← Chapters

အခန်း ၁၀၇၈

Vol. 72 Ch. 1078

အခန်း ၁၀၇၈

Vol. 72 Ch. 1078

အပိုင်း ( 1078 ) မြင့်မြတ်အိမ်တော် တံဆိပ်ပြား။

နယ်မြေတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ အစွမ်းထက်သော သားရဲကြီးများ ပေါ်ထွက်လာကာ မြင့်မြတ်အိမ်တော်ဆီသို့ ပျံသန်းသွား၏။ လမ်းတလျှောက်မှာ လူသားကျင့်ကြံသူကို တွေ့လိုက်ပါက ချက်ချင်းသတ်ပစ်ခဲ့သည်။

ဤတွင် အချင်းချင်းသတ်ဖြတ်သည့် အစွမ်းထက် သားရဲများပင် ရှိသေးသည်။

"ဂီး"

စူးရှသော အော်ဟစ်သံနှင့်အတူ ကောင်းကင်က ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ကျဆင်းလာသကဲ့သို့ မှောင်လာသည်။

"မကောင်းတော့ဘူး၊ ပြေး"

လုမင်အမူအရာက ပြောင်းလဲသွားကာ ဘေးကို ချက်ချင်း ထွက်ပြေးသွား၏။

စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းလည်း အမူအရာပြောင်းကာ လုမင်အနောက်မှ ပြေးလိုက်သွားတော့သည်။

လင်းယုန်ကြီးက ဓားသွားကဲ့သို့ ထက်သော မျက်လုံးများဖြင့် သူတို့ သုံးယောက်ကို ကြည့်လိုက်သည်။ အတောင်ပံခတ်သံနှင့်အတူ ကြောက်မက်ဖွယ်ရာ လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာပြီး ၎င်းတို့သုံးဦးဆီသို့ ရွေ့လျားသွား၏။

လေဆင်နှာမောင်း တိုက်ခတ်သွားသည့်နေရာတိုင်းမှ သစ်ပင်များကို မဆိုထားနှင့်၊ တောင်ကြီးများပင် အမြစ်မှကျွတ်ကာ အတွင်းသို့ ပါသွားခဲ့ရသည်။ မြင်ကွင်းက ကြောက်စရာကောင်းပေသည်။

သုံးယောက်သား လေဆင်နှာမောင်းကို ရှောင်ရန် အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ ပြေးသွားသည်။

လင်းယုန်ကြီးက လေဆင်နှာမောင်းကို ထုတ်ဖော်ပြီးသောအခါ၊ လုမင်တို့ကို လျစ်လျူရှု၍ အမြန်ထွက်ခွာသွားတော့သည်။

သူတို့ သုံးယောက်ကတော့ မဝံ့ရဲသေးဘဲ ရှောင်တိမ်းရန် ကိုယ်ဖော့သိုင်းများကို အစွမ်းကုန် ထုတ်ဖော်ခဲ့ရသည်။ မိုင်ထောင်ပေါင်းချီကာ ပျံသန်းလာပြီးမှ လေဆင်နှာမောင်းက အားပျော့၍ လေထဲတွင် ပျောက်ကွယ်သွားလေသည်။

"ဟူး..."

သုံးယောက်သား အသက်ပြင်းပြင်းရှူလိုက်ကြသည်။ ထိုလင်းယုန်ကြီးက အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရား နယ်ပယ်အထက်တွင် သေချာပေါက် ရှိနေပေလိမ့်မည်။ သူ့ခွန်အားက ကြောက်စရာကောင်းလွန်းသည်။

"မြင့်မြတ်အိမ်တော် တကယ်ပေါ်လာပုံရတယ်။ လျှို့ဝှက်နယ်မြေမှာရှိတဲ့ တန်ခိုးကြီးတဲ့ သားရဲတွေအားလုံး လှုပ်ရှားနေကြပြီ"

ခုန်းရှင်းက ပြောသည်။

"မင်းတို့ ဘာဆက်လုပ်မှာလဲ"

လုမင် မေးလိုက်၏။

"ငါတို့ကတော့ တခြားညီအစ်ကိုတွေနဲ့ တွေ့ပြီး အလောင်းအစား လုပ်နိုင်မလားဆိုတာ စောင့်ကြည့်မယ်လေ။ မြင့်မြတ်အိမ်တော်ကနေ အခွင့်အရေးနည်းနည်း ရနိုင်ရင်တောင် အဲဒါက အဆုံးမဲ့ အကျိုးကျေးဇူးတွေ ရလိမ့်မယ်"

ခုန်းရှင်း၏ မျက်လုံးများက စိတ်အားထက်သန်စွာဖြင့် ပူလောင်နေလေသည်။

စန္ဒကူး နတ်သမီးလည်း ခေါင်းညိတ်လိုက်သည်။ ဤတစ်ခေါက်တွင် ဆေးဘုရင်တောင်ကြားမှ အခြားလူတစ်စုလည်း ဝင်ရောက်ခဲ့ကြ၏။ သူမကလည်း သူတို့နှင့် တွေ့ဆုံချင်သည်။

"နတ်သမီး၊ ငါတို့က ဘာလို့ မပူးပေါင်းတာလဲ။ ဆေးဘုရင်တောင်ကြားက ကမ္ပည်းပညာမှာ‌ တော်တယ်။ ငါတို့ ထျန်းရှအကယ်ဒမီကလည်း ကမ္ပည်းထိုးတာနဲ့ သိုင်းပညာမှာ ကျွမ်းကျင်‌သူတွေ ရှိတာပဲ။ အတူတူ ပူးပေါင်းလုပ်ဆောင်မှ အချင်းချင်း ထောက်ပံ့ပြီး အကောင်းဆုံးစွမ်းရည်ကို ဖော်ဆောင်နိုင်မှာပေါ့"

ခုန်းရှင်းက ပြောလိုက်သည်။

"ကောင်းပြီလေ၊ ဒီလိုပဲ လုပ်ကြတာပေါ့။ အစ်ကိုလုကော ငါတို့နဲ့ လိုက်ခဲ့မှာလား"

စန္ဒကူးနတ်သမီးက လုမင်ကို ကြည့်လိုက်သည်။

"မဟုတ်ဘူး၊ ငါ့မှာ တခြားလုပ်စရာတွေ ရှိသေးတယ်လေ။ ငါ အခု သွားရတော့မယ်"

လုမင်က ခေါင်းခါယမ်းကာ သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီး ထွက်သွားသည်။

သူတို့နှစ်ယောက်လည်း စိတ်မကောင်းစရာဟု ခံစားခဲ့ကြရလေသည်။ လုမင်သာ သူတို့နှင့် လက်တွဲခဲ့မည်ဆိုပါက သူတို့၏ အောင်မြင်မှု အခွင့်အလမ်းများ ပို၍များပြားမည်မှာ သေချာသည်။

ထို့နောက်၊ သူတို့နှစ်ယောက်လည်း ထွက်သွားကြသည်။

မြင့်မြတ်အိမ်တော်၏ ထွက်ပေါ်လာခြင်းနှင့်အတူ လျှို့ဝှက်နယ်မြေရှိ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။ ထျန်းရှအကယ်ဒမီမှ လူတိုင်းက လျှို့ဝှက်ချက်အချို့ကို သိကြပေရာ အုပ်ချုပ်သူအထက်ရှိ ကောလာဟလများလည်း ပျံ့နှံ့သွားတော့သည်။ လျှို့ဝှက်နယ်မြေထဲသို့ ဝင်လာသော ကျင့်ကြံသူများလည်း အလွန် စိတ်အားထက်သန်လာကြသည်။ အင်အားစုအသီးသီးမှ ကျွမ်းကျင်သူများက စုရုံးကာ မြင့်မြတ်အိမ်တော်ဆီသို့ ဦးတည်သွားတော့သည်။

လာမင်က ပျံသန်းလာကာ မကြာမီပင် မိစ္ဆာသားရဲ အလောင်းအချို့ကို တွေ့လိုက်ရသည်။ ၎င်းတို့အားလုံး အခြားမိစ္ဆာသားရဲများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပေသည်။ လုမင်က ဆင်းသက်လာကာ ဝါးမျိုခြင်းစွမ်းအားဖြင့် ထိုသားရဲများ၏ သွေး၊ အနှစ်သာရများကို ဝါးမြိုသွားခဲ့သည်။

ဤသည်ကပင် ခုန်းရှင်းနှင့် စန္ဒကူးနတ်သမီးကို သူ စွန့်ခွာသွားရသည့် အကြောင်းရင်းပင်။

ယခုအခါတွင်၊ လျှို့ဝှက်နယ်မြေမှ စွမ်းအားကြီးမားသော မိစ္ဆာသားရဲများ သောင်းကျန်းလာ၍ ကျင့်ကြံသူများစွာနှင့် အားနည်းသော မိစ္ဆာသားရဲ အများအပြား သတ်ဖြတ်ခဲ့ရသည်။ လုမင်က ၎င်းတို့ကို မဖြုန်းတီးချင်ဘဲ ဝါးမျို၍ နောက်တစ်ဆင့်သို့ ဖြတ်ကျော်ချင်ပေသည်။

လမ်းတစ်လျှောက်တွင် လုမင်က သူမြင်သမျှ လူသားနှင့် သားရဲအလောင်းများမှ အနှစ်သာရအားလုံးကို ဝါးမြိုပစ်လိုက်သည်။

သူတို့ထဲတွင် အများစုဟာ ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိခဲ့ကြပေသည်။

လုမင် ဝါးမျိုခဲ့သော စွမ်းအင်များက ပို၍ကြီးမားလာသည်။ တစ်နေကုန်ပြီးနောက်၊ လုမင်သည် ရာနှင့်ချီသော လူသားနှင့် သားရဲများ၏ စွမ်းအင်များကို ဝါးမြိုခဲ့လေသည်။ ထို့နောက် သူသည် လျှို့ဝှက်နေရာတစ်ခုကို ရှာတွေ့ပြီး သန့်စင်ခြင်း စတင်ရန်အတွက် တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်ရောက်ခဲ့သည်။

သွေးအနှစ်သာရ စွမ်းအင်အားလုံးကို နဝမနဂါးသွေးမျိုးဆက် တိုးတက်စေရန်အတွက် အသုံးပြုခဲ့လေသည်။

အခြားစွမ်းအင်အားလုံးကိုတော့ ယွမ်ချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲခဲ့သည်။

လုမင်၏ နယ်ပယ်ကလည်း ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်သို့ စတင်ဝင်ရောက်ခဲ့ပေသည်။

သူ၏ လက်ရှိတာအိုက ကျင့်ကြံခြင်းထက် များစွာ ရှေ့ရောက်နေပေသည်။ သူ့တွင် စွမ်းအင်လုံလောက်သရွေ့ အဆင့်တက်နိုင်သည်။

"ဝုန်း ဝုန်း"

ကြီးကျယ်ခမ်းနားသော စွမ်းအင်များကို ဝိညာဉ််နတ်ဘုရား၌ စုစည်းထားသောကြောင့် ၎င်းကို ပို၍ခိုင်မာလာစေသည်။

ဝိညာဉ်နတ်ဘုရားက သူ၏ဒန်တျန်အတွင်း၌ တင်ပျဉ်ခွေထိုင်နေကာ သူ့တစ်ကိုယ်လုံး တောက်ပပြီး နက်နဲပုံရ၏။

အချိန်အတော်ကြာပြီးနောက်မှာတော့ ကျယ်လောင်သော အသံနှင့်အတူ လုမင်၏ အရှိန်အဝါများ မြင့်မားလာတော့သည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်။ နောက်ဆုံးတွင် လုမင်က ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်သို့ ဖြတ်ကျော်သွားပြီး သူ၏ခွန်အားများလည်း အလွန်တိုးတက်လာခဲ့သည်။

အကယ်၍ ယခုနေ၊ ရွယ်ဖုန်းကို တွေ့ခဲ့ပါက၊ နတ်တံခါး တံဆိပ်ကိုးကို အသုံးမပြုဘဲ သတ်ပစ်နိုင်မည်ဟု လုမင် ယုံကြည်သည်။

လုမင်က မတ်တပ်ထရပ်လိုက်ကာ ခြေလှမ်း၍ တောင်နှင့်မြစ်ပန်းချီကားအပြင်တွင် ပေါ်လာသည်။

"အခု ငါ မြင့်မြတ်အိမ်တော်အတွက် တိုက်ပွဲဝင်နိုင်ပြီ"

လုမင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

အကယ်၍ သူသည် ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်သို့ မရောက်မီက၊ သွားခဲ့မည်ဆိုလျှင် မည်သည့်အကျိုးကျေးဇူးမှ ရရှိနိုင်မည် မဟုတ်ပေ။

ယခင်မျိုးဆက်၏ ထူးချွန်ထက်မြက်သူ အများအပြားလည်း လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်လာခဲ့သည်။ အုပ်စိုးရှင် အင်အားစုတိုင်းတွင် ရွယ်ဖုန်းကဲ့သို့သော ကျွမ်းကျင်ပညာရှင်တစ်ဦး ရှိနိုင်ပြီး ပို၍အားကောင်းသူပင် ရှိကောင်းရှိနိုင်သည်။ ထို့အပြင် ဤအင်အားစုများက လူများစွာ ရှိ၏။ လုမင်သာ ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်တွင် ရှိနေပါက၊ သူသွားလျှင်ပင်၊ သူတို့၏ပြိုင်ဘက် ဖြစ်မည်မဟုတ်ပေ။

ထို့အပြင် ရန်ပိုထျန်းလည်း ရှိခဲ့သည်။

ဘုရင်ငယ်ငါးဦး၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းကာ လျှော့တွက်၍မရပေ။

သို့ရာတွင် အခုအချိန်မှာတော့ လုမင်ဟာ သူတို့အားလုံးကို မဖိနှိပ်နိုင်လျှင်ပင်၊ ဝေစုရရန် လုယက်ဖို့က သူ့အတွက် ပြဿနာဖြစ်မှာမဟုတ်ဘူးဟု ယုံကြည်နေခဲ့သည်။

သူက နဝနနဂါးခြေလှမ်းကိုသုံးကာ အလင်းတန်းတစ်ခုကဲ့သို့ ပြေးထွက်သွားတော့သည်။

မကြာခင်မှာပဲ လုမင်ဟာ ​​မိုင်ပေါင်း မိုင်သိန်းဂဏန်း အနည်းငယ်ခန့် ပျံသန်းလာခဲ့သည်။

"ဝေးလှချည်လား၊ မြင့်မြတ်အိမ်တော်က ဘယ်နားမှာတုန်း"

လုမင် ဆွံ့အသွားသည်။ မိုင်သိန်းဂဏန်းခန့် ပျံသန်းပြီးသည့်တိုင် မြင့်မြတ်အိမ်တော်နှင့် လုံးဝ မနီးကပ်ကြောင်း သူ ခံစားရဆဲပင်။ ၎င်းက မခန့်မှန်းနိုင်လောက်အောင် ဝေးနေဆဲ ဖြစ်သည်။

လုမင်လည်းသန်းချီပြိး ထပ်မံ ပျံသန်းခဲ့လေသည်။ ကံမကောင်းဖြင့်၊ အတူတူဖြစ်ကာ မြင့်မြတ်အိမ်တော်နှင့် နီးစပ်ပြီဟု မခံစားရသေးပေ။

မြင့်မြတ်အိမ်တော်က အင်မော်နယ်နန်းတော်တစ်ခုလို လေထဲတွင် လွင့်မျောနေသည်။

"ဝုန်း"

သူ့​ရှေ့တွင်​ ရုတ်​တရက်​ တုန်​လှုပ်​သွားသည်။​ ကျွမ်းကျင်သူများ အပြင်းအထန် တိုက်ခိုက်နေပုံရ၏။

အဝေးတွင် ကောင်းကင်ကြီးက အဆုံးမဲ့အလင်းရောင်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများက အဆက်မပြတ် တိုက်မိနေ၍ ရောင်စုံအလင်းများ တဖျပ်ဖျပ်ခတ်နေခဲ့၏။

လုမင် အနည်းငယ် အံ့သြသွားသည်။ သူက သူ၏အရှိန်အဝါကို ဖုံးကွယ်ကာ သတိထား၍ ပျံသန်းသွားသည်။

"နတ်သမီး၊ ညီကို ခုန်း"

အောက်တွင် လူရိပ်များစွာကို မြင်တွေ့ရ၏။ စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းလည်း သူတို့ထဲတွင်ပါတင်ရာ လုမင်က နှုတ်ဆက်ရန် အနားလျောက်သွားသည်။

"အစ်ကို လု"

လုမင်ကိုကြည့်ရင်း နှစ်ယောက်စလုံး ပြုံးလိုက်ကြသည်။

"ဘာတွေဖြစ်နေတာလဲ"

လုမင်က မေးလိုက်၏။

"သူတို့က မြင့်မြတ်အိမ်တော် တံဆိပ်ပြားအတွက် တိုက်ခိုက်နေကြတာ"

စန္ဒကူးနတ်သမီးက ပြောလိုက်သည်။

"ဘယ်လို၊ မြင့်မြတ်အိမ်တော်တံဆိပ်ပြား ပေါ်လာပြီလား"

လုမင် အံ့သြသွား၏။

ကောင်းကင်ယံမှ တိုက်ပွဲက မြင့်မြတ်အိမ်တော် တံပြားကြောင့်ဟု သူ မမျှော်လင့်ထားပေ။

ကောင်းကင်ယံ၌ စူးစူးရှရှ အလင်းရောင်များ တောက်ပနေရာ အထဲမှ လူများ၏ မျက်နှာကိုတော့ မမြင်နိုင်ပေ။ လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့် အပြင်းအထန် တိုက်ခိုက်နေသည်ကိုသာ မြင်တွေ့ရနိုင်သည်။ ၎င်းတို့အားလုံးက တန်ခိုးကြီးပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများ ဖြစ်ချေသည်။ စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းပင်လျှင် မစွတ်ဖက်နိုင်ဘဲ အောက်မှ စောင့်ကြည့်နေနိုင်သည်။

အောက်မှ ကြည့်နေသူများမှာ မနည်းပေ။ လုမင်ဟာ ကောင်းကင်လင်းယုန်ခံတပ်မှ ရင်ပီဖိုနှင့် အခြားကျွမ်းကျင်သူအချို့ကို တွေ့ခဲ့သည်။

ထို့အပြင် နတ်ဆိုးတောင်တန်းနှင့် ကျိမိသားစုမှ လူများသည်လည်း ထိုနေရာတွင် ရှိနေသည်။

အားလုံးက ကောင်းကင်သို့မော့ကာ တိုက်ပွဲ၏တိုးတက်မှုကို စောင့်ကြည့်နေခဲ့သည်။

"ဝုန်း"

ထိုစဉ်၊ ကြီးမားသော ပုံရိပ်တစ်ခုက မြေပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျသွား၏။

၎င်းက လင်းယုန်တစ်ကောင်ဖြစ်ပြီး သူ့ခန္ဓာကိုယ်တွင် လျှပ်စီးများ လင်းလက်နေသော်လည်း အသက်ဓာတ် မရှိတော့ပေ။ သူ သေသွားပြီ။

"မျိုးနွယ်တူအစ်ကို"

ရင်ပီဖိုနှင့် အခြားလူများလည်း ဒေါသတကြီး အော်ဟစ်ကြသည်။ ဤအလင်းလင်းယုန်က ကောင်းကင်လင်းယုန်ခံတပ်၏ ယခင်မျိုးဆက်မှကျွမ်းကျင်သူဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

"ဝှစ်"

ဤအခိုက်အတန့်တွင် အခြားပုံရိပ်တစ်ခု ကျဆင်းလာပြန်သည်။

၎င်းက အသက်သုံးဆယ်ကျော်အရွယ် အဖြူရောင်ဝတ် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် မသေသော်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့၏။ အဖြူရောင် သူ့ဝတ်စုံက သွေးများဖြင့် စွန်းထင်းနေခဲ့သည်။

All Chapters