← Chapters

အခန်း ၁၀၇၇

Vol. 72 Ch. 1077

အခန်း ၁၀၇၇

Vol. 72 Ch. 1077

အပိုင်း ( 1077 ) သိုင်းအုပ်ချုပ်သူအထက် တည်ရှိမှု။

သွေးတံခါးက တောက်ပလာပြီး အလင်းတန်းတစ်ခုကဲ့သို့ ရွယ်ဖုန်းဆီကို ပျံသန်းသွားသည်။ ထို့အပြင်၊ သွေးတံခါးမှ ထုတ်လွှတ်သော အလင်းသည် တံဆိပ်ခတ်ခြင်း အကျိုးသက်ရောက်မှုရှိ၏။ ရွယ်ဖုန်း လုံးဝမလွတ်မြောက်နိုင်ပါ။

သူ့ခန္ဓာကိုယ်က တံဆိပ်ခတ်ခြင်းတံခါး၏ အလင်းရောင်ဖြင့် ဖုံးလွှမ်းခံရကာ မတတ်သာဘဲ တောင့်တင်းသွားပြန်သည်။

"ဝှစ်"

လုမင်၏ ခန္ဓာကိုယ်က အရိပ်တစ်ခုကဲ့သို့ဖြစ်ကာ ရွယ်ဖုန်းဆီသို့ ပြေးသွားသည်။

ရွယ်ဖုန်း အသွင်ပြောင်းထားသော သွေးကျားသစ်က ဒေါသတကြီးဖြစ်ကာ ဟိန်းဟောက်လိုက်၏။ မီးတောင်ပေါက်ကွဲသကဲ့သို့ သွေးအလင်းများ ပေါ်ထွက်လာကာ တံဆိပ်‌တော်ဆံခါးဆီသို့ ပြေးသွားတော့သည်။

ဤတစ်ခါတော့ လုမင်က ပိုမြန်သည်။ သွေးဓားက လေထုကိုဖြတ်ကာ သွေးကျားသစ်၏ခန္ဓာကိုယ်ကို ချက်ခြင်း ထိုးချလိုက်၏။

"ဂါး"

သွေးကျားသစ်က တံခါးကိုဖောက်၍ ထိတ်လန့်တကြားဖြင့်အော်ကာ လုမင်အား လက်ဖြင့်ပုတ်ချလိုက်သည်။

လုမင်၏ အမူအရာ ပြောင်းသွားသည်။ လျင်မြန်စွာပင် သူက လက်ဝါးနှင့်ရိုက်ပြီး သွေးကျားသစ်၏ ခြေသည်းနှင့် တိုက်မိသွား၏။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လုမင်၏ ခန္ဓာကိုယ်က မီတာထောင်ဂဏန်းအကွာသို့ လွင့်စဉ်သွားတော့သည်။ သူ၏ ချီနှင့် သွေးများက ကမောက်ကမဖြစ်ကာ သွေးတစ်လုတ်ကို အန်ထုတ်လုမတတ် ဖြစ်သွားခဲ့ရသည်။

ရွယ်ဖုန်း၏စွမ်းအင်က အားကောင်းလွန်းပေသည်။ သူက လုမင်ဓားနှင့် ထိုးလိုက်ချိန်တွင် တံဆိပ်တော်တံခါးကိုချိုးဖြတ်၍ တန်ပြန်တိုက်ခိုက်ခဲ့သည်။

သို့သော်၊ ရွယ်ဖုန်း အသွင်ပြောင်းခဲ့သော သွေးကျားသစ်သည်လည်း လုမင်၏ ဓားဖြင့်ထိုးခြင်း ခံလိုက်ရပြီးနောက် ကောင်းမွန်သောအခြေအနေမရှိသည်မှာ ထင်ရှားသည်။ ဤအခိုက်တွင် သူက ဟိန်းဟောက်ပြီး ဆက်လက် မတိုက်ခိုက်ဝံ့တော့ပေ။ ထိုအစား အနောက်ပြန်လှည့်ကာ ထွက်ပြေးသွားခဲ့သည်။

လုမင်ကလည်း သူ့နောက်ကို မလိုက်ပေ။ သူ၏ လက်ရှိကျင့်ကြံခြင်းအရ နတ်တံခါးကို ထပ်ပေါင်းလိုက်လျှင် ရွယ်ဖုန်းကို ဒဏ်ရာရစေနိုင်တာ သေချာသည်။ သို့သော် သူ့ကိုသတ်ရန်မူကား မဖြစ်နိုင်သလောက်ပင်။

အကယ်၍ ရွယ်ဖုန်းက အစွမ်းကုန် ပေါက်ကွဲခဲ့လျှင် လုမင်လည်း အခြေအနေကောင်းမည် မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရွယ်ဖုန်း ပျောက်ကွယ်သွားသည်။

ဝူချန်ခုန်းကတော့ ရွယ်ဖုန်း မလွတ်မြောက်ခင်ကတည်းက ထွက်ပြေးသွားခဲ့ပြီ။

နဂါးငါးကြင်းကိုတော့ သူ မယူရဲတော့ပါ။ သူသာ ဆက်နေမည်ဆိုလျှင် လုမင်က သေချာပေါက် သတ်ပစ်မည် ဖြစ်သည်။

တစ်ဖက်တွင် ကျိမိသားစုမှ ကျွမ်းကျင်သူ၏ အမူအရာက ပြောင်းလဲသွားသည်။ နောက်ဆုံးမှာတော့ သူလည်း သက်ပြင်းရှည်ကြီးမှုတ်ထုတ်ကာ လှည့်ထွက်သွားတော့သည်။

သူ၏ တိုက်ခိုက်ခိုက်နိုင်စွမ်းက ဝူချန်ခုန်းနှင့် တန်းတူသာ ဖြစ်သည်။ သူသာ ဆက်နေနေလျှင် သေခြင်းတရားသာ ရှိလိမ့်မည်။

ခဏချင်းပင်၊ လုမင်၊ စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းတို့သာ ရေကန်အထက်တွင် ကျန်ခဲ့သည်။

"အစ်ကိုလု၊ နင် ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် ရုပ်ဖျက်ထားတာလဲ။ နင့်ရဲ့ အရှိန်အဝါကတောင် ပြောင်းသွားတယ်။ ငါ တကယ်ခံစားရတာပဲ"

စန္ဒကူးနတ်သမီးက ပြုံးကာ ပြောလိုက်သည်။

"မတွေ့ချင်တဲ့သူတွေရှိတယ်လေ။ နတ်သမီး၊ ခွင့်လွှတ်ပါ"

လုမင် ပြုံးလိုက်၏။

ထို့နောက်တွင် လုမင်က ရေကန်အတွင်းရှိ နဂါးငါးကြင်းသုံးကောင်ကို ကြည့်ကာ ပြောသည်။

"မင်း နဂါးငါးကြင်းလိုချင်သေးလား"

"ဒီတစ်ခေါက်က အစ်ကိုလုရဲ့ ကျေးဇူးပဲလေ။ မဟုတ်ရင်လည်း ရွယ်ဖုန်းရောက်လာတဲ့အခါ ငါနဲ့ အစ်ကိုခုန်း ဘာမှရဦးမှာ မဟုတ်ပါဘူး။ ဒီနဂါးငါးကြင်းသုံးကောင်က သဘာဝအတိုင်း အစ်ကိုလုပိုင်ဆိုင်ပါတယ်"

စန္ဒကူးနတ်သမီးက ပြောလိုက်သည်။

"နတ်သမီး၊ မင်းက ယဉ်ကျေးလွန်းပါတယ်။ ငါက နှစ်ကောင်ပဲ လိုတာ၊ နောက်တစ်ကောင်က မင်းယူလို့ရတယ်"

လုမင်က ပြုံးကာ ရေကန်မျက်နှာပြင်ပေါ်သို့ ဆင်းသွားသည်။ သူက နတ်တံခါးတံဆိပ်‌တော်ကို အသုံးကပြုကာ နဂါးငါးကြင်းသုံးကောင်ကို ချိတ်ပိတ်လိုက်၏။ ထို့နောက်မှာတော့ သူ့စွမ်းအင်ကို ဧရာမလက်တစ်ဖက်အဖြစ် သိပ်သည်း၍ နဂါးငါးကြင်းသုံးကောင်အား ဖမ်းယူလိုက်တော့သည်။

သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် နဂါးငါးကြင်းနှစ်ကောင် ပျောက်ကွယ်သွားသည်။ လုမင်က ၎င်းတို့ကို တောင်နှင့်မြစ်ပန်းချီကားအတွင်းရှိ ရေအိုင်ငယ်တစ်ခုထဲသို့ စုဆောင်းပေသည်။

နိဗ္ဗာနဆေးလုံးကို ဖော်စပ်ရန် နဂါးငါးကြင်းခန္ဓာများမဟုတ်ဘဲ နဂါးငါးကြင်းများ၏ သွေးအစစ်ကိုသာ လိုအပ်သည်။ ထို့ကြောင့် နဂါးငါးကြင်း နှစ်ကောင်က လုံလောက်ပြီ၊ ထို့ထက် များများယူထားလည်း သိပ်တော့ အသုံးမ၀င်ပေ။

ထိုအတွက်၊ အခြားတစ်ကောင်ကို စန္ဒကူးနတ်သမီးအား ပေးလိုက်၍လည်း ပြဿနာမရှိပါချေ။

"ကျေးဇူးတင်ပါတယ် အစ်ကိုလု"

စန္ဒကူးနတ်သမီး ဝမ်းသာသွားသည်။ သူက ဆေးဆရာတစ်ဦးဖြစ်ရာ ဤနဂါးငါးကြင်းက သူမအတွက် အမှန်တကယ် အသုံးတည့်ပေသည်။

စန္ဒကူးနတ်သမီးက နဂါးငါးကြင်းကိုသိမ်းဆည်းကာ တစ်ခုခုပြောရန် ဟန်ပြင်လိုက်စဉ်မှာပဲ သူ့အမူအရာက အေးခဲသွားသည်။ သူမက အံ့အားသင့်နေသည့် အကြည့်ကို ထုတ်ဖော်ကာ မျက်လုံးပြူးပြီး ရှေ့သို့ စိုက်ကြည့်လိုက်၏။

တစ်ဖက်မှာလည်း ခုန်းရှင်းက ထိုကဲ့သို့ပင်။ အလွန်ထိတ်လန့်စရာကောင်းသော အရာတစ်ခုကို မြင်လိုက်ရဟန်ဖြင့် မျက်လုံးပြူးနေသည်။

လုမင် အနည်းငယ် အံ့သြသွား၏။ သူ လှည့်ကြည့်လိုက်တော့ နောက်အခိုက်အတန့်မှာ သူ့မျက်လုံးများလည်း ချက်ချင်း ပြူးကျယ်သွားတော့သည်။

သူတို့အရှေ့မှ မသိနိုင်သော အကွာအဝေးတစ်ခုတွင်၊ ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခု ပေါ်လာသည်။ အင်မော်တယ်နန်းတော်ကဲ့သို့ အပြင်ဘက်တွင် တိမ်များနှင့် မြူခိုးများလည်း ဝိုင်းရံထား၏။

၎င်းသည် တုနှိုင်းမရလောက်အောင် ကြီးမားသော်လည်း အဆုံးမဲ့နှစ်များကို ဖြတ်ကျော်ခဲ့ရသကဲ့သို့ ထိခိုက်မှုများနှင့် ပြည့်နှက်နေပေသည်။

တစ်ချိန်တည်းမှာပင်၊ အစစ်အမှန်မဟုတ်သလို ပုံရိပ်တစ်ခုကဲ့သို့ ဖြစ်နေပြန်သည်။

"ဒါက ဘယ်လိုနန်းတော်လဲ၊ ခုနက ဘာမှမရှိပါဘူး"

လုမင် အံ့သြသွားသည်။ ခုနက ဘာမှမရှိဘဲ၊ ယခုမှ ဘာကြောင့် ရုတ်တရက်ပေါ်လာပါသနည်း။

"မြင့်မြတ်အိမ်တော်၊ အဲဒါ မြင့်မြတ်အိမ်တော်ပဲ"

ခုန်းရှင်း၏ မျက်လုံးများက ကြီးမားသော စိတ်လှုပ်ရှားမှုတို့ လင်းလက်လာကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

"မြင့်မြတ်အိမ်တော်လား"

စန္ဒကူးနတ်သမီးနှင့် လုမင်တို့ နှစ်ယောက်စလုံး အံ့သြသွားသည်။

ဤလျှို့ဝှက်နယ်မြေကို မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေဟု ခေါ်သော်လည်း လုမင်သည် မည်သည့်အရာကို ဆိုလိုသည်မှန်း မသိပေ။ မမျှော်လင့်ဘဲ၊ မြင့်မြတ်အိမ်တော်တစ်ခု အမှန်တကယ် ရှိခဲ့သည်။

"ဟုတ်တယ်၊ ငါတို့ ထျန်းရှအကယ်ဒမီရဲ့ ရှေးစာပေတွေထဲမှာ၊ ဒီနေရာက မြင့်မြတ်အိမ်တော်တစ်ခု ရှိခဲ့တယ်၊ နောက်ပြီးတော့ အတွင်းထဲမှာ ရှိနေတဲ့ပုဂ္ဂိုလ်က အုပ်ချုပ်သူအဆင့်ထက် သာလွန်တယ်တဲ့"

ခုန်းရှင်းက ကိုယ်တိုင် ကြုံဖူးသကဲ့သို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။

"အုပ်ချုပ်သူထက် သာလွန်တဲ့တည်ရှိမှု"

လုမင်နှင့် စန္ဒကူးနတ်သမီး ပင့်သက်ရှိုက်လိုက်၏။

ရှန်းဟွမ်တိုက်ကြီးတွင် သိုင်းအုပ်ချုပ်သူက အသန်မာဆုံး ဖြစ်သည်။

ကျင့်ကြံသူအားလုံး၏အမြင်တွင် သိုင်းအုပ်ချုပ်သူက အမြင့်မြတ်ဆုံးပင်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းကာ လက်ဝါးတစ်ချက်ဖြင့် မြေကမ္ဘာပြိုပျက်ကာ ကောင်းကင်ကြီးအား ကွယ်ပျောက်စေနိုင်သည်။ ယင်းက အကြွင်းမဲ့ ကြောက်မက်ဖွယ်ကောင်းခဲ့ကြပေသည်။

ကျင့်ကြံသူအားလုံး၏ အဆုံးစွန်ပန်းတိုင်မှာ သိုင်းအုပ်ချုပ်သူဖြစ်လာပြီး ကမ္ဘာကို စိုးမိုးရန် ဖြစ်သည်။

ယခုမူ၊ ဤနေရာ၌ အုပ်ချုပ်သူနယ်ပယ်အထက်မှ တည်ရှိမှုတစ်ခု ရှိနေပါ‌သလော။ ယင်းက လွန်စွာ တုန်လှုပ်ဖွယ်ကောင်းသည်။

"ဒါအမှန်ပဲလား"

လုမင် မေးလိုက်၏။

ခုန်းရှင်းက ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"အတိအကျ ငါလည်း မသိဘူး၊ အဲဒါက ရှေးဟောင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားတာ။ ရှေးဟောင်းစာအုပ်တွေအရတော့ မြင့်မြတ်အိမ်တော်ကို မြင်တွေ့ဖို့ဆိုတာ မရှိသလောက် ရှားတယ်။ သိုင်းအုပ်ချုပ်သူတွေက ဒီနေရာကို ဝင်လာရင်တောင် ဘယ်သူမှ၊ အဲဒါကို မမြင်နိုင်ဘူး။ အဲဒါက အမြဲတမ်း ဒဏ္ဍာရီဖြစ်ခဲ့ပေမယ့် အခုတော့ တကယ်ပေါ်လာခဲ့ပြီပေါ့လေ။ မယုံနိုင်စရာပါပဲ"

ခုန်းရှင်းက သက်ပြင်းကို အထပ်ထပ်အခါခါ ချလိုက်သည်။ သူဟာ အလွန်စိတ်လှုပ်ရှားပြီး လျှို့ဝှက်ချက်များစွာကိုလည်း ထုတ်ဖော်ခဲ့လေသည်။

ရှေးဒဏ္ဍာရီများအရ ဤနေရာတွင် နေထိုင်သော အုပ်ချုပ်သူအထက်မှ တန်ခိုးရှင်ကြီးတစ်ဦး ရှိခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးသည် မြင့်မြတ်အိမ်တော်တံဆိပ်ပြားကို ရရှိပါက၊ မြင့်မြတ်အိမ်တော်သို့ ဝင်ရောက်နိုင်ကာ အခွင့်အလမ်းကောင်းများကို ရယူနိုင့်လိမ့်မည်။ ၎င်းတို့သည် ထိုတန်ခိုးရှင်ကြီး၏ အမွေကို ရယူရန်ပင် အခွင့်အလမ်းပင် ရှိသည်။

ထို့ပြင် မြင့်မြတ်အိမ်တော် တံဆိပ်ပြားက မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေအတွင်း၌သာ ရှိပေသည်။

"ဒီမြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေ တည်ရှိခဲ့တာ နှစ်ပေါင်းသိန်းနဲ့ချီခဲ့ပြီလို့ ပြောကြတယ်။ တကယ်လို့ သိုင်းအုပ်ချုပ်သူအထက် ဖြစ်နေရင်တောင် ဒီလောက်ထိ အသက်ရှည်နိုင်ပါ့မလား"

စန္ဒကူးနတ်သမီးက သံသယတချို့နှင့် ပြောလာသည်။

တန်ခိုးရှင်လမ်းစဉ်က ကောင်းကင်နှင့် ဆန့်ကျင်ဘက်ပင် ဖြစ်ပေသည်။ ကျင့်ကြံမှု မြင့်မားလေလေ၊ သက်တမ်းပိုရှည်လေ ဖြစ်သည်။

သိုင်းအုပ်ချုပ်သူများက အနှစ်တစ်သောင်းမှ နှစ်သောင်းအထိ အသက်ရှင်ရာ ကောင်းကင်ဘုံကို အံတုနေခဲ့ပြီ။ ၎င်းမှာ သက်ရှိသမိုင်းစာအုပ်ကြီးတစ်အုပ်ကဲ့သို့ ကမ္ဘာကြီး၏ပြောင်းလဲခြင်းကို ကြည့်ရှုရင်း နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခြင်းနှင့် ညီမျှသည်။

သို့ရာတွင် သိုင်းအုပ်ချုပ်သူ နယ်ပယ်အထက်မှ တည်ရှိမှုက မည်မျှပင် တန်ခိုးကြီးမားစေကာမူ နှစ်ပေါင်းသိန်းနှင့်ချီ၍ အသက်မရှင်နိုင်လောက်ပေ။ ယင်းက အံ့သြစရာကောင်းလောက်အောင် မယုံနိုင်စရာ ဖြစ်သည်။

ဒဏ္ဍာရီလာ ဘုရားမဟုတ်ရင်။ ဒဏ္ဍာရီအရ နတ်များသည် ကောင်းကင်နှင့် မြေကြီးတို့နှင့်အတူ တည်ရှိနိုင်သည်ဟု ဆိုသော်လည်း ယင်းမှာ ဒဏ္ဍာရီတစ်ခုသာဖြစ်သည်။

"ဒါတော့ ငါလည်း သိပ်မသေချာဘူး"

ခုန်းရှင်းက ခေါင်းခါယမ်းလိုက်သည်။

သို့တိုင် သူတို့မျက်လုံးများက အလင်းရောင်များ တောက်ပနေဆဲပင်။

အုပ်ချုပ်သူအထက်မှ တည်ရှိမှု၊ ယင်းက တုန်လှုပ်စရာကောင်းလွန်းသည်။ ထိုသို့သော နယ်ပယ်တစ်ခုကို ရောက်နိုင်သည်နှင့် တစ်စုံတစ်ယောက်က စိတ်ကူးမယဉ်နိုင်အောင် အစွမ်းထက်မည်မှာ သေချာသည်။ အမှန်အတိုင်းဆိုရလျှင် ၎င်းတို့ထံမှ တစ်ခုခုရရှိနိုင်ရုံဖြင့် အဆုံးမဲ့ အကျိုးရှိပေလိမ့်မည်။

"အူဝူး…"

ဤအခိုက်တွင်၊ သံရှည်ဆွဲ၍ အူသံကြီးတစ်ခုက မြေတပြင်လုံး ပဲ့တင်ရိုက်ခတ်သွားသည်။

သူတို့ သုံးယောက်ဟာ အဝေးမှ တောင်ထိပ်တစ်ခုပေါ်တွင် ငွေရောင်ဝံပုလွေကြီးတစ်ကောင် ပေါ်လာတာကို လှမ်းမြင်လိုက်ရ၏။ ၎င်းက ကောင်းကင်ကိုမော့၍ အော်ဟစ်နေကာ ကြောက်စရာကောင်းသော အရှိန်အဝါများလည်း ပေါ်နေသည်။ သူက ခြေဆောင့်လိုက်ရာ တောင်ထိပ်က ပြိုကျသွား၏။ ငွေရောင်ဝံပုလွေကြီးက မြင့်မြတ်အိမ်တော်ဆီသို့ ပျံသန်းသွားတော့သည်။

"ဝူး"

ကောင်းကင်တွင် တောင်တန်းတစ်ခု ရွေ့လျားသွားပြန်သည်။ ဂရုတစိုက်ကြည့်လိုက်လျှင်တော့ မြင့်မြတ်အိမ်တော်ဆီသို့ ပျံသန်းနေသော မြွေကြီးတစ်ကောင်ဖြစ်ကြောင်း သိရပေလိမ့်မည်။

"ဒုန်း"

မြေပြင်က တုန်ခါသွားပြန်သည်။ မနီးမဝေးသို့၊ တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမား မျောက်ဝံကြီးတစ်ကောင် ခုန်ဆင်းလာရာ မြေပြင်အက်ကွဲပြီး တောင်တန်းများ တုန်လှုပ်သွား၏။

လူတစ်ယောက်ဟာ အချိန်မီ မရှောင်နိုင်ဘဲ မျောက်ဝံကြီး၏ နင်းသတ်ခြင်းအား ခံလိုက်ရသည်။

All Chapters