည်းက လူအနည်းငယ်ပဲ ဖြတ်သန်းနိုင်ခဲ့တာ"
"မကြိုးစားရင် မင်းဘယ်လိုသိနိုင်မှာလဲကွ။ ထျန်းရွှီဂူက လူတစ်ယောက်ရဲ့ ခွန်အားကို သတ်မှတ်ပြီး မစမ်းသပ်ဘူးလို့ ငါကြားတယ်။ ထျန်းရွှီဂူထဲကို ဝင်တဲ့သူတိုင်းက အခြေအနေအမျိုးမျိုးနဲ့ ရင်ဆိုင်ရမှာလေ။ တစ်ချိန်က ထျန်းရွှီဂူကို ဖြတ်ကျော်သွားတဲ့ သိုင်းဘုရင်တစ်ဦးတောင် ရှိခဲ့ဖူးတယ်"
"ဒါ ဟုတ်တယ်ကွ၊ စမ်းကြည့်ရအောင်"
တစ်ယောက်တစ်ပေါက် ဆွေးနွေးပြောဆိုပြီးနောက် မရေမတွက်နိုင်သော လူများသည် တူညီသော ဦးတည်ရာသို့ ပျံသန်းသွားကြသည်။
'ထျန်းရွှီဂူ၊ ခြင်ဆီသန့်စင်ကန်လား။ ထျန်းရှအကယ်ဒမီက ထျန်းရွီကန်ကို ဖွင့်ပေးမယ်လို့ မမျှော်လင့်ထားဘူး။ ငါလည်း သွားကြည့်ရမယ်'
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။
ထျန်းရှအကယ်ဒမီ၏ ခြင်ဆီသန့်စင်ကန်က ကမ္ဘာတစ်ဝှမ်းတွင် နာမည်ကြီးပေသည်။
ခြင်ဆီသန့်စင်ကန်ကို ဝင်ရောက်ပြီးနောက် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ကို အသွင်ပြောင်းခြင်း၊ တည်ငြိမ်မှုတို့ ဖြစ်စေပြီး နောက်ဆုံးတွင် ပြီးပြည့်စုံမှုကို ရရှိစေနိုင်သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ဖြတ်ကျော်ရန် အရေးကြီးဆုံး အခြေအနေများထဲမှ တစ်ခုက ပြီးပြည့်စုံသော အဆင့်ကိုးဖင်းဂေါ့ခန္ဓာကို ပိုင်ဆိုင်ထားရန် ဖြစ်ချေသည်။
သို့သော်၊ အဆင့်ကိုး ဖင်းဂေါ့ခန္ဓာကို ရောက်ရှိပြီးနောက် ပြီးမြောက်နိုင်ရန် ခက်ခဲသည်။ ၎င်းတွင် ဖြတ်ကျော်ရခက်မည့် အတားအဆီးကြီးတစ်ခု ရှိ၏ သို့သော်၊ ခြင်ဆီသန့်စင်ကန်က ပြီးပြည့်စုံသော အဆင့်ကိုး ဖင်းဂေါ့ခန္ဓာကို ပြီးမြောက်စေကာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဝင်ရောက်ရန် ပထမဆုံးအုတ်မြစ်ချနိုင်သည်။
ယင်းက သိုင်းအုပ်ချုပ်သူဖြစ်လာရန် ရည်မှန်းထားသော ပါရမီရှင်များစွာတို့ကို ဆွဲဆောင်ခဲ့ပေသည်။
ဥပမာအားဖြင့်၊ ကျင်းခုန်းလင်၊ ကျွင်းယွဲ့နှင့် အခြားသူများ ဖြစ်သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန် အခွင့်အလမ်းမရှိမှန်းသိသည့် ပါရမီရှင်များပင် ဆွဲဆောင်ခဲ့ရ၏။ နောက်ဆုံးတွင် ပိုအားကောင်းသည့် ခန္ဓာကိုရရှိရန် အခွင့်အလမ်းကို မည်သူက မလိုချင်ဘဲနေမည်နည်း။
လုမင်သည်လည်း သွေးဆောင်ခံခဲ့ရသည်။ သူ၏ ဖင်းဂေါ့ခန္ဓာက ပြီးပြည့်စုံသော အဆင့်ကိုးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ ခြင်ဆီသန့်စင်ခြင်း ရေကန်တွင် ပြီးပြည့်စုံသော အဆင့်ကိုး ဖင်းဂေါ့ခန္ဓာကို လေ့ကျင့်နိုင်ခဲ့ပါက၊ အနာဂတ်တွင် သူ့အတွက် ဒုက္ခများစွာကို ကယ်တင်နိုင်လိမ့်မည်။
လုမင်လည်း ကျောက်စိမ်းနံရံများမှ ထွက်ခွာကာ လူအုပ်ကြီး ဦးတည်ရာဆီသို့ လိုက်သွားသည်။
များမကြာမီ သူတို့က ဧရာမ တောင်ကြီးတစ်လုံးရှေ့သို့ ရောက်လာသည်။
ဤတောင်သည် အလွန်ကြီးမား၏။ တောင်၏အောက်ခြေက အနည်းဆုံး မိုင်တစ်ရာခန့် ကျယ်ဝန်းသည်။
တောင်ခြေရင်းတွင် ဂူကြီးတစ်ခု ရှိနေသည်။ ဤသည်က ထျန်းရွှီဂူပင် ဖြစ်ချေသည်။
ထျန်းရွှီဂူသည် ဤနေရာမှ တောင်၏တစ်ဖက်ကမ်းသို့ ဦးတည်ထားသည်။ ထိုလမ်းမှာ မိုင်တစ်ရာ ရှည်လျား၏။ ထျန်းရွှီဂူကို ဖြတ်ကျော်ပြီး တစ်ဖက်မှ ထွက်လာနိုင်သရွေ့ ခြင်ဆီသန့်စင်ခြင်းကန့်သို့ ဝင်ရောက်ရန် ဝင်ခွင့်တစ်ခု ရနိုင်သည်။
သို့သော်၊ ထျန်းရွှီဂူက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ဝင်ရောက်လာသူတိုင်းက မတူညီသော အခြေအနေများကို ကြုံတွေ့ရမည်ဟု ဆိုကြ၏။ ရှေးခေတ်ကတည်းက ၎င်းကို ဖြတ်သန်းနိုင်သူ အလွန်နည်းပါးသည်။ ၎င်းမှာ ယခုအချိန်အထိ အလွန်လျှို့ဝှက်ဆန်းကြယ်နေဆဲ ဖြစ်ချေသည်။
"ငါစမ်းကြည့်မယ့်
လူငယ်တစ်ဦးက ထျန်းရွှီဂူထဲသို့ ပြေးဝင်သွားသည်။ မကြာခင်မှာပဲ ထျန်းရွှီဂူအပြင်ဘက်တွင် အလင်းရောင်တစ်ခု လင်းလက်လာပြီး တယ်လီပို့၍ လူငယ် ပြန်ထွက်လာခဲ့၏။
ထိုလူငယ်ဟာ စိတ်ပျက်လက်ပျက်ဖြင့် လူအုပ်ဆီသို့ ပြန်လျှောက်လာတော့သည်။
"ဘယ်လိုဖြစ်တာလဲ၊ မင်းဘာတွေ ကြုံခဲ့ရလဲ"
တစ်ယောက်က ကမန်းကတန်း မေးလိုက်သည်။
"မပြောချင်ပါဘူးကွာ၊ ငါ ဝင်လိုက်တာနဲ့ အစွမ်းထက်တဲ့ သားရဲတစ်ကောင်ကို တွေ့လိုက်ရတာ။ သူက တစ်ချက်ရိုက်လိုက်တာနဲ့ ငါ ဒဏ်ရာအပြင်းအထန် ရသွားခဲ့တာလေ။ အဲဒါကြောင့် တယ်လီပို့နဲ့ ပြန်ပြီး ပို့လွှတ်ခံခဲ့ရတယ်။ ကံကောင်းထောက်မလို့ ဒဏ်ရာက အတုယောင်ပဲ၊ ပြန်ထွက်လာပြီးတာနဲ့ ငါ ပြန်ကောင်းသွားတယ်"
လူငယ်က ပြန်ဖြေလိုက်သည်။
"ငါစမ်းကြည့်ဦးမယ်"
နောက်လူငယ်တစ်ယောက်က ပြေးဝင်သွားသည်။ ခဏကြာတော့ သူလည်း တယ်လီပို့ခံခဲ့ရလေသည်။
တစ်ယောက်က သူ့ကိုမေးကြည့်သောအခါ တိုက်ပွဲတွင် ဓားတစ်လက်နှင့် တိုက်ရိုက် အခုတ်ခံခဲ့ရကြောင်း ထိုလူငယ်က ပြောလိုက်သည်။
လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ အမှန်တကယ်ပင် ဝင်ရောက်လာသူတိုင်းက မတူညီသော အခြေအနေများကို ကြုံတွေ့ကြရ၏။ ထိုအတွက် စမ်းသပ်မှုမှ အားသာချက်၊ အားနည်းချက်များကို သိရှိရန် မဖြစ်နိုင်ပါချေ။
ထို့နောက် ပါရမီရှင်များဟာ ဂူထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်ခဲ့သည်။ သို့သော်လည်း မည်သူမျှ မအောင်မြင်ခဲ့ပေ။
ကျင်းခုန်းလင်၊ ကျွင်းယွဲ့နှင့် အခြား ပါရမီရှင်များကတော့ မလှုပ်ရှားသေးပါ။ သူတို့က လေထဲတွင်ရပ်ကာ တည်ငြိမ်စွာဖြင့် ဆက်ကြည့်နေခဲ့သည်။
ထို့အတူ လုမင်ကလည်း မလှုပ်ရှားသေးပေ။ သူက အလျင်မလိုဘဲ တခြားသူများကို ဦးစွာ စောင့်ကြည့်နေခဲ့သည်။
အဆုံးတွင်၊ လုမင်က မျက်လုံးကိုမှိတ်ပြီး မိုးနှင့်မြေ၏ တာအိုများကို နားလည်ဆင်ခြင်နေတော့သည်။
ဆယ်ရက်အကြာတွင် လူအများအပြား ဝင်ရောက်သွားကြပြီး ဖြစ်သည်။ သို့သော်လည်း မည်သူမျှ မအောင်မြင်သေးပေ။ လူတိုင်း စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ရသည်။
ချူခွမ်း၊ ကျန်းဝမ်ကျင်းနှင့် အခြား တတိယအဆင့် ပါရမီရှင်များလည်း ဝင်ရောက်လာခဲ့၏။ သို့သော်လည်း ၎င်းတို့အားလုံး မအောင်မြင်ခဲ့ပေ။
"ရင်ပီဖို၊ ဝင်သွားပြီ"
တစ်ယောက်က အော်ပြောလိုက်ရာ လူများစွာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
နောက်ဆုံးတွင်၊ ဒုတိယတန်းစား ပါရမီရှင်တစ်ဦး လှုပ်ရှားလာခဲ့ပြီ။
ရင်ပီဖိုက ဝင်ရောက်သွားသည်မှာ အတော်ကြာသွားသည်။ နာရီဝက်ခန့် ကြာမြင့်သည်အထိ သူ မထွက်သေးပါ။
"ရင်ပီဖို လုပ်နိုင်တော့မှာလား"
တစ်စုံတစ်ယောက်က ခန့်မှန်းကြည့်လိုက်သည်။
နာရီဝက်ကြာသည်အထိ သူ ပြန်ထွက်မလာသေးရာ၊ ဖြစ်နိုင်ချေ ရှိ၏။ ဒုတိယတန်းစား ပါရမီရှင်က အခြားသူများနှင့် အမှန်ပင် ကွဲပြားသည်။
တစ်စုံတစ်ယောက်ဆိုလျှင် တောင်တစ်ဖက်သို့သွားကာ ရင်ပီဖို ထျန်းရွှီဂူမှ ထွက်လာမလားဟု စောင့်ကြည့်နေခဲ့ပါသေးသည်။
ရုတ်တရက် ထျန်းရွှီဂူအဝင်ဝတွင် အလင်းရောင်များ လင်းလက်လာသည်။ ရင်ပီဖိုလည်း တယ်လီပို့ခံလိုက်ရ၏။
"ဟင်း"
ရင်ပီဖိုက သက်ပြင်းချလိုက်သည်။ သူလည်း ကျရှုံးသွားခဲ့ပြီ။
"ဒီထျန်းရွှီဂူက အသေခက်တာပဲ။ ဒုတိယတန်းစား ပါရမီရှင်တောင်မှ အဲဒါကို မလုပ်နိုင်ဘူး"
"ဒါက တကယ်ကိုခက်လွန်းတာကွာ။ လူငယ်ဘုရင်ငါးပါးမှ ဖြတ်ကျော်နိုင်မယ်လို့ ထင်တယ်"
လူတော်တော်များများ သက်ပြင်းချလိုက်ကြသည်။
"ဝမ်"
ရုတ်တရက် သွေးရောင်အလင်းတန်းတစ်ခု ရောက်လာသည်။
"ဒါက ရွယ်လော့ကျစ်ပဲ"
တစ်စုံတစ်ယောက်က သူ့ကို အသိအမှတ်ပြုခဲ့၏။
ရွယ်လော့ကျစ်က သူ၏ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာပုံ ရပေသည်။ သူကလည်း ဤနေရာတွင် ထျန်းရွှီဂူကို စမ်းကြည့်ရန် ရောက်ရှိလာကြောင်း ထင်ရှားသည်။
ကံမကောင်းစွာဖြင့်၊ သူသည်လည်း ရင်ပီဖိုကဲ့သိုပပင်။ နာရီဝက်အကြာတွင် သူလည်း တယ်လီပို့ခံရပြီး ကျရှုံးသွားခဲ့သည်။
ထို့နောက်တွင် ကျွင်းယွဲ့၊ စန္ဒကူနတ်သမီးနှင့် အခြားသူများ တစ်ယောက်ပြီး တစ်ယောက် ဝင်လိုက်သွားကြသည်။ သို့သော်လည်း သူတို့အားလုံး မအောင်မြင်ခဲ့ပါ။
"ဝူချန်ခုန်း ဝင်သွားပြီ"
တစ်ယောက်က ခပ်တိုးတိုး ပြောသည်။
ဓားတစ်လက်နှင့် အဖြူရောင်ဝတ် လူငယ်တစ်ဦးက ထျန်းရွှီဂူထဲကို လျှောက်လှမ်းသွား၏။
ဝူချန်ခုန်းက ထျန်းဝူဓားဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည်။
သူဟာ အလွန်ကြောက်စရာကောင်းပြီး အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ချေသည်။ ဗဟိုတိုက်ကြီးတွင် သူက အလွန်ကျော်ကြားသည်။
ဒုတိယတန်းစား ပါရမီရှင်များကို သန်မာသူနှင့် အားနည်းသူများဟူ၍ ခွဲခြားထား၏။ ဝူချန်ခုန်းကတော့ ထိပ်တန်းအဆင့် ဒုတိယတန်းစား ပါရမီရှင်များထဲမှ တစ်ဦးဖြစ်ပေသည်။
၎င်းကို လူငယ်ဘုရင်ငါးပါးပြီးလျှင် အသန်မာဆုံး ပါရမီရှင်များထဲမှ တစ်ဦးအဖြစ် လူသိများသည်။
လူတိုင်းက ထျန်းရွီဂူကို ဝူချန်ခုန်း ဖြတ်ကျော်နိုင်မလားဟုတွေးကာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြပေသည်။
--------