အခန်း ၁၀၆၀
Vol. 71 Ch. 1060
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1060 ) ဘီလူးငယ် ရန်ပိုထျန်း။
ဝူချန်ခုန်း ဝင်လာပြီးနောက် တစ်နာရီနီးပါး ကြာသွားသည်။ နောက်ဆုံးတွင် ဝူချန်ခုန်းလည်း မအောင်မြင်ဘဲ တယ်လီပို့ခံခဲ့ရ၏။
"ဝူချန်ခုန်းကတောင် မအောင်မြင်ဘူး။ ထျန်းရွှီဂူကို ကျော်ဖြတ်နိုင်သူ ရှိပါဦးမလား"
"ဟုတ်တယ်၊ ဒါကြီးကတော့ ခက်လွန်းပါတယ်ကွာ။ ဘီလူးငယ်ငါးယောက်တောင် မအောင်မြင်ဘူးလား မသိတော့ဘူး"
"ဒါကတော့ အတိအကျဆိုလို့ မရဘူး။ ထျန်းရွှီဂူက သန့်စင်တဲ့ တိုက်ခိုက်နိုင်စွမ်းကိုပဲ စမ်းသပ်တာ မဟုတ်ဘူးလေ"
လူတော်တော်များများ သက်ပြင်းချကြသည်။ ဝူချန်ခုန်းပင်လျှင် မအောင်မြင်နိုင်ရာ ခက်ခဲလွန်းပေသည်။
ဝူချန်ခုန်းက သူ့ဓားကို နောက်ကျောတွင်လွယ်ကာ ဘေးဘက်သို့ပျံသန်းပြီး လေထဲတွင် တိတ်တဆိတ် ထိုင်နေလိုက်သည်။
"ငါစမ်းကြည့်မယ်"
ကျင်းခုန်းလင်က လေထဲသို့ ပျံတက်သွားကာ တိမ်များဝန်းရံထားသော ထျန်းရွှီဂူထဲသို့ ဝင်သွားသည်။
သို့သော် ကျင်းခုန်းလင်နှင့်ပတ်သက်၍ မည်သူမျှ အကောင်းမြင်ခြင်း မရှိခဲ့ပေ။ ဝူချန်ခုန်းပင်လျှင် မအောင်မြင်၍ ကျင်းခုန်းလင်လည်း ကျော်ဖြတ်နိုင်မည်ဟု မည်သူမျှ မထင်ခဲ့ပါချေ။
တစ်နာရီနီးပါးကြာပြီးနောက် ထျန်းရွှီဂူမှ အံ့အားသင့်စွာ အော်သံတစ်ခု ပေါ်လာသည်။
"အောင်မြင်ပြီ၊ ကျင်းခုန်းလင် အောင်မြင်သွားပြီ"
အာမေဋိတ်သံများ ပေါ်လာသည်။
"ဘာကြီး၊ သူ အောင်မြင်သွားပြီလား။ သွားကြည့်ရအောင်"
ချက်ချင်းပင် လူများစွာက တောင်၏တစ်ဖက်ခြမ်းသို့ ပြေးသွားကြသည်။
စန္ဒကူးနတ်သမီး၊ ကျွင်းယွဲ့နှင့် ဝူချန်ခုန်းပင်လျှင် တောင်တစ်ဖက်ခြမ်းသို့ မနေနိုင်ဘဲ ပျံသန်းသွား၏။
သူတို့ရောက်သွားတော့ လေထဲတွင်ရပ်နေသော ကျင်းခုန်းလင်ကို မြင်လိုက်ရသည်။
ကျင်းခုန်းလင်က ထျန်းရွှီဂူကို ဖြတ်ကျော်သွားခဲ့ပြီ။
"ဝှစ် ဝှစ်"
ထိုအချိန်တွင် အလင်းတန်းနှစ်ခုက ကောင်းကင်ယံရှိ ကျောက်စိမ်းနန်းတော်မှ ဆင်းသက်လာသည်။ ထိုအလင်းနှစ်ခုက အဖြူရောင်ဝတ် လူကြီးနှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားကြ၏။ သူတို့နှစ်ယောက်က ထျန်းရှအကယ်ဒမီ၏ အကြီးအကဲများ ဖြစ်သည်။
"ဟားဟားဟား၊ သခင်မလေးခုန်းလင်၊ ခြင်ဆီသန့်စင်ခြင်းကန်ကို ဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီတံဆိပ်ပြားက မင်းအတွက်ပါ။ လဝက်ကြာရင် ခြင်ဆီသန့်စင်ခြင်းကန်ဖွင့်မယ်။ အဲဒီအခါကျရင် ဒီတံဆိပ်ပြားနဲ့ ဝင်လို့ရပြီ"
အဘိုးကြီးက ရယ်မောကာ ပြောလိုက်သည်။ သူ့လက်ထဲတွင် တံဆိပ်တစ်ခုပေါ်လာကာ ကျင်းခုန်းလင်ကို ပေးလိုက်၏။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ကျင်းခုန်းလင်လည်း ကျေးဇူးတင်ကြောင်းပြောကာ တံဆိပ်ပြားကို ယူလိုက်သည်။
လူအများက ကျင်းခုန်းလင်ကို မနာလိုစွာဖြင့် ကြည့်လိုက်ကြသည်။ ဤအရာက လူတစ်ဦးကို ခြင်ဆီသန့်စင်ခြင်းကန်သို့ ဝင်ရောက်နိုင်စေမည့် တံဆိပ်ပြားတစ်ခု ဖြစ်ပေသည်။
ရင်ပီဖို၊ ရွယ်လော့ကျစ်၊ ကျွင်းယွဲ့နှင့် အခြားသူများဆိုလျှင် ပို၍ပင် မနာလိုဖြစ်သွားသည်။ သူတို့အားလုံး ခြင်ဆီသန့်စင်ခြင်းကန်ကို ဝင်လိုခဲ့ကြ၏။ ၎င်းက သူတို့ကို အချိန်များစွာ အကုန်သက်သာစေနိုင်သည်။
ဝူချန်ခုန်း၏ မျက်လုံးများက စိတ်အားထက်သန်မှုဖြင့် ပူလောင်နေခဲ့သည်။ သူက ကျင်းခုန်းလင်ကို စူးစူးရဲရဲ ကြည့်သည်။
ဝူချန်ခုန်းက ကျင်းခုန်းလင်ကို သဘောကျနေမှန်း လူတိုင်းသိကြ၏။ သို့သော်လည်း ကျင်းခုန်းလင်က သူ့ကို စိတ်ဝင်စားပုံမပေါ်ပေ။
"ဂုဏ်ယူပါတယ် အမခုန်းလင်"
စန္ဒကူးနတ်သမီးက ပြုံးရွှင်စွာဖြင့် ကျင်းခုန်းလင်ဆီသို့ လျှောက်သွားကာ ဂုဏ်ပြုလိုက်သည်။
စန္ဒကူးနတ်သမီးကတော့ ခြင်ဆီသန့်စင်ခြင်းကန်နှင့်ပတ်သက်၍ မည်သို့မျှ မခံစားရပေ။ သူမက ကမ္မည်းတာအိုကို လေ့ကျင့်သောကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုက များစွာ အရေးမကြီးပေ။
ကျင်းခုန်းလင်လည်း အတော်ဝမ်းသာသွားသည်။ ပထမတော့ သူကိုယ်တိုင်ပင် ဖြတ်ကျော်နိုင်မည်ဟု ထင်မထားပေ။
ထို့နောက် လူအားလုံးပင် ထျန်းရွှီဂူအဝင်ဝသို့ ပြန်ခဲ့ကြသည်။
ထိုစဉ် အရပ်ရှည်ရှည်နှင့် ဖြောင့်မတ်သော ပုံရိပ်တစ်ခု ဝင်လာသည်။
"အဲဒါ သူပဲ၊ တိရှန်"
လူအများ၏ မျက်လုံးများက အရောင်လက်သွားသည်။
တိရှန်သည် ပြီးခဲ့သည့်အခေါက်က ရွယ်လော့ကျစ်ကို အနိုင်ယူပြီးနောက် သူ၏ကျော်ကြားမှုက အလွန်တိုးတက်လာကာ လူအများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။
လူများစွာက ထျန်းရွှီဂူကို တိရှန် ဖြတ်ကျော်နိုင်မလားဟု မှန်းဆကြည့်နေခဲ့ကြသည်။
"မဖြစ်နိုင်ဘူး၊ ဒါက အထူးအခြေအနေတစ်ခုပဲလေ။ ထျန်းရွှီဂူကိုဖြတ်ဖို့ လိုအပ်ချက်တွေကို ငါ တကယ်မသိဘူး"
"ထျန်းရွှီဂူကို ဖြတ်ကျော်ဖို့က ခက်ခဲလွန်းပါတယ်။ အခုပုံစံအရ တစ်ရာကိုတစ်ယောက် ဖြတ်နိုင်ခဲလှတယ်"
"တကယ်တော့၊ လူများများစားစား မဖြတ်နိုင်ဘူးဆိုတာကို ထျန်းရှအကယ်ဒမီက သိပြီးသားပါပဲ။ ဒါကြောင့်မို့လဲ ခြင်ဆီသန့်စင်ခြင်းကန်ကို ဖွင့်လိုက်တာပေါ့။ မဟုတ်လို့ လူတိုင်းကျော်ဖြတ်နိုင်ရင် ထျန်းရွှီအကယ်ဒမီ ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားရလိမ့်မယ်"
တချို့လူများက စကားစမြည်ပြောကာ စောင့်နေခဲ့ကြသည်။
ရုတ်တရက်…
"သွားပြီဟေ့၊ သူသွားပြီ"
အံ့အားသင့်စရာ အော်ဟစ်သံတစ်ခု ထပ်မံထွက်ပေါ်လာသည်။
"ဘာကြီး၊ သူဖြတ်သွားပြီလား"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
လူတစ်စုက အံ့သြတုန်လှုပ်သွားကာ အခြေအနေကြည့်ရန် တစ်ဖက်သို့ ပြေးသွားသည်။ အမှန်ပင်၊ တိရှန်ကို တစ်ဖက်ဂူပေါက်ဝတွင် သူတို့တွေ့ခဲ့၏။
တိရှန်က ထျန်းရွှီဂူကို ဖြတ်ကျော်သွားခဲ့သည်။
"ဒီတိရှန်က အံ့သြစရာပဲ"
လူတစ်ချို့က သက်ပြင်းချပြီး တိရှန်အပေါ် သူတို့အမြင်ကို ပြန်သုံးသပ်လိုက်ကြသည်။
တိရှန်က ရွယ်လော့ကျစ်ကို ပထမဆုံး အနိုင်ယူခဲ့ကာ ယခုလည်း ထျန်းရွှီဂူအား ဖြတ်ကျော်သွားပြန်သည်။ ယင်းက တကယ့်ကို အံ့သြစရာပင်။
သဘာဝအတိုင်း၊ လူတော်တော်များများဟာ လုမင်၏ အမည်ကိုလည်း တွေးမိသွားကြသည်။ အရှေ့တောကန္တာရအကြောင်း သိသူကြတိုင်း နံပါတ်တစ်သည် တိရှန်မဟုတ်ဘဲ လုမင်ဖြစ်မှန်း သိ၏။
ဝူချန်ခုန်းပင်လျှင် ဓားအလင်းများ လက်နေသော မျက်လုံးအစုံဖြင့် တိရှန်ကို စိုက်ကြည့်နေတော့သည်။
'တိရှန်က တိရီရဲ့ မျိုးဆက်ဆိုတဲ့အတိုင်း... မျှော်လင့်ထားသလိုပါပဲ'
လူအုပ်ထဲတွင် လုမင်၏ နှုတ်ခမ်းများ အနည်းငယ် ကော့တက်သွားသည်။
တိရှန်က အမှန်တကယ် ထက်မြက်လွန်းပသည်။ သူက တာအိုသုံးခုကို နားလည်ထားကာ ဟင်းလင်းပြင်တာအိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တာအိုတစ်ခုကိုပင် နားလည်ထားခဲ့သည်။
ကမ္မတိုက်ပွဲအတွင်း၌ လုမင်က တိရှန်ကို ဖိနှိပ်ရန် ကမ္ပည်းတာအိုနှင့် သိုင်းတာအို ပေါင်းစပ်မှုကို အားကိုးခဲ့ရသည်။ လုမင်၏ နှလုံးသားထဲတွင် တိရှန်ကို ဘယ်သောအခါမှ လျှော့မတွက်ခဲ့ပေ။
ယခုဆိုလျှင်၊ တစ်နှစ်ခွဲကျော်ကြာမြင့်ပြီးနောက် တိရှန်က ပို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။
လေထဲမှ အကြီးအကဲနှစ်ယောက်က ပြေးဆင်းလာကာ တိရှန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
နောက်ထပ် လူတစ်ယောက် ကျော်သွားပြီ။ ဤသည်မှာ အမှန်တကယ် ထျန်းရှအကယ်ဒမီ၏ အကြီးအကဲများ မျှော်မှန်းထားသည်ထက် ကျော်လွန်သည်။
"သခင်လေးတိရှန်၊ ဒီတံဆိပ်ပြားကို ယူလိုက်ပါ။ အဲဒါနဲ့ ခြင်ဆီသန့်စင်ခြင်းကန်ထဲကို ဝင်လို့ရတယ်"
အကြီးအကဲတစ်ယောက်က တိရှန်ကို တံဆိပ်ပြားတစ်ခု ပေးလိုက်သည်။
တိရှန်လည်း လက်ခံယူကာ အကြီးအကဲကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။
"ရန်ပိုထျန်းရောက်လာပြီ"
ရုတ်တရက် ဂူအဝင်ဝဘက်မှ အော်ဟစ်သံများ ပေါ်လာသည်။ ရှေ့ရောက်လာသည်။
"ဘာ၊ ဘီလူးကြီးငါးဦးထဲက တစ်ယောက်ဖြစ်တဲ့ ရန်ပိုထျန်းလား"
မြင်ကွင်းက အာမေဋိတ်သံများနှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
နောက်တော့ တစ်ယောက်ပြီးတစ်ယောက် ရှေ့ကို ပြန်ပြေးသွား၏။
လေထဲတွင် လူငယ်တစ်ယောက် အေးအေးလူလူ လျှောက်လှမ်းလာနေသည်။
ထိုလူငယ်က လက်နှစ်ဖက်ကို နောက်ပစ်ထား၏။ သူ့ဆံပင်များကို ခပ်လျော့လျော့ ဖြည်ချထားကာ ခန္ဓာကိုယ် တောင့်တင်းသန်မာသည်။ သူ၏ မျက်လုံးများကတော့ အရောင်လက်နေကာ အရိုင်းဆန်ခြင်း အပြည့်ရှိ၏။
သူသည် တစ်လှမ်းချင်း ဖြည်းညင်းစွာ လျှောက်လာသော်လည်း ကြီးမားသောအရှိန်အဝါများ ထွက်ပေါ်နေသည်။ လူတိုင်းမှ ၎င်းတို့၏ နှလုံးသားများမှ ကြီးမားသော ဖိအားကို ခံစားခဲ့ကြရပေသည်။
ဝူချန်ခုန်း၊ ကျွင်းယွဲ့နှင့် အခြား ပါရမီရှင်များပင် အမူအရာများ လေးနက်သွားကြသည်။
တိရှန်၏ မျက်လုံးများကတော့ တိုက်ခိုက်လိုသော အရိပ်အမြွက်ကို လှစ်ဟလာခဲ့၏။
တိရှန်ကဲ့သို့ပင် ရန်ပိုထျန်းကလည်း ဟင်းလင်းပြင်တာအိုအား လေ့ကျင့်သည်။
'ဒါက ဘီလူးငယ်ငါးပါးထဲက တစ်ယောက်ဖြစ်တဲ့ ရန်ပိုထျန်းလား'
ရန်ပိုထျန်းကို စိုက်ကြည့်ရင်း လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။
ရန်ပိုထျန်းက သူ့ကို ဖိအားကြီးကြီးမားမား ပေးခဲ့၏။ ထိုလူက သန်မာလွန်းကာ အန္တရာယ်များသည်ဟု သူခံစားခဲ့ရသည်။
ရန်ပိုထျန်းက လေထဲမှ လျှောက်သွားသည်။ သူသည် လူအုပ်ကို တစ်ချက်မျှပင်မကြည့်ဘဲ ထျန်းရွီဂူထဲသို့ လျှောက်သွားကာ ပျောက်ကွယ်သွား၏။
"ထွက်ပေါက်ကို သွားရအောင်။ ရန်ပိုထျန်းက ထျန်းရွှီဂူကို ဖြတ်သန်းနိုင်ရမယ်"
လူများစွာက ထျန်းရွှီဂူ ထွက်ပေါက်ဆီသို့ ပြေးသွားခဲ့ကြသည်။
ထျန်းရွှီအကယ်ဒမီမှ အကြီးအကဲနှစ်ယောက်ပင် ထွက်ပေါက်တွင် သွားကြိုစောင့်ခဲ့ကြလေသည်။
နာရီဝက်အကြာတွင် အရပ်ရှည်ရှည်နှင့် ပုံရိပ်တစ်ခုက ထျန်းရွှီဂူ၏ ထွက်ပေါက်မှ ထွက်ပေါ်လာခဲ့သည်။
ထိုသူကား ရန်ပိုထျန်း။
အမှန်ပင် သူက ထျန်းရွှီဂူကို ဖြတ်သန်းသွားခဲ့သည်။
"အံ့မခန်းပဲ၊ အံ့ဩစရာပါပဲ။ ဘီလူးငယ်ငါးယောက်စလုံး ထျန်းရွှီဂူကို ဖြတ်ကျော်နိုင်သင့်တယ်"
"ဟုတ်တယ်၊ ဘီလူးငယ်ငါးယောက်က အင်မတန် ကြောက်စရာကောင်းတယ်။ အရင်တုန်းကတော့ သူတို့အားလုံးဟာ အနှစ်တစ်ထောင်မှာ တစ်ယောက်သာ ပေါ်ထွန်းခဲတဲ့ ပါရမီရှင်တွေပဲ၊ ဒါပေမယ့် အဲဒီအဆင့်ငါးဦးက ဒီမျိုးဆက်မှာ တစ်ပြိုင်နက်တည်း ပေါ်ထွန်းလာခဲ့တယ်"
လူတော်တော်များများ သက်ပြင်းချလိုက်ကြသည်။ ဘီလူးငယ်ငါးပါးသည် ဗဟိုတိုက်ကြီးရှိ ပါရမီရှင်များ၏ အထွတ်အထိပ် ဖြစ်သည်။ ထိုလူငယ်အားလုံး၏ အဆုံးစွန်သော ရည်မှန်းချက်မှာ မဟာတန်ခိုးရှင်ကြီးများ ဖြစ်လာနိုင်ရန် ဖြစ်ချေသည်။
သူတို့အတွက် အဓိပတိဖြစ်လာရန်မှာ သေချာသည်။ အနာဂတ်တွင်၊ သူတို့က သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန်ပင် အခွင့်အလမ်းများစွာ ရှိခဲ့၏။ တစ်နည်းဆိုရသော် ၎င်းတို့က ဧကရာဇ်များ၏ မျိုးဆက်များ ဖြစ်သည်။
'ငါစမ်းကြည့်ဖို့အချိန်ရောက်ပြီ'
လုမင် ပြုံးလိုက်သည်။ သူက ခြေလှမ်းကာ ထျန်းရွှီဂူဝင်ပေါက်ကို လျှောက်လှမ်းသွား၏။
ထျန်းရွှီဂူကို လုမင် လျှောက်သွားသော်လည်း မည်သူမျှ အာရုံမစိုက်ပေ။ မြင်သူတချို့ ရှိကြလျှင်ပင် လုမင်ကို မမှတ်မိဘဲ သာမန်လူတစ်ယောက်ဟု မှတ်ယူကာ ဂရုမစိုက်ကြပါချေ။
--------