အခန်း ၁၀၆၇
Vol. 72 Ch. 1067
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1067 ) ရွယ်လော့ကျစ်။
လုမင်၏ ရိုက်ချက်သည် ကောင်းကင်ကြီးဖြင့် ဖိနှိပ်ထားသကဲ့သို့ ဟင်းလင်းပြင်အား ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။
လက်ဝါးရိုက်ချက် မရောက်မီကပင်၊ ဟွမ်ကွေ့သည် ရာနှင့်ချီသော တောင်များက သူ့အပေါ် ကျရောက်လာသကဲ့သို့ ခံစားရပြီး အသက်တောင် မရှူနိုင်တော့ပေ။
"မဟုတ်ဘူး၊ မဟုတ်ဘူး"
ဤအခိုက်အတန့်တွင် သူ တုန်လှုပ်ချောက်ချားပြီး အလွန် ကြောက်လန့်သွားသည်။ လုမင်၏လက်ဝါးက ကောင်းကင်ကို ဖုံးလွှမ်းသွား၏။
သူ ဟစ်အော်ချင်သော်လည်း မတတ်နိုင်ပေ။
"ဝုန်း"
လုမင်၏ လက်ဝါးရိုက်ချက်က သူ့အပေါ်သို့ ကျရောက်လာသည်။ ဟွမ်ကွေ့ ခန္ဓာကိုယ်သည် အပိုင်းပိုင်းကွဲသွားခဲ့၏။
ဤတစ်ခါတော့ အားလုံး အံ့သြသွားတော့သည်။
ဟွမ်ကွေ့က သွေးအေးနန်းတော်၏ ဒုတိယ ပါရမီရှင်ဖြစ်သော်လည်း လုမင်၏လက်တွင် တစ်ချက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သည်။
"ကောင်လေး၊ မင်းမှာ ခွန်အား ရှိတာပဲ၊ ဒါပေမယ့် သွေးအေးနန်းတော်ရဲ့ ပါရမီရှင်ကို သတ်ဝံ့တယ်။ မင်း သေချင်နေတာပဲ"
ရွယ်လော့ကျစ်က အော်ဟစ်ပြီး လေထဲသို့ ခြေလှမ်းလိုက်သည်။ သွေးအလင်းများက ကောင်းကင်သို့ ထိုးတက်သွားကာ ဓားတစ်လက်အဖြစ် သိပ်သည်းလိုက်၏။ သူက ဓားကိုဖမ်းဆုပ်ကာ လုမင်အား ခုတ်ပိုင်းလိုက်တော့သည်။
လုမင်က ဟွမ်ကွေ့ကို တစ်ချက်တည်းဖြင့် သတ်လိုက်သော်လည်း၊ ရွယ်လော့ကျစ်သည် လုမင်ကို သတ်နိုင်မည်ဟု ယုံကြည်နေဆဲပင်။
ဟွမ်ကွေ့သည် ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားတစ်ဦးသာဖြစ်ပြီး သူကတော့ ဝိညာဉ်နတ်ဘုရား ဖြစ်နေပြီ ဖြစ်သည်။ ဟွမ်ကွေ့ကို သူ့လက်ချောင်းများဖြင့်ပင် သတ်ပစ်နိုင်ပေသည်။
မည်သည့်နေရာမှ ရောက်လာမှန်းမသိသော လုမင်က သူ၏ ပြိုင်ဘက်ဖြစ်နိုင်မည်ဟု သူ မယုံပေ။
"ဝုန်း"
လုမင်က ထပ်မံ ရိုက်ချလိုက်ပြန်သည်။
"ဝုန်း"
လုမင်၏ ရိုက်ချက်က ရွယ်လော့ကျစ်၏ဓားကို ကွဲကြေသွားစေခဲ့သည်။
"ဝှစ်"
လုမင်က ခြေတစ်ချက်လှမ်းကာ ရွယ်လော့ကျစ်ထံသို့ အလင်းစီးကြောင်းကဲ့သို့ ပြေးသွား၏။
"ဂါး… ဂါး…"
ဤဖြစ်စဉ်အတွင်း လုမင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်းသံများ အဆက်မပြတ် ပေါ်လာသည်။ နဂါးစွမ်းအားများက တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာကာ မကြာမီပင် နဂါးစွမ်းအား ငါးခုဖြစ်သွား၏။
ယခုအခါ လုမင်၏ ခန္ဓာကိုယ်က အဆင့်ကိုး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူ၏ နဂါးစွမ်းအင်အားလုံးကို သုံးထားရင်တောင် သူ့အရေပြားတွင် အကြေးခွံများ ပေါ်လာခဲ့မည် မဟုတ်ပေ။ သူက ၎င်းတို့အားလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။
နဂါးစွမ်းအားငါးခု ပေါက်ကွဲလာသည်နှင့် အမျှ လုမင်၏ အင်အားများမှာ သိသိသာသာ တိုးလာသည်။ သူက အတားဆီမဲ့သောကောင်းကင်သိုင်းကို အသုံးပြုကာ ရိုက်ချလိုက်သည်။
"ဂျုန်း"
လုမင်၏ လက်ဝါးက ဟင်းလင်းပြင်ကို ဖန်သားပြင်ကဲ့သို့ အက်ကွဲသွားစေခဲ့၏။ ကြောက်စရာကောင်းသော စွမ်းအားက ရွယ်လော့ကျစ်ကို တကိုယ်လုံး တုန်လှုပ်သွားစေတော့သည်။
"အား၊ မဟုတ်ဘူး"
ရွယ်လော့ကျစ် လန့်သွားသည်။ သူ့ဦးခေါင်းထက်တွင် သွေးမျိုးဆက် ထွက်ပေါ်လာကာ သွေးတောင်ပံလင်းနို့အဖြစ် ပြောင်းသွား၏။ သူက စူးစူးဝါးဝါး အော်ဟစ်လိုက်ရာ အသံလှိုင်းက လုမင်ထံသို့ ပျံသန်းသွားသည်။
သို့သော်၊ လုမင်၏လက်ဝါးရိုက်ချက်က အသံလှိုင်းကို နှစ်ခြမ်းကွဲသွားစေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာကာ သွေးတောင်ပံ လင်းနို့ကို ပြင်းပြင်းထန်ထန် ပေါက်ကွဲသွား၏။
သနားစရာကောင်းသည့် အော်ဟစ်သံနှင့်အတူ သွေးတောင်ပံလင်းနို့က သွေးများပန်းထွက်ရင်း လွင့်ထွက်သွားတော့သည်။
လူတိုင်း အံသြသွားကြသည်။ ဤသည်က မယုံနိုင်စရာပင်။
ဒုတိယတန်းစား ပါရမီရှင် ရွယ်လော့ကျစ်ကို လုမင်က တစ်ချက်တည်းဖြင့် လွင့်စဉ်သွားစေခဲ့သည်။ သူ့သွေးများက ကောင်းကင်တွင် ပြန့်ကျဲနေခဲ့၏။ ဤသည်က မယုံနိုင်စရာပင်။
အနှီလူက မည်သူနည်း။ သူက ကြောက်စရာကောင်းလွန်းသည်။ ယခင်က စိစစ်ရေးတွင် ပါဝင်ခဲ့သောအခါ လုမင်ကို အားနည်းသူဟု ထင်ခဲ့သည်။ ယခုတော့ လုမင်ဟာ သူ၏ စွမ်းရည်များကို ဖုံးကွယ်ထားပုံရပေသည်။ သူ၏ စစ်မှန်သော တိုက်ခိုက်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းသည်။
"သတ်"
လုမင်က လေထဲသို့လှမ်းကာ နဝမနဂါးခြေလှမ်းကို အသုံးပြုခဲ့သည်။ သူက သွေးတောင်ပံလင်းနို့အထက်တွင် ချက်ချင်းပေါ်လာက သူ့ခြေထောက်ဖြင့် နင်းချလိုက်၏။
"ဒုန်း ဒုန်း ဒုန်း"
ကြောက်မက်ဖွယ် စွမ်းအားများက။ ရွယ်လော့ကျစ်ကို ဆက်တိုက် ထိမှန်သွားရာ သွေးအန်ပြီး လူသားအသွင်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။
"ဒုန်း"
လုမင်က ရွယ်လော့ကျစ်၏ နှာခေါင်းကို ပြင်းပြင်းထန်ထန် နင်းလိုက်သည်။ ရွယ်လော့ကျစ်၏ ခေါင်းက မြေပြင်ပေါ်ကျွံ့ဝင်သွားကာ ကြီးမားသော တွင်းပေါက်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ သူက ထိုနေရာတွင် လဲကျကာ သွေးများ အန်နေတော့သည်။
လုမင်၏ ကျင့်ကြံခြင်းအခြေခံက ရွယ်လော့ကျစ်ထက် အနည်းငယ် မြင့်မားသည့် ဝိညာဉ်နတ်ဘုရားနယ်ပယ်၏ အလယ်လတ်အဆင့်တွင် ရှိသည်။ ထို့အပြင်၊ သူ၏ တာအိုငါးခုကလည်း စတုတ္တအဆင့် သေးငယ်သော အောင်မြင်မှုနီးပါးတွင် ရှိ၏။ ယင်းကို နဂါးစွမ်းအားငါးခု ထပ်ပေါင်းလိုက်သောအခါ သူ၏အင်အားက အလွန် ကြောက်စရာကောင်းလာတော့သည်။
ထို့အပြင်၊ လုမင်၏ အတားအဆီးမဲ့သော ကောင်းကင်သိုင်းက ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ပို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။ ထိုအတွက် သူ၏ သွေးမျိုးဆက်ကိုမသုံးဘဲ ရွယ်လော့ကျစ်ကို လုံးဝချေမှုန်းနိုင်ပေသည်။
"ရပ်လိုက်စမ်း၊ ကောင်လေး... မင်း သေချင်နေတာပဲ"
သွေးအေးနန်းတော်မှ လူများလည်း အော်ဟစ်ကာ လုမင်အား တိုက်ခိုက်လိုက်ကြသည်။
လုမင်ကို တိုက်ခိုက်ဝံ့သူတိုင်းက အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ဝန်းကျင်များ ဖြစ်ပေသည်။ ၎င်းတို့က လုမင်နှင့် အခြားသူများထက် ဆယ်နှစ် သို့မဟုတ် နှစ် နှစ်ဆယ်ကြာ ပို၍ လေ့ကျင့်ထားခဲ့၏။ သူတို့၏ ကျင့်ကြံခြင်းကလည်း လွန်စွာ မြင့်မားခဲ့ကြသည်။
ချက်ချင်းပင် ကျွမ်းကျင်သူငါးဦးက လုမင်ကို တိုက်ခိုက်လိုက်ကြသည်။ ၎င်းတို့ထဲမှ သုံးဦးက အဆင့်နှစ် ဝိညာဉ်နတ်ဘုရားဖြစ်ကာ နှစ်ဦးက အဆင့်သုံး ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိ၏။
"သတ်"
လုမင်က နောက်ထပ် နဂါးစွမ်းအားနှစ်ခုကို ပေါက်ကွဲပြီး အော်ဟစ်လိုက်သည်။
နမနဂါးသွေးမျိုးဆက်က နတ်ဘုရားအဆင့်ခုနစ်သို့ ရောက်သောအခါ နဂါးစွမ်းအား ခုနစ်ခု ရှိလာခဲ့၏။
လုမင်၏ စွမ်းအားက အလွန်ပြင်းထန်သည်။ သူက လက်ဝါးတစ်ချက် ရိုက်လိုက်သည်တွင် ဟင်းလင်းပြင်ကို အလွယ်တကူ ကွဲအက်စေသည်။
"ဝုန်း… ဝုန်း… ဝုန်း..."
ချက်ခြင်းပင်၊ လုမင်က လက်ဝါးရိုက်ချက် ငါးချက် ထုတ်ဖော်ကာ ကျွမ်းကျင်သူငါးဦးနှင့် ထိပ်တိုက်တွေ့ခဲ့သည်။
"ဝုန်း... အား..."
အဆင့်နှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ လူသုံးဦးသည် အော်ဟစ်ရင်း ခန္ဓာကိုယ်များ ပေါက်ကွဲသွား၏။ သူတို့က တစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရပြီ ဖြစ်သည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်မှ ကျွမ်းကျင်သူနှစ်ဦးလည်း ဒဏ်ရာအပြင်းအထန် ရခဲ့သည်။ သူတို့ပါးစပ်ထဲမှ သွေးများအန်ထွက်လာကာ ကြောက်လန့်တကြားဖြင့် အမြန် ဆုတ်သွားကြ၏။
"ဒါ…"
အနီးနားရှိ အင်အားစုငယ်များမှ လူများ၏ မျက်လုံးများလည်း သူငယ်အိမ်မှ ကျွတ်ကျလုနီး ဖြစ်သွားတော့သည်။
မူလက လုမင်ကို အားနည်းသူဟု ထင်ခဲ့ကြသော်လည်း ယခုမှ နတ်ဆိုးဘုရင်ဖြစ်ကြောင်း သိသွားခဲ့ရသည်။
သို့သော်လည်း သူတို့သည် အလွန်ပျော်ရွှင်ခဲ့၏။ လုမင်က အားကောင်းလေလေ၊ သူတို့အတွက် ပိုကောင်းလေ ဖြစ်သည်။ သို့မှသာ သူတို့အတွက် သွေးအေးနန်းတော်၏လက်မှ လွတ်မြောက်ရန် အခွင့်အလမ်းရှိလိမ့်မည်။
"ဝါးမျိုလော့"
လုမင်က သူ၏ ဘယ်ဘက်လက်ကို ဖမ်းဆုပ်ဟန်ပြုကာ ဝါးမျိုခြင်းစွမ်းအားများ ထုတ်ဖော်လိုက်သည်။ သူသည် ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်မှ ကျွမ်းကျင်သူသုံးဦးနှင့် အခြားသူများ၏ သွေးအနှစ်သာရကို ဝါးမြိုသွားခဲ့၏။
"လုရှောက်ချင်း၊ မင်းက လုရှောက်ချင်းပဲ"
အသက်မသေသေးသော ရွယ်လော့ကျစ်က အော်လိုက်သည်။
သူသည် ယခင်က လုမင်နှင့် တိုက်ခိုက်ဖူး၍ ဝါးမျိုခြင်းစွမ်းအားကို မှတ်မိသည်။
"ဘာ၊ သူက လုရှောက်ချင်းလား"
လုရှောက်ချင်းအကြောင်းကို ကြားဖူးသူများ အံ့ဩသွား၏။
"သတ်"
လုမင်က ဟိန်းဟောက်ပြီး ဒဏ်ရာရထားသော ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်မှ ကျွမ်းကျင်သူနှစ်ဦးကို တိုက်ခိုက်လိုက်သည်။
သူတို့နှစ်ဦး ထိတ်လန့်သွားကာ အရှိန်ပြင်းပြင်းဖြင့် ပြန်ဆုတ်သွား၏။ သို့သော်လည်း သူတို့၏ အရှိန်က လုမင်နှင့် ယှဉ်၍မရပေ။ လုမင်၏ ခန္ဓာကိုယ်က အလင်းတန်းတစ်ခုကဲ့သို့ဖြစ်ကာ သူတို့အရှေ့တွင် ပိတ်လိုက်သည်။ သူက နှစ်ယောက်စလုံးကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။
နှစ်ယောက်သား အစွမ်းကုန် တွန်းလှန်ခဲ့ကြသော်လည်း အသုံးမဝင်ပေ။ သူတို့လက်များ ပေါက်ကွဲကာ ရင်ဘတ်များပင် ပွင့်ထွက်ကုန်ကြသည်။
"ခွေးမသား၊ မင်း သေချင်နေတာပဲ"
ရွယ်ဖုန်းက အော်ဟစ်လိုက်သည်။ အခြား ကျွမ်းကျင်သူများကလည်း အော်ဟစ်ကာ လုမင်အား တိုက်ခိုက်လိုက်၏။
ဤတစ်ခေါက်တွင် သွေးအေးနန်းတော်က လူရာဂဏန်း အနည်းငယ် ဝင်လာခဲ့ကြသည်။ လူလတ်ပိုင်းအများစုက မြင့်မားသော ကျင့်ကြံခြင်းအခြေခံနှင့် သန်မာသော တိုက်ခိုက်နိုင်စွမ်း ရှိ၏။
ရွယ်ဖုန်းက ကြောက်စရာအကောင်းဆုံး ဖြစ်သည်။ သူက သွေးအလင်းကဲ့သို့ တဖျပ်ဖျပ်တောက်ကာ လုမင်၏ရှေ့တွင် ချက်ချင်း ပေါ်လာသည်။ သူက လုမင်ကို လက်သီးဖြင့် ထိုးချလိုက်၏။ အဆုံးမဲ့ သွေးအလင်းရောင်များ လင်းလက်လာကာ လေထဲတွင် ပြည့်လျှံပြီး လုမင်အား ဖိချလိုက်တော့သည်။
ဤတိုက်ခိုက်မှုက အလွန်ကြောက်စရာကောင်းသည်။ လုမင်လည်း အမူအရာပြောင်းသွားကာ လက်သီးချက် ထုတ်ဖော်လိုက်၏။
လက်သီးနှစ်လုံး ထိပ်တိုက်မိသောအခါ၊ လုမင်၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားကာ အမြောက်ဆံကဲ့သို့ လွင့်ထွက်သွားတော့သည်။ သူသည် မီတာတစ်သောင်းအကွာသို့ လွင့်စဉ်သွားပြီး ပထမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ဝင်တိုက်လိုက်မိ၏။ ထိုကျွမ်းကျင်သူမှာ ပေါက်ကွဲပြီး သေဆုံးသွားတော့သည်။
'သန်မာလိုက်တဲ့အင်အား'
လုမင်၏ လက်သီးက ထုံကျင်သွားကာ သွေးများ ဆူပွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ အနည်းငယ် တုန်လှုပ်သွား၏။
ရွယ်ဖုန်း၏ ခွန်အားက သူ့မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
သူက သွေးအေးနန်းတောမ၏ ထိပ်တန်းပါရမီရှင်ဖြစ်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
"မင်းကများ ငါတို့ ပညာရှင်တွေကို သတ်ဝံ့တယ်။ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး"
ရွယ်ဖုန်း၏ သတ်ဖြတ်ချင်စိတ်များက မြင့်တက်လာသည်။ လုမင်ကို အခြားကျွမ်းကျင်သူများက တိုက်ခိုက်ထားသကဲ့သို့ သူ့ပတ်ဝန်းကျင်တွင်လည်း သွေးအလင်းရောင်များ လင်းလက်လာခဲ့၏။
"သေ၊ လုရှောက်ချင်း... သေစမ်း"
ထိုအချိန်တွင် ရွယ်လော့ကျစ်က ရုန်းကန်ပြီး ပြန်ထလာသည်။ လုမင်ကို စိုက်ကြည့်နေသော သူ့မျက်လုံးများက မီးတောက်မီးလျှံများ ထွက်လာတော့မတတ်ပင်။
သူသည် လုမင်၏ ဖိနှိပ်ခြင်းအား ခံခဲ့ရသည်။ သူ့နှာခေါင်းကိုလည်း လုမင်က နင်းချိုးခဲ့၏။
သူ၏ ဘဝတွင် ဘယ်အချိန်က ထိုကဲ့သို့ အရှက်ခွဲခံရပါသနည်း။ လုမင်အပေါ် သူ၏ မုန်းတီးမှုသည် ဖော်ပြ၍ပင် မရနိုင်တော့ပေ။
--------