အခန်း ၁၀၇၁
Vol. 72 Ch. 1071
အပိုင်း ( 1071 ) မဟာတန်ခိုးရှင်များ၏ နေရာ။
လုမင်က ဤနေရာတွင် ရပ်လိုက်သည်။ ဤအကွာအဝေးက သွေးစုပ်နွယ်ရှင်ပင်ကြီး လိုက်မမီနိုင်အောင် လုံလောက်သည်အထိ အလှမ်းဝေးခဲ့ပြီ။
"တန်တန်၊ အဲဒီကျောက်စိမ်းအဆောင်က ဘယ်လို ရတနာမျိုးလဲ"
လုမင်က တန်တန်ကို စိတ်ဝင်တစား မေးလိုက်သည်။
"ကိုယ့်ဘာသာ ကြည့်လိုက်"
တန်တန်က သူ့ပါးစပ်ကိုဟလိုက်ရာ ကျောက်စိမ်းအဆောင် ထွက်ပေါ်လာသည်။ လုမင် ဖမ်းယူလိုက်၏။
တန်တန်က ဝိညာဉ်ဆေးပင်မဟုတ်လျှင်၊ မည်သည့်အရာကိုမျှ စိတ်မဝင်စားပေ။
"တန်တန်၊ ဒီအတောအတွင်းမှာ မင်းရဲ့ခွန်အားတွေ အတော် တိုးတက်လာပုံရတယ်"
လုမင် ပြောလိုက်သည်။ တန်တန်က သွေးစုပ်နွယ်ရှင်၏လက်မှပင် ကျောက်စိမ်းအဆောင်ကို လုယူကာ အလွယ်တကူ လွတ်မြောက်ခဲ့၏။ လုမင်လည်း ၎င်း၏ခွန်အားကို အတော်ပင် သိချင်သွားမိသည်။
"ဟုတ်တယ်၊ ဒါကြောင့်ပဲ မင်း ငါ့ကို ဝိညာဉ်ဆေးပင်တွေ ပိုပြီးပေးဖို့ ပြောတာပေါ့။ နောက်ပြီး မင်း ကပ်ဘေးဒုက္ခကို ဖြတ်ကျော်တော့ မိုးကြိုးကပ်ဘေးဒုက္ခကို ဝါးမျိုစားသောက်ခဲ့ရတယ်။ အဲဒါက ငါ့အတွက် အရမ်းအာဟာရဖြစ်ပြီး အများကြီးပြန်ကောင်းအောင် ကူညီပေးခဲ့တယ်"
တန်တန်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။
"ကောင်းကင်ကပ်ဘေးဒုက္ခက အရမ်းအာဟာရဖြစ်တာလား"
လုမင် ဆွံ့အသွား၏။ ဤအကောင်က ဆန်းကျယ်လွန်းလှသည်။ သူက မိုးကြိုးကပ်ဘေးဒုက္ခကိုပင် ဝါးမျိုစားသောက်နိုင်ပေသည်။ ၎င်းမှာ ဥတစ်လုံးဘဝကတည်းက အစားကြမ်းခြင်း ဖြစ်သည်။
"ဘယ်လိုလဲ။ ငါ့ရဲ့ ဘုန်းအရှိန်အဝါကြောင့် မင်း လွှမ်းမိုးခံလိုက်ရပြီလား။ ဒါဆိုရင် ငါ့ရဲ့နောက်ကို လိုက်ပါပြီးတော့ ကောင်းကောင်းအစေခံပါ။ မင်းရှေ့မှာ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရလိမ့်မယ်"
တန်တန်က ပို၍ ကျေနပ်လာကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
"ဝင်နေ"
လုမင်က တန်တန်ကို ဆတ်ခနဲဖမ်းကာ တောင်နှင့်မြစ်ပန်းချီကားထဲသို့ ပစ်ထည့်လိုက်၏။
ထို့နောက် သူ့လက်ထဲတွင်ရှိသော ကျောက်စိမ်းအဆောင်ကို ကြည့်ကာ ဝိညာဉ်အသိဖြင့် စူးစမ်းကြည့်လိုက်သည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ပြီးနောက် စိတ်ဝိညာဉ်အား ဝိညာဉ်အသိအဖြစ် သိပ်သည်းနိုင်သည်။ ထိုဝိညာဉ်အသိက မျက်လုံးများထက် သက်ရောက်မှုပိုကောင်းကာ အရာအားလုံးကို အာရုံခံစားနိုင်လိမ့်မည်။
နောက်အခိုက်အတန့်တွင် လုမင်၏ မျက်နှာက ရွှင်လန်းသွားသည်။
"နတ်တံခါး တံဆိတ်တော်ကိုးခု၊ ဒါက တံဆိပ်ခတ်ခြင်းနည်းလမ်း အမျိုးအစားပါလား။ အစွမ်းထက်တဲ့ လျှို့ဝှက်ကျမ်းတစ်ခုပဲ"
လုမင်က တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ပို၍ နားလည်လာလေလေ၊ သူ့မျက်နှာတွင် အံ့ဩခြင်းများ ပို၍ကြီးမားလေလေပင်။
ကျင့်ကြံသူတစ်ယောက်က နတ်တံခါး တံဆိပ်ကိုးခုကို လေ့ကျင့်ပြီးလျှင်၊ ရန်သူအား ချိတ်ပိတ်ရာ၌ အသုံးပြုနိုင်သည်။ ၎င်းကို မြင့်မားသောအဆင့်အထိ လေ့ကျင့်နိုင်ပါက ကောင်းကင်၊ မြေပြင်၊ လူသက်ရှိနှင့် အရာခပ်သိမ်းတို့ကို တံဆိပ်ခတ်နိုင်သည်ဟု ဆိုကြသည်။ ၎င်းက အလွန်ကြောက်စရာကောင်းပေသည်။
"ကောင်းလိုက်တာ၊ တကယ်ကောင်းတာပဲ"
လုမင်လည်း လွန်စွာ ဝမ်းသာသွားမိသည်။
ဤသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်းမရေတွက်နိုင်သော ကာလမှ မြင့်မြတ်အိမ်တော်ရှိ အုပ်ချုပ်သူတစ်ပါး ချန်ထားခဲ့သော လျှို့ဝှက်ကျမ်းတစ်ခု ဖြစ်သည်။ ၎င်းက ပြင်ပကမ္ဘာတွင် နှစ်ပေါင်းများစွာ ကွယ်ပျောက်နေခဲ့ပေသည်။
လုမင်လည်း လျှို့ဝှက်နေရာတစ်ခုကို ရှာဖွေကာ တောင်နှင့်မြစ် ပန်းချီကားတွင်းသို့ ဝင်လိုက်သည်။ ထို့နောက် ဉာဏ်အလင်းသစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ သေသေချာချာ နားလည်ဆင်ခြင်လိုက်၏။
ယခုဆိုလျှင် ဉာဏ်အလင်းသစ်ပင်က အရွက် သုံးရွက်ထွက်ပြီး ပို၍ ထူးကဲလာသည်။ ကြီးမားသော တာအိုရစ်သမ်များက ၎င်းပတ်လည်တွင် ရစ်ပတ်ထား၏။ သစ်ပင်ဘေးတွင် ထိုင်လိုက်သည့်အခါ ထူးကဲသော အခြေအနေတစ်ခုသို့ ရောက်သွားနိုင်သည်။
လုမင်က နတ်တံခါး တံဆိပ်တော်ကိုးခုကို နားလည်ရန် လုံးလုံးလျားလျား အာရုံစိုက်ခဲ့သည်။ တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ အချိန်ကြာလာသည်နှင့်အမျှ အလင်းရောင်က သိပ်သည်းလာကာ တောက်ပသော တံခါးအဖြစ်သို့ အသွင်ပြောင်းလာတော့သည်။ ၎င်းမှာ ထာဝရ နတ်တံခါးတစ်ခုကဲ့သို့ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားသည်။
"ဝှစ်... ဝှစ်"
ရုတ်တရက်၊ လုမင်၏ လက်များက လျင်မြန်စွာ လှုပ်ရှားသွားသည်။ တံဆိပ်တော်များ အစီအရီ ပေါ်လာကာ အလင်းတံခါးအဖြစ် သိပ်သည်းလာခဲ့၏။ အလင်းတံခါးက အရောင်တဖိတ်ဖိတ် တောက်ပနေကာ တန်တန်ကို ဖုံးအုပ်လိုက်တော့သည်။
"ချီး၊ မင်း ဘာလုပ်နေတာလဲ"
တန်တန်၏ ခြေ၊ လက်ကလေးများက ဖိနှိပ်ခံနေရသကဲ့သို့ တုန်ယင်လာသည်။ တန်တန်၏ ခန္ဓာကိုယ်က လင်းလက်လာကာ ကမ္ပည်းဝင်္ကပါအမျိုးမျိုး ပေါ်လာကြ၏။ ထိုအခါမှပင် လွတ်မြောက်သွားတော့သည်။
"မဆိုးဘူး"
လုမင် ပြုံးလိုက်သည်။
သွေးစုပ်နွယ်ရှင်ကြီးပင် တန်တန် ထွက်ပြေးခြင်းမှ မတားဆီးနိုင်ပေ။ ၎င်း၏ လွတ်မြောက်နိုင်စွမ်းက နားမလည်နိုင်လောက်အောင် မြင့်မားသည်။ သို့သော်လည်း ယခုအခါ၊ တန်တန်သည်ပင် သတိလက်လွတ်ဖြစ်ပြီး တံဆိပ်တော်တံခါးမှ ခဏတာ ဖိနှိပ်ခံခဲ့ရသည်။ လုမင်လည်း တံဆိပ်ခတ်တံခါး၏ စွမ်းအားကို အလွန်ကျေနပ်သွားလေသည်။
အခြားသူသာဆိုလျှင်၊ တံဆိပ်ခတ်တံခါးဖြင့် သေချာပေါက် ဖိနှိပ်ခံရမည်ဖြစ်သည်။
ကျွမ်းကျင်သူများအကြားမှ တိုက်ပွဲတစ်ခုတွင်၊ ခေတ္တမျှ ပိတ်လှောင်ခံရခြင်းက သေခြင်း ရှင်ခြင်းကို ဆုံးဖြတ်သွားနိုင်သည်။
ထို့အပြင် လုမင်၏ ကျင့်ကြံခြင်းအခြေခံ တိုးလာသည်နှင့်အမျှ တံဆိပ်ခတ်ခြင်းတံခါး၏ စွမ်းအားသည်လည်း တိုးလာပေဦးမည်။ ၎င်းကို လုမင်၏ ဝှက်ဖဲများထဲမှ တစ်ခုအဖြစ် အသုံးပြုနိုင်သည်။
အထူးသဖြင့်၊ လုမင်သည် ယခုအချိန်ထိ တံဆိပ်ခတ်ခြင်းတံခါးတစ်ခုသာ လေ့ကျင့်နိုင်သေးသည်။ အကယ်၍ အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်ပြီး၍ နတ်တံခါး တံဆိပ်ကိုးခုစလုံးကို အောင်မြင်ခဲ့လျှင်… ယင်းက အမှန်တကယ် ကြောက်စရာကောင်းလိမ့်မည်။
ထို့ပြင် တံဆိပ်ခတ်ခြင်း တံခါးတစ်ခုကို လေ့ကျင့်လိုက်တိုင်း တံဆိပ်ခတ်ခြင်းတံခါး၏ စွမ်းအားက အလွန်တရာ များပြားလာခဲ့မည် ဖြစ်သည်။
'သုံးရက်တောင် ကြာသွားခဲ့ပြီပဲ။ ငါ နောက်ထပ် အချိန်မဖြုန်းနိုင်တော့ဘူး။ မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေက ဝင်ရခဲတယ်။ ဒီအခွင့်အရေးကို ဖြုန်းတီးလို့ မဖြစ်ဘူး'
အတွေးတစ်ခုဖြင့် လုမင်သည် တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ထွက်လိုက်သည်။ ထို့နောက်တွင် ကျပန်း လမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ ပြေးထွက်သွား၏။
တန်တန်သည်လည်း လုမင်၏ ပခုံးပေါ်သို့တက်ကာ ဝိညာဉ်ဆေးပင်များကို လှည့်ပတ်ကြည့်ရင်း လိုက်ပါသွားတော့သည်။
"ဝေါင်း"
သူ့ရှေ့မှ တောင်ထွတ်တစ်ခုတွင် ဧရာမဝံပုလွေတစ်ကောင် ပေါ်လာသည်။ တောင်တစ်လုံးကဲ့သို့ ကြီးမားပြီး တစ်ကိုယ်လုံးတွင် ငွေဖြူရောင် အမွှေးအမှင်များ ရှိ၏။ ၎င်းက ဦးခေါင်းကိုမော့၍ ဟိန်းဟောက်လိုက်ရာ တောင်တန်းတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားရသည်။
"အရမ်းအစွမ်းထက်တယ်"
လုမင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူက အရှိန်အဝါကိုဖုံးကွယ်ကာ ဆုတ်ခွာပြီး အဝေးမှ ကြည့်နေရန် အောက်ဘက် တောင်တန်းတစ်ခုပေါ်သို့ ဆင်းသက်ခဲ့၏။
"ဝုန်း"
ရုတ်တရက်၊ လုမင်၏ ခြေဖဝါးအောက်ရှိ တောင်တန်းက ပြင်းထန်စွာ ရွေ့လျားသွားခဲ့သည်။ ထို့နောက် လေထဲမှပင် ဧရာမဝံပုလွေကြီးဆီသို့ ပျံသန်းသွား၏။
"သေစမ်း"
လုမင် လန့်သွားသည်။ သူ့ခြေထောက်အောက်မှ တောင်တန်းဟာ တကယ်တော့ တောင်တန်းမဟုတ်ဘဲ မြွေကြီးတစ်ကောင်ဖြစ်ကြောင်း ထင်ရှားသည်။
မြွေကြီးက တောင်တန်းကြီးကဲ့သို့ ကြီးမားရှည်လျားလှပေသည်။ ၎င်းသည် တောင်တန်းတစ်ခုလို မလှုပ်မယှက် ရှိနေခဲ့၍ ခန္ဓာကိုယ်ကို ရွှံ့များ၊ ကျောက်ဆောင်များ၊ သစ်ပင်များဖြင့် ဖုံးလွှမ်းထားခဲ့သည်။
"တိုက်တန်စပါးအုံး၊ မဟုတ်သေးဘူး... တိုက်တန်စပါးအုံး မဟုတ်ရင်တောင် အရမ်း နီးစပ်ပြီ"
လုမင်က အော်ဟစ်ကာ ဘေးဘက်သို့ အမြန်ပြေးသွားသည်။
ကံကောင်းထောက်မစွာဖြင့် မြွေကြီးသည် ဧရာမ ငွေရောင်ဝံပုလွေကိုသာ အာရုံစိုက်နေပြီး လုမင်အား ဂရုမစိုက်ခဲ့ပေ။
"ဝေါင်း"
ဧရာမ ငွေရောင် ဝံပုလွေကြီးက ဟိန်းဟောက်ကာ ခြေကုပ်ယူလိုက်သည်။ သူ့ခြေဖဝါးအောက်မှ တောင်ထွတ်သည် လုံးဝ ပြိုကျသွား၏။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက မြွေကြီးပေါ်သို့ လွှားခနဲ ခုန်တက်သွားတော့သည်။
ဧရာမ သတ္တဝါကြီးနှစ်ကောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြရာ မိုးနှင့်မြေက တုန်ခါပြီး တောင်တန်းများ တခဏချင်း ပြိုကျသွားခဲ့သည်။
"အစွမ်းထက်လိုက်တဲ့ မိစ္ဆာသားရဲကြီးတွေ၊ ဒါက ပြင်ပကမ္ဘာက မဟုတ်ဘဲ မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေမှာ မွေးဖွားပြီး ကြီးပြင်းလာတဲ့ အစွမ်းထက် မိစ္ဆာသားရဲကြီးပဲ"
လုမင်လည်း အနားမကပ်ဝံ့ဘဲ ဝေးဝေးမှ ရှောင်ထွက်သွားခဲ့သည်။
ဤသားရဲနှစ်ကောင်က အဆင့်မြင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် သေချာပေါက်ရှိကာ အလွန်ကြောက်စရာကောင်းပေသည်။
"ဒီလျှို့ဝှက်နယ်မြေက အတော်အန္တရာယ်များတာပဲ။ အရင်ကလည်း သွေးဆာနေတဲ့ နွယ်ရှင်ကြီးကို တွေ့ခဲ့ရတယ်။ ငါ ပိုပြီး သတိထားရတော့မှာပဲ"
လုမင်လည်း သူ၏အရှိန်အဝါကို ဖုံးကွယ်ကာ ဂရုတစိုက် ပျံသန်းသွားခဲ့သည်။
မကြာခင်မှာပင် လုမင်ဟာ ချောက်ကမ်းပါးတစ်ခုတွင် ဓားရာ အမှတ်အသားတချို့ကို မြင်လိုက်ရသည်။ ၎င်းတို့ကို ဂရုတစိုက် ခံစားကြည့်သောအခါ တန်ခိုးရှင်ကြီးတစ်ဦး ချန်ထားခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ ဓားတာအို လေ့ကျင့်သူများသာ နားလည်ဆင်ခြင်ပါက ဉာဏ်အလင်းရမည်မှာ သေချာသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းလောက်က တန်ခိုးရှင်တစ်ယောက် ဒီနေရာကို လေ့ကျင့်ဖို့ ရောက်လာဖူးတယ်လို့ ကောလဟာလတွေ ရှိတယ်။ ဒီဓားအမှတ်အသားတွေက ကျင့်ကြံခြင်းမှာ တစ်ခုခုနားလည်သွားလို့ ချန်ထားခဲ့တဲ့အရာ ထင်တယ်"
လုမင် မှန်းဆကြည့်လိုက်သည်။
သို့ဆိုလျှင်၊ လျှို့ဝှက်နယ်မြေတွင်း၌ ထိုသို့သော အမှတ်အသားများစွာ ရှိလိမ့်မည်။ ကိုက်ညီသောအရာကို ရှာတွေ့နိုင်လျှင် ယင်းက အခွင့်ကောင်း ဖြစ်သည်။
လုမင်ကတော့ ဓားတာအိုကို မလေ့ကျင့်သောကြောင့် အကြာကြီး ဆက်မနေတော့ပေ။
လမ်းတစ်လျှောက်တွင် ဝိညာဉ်ပင်များစွာကို တွေ့ရှိခဲ့ရသည်။ လုမင်က အနည်းငယ်သာ သိမ်းဆည်းကာ ကျန်အများစုကို တန်တန်ထံသို့ ပေးခဲ့သည်။
"ရှေ့မှာ တစ်ယောက်ယောက်ရှိနေတယ်"
တစ်ရက်အကြာတွင် လုမင်က သူ့ရှေ့တွင် ပျံဝဲနေသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။
သွေးအေးနန်းတော်မှ မဟုတ်ပဲ အခြားအင်အားစုမှ တစ်စုံတစ်ယောက် ဖြစ်လေသည်။
မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေထဲသို့ ဝင်သောအခါတွင် မတူညီသော ဧရိယာကိုးခုသို့ ဦးတည်သွားသော မီးအလင်းတိုင်း ကိုးတိုင်ရှိသည်။ သို့သော်လည်း၊ ဤနေရာ ကိုးခုသည် ဆက်စပ်နေပြီး အားလုံးက လျှို့ဝှက်နယ်မြေထဲတွင်သာ ရှိပေသည်။
အငြင်းပွားမှုများကို ရှောင်ရှားရန်သာ အဓိက အင်အားစုများက သီးခြားစီ ဝင်ရောက်လာကြခြင်း ဖြစ်သည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ နယ်ပယ်ကိုးခုမှလူများသည် အချင်းချင်း ပြန်လည် ဆုံတွေ့ကြလိမ့်မည်။
လုမင်လည်း ယခုအခါ သူက အခြားနေရာတစ်ခုသို့ ရောက်နေပြီဟု ခန့်မှန်းလိုက်မိသည်။
လုမင်က ရှေ့သို့ ပျံသန်းလာရာ ကျောက်နံရံတစ်ခုအောက်တွင် လူများစွာ စုဝေးနေသည်အား မြင်တွေ့လိုက်ရသည်။
လုမင်က ရှေ့သို့ လှမ်းကြည့်လိုက်ရာ ကျောက်နံရံပေါ်တွင် ထူးဆန်းသော ပုံစံများကို တွေ့လိုက်ရ၏။ အနီးကပ်ကြည့်လျှင်တော့ လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါများ စီးဆင်းနေသည်ကို မြင်တွေ့ကြရလိမ့်မည်။ ဤသည်ကလည်း တန်ခိုးရှင်ကြီးတစ်ဦး နေထိုင်ခဲ့သည့် နေရာဖြစ်ကြောင်း ထင်ရှားသည်။