အခန်း ၁၀၆၆
Vol. 72 Ch. 1066
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1066 ) ကြီးစိုးသောသွေးအေးနန်းတော်။
နောက်ဆုံးတွင်၊ တစ်စုံတစ်ဦးက ဝင်္ကပါအတွင်းမှ ကွာဟချက်များကို ဖော်ထုတ်ပြီး ဂရုတစိုက် ရှေ့ဆက်သွားခဲ့သည်။
သို့သော်လည်း ဝင်္ကပါက တောက်ပလာကာ ဝင်္ကပါအတွင်း၌ လူအများမပြား သေဆုံးသွားတော့သည်။ နောက်ဆုံးတွင် လူတိုင်း ကြောက်လန့်သွားကြပြီ ဖြစ်သည်။
ဝိညာဉ်ဆေးပင်များက ကောင်းမွန်သော်လည်း အသက်ရှင်မှသာ ၎င်းတို့ကို ခံစားနိုင်လိမ့်မည်။ မဟုတ်လျှင် အရာအားလုံးက အချည်းနှီးသာ ဖြစ်သွားမည်။
လူများစွာက ပြန်လည် ဆုတ်ခွာလာကြသည်။ သူတို့က ဤနေရာမှ ထွက်ခွာပြီး အခွင့်အလမ်းများကို ရှာဖွေရန်အတွက် အခြားနေရာများသို့ ဦးတည်သွားရန် စီစဉ်ခဲ့၏။
"ဝှစ် ဝှစ်..."
ရုတ်တရက်၊ သွေးနီရောင်ဝတ်စုံဝတ် လူတစ်စုက ၎င်းတို့ကို ဝိုင်းရံလိုက်၏။ သူတို့အားလုံးက သွေးအေးနန်းတော်မှ ကျွမ်းကျင်သူများ ဖြစ်တော့သည်။
"မင်းတို့ ဘာလုပ်တာလဲ။ ငါတို့လမ်းကို ဘာလို့တားတာလဲ"
တစ်ယောက်က မေးလိုက်သည်။
"ငါတို့ဘာလုပ်နေတာလဲ။ မင်းတို့က ငါတို့သွေးအေးနန်းတော်နဲ့ အတူတူ လိုက်လာကြတာပဲလေ၊ မင်းတို့ တစ်ခုခုတော့ လုပ်ရမှာပေါ့။ မဟုတ်ရင် မင်းတို့ အမှိုက်တွေကို ဘာအတွက် ခေါ်လာရမှာလဲ။ သွား၊ ငါတို့အတွက် လမ်းပြစမ်း"
ထွားကျိုင်းသော အမျိုးသားတစ်ဦးက အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
၎င်းက အသက်လေးဆယ်ကျော် ဖြစ်ကာ လုမင်နှင့် အခြားသူများထက် မျိုးဆက်တစ်ဝက်ခန့် အသက်ကြီး၏။ သူ၏ ချီနှင့် သွေးများက တဟုန်ထိုးတက်လာကာ အစွမ်းထက်သော အရှိန်အဝါရှိသည်။ သူ့၏ ကျင့်ကြံခြင်းအခြေခံကလည်း နားမလည်နိုင်လောက်အောင်ပင်။ ဤတစ်ကြိမ်တွင် သူက သွေးအေးနန်းတော်၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။
"ဘာ၊ မင်းက ငါတို့ရဲ့ အသက်တွေနဲ့ သွေးအေးနန်းတော်အတွက် လမ်းခင်းခိုင်းနေတာပဲ။ မဟုတ်ဘူး၊ ငါ အဲဒါကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး"
လူတစ်ယောက်က ငြင်းလိုက်သည်။
ရှေ့တွင် ဝင်္ကပါများစွာ ရှိခဲ့၏။ သွေးအေးနန်းတော်အတွက် ကင်းထောက်ခြင်းက သေချင်၍ပင် မဟုတ်ပါလား။
"မင်းသဘောမတူဘူးလား။ ဒါဆိုရင် မင်းသေလိုက်"
"ဝှစ်"
သွေးအေးနန်းတော်မှ ထွားကျိုင်းသော အမျိုးသားက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ထိုလူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ ထိုလူက ခုခံချင်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ဖုံးအုပ်ထား၍ မလှုပ်ရှားနိုင်ပေ။
"စွပ်"
ထွားကျိုင်းသောလူ၏လက်က ဓားကဲ့သို့ ထိုလူ၏ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်သည်။ ထိုလူလည်း ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်၏။ လူတိုင်း၏ ထိတ်လန့်သော မျက်လုံးများအောက်တွင်ပင် ထိုလူ၏ ခန္ဓာကိုယ်က ရှုံ့တွပြီး ခြောက်ကပ်နေသော အလောင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"သွေးအေးနန်းတော်ရဲ့ သွေးစုပ်ယူခြင်းစွမ်းရည်"
တစ်ယောက်က တုန်ယင်သောလေသံဖြင့် ပြောကာ သူ့မျက်နှာမှာလည်း ကြောက်ရွံ့မှုတို့ ပြည့်သွားသည်။
"အခု မင်းဝင်မှာလား၊ မဝင်ဘူးလား"
ထွားကျိုင်းသောလူက လူအုပ်ကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။
လူတိုင်း၏ မျက်နှာများ ဖြူဖျော့သွားသည်။
"သွေးအေးနန်းတော်နဲ့ လိုက်ဝင်မယ်ဆိုရင် ကောင်းကောင်းမပြီးမှန်း ငါသိတယ်။ ငါမဝင်ခဲ့သင့်ဘူး"
တစ်ယောက် သက်ပြင်းချလိုက်မိသည်။
သို့သော်လည်း ဤအချိန်တွင် စကားများနေခြင်းက အသုံးမဝင်၍ ရှေ့သို့သာ တိုးသွားနိုင်တော့သည်။
"ကောင်လေး၊ မြန်မြန်သွားစမ်း"
ဟွမ်ကွေ့က သွေးအေးနန်းတော်မှ ဤလူများထဲတွင်ပါလာကာ လုမင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်။
လုမင်က ၎င်းကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမျှမပြောပေ။ သူက အခြားသူများနှင့် ရှေ့သို့လျှောက်သွားသည်။
ရွယ်လော့ကျစ်က လုမင်ကို အေးစက်စက်ဖြင့်ကြည့်ကာ လှောင်ပြောင် ရယ်မောလိုက်သ။
"မြန်မြန်သွားစမ်း၊ မင်းတို့ မသွားရင် သေရမယ်"
ထွားကျိုင်းသောလူက အေးစက်စက်ဖြင့် အော်လိုက်သည်။ သူ့အမည်မှာ ရွယ်ဖုန်းဖြစ်ပြီး သွေးအေးနန်းတော်၏ ယခင်မျိုးဆက်မှ ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်ချေသည်။
လူများစွာက အံကြိတ်ကာ ရှေ့သို့ လှမ်းလျှောက်သွားကြသည်။
အလင်းတဖျပ်ဖျပ်ခတ်ကာ ဝင်္ကပါကြီး ပြန်ပေါ်လာခဲ့၏။ တခဏအတွင်းမှာပင် လူ ဆယ်ဦးကျော် သေဆုံးသွားတော့သည်။
"အား... ဒါက အန္တရာယ်များလွန်းတယ်။ ဒီလိုသွားနေတာက သေတွင်းထဲကို ခုန်ချနေသလိုပဲလေ။ ငါ့ကို သွားခွင့်ပြုပါ၊ တောင်းပန်ပါတယ်"
တစ်ယောက်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ချမ်းသာပေးရန် အော်ဟစ်ခဲ့သည်။
"မင်း နာမည်ဘယ်လိုခေါ်လဲ။ အခြားသူတွေ အဆင်ပြေနေတာ မမြင်လို့လား။ ထပ်အော်ဝံ့ရင် အခုချက်ချင်းသတ်မယ်"
ရွယ်ဖုန်းက ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် ပြောလိုက်သည်။
ဟုတ်ပေသည်၊ တချို့လူများက အဆင်ပြေသည်။ မီတာတစ်ရာခန့် လျှောက်လာပြီးသည့်တိုင် ဝင်္ကပါကို မတွေ့ရသေးပေ။
ဤဒေသ ဝင်္ကပါများဖြင့် ပြည့်နှက်နေသည်တော့ မဟုတ်ပေ။ ကွက်လပ်အချို့ကျန်ရှိပြီး ၎င်းတို့မှ ဖြတ်ကျော်သွားနိုင်သည်။ သို့သော်လည်း ထိုအတွက် အမြင်အာရုံကောင်းမွန်ရန် လိုအပ်ပြီး လူတိုင်းမမြင်နိုင်ပေ။
လုမင်ကတော့ မည်သည့်ပြဿနာမှမရှိဘဲ မီတာတစ်ရာကျော်ခန့်အထိ ရှေ့ကို လျှောက်သွားသည်။
"ဒီကောင်လေးက တော်တော်ကံကောင်းတာပဲ"
ရွယ်လော့ကျစ်က လုမင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်။
ပြီးခဲ့သည့်အခေါက်က လုမင်သည် သူ့ကို ခြင်ဆီ သန့်စင်ခြင်း ရေကန်ထဲသို့ ဝင်ခွင့်မပေးဘဲ ငြင်းဆန်ထားသောကြောင့် ကြိတ်မုန်းကာ သတ်ပစ်ရန် အခွင့်အရေးကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
လုမင်က ပတ်ပတ်လည်ကိုကြည့်ကာ ကွက်လပ်များကို အသေအချာ ဖော်ထုတ်လိုက်သည်။ သူ၏ မြင်နိုင်စွမ်းအရ ဝင်္ကပါမရှိသော နေရာများကို သဘာဝအတိုင်း မြင်တွေ့နိုင်ပေသည်။
သူ့ပုံရိပ်က ဘယ်၊ညာ တဖျပ်ဖျပ်တောက်ပြီးနောက် ခရမ်းရောင်သစ်ပင်လေးတစ်ပင် ပေါက်နေသော တောင်ကုန်းလေးဆီသို့ ရောက်သွားသည်။ ၎င်းက တစ်မီတာသာမြင့်ပြီး ခရမ်းရောင်ကျောက်စိမ်းနှင့် ဆင်တူလှပေသည်။ ၎င်းမှာ အနှစ်သာရပြည့်ဝပြီး အလွန်ထူးခြားသည်။
"ခရမ်းရောင်ရွှေသစ်ပင်"
ဤသစ်ပင်လေးကို လုမင် မှတ်မိသည်။ ၎င်းက အဆင့်ရှစ် ဝိညာဉ်ဆေးပင် ဖြစ်ချေသည်။ ကောင်းစွာစိုက်ပျိုးထားပါက ခရမ်းရောင်ရွှေပင်ကို အဆင့်ကိုး ဝိညာဉ်ဆေးပင်အဖြစ်ပင် ပြောင်းလဲ၍ရသည်။
လုမင်က ခရမ်းရောင်ရွှေပင်ကို တူးဖော်ကာ သိမ်းဆည်းလိုက်လေသည်။ အချိန်ရလျှင် တောင်နှင့်မြစ် ပန်းချီကားတွင် စိုက်ရမည်။
"ဟေ့ကောင်၊ မင်း ဘာလုပ်နေတာလဲ။ ဝိညာဉ်ဆေးပင်ကို သိမ်းဆည်းထားဖို့ ဘယ်သူက ပြောလဲ။ အခု ငါတို့ကို ပေးစမ်း"
ဟွမ်ကွေ့က လုမင်ကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ လုမင်က ဝိညာဉ်ဆေးပင်ကို သိမ်းဆည်းလိုက်ကြောင်း မြင်သောအခါ ချက်ခြင်း လှမ်းအော်လိုက်၏။
"အရူး"
လုမင်က ဟွမ်ကွေ့ကို တစ်ချက်ကြည့်ပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။
"ဘာကွ... မင်း ဘာပြောလိုက်တာလဲ။ မင်း သေချင်နေတာပဲ။ မင်းသေပြီ၊ မင်းသေသွားပြီ"
ဟွမ်ကွေ့က ဒေါသတကြီးဖြင့် အော်လိုက်၏။
ရွယ်ဖုန်းနှင့် တခြားသူများလည်း လုမင်ကို လှမ်းကြည့်လိုက်ကြသည်။
"အိုး၊ လာပြီးတော့ ငါ့ကို သတ်လိုက်လေ"
လုမင်က နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
"မင်း… မင်း နေနိုင်ရင် ဆက်နေစမ်း"
ဟွမ်ကွေ့က လုမင်ကို ခက်ထန်စွာဖြင့် ကြည့်လိုက်သည်။ သူ့မျက်နှာက သုန်မှုန်နေသော်လည်း ရှေ့ကိုတော့ ခြေတစ်လှမ်းပင် မတိုးဝံ့ပေ။
"ငကြောက်"
လုမင်က လှောင်ပြောင်လိုက်သည်။ သူက ဆက်လက်လှုပ်ရှားကာ အခြား ဝိညာဉ်ဆေးပင်ရှိရာကို ဦးတည်သွား၏။ မကြာခင်မှာပဲ လုမင်ဟာ တခြား ဝိညာဉ်ဆေးပင်ကို သိမ်းဆည်းလိုက်တော့သည်။
"မဟုတ်ဘူး၊ သူက ကမ္ပည်းတာအိုကို သိပြီး ဝင်္ကပါထဲက ကွက်လပ်တွေကို မြင်နိုင်တယ်"
ရွယ်လော့ကျစ်က အခြေအနေကို သဘောပေါက်သွားကာ အော်ဟစ်လိုက်သည်။
လုမင်၏ လှုပ်ရှားမှုများက စီးဆင်းနေသော ရေကဲ့သို့ သိမ်မွေ့နေသည်။ သူ့ကံကို စမ်းကြည့်ပုံမပေါ်ဘဲ ကွာဟချက်များကို မြင်နေဟန်ရှိသည်။
"ဟားဟား၊ ဒီငတုံးတွေ"
သူ့ပခုံးပေါ်မှ တန်တန်က ရယ်မောကာ မျက်လုံးများ တောက်ပလာခဲ့၏။ ဤနေရာတွင် ဝိညာဉ်ဆေးပင်များစွာရှိသဖြင့် မျက်ရည်ကျလုနီးပင် ဖြစ်နေတော့သည်။
ဤကာလအတွင်း တန်တန်သည် ဝိညာဉ်ဆေးဝင်ပင် အများအပြားကို စားခဲ့သည်။ သူက အဆက်မပြတ် ပြန်လည်ကောင်းမွန်လာကာ အရာများစွာကို သတိရပြီဟု ခံစားလာမိ၏။ ထိုအတွက် ဤဝိညာဉ်ဆေးပင်များကို မြင်ရသောအခါ သူ၏မျက်လုံးများ တောက်ပလာတော့သည်။
"သေစမ်း"
ရွယ်လော့ကျစ်၊ ဟွမ်ကွေ့၊ ရွယ်ဖုန်းနှင့် အခြားသူများလည်း အံကြိတ်လိုက်ကြသည်။ လုမင်ကို ချက်ချင်းသတ်ရန် မစောင့်နိုင်တော့ပေ။
ဝင်္ကပါအတွင်း၌ ချက်ချင်း အသတ်မခံလိုက်ရသော သူတချို့ကလည်း ငြိမ်သွားခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဝင်္ကပါအတွင်း၌ သွေးအေးနန်းတော်မှ လူများကို ကြောက်နေစရာမလိုပေ။
လုမင်၏ ခန္ဓာကိုယ်က လှုပ်ရှားနေကာ အနည်းဆုံး ဝိညာဉ်ဆေးပင် ခုနစ်ခု သို့မဟုတ် ရှစ်ခုထက်မနည်း သူ့အိတ်ကပ်ထဲသို့ ဝင်သွားခဲ့ကြသည်။
"အမှိုက်တွေချည်းပဲ၊ သေစမ်းပါကွာ။ အခု ကမ္ပည်းကျောက်ကို ထုတ်မယ်"
ရွယ်ဖုန်း၏မျက်နှာတွင် သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာပြီး အဖြူရောင် သလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်သည်။
"ဂိုဏ်းတူအစ်ကိုရွယ်ဖုန်း၊ ခင်ဗျား ကမ္ပည်းကျောက်ကို အခုပဲ သုံးတော့မှာလား"
ရွယ်လော့ကျစ်နှင့် အခြားသူများ အနည်းငယ် စိတ်ဆင်းရဲသွားသည်။
အဓိကအင်အားစုများက ငွေအမြောက်အမြားသုံးစွဲပြီး ၎င်းတို့၏ တပည့်များအတွက် မြင့်မြတ်အိမ်တော်သို့ ဝင်ရောက်ကာ အခွင့်အလမ်းများရရှိရန်အလို့ငှာ လျှို့ဝှက်ရတနာများစွာကို ပြင်ဆင်ပေးခဲ့သည်။
ကမ္ပည်းကျောက်ကလည်း အလွန်ရှားပါးသော ရတနာတစ်ခု ဖြစ်ပေသည်။ အသုံးပြုပြီးသည်နှင့် ၎င်းသည် ဝင်္ကပါကို အေးခဲစေပြီး ပေါက်ကွဲခြင်းမှ ကာကွယ်နိုင်သည်။
လျှို့ဝှက်နယ်မြေအချို့ကို ရှာဖွေခြင်းအတွက် ၎င်းမှာ အကောင်းဆုံးပင် ဖြစ်ချေသည်။
"ဟုတ်တယ်၊ ဒီတောင်က အသေးအဖွဲမဟုတ်ဘူး။ ဒီမှာ ကြီးကျယ်ခမ်းနားတဲ့ ရတနာတွေ ရှိသင့်တယ်"
ရွယ်ဖုန်းက အံကြိတ်ကာ ကမ္ပည်းကျောက်ကို ထုတ်ယူလိုက်သည်။
ရုတ်တရက် ကမ္ပည်းကျောက်က ကွဲအက်သွားကာ အဖြူရောင်အလင်းအလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ရှေ့သို့ ပြေးသွားခဲ့၏။
အဖြူရောင်အလင်းရောင် ဖြတ်သွားသည့်နေရာတိုင်း နှင်းခဲအလွှာနှင့် ဖုံးလွှမ်းသကဲ့သို့ဖြစ်ကာ ဝင်္ကပါအားလုံး အေးခဲသွားတော့သည်။
"ကမ္ပည်းကျောက်ပဲ၊ ဝင်္ကပါကို ချိတ်ပိတ်လိုက်ပြီဟေ့။ သွားကြရအောင်"
"ဝှစ် ဝှစ်"
သွေးအေးနန်းတော်၏ အတင်းအကြပ် ခိုင်းစေခံရသူများက လေထဲသို့ ခုန်တက်ကာ တောင်တန်း၏ နက်ရှိုင်းသောအပိုင်းသို့ ပြေးသွားကြသည်။
"မင်းတို့ သေချင်နေတာပဲ"
သွေးအေးနန်းတော်မှ လူများလည်း အေးစက်စက်ဖြင့်အော်ကာ ထိုသူများနောက်ကို ပြေးလိုက်သွား၏။
ခဏချင်းပင် ပြင်းထန်သေ။ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တော့သည်။
"ငရဲသွား... ကောင်လေး"
ဟွမ်ကွေ့က လုမင်ထံသို့ ပထမဆုံး အပြေးသွားခဲ့သည်။ သူက သွေးလက်သည်းများဖြင့် လုမင်ကို ကုတ်ခြစ်လိုက်၏။
လက်သည်းများက ဓားကဲ့သို့ ထက်မြက်ပြီး လုမင်၏ နှလုံးသားကို ချိန်ရွယ်ထားသည်။ သူက လုမင်၏သွေးကို ခမ်းခြောက်သွားအောင် စုပ်ယူချင်ပေသည်။
"ဝုန်း"
ထိုအချိန်တွင် လုမင်က လှုပ်ရှားပြီး သူ့ကို တဲ့တိုး ဖြတ်ရိုက်ချလိုက်သည်။
--------