← Chapters

အခန်း ၁၀၆၃

Vol. 71 Ch. 1063

အခန်း ၁၀၆၃

Vol. 71 Ch. 1063

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1063 ) ရုပ်ခန္ဓာတိုးတက်ခြင်း။

"မင်းဘာကိစ္စရှိလို့လဲ"

လုမင်က အေးစက်စက်ဖြင့် မေးလိုက်သည်။

"မင်းရဲ့ တံဆိပ်ပြားကို လွှဲပေးပြီး ခြင်ဆီသန့်စင်ခြင်းကန်ထဲ ဝင်ခွင့်နေရာ ပေးပါ"

ဝူချန်ခုန်းက တိုက်ရိုက်ပြောလိုက်သည်။

လုမင်က အေးစက်စွာ တစ်ချက် ပြုံးလိုက်၏။ အမှန်ပင် ခြင်ဆီသန့်စင်ခြင်းကန်ထဲသို့ ဝင်ခွင့်နေရာအတွက် ဖြစ်သည်။

ဤလူများက သူ့ကို ကံကောင်းသူဟု အမှန်တကယ် ထင်နေကြ၏။

ကျင်းခုန်းလင်က ဟန်ချင်းတောင်ဂိုဏ်း နောက်ခံရှိသလို ရန်ပိုထျန်းကိုလည်း မစော်ကားဝံ့ကြပေ။ တိရှန်ကလည်း ကြီးမားသော အင်အားကို ပြသခဲ့သလို ကောင်းကင်ဧကရာဇ်ဘုရားကျောင်း နောက်ခံရှိသည်။ ထို့ကြောင့် သူ့ကို လိုက်မရှာခဲ့ကြပေ။

ဤအတွက် ဘယ်ကရောက်လာမှန်းမသိသော လုမင်ဟာ ပူ‌နွေးနေသေးသော ပေါင်မုန့်မီးကင် ဖြစ်လာခဲ့ရသည်။

"အရူး"

လုမင်က ဝူချန်ခုန်းကို ဂရုမစိုက်ပေ။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အလင်းတန်းတစ်ခုကဲ့သို့ ကျောက်စိမ်းနံရံများသို့ ချက်ချင်းရောက်သွားသည်။ ထို့နောက် သငိ့လျော်သော ကျောက်စိမ်းနံရံများကို ဆက်လက်ရှာဖွေခဲ့ပေသည်။

ဝူချန်ခုန်း၏ မျက်လုံးများလည်း ဓားကဲ့သို့ စူးရှလာကာ လုမင် ထွက်ခွာသွားသည့် လမ်းကြောင်းကို လှမ်းကြည့်လိုက်သည်။

လုမင်လည်း စိတ်ထဲ မပျော်မရွှင် ဖြစ်သွားမိ၏။ အကယ်၍ ဤလူများက သူ့ကို ဆက်၍ နှောင့်ယှက်နေလျှင်၊ လုမင်က ၎င်းတို့အား သင်ခန်းစာတစ်ခုပေးရန် စိတ်မ၀င်စားပေ။

လုမင်က ကျောက်စိမ်းနံရံများကို ဆက်လက်ရှာဖွေခဲ့သည်။ မကြာမီ၊ မိုးကြိုးတာအိုနှင့် ကျောက်စိမ်းနံရံတစ်ခုကို လုမင် တွေ့ရှိခဲ့၏။ လုမင်လည်း ၎င်းကို ဂရုတစိုက် နားလည်ဆင်ခြင်လိုက်တော့သည်။

အချိန်က ရေကဲ့သို့ စီးဆင်းသွားခဲ့သည်။ လုမင် ထျန်းရွှီဂူအား ဖြတ်ကျော်ခဲ့ပြီးနောက် လဝက် ကြာမြင့်သွားခဲ့ပြီ။

ဤအခိုက်တွင် ခြင်ဆီသန့်စင်ခြင်းဂူသို့ သူဝင်နိုင်ပြီဖြစ်ကြောင်း လုမင်အား တစ်စုံတစ်ဦးမှ အကြောင်းကြားလာခဲ့သည်။

လုမင်လည်း ထိုလူနောက်သို့ လိုက်ကာ တောင်ကုန်းငယ်တစ်ခုကို မရောက်ရှိမီ တောင်များစွအား ဖြတ်ကျော် ပျံသန်းလာခဲ့သည်။

သူရောက်လာသောအခါ၊ ကျင်းခုန်းလင်၊ ရန်ပိုထျန်းနှင့် တိရှန်တို့လည်း ရှိနေသည်အား သူတွေ့လိုက်ရသည်။

ကျင်းခုန်းလင်က လုမင်ကို မြင်သောအခါ ပြုံးပြလိုက်သည်။ တိရှန်ကမူ လုမင်ကို စူးစမ်းလိုစိတ်ဖြင့် အကဲခတ်၏။ ရန်ပိုထျန်းမူကား၊ လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေကာ လုမင်အား တစ်ချက်ပင်မကြည့်ပေ။

"ကိုင်း၊ ခြင်ဆီသန့်စင်ခြင်းကန်ကို ဖွင့်မယ်"

ဤနေရာတွင် ဆံပင်ဖြူ အဘိုးအိုတချို့ ရှိသည်။ ၎င်းတို့ နဖူးပေါ်ရှိ စိတ်စွမ်းအင်မီးတောက်က ခုန်လွှားသွားသည်တွင် ကမ္မည်းစာများ ပေါ်လာခဲ့၏။ ကမ္မည်းများက တောင်ကုန်းပေါ်သို့ ကျရောက်သွားတော့သည်။

"ခွပ် ခလွပ်"

တောင်ကုန်းက အက်ကွဲသွားကာ ရှေ့ဘက်သို့ ဦးတည်သွားသော ရှေးဟောင်း ကျောက်တုံးပြာ လမ်းကြောင်းတစ်ခုအား ပေါ်လွင်စေခဲ့သည်။

"သွားကြ၊ ခြင်ဆီ သန့်စင်ခြင်းကန်က ပွင့်နေပြီ။ မင်းတို့မှာ အချိန်သုံးရက်ပဲ ​​ရှိတယ်။ သုံးရက် ပြီးတာနဲ့ ထွက်သွာရမှာ"

အကြီးအကဲတစ်ယောက်က သတိပေးလိုက်သည်။ လူတိုင်းက ခေါင်းညိတ်လိုက်၏။

ရန်ပိုထျန်းက ဦးဆောင်ကာ ရှေးဟောင်း ကျောက်တုံးပြာလမ်းဆီသို့ လျှောက်လှမ်းသွားတော့သည်။

ထို့နောက် တိရှန်၊ ကျင်းခုန်းလင်နှင့် လုမင်တို့က တစ်ယောက်ပြီးတစ်ယောက် လျှောက်လာခဲ့ကြသည်။

ရှေးဟောင်း ကျောက်တုံးပြာ လမ်းမကြီးအတိုင်း လျှောက်လှမ်းလာပြီးနောက် သူတို့ရှေ့တွင် ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် မြေကွက်တစ်ခု ပေါ်လာသည်။ မြေပြင်ပေါ်တွင် ကောင်းကင်ရေကန် ကိုးကန်ကဲ့သို့ အလင်းမှုန်မှုန်မှိန်ပျပျ ထွက်နေသော ရေကန် ကိုးကန် ရှိ၏။

'ဒါက ခြင်ဆီ သန့်စင်ခြင်း ရေကန်ပေါ့'

လုမင် အံ့သြသွားခဲ့သည်။ ဤနေရာတွင် ခြင်ဆီသန့်စင်ခြင်းကန် ကိုးခုအထိရှိမည်ဟု သူ မမျှော်လင့်ထားပေ။

သို့သော်လည်း ဧရိယာက ကျယ်သည်မဟုတ်ပါ။ ၎င်းတို့ တစ်ခုစီက အချင်းဝက် မီတာ အနည်းငယ်မျှသာ ရှိသည်။

သူတို့လေးယောက်က တစ်ခုစီရွေးပြီး ခြင်ဆီသန့်စင်ခြင်းကန်သို့ လျှောက်သွားကြလေသည်။

လုမင်က ခြင်ဆီသန့်စင်ခြင်းကန်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် သူ့ပတ်ဝန်းကျင်မှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုစွမ်းအားများက သူ့ခန္ဓာကိုယ်ထဲကို စူးစူးနစ်နစ် တိုးဝင်လာခဲ့၏။

ယင်းက ရေကန်တွင်းမှ စွမ်းအားများ ဖြစ်သည်။

ခြင်ဆီသန့်စင်ခြင်းကန်မှ ရေထဲတွင် လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်သော စွမ်းအားတစ်ခု ရှိ၏။ ဟုတ်ပေသည်၊ ယင်းက ရေသက်သက်တင် မဟုတ်ပေ။ ခြင်ဆီသန့်စင်ခြင်းကန်တစ်ခုလုံးတွင် လုမင်၏ ခန္ဓာကိုယ်ထဲကို ရေစိမ့်ဝင်အောင် ကူညီပေးသော စွမ်းအင်တစ်မျိုး ရှိနေသည်။

ဤအခိုက်အတန့်တွင်၊ လုမင်က သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်များ လျင်မြန်စွာ တိုးတက်လာသည်အား ခံစားလိုက်ရသည်။

မူလက လုမင်၏ ခန္ဓာကိုယ်သည် အဆင့်ကိုးသို့ ရောက်ရှိလာခဲ့သည်။ ယခုတော့ အဆင့်ကိုး၏ အထွတ်အထိပ်ကို အဆက်မပြတ် တိုးတက်လာခဲ့ပြီ။

'ကောင်းလိုက်တာ'

လုမင်က ခပ်တိုးတိုး ညီးညူလိုက်မိသည်။

မူလက ခြင်ဆီသန့်စင်ခြင်းကန်က အလွန်နာကျင်စေသည်ဟု ပြောကြသည်။ သို့သော်လည်း ဤနေရာတွင် နာကျင်မှု လုံးဝမရှိပေ။ ထိုအစား သူဟာ သက်တောင့်သက်သာရှိသကဲ့သို့ ခံစားနေရသည်။

လုမင်လည်း သူ၏ခန္ဓာကိုယ်ရှိ အညစ်အကြေးများနှင့် မသန့်စင်မှုများကို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုဖြင့် သန့်စင်နေကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ ၎င်းက သူ၏ခန္ဓာကိုယ်ကို ပို၍ သန့်စင်လာစေခဲ့ပေသည်။

အချိန်က မြန်စွာကုန်လွန်သွားခဲ့သည်။

ဤသို့ဖြင့် သုံးရက်ကြာမြင့်သွားခဲ့၏။

"ဝှစ်"

လုမင်၏ မျက်လုံးများက တောက်ပလာကာ ခြင်ဆီသန့်စင်ခြင်းကန်မှ ထွက်လာခဲ့သည်။

"ကောင်းလိုက်တာ"

လုမင်လည်း လန်းဆန်းတက်ကြွနေသလို ခံစားခဲ့ရသည်။

ယခုတော့ သူ့ခန္ဓာကိုယ်ဟာ ပြီးပြည့်စုံသွားပြီ။ သူ့ခန္ဓာကိုယ်ကို နတ်သူတော်စင်ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ သန်မာပြီး ဖြူစင်လာခဲ့သည်။

"အဆင့်ကိုး ပြီးပြည့်စုံခြင်း၊ ဒါက ရုပ်ခန္ဓာရဲ့ ကန့်သတ်ချက်ပဲလား"

ဂရုတစိုက် ခံစားမိပြီးနောက် သူ့မျက်နှာတွင် ရွှင်လန်းမှုများ ပြည့်သွားသည်။

သူ၏ ခန္ဓာကိုယ်က ယခုအခါ ပြီးပြည့်စုံပြီး ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဟု ခံစားခဲ့ရ၏။ သူ၏ ခန္ဓာကြံ့ခိုင်မှုက ဆက်လက်တိုးတက်ရန် မဖြစ်နိုင်တော့ပေ။

ဆက်လက်တိုးတက်နေပါက ၎င်းသည် သေမျိုးခန္ဓာကိုယ် မဟုတ်တော့ဘဲ တခြားအဆင့် ဖြစ်မည်။

ကျင်းခုန်းလင်၊ တိရှန်နှင့် ရန်ပိုထျန်းတို့လည်း ပြုံးရွှင်စွာဖြင့် ခြင်ဆီသန့်စင်ခြင်းကန်မှ ထွက်လာခဲ့ကြသည်။ သူတို့လည်း ရိတ်သိမ်းမှုများစွာ ရရှိခဲ့ကြောင်း သိသာထင်ရှားလှပေသည်။

ရန်ပိုထျန်းက ဦးဆောင်ကာ ရှေ့မှ ထွက်သွားသည်။ ထို့နောက် အခြားသူများလည်း ခြင်ဆီသန့်စင်ခြင်းကန်ထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြ၏။

အပြင်မှာတော့ အကြီးအကဲများက စောင့်နေကြဆဲပင်။ သူတို့ ထွက်လာသောအခါ အကြီးအကဲများက ကမ္ပည်းရေးထိုး၍ တောင်ကုန်းကို မူလအခြေအနေသို့ ပြန်ပိတ်ထားလိုက်သည်။

"ဝုန်း… ဝုန်း… ဝုန်း…"

ဤအခိုက်အတန့်တွင် အဝေးမှ မီးအလင်းကိုးခုက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ ဤမြင်ကွင်းက အလွန်ပင် တုန်လှုပ်စရာဖြစ်ပေသည်။

"အဲဒါ…"

လူတိုင်း အံ့အားသင့်သွားသည်။ ယင်းက ကျောက်စိမ်းနံရံများ၏ ဦးတည်ရာဘက်မှဖြစ်ကာ အားလုံး လှမ်းကြည့်လိုက်၏။

ဘာများဖြစ်နေပါသနည်း။

"ဒါက သူတော်စင်အိမ်တော်ပဲလား၊ သူတော်စင်အိမ်တော် ပွင့်ပြီ"

ထျန်းရှအကယ်ဒမီမှ အကြီးအကဲများ စိတ်လှုပ်ရှားကာ အသံများပင် တုန်လှုပ်သွားကြသည်။

"သူတော်စင်အိမ်တော်လား"

လုမင်နှင့် အခြားသူများလည်း အံ့သြသွား၏။

မှတ်တမ်းများအရ ကျောက်စိမ်းနံရံများတွင် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိသည်ဟု ဆိုကြသည်။ ၎င်းက နတ်ရတနာ၊ လျှို့ဝှက်မြေနှင့် ချိတ်ဆက်နေကာ လွန်စွာ လျှို့ဝှက်ဆန်းကြယ်လှပေသည်။

လွန်ခဲ့သော နှစ်သုံးသောင်းခန့အထိ ထိုနတ်ရတနာကို ရံဖန်ရံခါ ဖွင့်နိုင်ခဲ့ကြသည်။ တန်ခိုးရှင်တချို့ကလည်း ဉာဏ်အလင်းများနှင့် နားလည်ဆင်ခြင်ရန် ဝင်ရောက်တတ်ကြ၏။ ထိုနေရာတွင် အခွင့်အလမ်းကောင်းများ ပါရှိသည်။

သို့သော် လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းခန့်က ဗဟိုတိုက်ကြီးတွင် ကြောက်မက်ဖွယ်ကောင်းသော စစ်ပွဲတစ်ခု ဖြစ်ခဲ့သည်။ ရှေးဟောင်းသန့်စင်မင်းဆက်တွင် ပုန်ကန်မှုနှင့် ပြည်တွင်းစစ်ပွဲ ဖြစ်လာခဲ့၏။ ထိုစစ်ပွဲက ရှေးဟောင်း သန့်စင်မင်းဆက်၏ ရှဲ့မိသားစုကို တိုက်ရိုက်အားနည်းစေကာ၊ ဗဟိုတိုက်ကြီးကိုလည်း အုပ်ချုပ်သူနယ်မြေများအဖြစ် ပိုင်းခြားခဲ့ကြသည်။

ထိုစစ်ပွဲကြောင့် ထျန်းရှအကယ်ဒမီလည်း အကြီးအကျယ် ထိခိုက်ခဲ့ပေသည်။ နောက်ဆုံးတွင်၊ နတ်ရတနာကိုဖွင့်ရန် နည်းလမ်းကိုပင် ပျောက်ဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ နတ်ရတနာနှင့် သူတော်စင်အိမ်တော်ကို နောက်ထပ် မဖွင့်နိုင်တော့ပေ။

ယခုတော့ ပြန်ပွင့်လာပြီလော။

"ဝှစ် ဝှစ် ဝှစ်"

မဆိုင်းမတွပင်၊ လုမင်နှင့် အခြားသူများများ ကျောက်စိမ်းနံရံများဘက်သို့ ပျံသန်းသွားကြသည်။

ထိုအချိန်တွင် လုမင်က ကောင်းကင်ယံ၌ ကြီးမားသော အဖြူရောင် ကျောက်စိမ်းနန်းတော်ကြီး ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထျန်းရှအကယ်ဒမီ၏ တောင်ထိပ်အားလုံးမှ အလင်းတန်းများ ထွက်ပေါ်လာကာ ကျောက်စိမ်းနံရံများဆီသို့ ဦးတည်သွားခဲ့၏။

မကြာခင်မှာပဲ လုမင်နှင့် တခြားသူများ ရောက်လာကြတော့သည်။

ဤအချိန်တွင် ကျောက်စိမ်းနံရံများ အားလုံးက တလက်လက် တောက်ပနေခဲ့သည်။ ကမ္ပည်းစာများ ထွက်ပေါ်လာကာ ကောင်းကင်သို့ ပစ်လွှတ်လိုက်သော ကြီးမားသော အလင်းတိုင် ကိုးတိုင်အဖြစ် စုစည်းမိသွား၏။

မီးအလင်းကိုးခု၏ အပြင်ဘက်မှာတော့ မရေမတွက်နိုင်သော လူအုပ်ကြီး ရပ်နေကြပေသည်။

ကျောက်စိမ်းနံရံများတွင် နားလည်သဘောပေါက်သည့် လူများအားလုံး အကြောင်းတစ်ခုခုကြောင့် တွန်းထုတ်ခံရခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

"ဝှစ်"

လုမင် ရောက်လာသည်နှင့် လိပ်ကလေးတစ်ကောင်က လုမင်၏ ပုခုံးပေါ်ကို ခုန်ဆင်းလာသည်။

"တန်တန်၊ ဘာတွေဖြစ်နေတာလဲ"

လုမင်က တန်တန်ကို အသံပို့လွှတ်၍ မေးသည်။

"ဟားဟားဟား၊ လုမင် ဘယ်လိုလဲ၊ ဒီနေရာရဲ့ လျှို့ဝှက်ချက်ကို ငါ ဖော်ထုတ်လိုက်ပြီကွ။ ဒီနေရာက ဝင်္ကပါကို ငါ အသက်သွင်းပြီးပြီ"

တန်တန်က လုမင်ကို ဂုဏ်ယူဝံ့ကြွားစွာဖြင့် အသံပို့လွှတ်၍ ပြောလိုက်သည်။

"မင်းလုပ်ခဲ့တာလား"

လုမင် အနည်းငယ် ဆွံ့အသွား၏။ တကယ်တမ်းတွင်၊ ဤသည်က တန်တန်ကြောင့်ဖြစ်နိုင်သည်ဟု သူမှန်းဆခဲ့သော်လည်း တကယ်ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဒီနေရာက လျှို့ဝှက်နယ်မြေတစ်ခုနဲ့ ချိတ်ဆက်ထားတာကွ။ တကယ်ကို အံ့သြစရာကောင်းတယ်"

တန်တန်က သက်ပြင်းချကာ ပြောလိုက်သည်။

"ဝှစ် ဝှစ်"

ဤအခိုက်အတန့်တွင် ကောင်းကင်ယံ၌ လူများ ပို၍များလာသည်။ အကြီးအကဲများက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်ဖော်ကာ ရောက်လာကြ၏။

'အဓိပဓိ၊ အဓိပတိတွေ အများကြီးပဲ'

လုမင်က ဤအရှိန်အဝါများနှင့် ရင်းနှီးသည်။ ၎င်းက အဓိပဓိ၏ အရှိန်အဝါများ ဖြစ်ချေသည်။

တချို့က သိုင်းတာအို အဓိပဓိများဖြစ်ကာ တချို့ကတော့ ကမ္ပည်းတာအို အဓိပဓိများဖြစ်သည်။ ၎င်းတို့က ဆယ်ယောက်ထက်မနည်း ရှိခဲ့ကြပေသည်။

--------

All Chapters