အခန်း ၁၀၆၉
Vol. 72 Ch. 1069
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1069 ) သွေးစုပ်နွယ်ရှင်။
"ငါ မင်းကို ငရဲပို့ပေးမယ်"
လုမင်က ပြင်းပြင်းထန်ထန် ပေါက်ကွဲလိုက်သည်။ သူ့ဦးခေါင်းထက်တွင် သွေးတစ်စက် ပေါ်လာခဲ့၏။ ယင်းက တတိယမြောက် သွေးမျိုးဆက် ဖြစ်သည်။
တတိယသွေးမျိုးဆက် ပေါ်လာသည်နှင့် လုမင်၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်အရိပ်အမြွက်များ စိမ့်ဝင်လာတော့သည်။ လုမင်၏ ခန္ဓာကိုယ်မှ တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်ချင်စိတ်များ ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။
လုမင်၏ အနက်ရောင်ဆံပင်များက ချက်ချင်းပင် သွေးနီရောင်ပြောင်းသွားသည်။ သူ၏မျက်လုံးများကလည်း သွေးရောင်ပတ္တမြားကဲ့သို့ နီစွေးကာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွား၏။
"သတ်"
တတိယသွေးမျိုးဆက်၏ စွမ်းအင်ကို ငှားယူပြီးနောက်၊ လုမင်၏ ခွန်အားက သိသိသာသာ တိုးလာသည်။ သူက လက်ဝါးဖြင့် ရိုက်ချလိုက်ရာ တတိယအဆင့် ဝိညာဉ်နတ်ဘုရားတစ်ပါး၏ နတ်ဘုရားအဆင့်ငါး သွေးမျိုးဆက် ပြိုကျသွား၏။ လက်ဝါးရိုက်ချက်က ဆက်လက်တိုးဝင်သွားရာ ထိုသူ၏ခန္ဓာကိုယ်က ပေါက်ကွဲသွားတော့သည်။
"ဝမ်"
သူ၏ ဦးခေါင်းထက်တွင် တတိယသွေးမျိုးဆက်က ဓားတစ်လက်အဖြစ်ပြောင်းကာ သူ့လက်ထဲတွင် ပေါ်လာသည်။ သူ၏ သတ်ဖြတ်ချင်စိတ်များ လွန်စွာ ပြင်းပြလာခဲ့၏။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်က သွေးအေးနန်းတော်မှ ကျွမ်းကျင်သူများကို လွှမ်းခြုံသွားရာ ခေါင်းစခြေအဆုံး တုန်လှုပ်သွားတော့သည်။
"ဝှစ်"
သွေးနီရောင်အလင်းတန်းနှင့်အတူ သွေးနီဓားက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။
"ရွှပ်"
ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူအချို့ ဓားချက်ထိကာ တစ်ချက်တည်းဖြင့် ထက်ပိုင်းပြတ်၍ သေသွားသည်။ ၎င်းတွင် နတ်ဘုရားအဆင့်ငါး သွေးမျိုးဆက်ကို နိုးကြားစေခဲ့သော ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်မှ ကျွမ်းကျင်သူတစ်ဦးပင် ပါဝင်ခဲ့၏။
"အား"
ကျန်သူများလည်း ကြောက်လန့်တကြားအော်ကာ လုမင်အနားမှ ကသောကမျော ဆုတ်ခွာသွားတော့သည်။
"ဒါက ဘယ်လိုဖြစ်တာလ"
မနီးမဝေးမှ၊ ရွယ်ဖုန်း၊ ရွယ်လော့ကျစ်နှင့် အခြားသူများ၏ မျက်လုံးများလည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးကျွတ်ကျလုနီးပါး ပြူးကျယ်သွားကြသည်။ လုမင်က ဘယ်လိုလုပ်ပြီး ဤမျှ ကြောက်စရာကောင်းလာပါသနည်း။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အံ့ဖွယ်ကောင်းလှသည်။
လုမင်က အဆင့်သုံး ဝိညာဉ်နတ်ဘုရားကိုပင် စက္ကန့်ပိုင်းအတွင်းပင် သတ်ပစ်နိုင်ပေသည်။
"သတ်"
လုမင်၏ မျက်လုံးများက အေးစက်နေကာ သူ၏သတ်ဖြတ်ချင်စိတ်များကလည်း ဒီရေကဲ့သို့ပင်။ သူက သွေးနီဓားကို လက်ထဲတွင်ကိုင်ကာ သတ်ဖြတ်ခြင်း နတ်ဘုရားကဲ့သို့ သွေးအေးနန်းတော်မှ ကျွမ်းကျင်သူများကို တိုက်ခိုက်လိုက်သည်။
သူ့ဓားကို လွှဲခုတ်လိုက်သည်နှင့် နောက်ထပ် ဦးခေါင်းအချို့သည် လေထဲသို့ ပျံတက်သွား၏။
"ဝါးမျိုလော့"
ထို့နောက် လက်ဝဲလက်ကိုဆန့်၍ ဖမ်းဆုပ်ဟန်ပြုလိုက်ရာ ဝါးမျိုခြင်း စွမ်းအားများ ထွက်ပေါ်လာတော့သည်။ သူဟာ သွေးအေးနန်းတော်မှကျွမ်းကျင်သူများ၏ သွေးအနှစ်သာရနှင့် စွမ်းအင်များ ဝါးမြိုချင်ခဲ့သည်။ သို့သော်လည်း နောက်အခိုက်တွင် လုမင် အံ့အားသင့်သွား၏။
အကြောင်းမှာ၊ တောင်ပေါ်တွင် သွေးအေးနန်းတော်မှ ပညာရှင်များ၏ သွေးများကို ဝါးမြိုနေသော အားကောင်းသည့် စွမ်းအားတစ်ခုလည်း ရှိနေသေးကြောင်း တွေ့ရှိလိုက်သောကြောင့် ဖြစ်သည်။ လုမင်က ခြေတစ်လှမ်းနောက်ကျသွား၍ အနည်းငယ်မျှသာ စားသုံးနိုင်ခဲ့ပေသည်။ တောင်ပေါ်မှ ထိုစွမ်းအားက သွေးအများစုကို ဝါးမျိုသွားခဲ့သည်။
"ဘယ်လိုဖြစ်တာလဲ"
လုမင် မတုံ့ပြန်ခင်မှာပဲ တောင်ပေါ်မှ ပေါက်ကွဲသံများ ထွက်လာသည်။
သစ်ပင်အမြစ်များနှင့် တူသော တောင်ပေါ်မှ အချွန်အတက်များသည် ရုတ်တရက် ရွေ့လျားသွား၏။ ကျောက်တုံးများက ပွင့်ထွက်ကာ လုမင်နှင့် အခြားသူများဆီသို့ ပစ်လွှတ်လိုက်သော နွယ်ပင်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ရုတ်တရက် စူးစူးဝါးဝါး အော်သံများ ကြားလိုက်ရသည်။ သွေးအေးနန်းတော်မှ လူအချို့သည် အချိန်မီမရှောင်နိုင်ဘဲ နွယ်ပင်များဖြင့် ထိုးဖောက်ခံခဲ့ရ၏။ သူတို့၏ ခန္ဓာကိုယ်များက သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ခြောက်ကပ်သွားတော့သည်။
နွယ်ပင်များသည် မျှော့များကဲ့သို့ တွန့်လိမ်လှုပ်ရှားပြီး သွေးများကို စုပ်ယူခဲ့ကြသည်။
"သွေးစုပ်နွယ်ရှင်၊ ဒါက ဒဏ္ဍာရီလာ သွေးစုပ်နွယ်ရှင်တွေပဲ"
သွေးအေးနန်းတော်မှ လူအချို့က အော်ပြောလိုက်ကြသည်။
'ဒါက သွေးစုပ်နွယ်ရှင်တွေလား'
လုမင်လည်း တိတ်တဆိတ် ထိတ်လန့်သွား၏။
အမှန်တကယ်ပင်၊ တောင်ပေါ်တွင် တွယ်ကပ်နေသော နွယ်ပင်များက သွေးစုပ်နွယ်ရှင်များ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ စပျစ်နွယ်ပင်များဟာ မြေဆီလွှာဖြင့် ဖုံးလွှမ်းသွား၍ မြေဆီလွှာက ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့်ပင် လူတိုင်းက နွယ်ပင်များကို ကျောက်တုံးများဟု ထင်ခဲ့ကြခြင်း ဖြစ်ပေသည်။
မမျှော်လင့်ဘဲ၊ ၎င်းမှာ သွေးစုပ်နွယ်ရှင်များ ဖြစ်နေသည်။
သွေးစုပ်နွယ်ရှင်က ကြောက်စရာကောင်းသော သတ္တဝါ ဖြစ်သည်။ ၎င်းသည် ရှေးခေတ်က ပေါ်ထွန်းခဲ့သော်လည်း ယခုခေတ်တွင် မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့၏။ ၎င်းပေါ်လာတိုင်း၊ ကပ်ဆိုးကြီးနှင့် သွေးမုန်တိုင်းများ ဖြစ်ပေါ်လာတတ်သည်။
အကြောင်းမူ၊ သွေးစုပ်နွယ်ရှင်က သွေးများကို အဆက်မပြတ် စုပ်ယူစားသောက်ကြသောကြောင့် ဖြစ်သည်။ ထိုသို့ပြုလုပ်နေသမျှ ကာလပတ်လုံး ၎င်း၏ စွမ်းအားကလည်း ဆက်လက်တိုးတက်နေလိမ့်မည်။ ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းသည်။
သွေးအေးနန်းတော်၏ တပည့်များစွာလည်း ကြောက်လန့်တကြားဖြစ်ကာ မျက်နှာများ ဖြူဖျော့သွားကြသည်။
"ဝှစ်... ဝှစ်…"
နွယ်ပင်လက်တံများက လေထဲတွင် ဝှေ့ယမ်းလှုပ်ရှားနေသည်။ အချို့မှာ လူထက်ပင် လုံးပတ်ပိုကြီး၏။ ၎င်းတို့က အနှိုင်းမဲ့ကြီးမားပြီး လူအုပ်ကို တိုက်ခိုက်လာတော့သည်။
သွေးအေးနန်းတော်၏ တပည့်များ အဆက်မပြတ် အသတ်ခံခဲ့ရကာ သူတို့၏ သွေးများ ခြောက်သွေ့သွားခဲ့သည်။
၎င်းတို့အနက် ရွယ်ဖုန်းမှာ အများဆုံး တိုက်ခိုက်ခံရသည်။ ရွယ်ဖုန်းက အသန်မာဆုံးဖြစ်ပြီး သွေးစွမ်းအင်များ သိပ်သည်းပေရာ နွယ်ရှင်များက အဓိကထား၍ တိုက်ခိုက်နေတော့သည်။
"သေစမ်း"
ရွယ်ဖုန်း၏ ဦးခေါင်းထက်တွင် သွေးကျားသစ်တစ်ကောင် ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်ချက္ကရ ခုနစ်ခု ရှိပေသည်။
ရွယ်ဖုန်း၏ သွေးမျိုးဆက်က နတ်ဘုရားအဆင်ခုနစ် သွေးကျားသစ် ဖြစ်သည်။ သွေးကျားသစ်အဖြစ်သို့ ပြောင်းလဲပြီးနောက် သူ၏ တိုက်ခိုက်နိုင်စွမ်းသည် အံ့ဖွယ်ဖြစ်လာခဲ့၏။ သွေးကျားသစ်က ၎င်း၏ခြေသည်းများနှင့် ကုတ်ခြစ်လိုက်ရာ လေထဲတွင် အက်ကြောင်းများစွာ ပေါ်လာတော့သည်။
သွေးစုပ်နွယ်ရှင် အများအပြားလည်း ထိခိုက်ခဲ့ရသည်။
လုမင်ကိုလည်း နွယ်ပင်နှစ်ပင်က တိုက်ခိုက်ခဲ့သည်။ သူက သွေးနီရောင်ဓားဖြင့် ခုတ်ထစ်လိုက်ရာ နွယ်လက်တံများ တစ်ခုပြီးတစ်ခု ပြတ်ကျသွား၏။
"ဒီ သွေးစုပ်နွယ်ရှင်က ခုနကမှ နိုးထလာတာကွ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက မသန်မာသေးဘူး၊ အတူတူ လက်တွဲပြီး သတ်လိုက်ကြရအောင်"
ရွယ်ဖုန်းက အော်လိုက်သည်။
"သတ်"
သွေးအေးနန်းတော်မှ ပညာရှင်များ အားလုံးလည်း သွေးမျိုးဆက်များ အသီးသီးထုတ်ဖော်ကာ သွေးစုပ်နွယ်ပင်များကို အတူတကွ တိုက်ခိုက်ခဲ့၏။
"ဝုန်း ဝုန်း…"
ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာကာ ဆက်တိုက်ပေါက်ကွဲကြတော့သည်။
သွေးနီရောင် နွယ်လက်တံများက တစ်ခုပြီးတစ်ခု ပေါက်ကွဲကာ ကျိုးပြတ်သွားရသည်။
အချို့သော စွမ်းအင်များက တောင်ပေါ်သို့ ကျရောက်သွားရာ နေရာအနှံ့မှ ကျောက်တုံးများ ပေါက်ကွဲသွားကြသည်။
"အဲဒါ…"
တောင်ပေါ်ရှိ ကျောက်တုံးများ ပေါက်ကွဲသောအခါ ကျောက်တုံးများအောက်တွင် အမွှေးအမှင်များ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် လူတိုင်း ထိတ်လန့်သွား၏။ ကျောက်တုံးများအောက်တွင် အသွေးအသားများ အမှန်တကယ် ရှိနေသည်။
"ဒါကလည်း မိစ္ဆာသားရဲကောင်ပဲ"
ဤအခိုက်တွင် လူတိုင်း နားလည်သွားကြသည်။
ကျားပုံသဏ္ဍာန် ဤတောင်က အမှန်တကယ် တောင်တစ်လုံးမဟုတ်ပေ။ ၎င်းသည် ကျားပုံသဏ္ဍာန်ရှိသော ဧရာမ မိစ္ဆာသားရဲကြီးဖြစ်ကြောင်း ထင်ရှားသည်။
၎င်းကိုကြည့်ခြင်းအားဖြင့် ကျားပုံသဏ္ဍာန် မိစ္ဆာသားရဲကြီးနှင့် သွေးစုပ်နွယ်ရှင်ုတို့က တိုက်ပွဲကြီးတစ်ခုကို ဆွဲနွှဲခဲ့ပုံရပေသည်။ နောက်ဆုံးတွင် နှစ်ဖက်စလုံး ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။ ကျားပုံသဏ္ဍာန် မိစ္ဆာသားရဲကြီးက နန်းတော်များကြားသို့ ပြုတ်ကျလာသလို သွေးစုပ်နွယ်ရှင်ကလည်း ဒဏ်ရာအပြင်းအထန်ရ၍ သေလုနီးပါး ဖြစ်ခဲ့ပေသည်။ အချိန်အတော်ကြာပြီးနောက် ကျောက်သားအလွှာတစ်ခုက ၎င်းတို့၏ကိုယ်ထည်ကို ဖုံးလွှမ်းသွားကာ တောင်တစ်လုံးသဖွယ် ဖြစ်လာခဲ့ရသည်။
ယခုမူကား သွေးစိမ်းများဖြင့် နှိုးဆွမှုကြောင့် သွေးစုပ်နွယ်ရှင် နိုးထလာခဲ့ပြီ။
"ကျောက်စိမ်းအဆောင်ကို ယူပြီး ဒီနေရာကနေ မြန်မြန်ထွက်သွားကြစို့"
ရွယ်ဖုန်းက အော်ဟစ်လိုက်သည်။
ဤသည်မှာ သွေးဆာနေသော နွယ်ပင်ဖြစ်ပြီး နှစ်ပေါင်းများစွာကြာအောင် ရှင်သန်နေထိုင်ခဲ့သော အမျိုးအမည်မသိ သွေးစုပ်နွယ်ရှင် ဖြစ်သည်။ ကျောက်သားထဲတွင် အချိန်အတော်ကြာအောင် မြှုပ်နှံခဲ့ရသော်လည်း အသက်မသေသေးပေ။ ၎င်းက သူတို့၏နှလုံးသားထဲတွင် အလွန်တရာ ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ရွယ်ဖုန်းဟာ ဆိုးရွားသော ခံစားချက်ကို ခံစားခဲ့ရသည်။ သူ ဆက်မနေရဲတော့ပေ။ သူဟာ ကျောက်စိမ်းအဆောင်ကို အမြန်ယူပြီး ဤနေရာမှ အမြန်ဆုံး ထွက်သွားချင်နေပြီ ဖြစ်သည်။
"ခလွပ် ခလွပ်…"
ထိုအချိန်တွင် ကွဲကြေသံများ ပေါ်လာသည်။
"ဝုန်း"
တောင်က တုန်ခါကာ တောင်အမြင့်ပိုင်းမှ ကျောက်တုံးကြီးများ ပေါက်ကွဲသွား၏။
၎င်းမှာ သွေးစုပ်နွယ်ရှင်၏ အဓိကခန္ဓာကိုယ် ဖြစ်သည်။ သွေးစုပ်နွယ်ရှင် အပြည့်အဝ နိုးထလာတော့မည်။ ယခု လှုပ်ရှားနေသည်မှာ နွယ်လက်တံများ သည်။
၎င်းက ရေဘဝဲကြီးတစ်ကောင်ကဲ့သို့ တလူးလူးတလွန့်လွန့်ဖြင့် လှုပ်ရှားလာခဲ့သည်။
ရွယ်ဖုန်းက သွေးကျားသစ်အဖြစ်သို့ ပြောင်းလဲသွားကာ နွယ်လက်တံများစွာကို ပိတ်ဆို့ထား၏။ အခြားသွေးအေးနန်းတော်မှ တပည့်များက ကျောက်စိမ်းအဆောင်ဆီသို့ ပြေးသွားကြတော့သည်။
"ဝုန်း"
လုမင်က နွယ်လက်တံကို ဓားဖြင့်ခုတ်လိုက်သည်။ ထို့နောက် သူသည်လည်း နဝမနဂါးခြေလှမ်းသုံးကာ ကျောက်စိမ်းအဆောင်ရှိရာသို့ ပြေးသွားတော့သည်။
"သေ"
သွေးရောင်ဓားအလင်း ပေါ်လာသောအခါ ဒါဇင်ချီသာ သွေးအေးနန်းတော်၏ ကျွမ်းကျင်သူများ ထက်ပိုင်းဖြတ်ခံလိုက်ရသည်။
"သူခိုးကောင်၊ ငါမင်းကိုသတ်မယ်"
ရွယ်ဖုန်း၏ မျက်လုံးများက နီရဲသွားကာ ဟိန်းဟောက်လိုက်သည်။ လုမင်က သူတို့ကျွမ်းကျင်သူများစွာကို သတ်ဖြတ်ခဲ့ရာ ရင်နာလွန်း၍ သွေးအန်ချင်နေတော့သည်။
ကံမကောင်းစွာဖြင့်၊ သူတစ်ယောက်တည်းနှင့် နွယ်လက်တံအုပ်ကြီးကို ရင်ဆိုင်နေရကာ လုံးဝမလွတ်နိုင်ခဲ့ပေ။
"ဒီနေ့က မင်းရဲ့သွေးအေးနန်းတော်ကလူတွေ သေရမဲ့နေ့ပဲ"
လုမင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူက ရှေ့ဆက်တိုးကာ နောက်ထပ် လူအနည်းငယ်ကို သတ်ခဲ့၏။
"လုရှောက်ချင်း၊ မင်း... သေစမ်းပါကွာ"
ရှေ့တွင်၊ ရွယ်လော့ကျစ် ထိတ်လန့်သွားခဲ့သည်။ သူက အံကြိတ်ကာ ကျောက်စိမ်းအဆောင်ဆီသို့ ပြေးသွားလိုက်၏။
သူက ကျောက်စိမ်းအဆောင်နှင့် မီတာအနည်းငယ်သာ ကွာဝေးတော့သည်။
သို့သော်လည်း ထိုအချိန်တွင်၊ နွယ်လက်တံတချို့က မြေပြင်မှ ပြေးထွက်လာကာ သူ့ကို ကြာပွတ်များကဲ့သို့ ရိုက်ချလိုက်သည်။
"ချီးပဲ"
သူ ဒေါသတကြီး အော်လိုက်သော်လည်း ပိတ်ဆို့ခံခဲ့ရ၏။
"ဝုန်း ဝုန်း"
ကျောက်တုံးများကလည်း ဆက်လက် ပေါက်ကွဲထွက်ကုန်သည်။ သွေးအေးနန်းတော်မှ ကျွမ်းကျင်သူများအားလုံးကို ပိတ်ဆို့ထားသော နွယ်လက်တံများကလည်း ပို၍ ပေါ်ပေါက်လာသည်။
"လုမင်၊ ငါ့ကို ကျောက်စိမ်းအဆောင်ကို ငါ့အတွက်ထားလိုက်"
တန်တန်က လုမင်ကို အသံပို့လွှတ်၍ ပြောလိုက်သည်။
"ကောင်းပြီ"
လုမင်က တန်တန်ကို ဖမ်းကိုင်လိုက်ကာ ကျောက်စိမ်းအဆောင်ဆီသို့ ပစ်ပေါက်လိုက်၏။ သူကိုယ်တိုင်က ရွယ်လော့ကျစ်ကို စိုက်ကြည့်လိုက်တော့သည်။
သူက ခြေလှမ်းကာ ရွယ်လော့ကျစ်ထံသို့ ပြေးသွားသည်။
--------