အခန်း ၁၀၇၉
Vol. 72 Ch. 1079
အပိုင်း ( 1079 ) ဘုရင်ငယ်များ၏ တိုက်ပွဲ။
"ဂိုဏ်းတူအစ်ကို လော့"
ခုန်းရှင်း၏ အမူအရာက ပြောင်းလဲသွားကာ အမြန်လျှောက်သွားသည်။
ထင်ရှားသည်မှာ၊ ဤလူက ထျန်းရျအကယ်ဒမီမှ ကျွမ်းကျင်သူ ဖြစ်သည်။
"ဟင်း၊ ငါက သူတို့နဲ့ မယှဉ်နိုင်ဘူး။ မြင့်မြတ်အိမ်တော် တံဆိပ်ပြားကို မရတော့ဘူး"
ဂိုဏ်းတူအစ်ကိုလော့ဆိုသူက သက်ပြင်းချလိုက်သည်။
ခုန်းရှင်းနှင့် စန္ဒကူးနတ်သမီးတို့လည်း ထိတ်လန့်သွား၏။
အစ်ကိုလော့က ထျန်းရှအကယ်ဒမီ၏ ယခင်မျိုးဆက်မှ နံပါတ်တစ် ပါရမီရှင် ဖြစ်ပေသည်။ သူက နတ်ဘုရားအဆင့်ခုနစ် သွေးမျိုးဆက်ကို နိုးထထားကာ အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိသည်။ သူက ရွယ်ဖုန်းထက်ပင် အားမနည်းသော်လည်း ဤတိုက်ပွဲတွင် အရေးမသာခဲ့ပေ။
လူအရေအတွက် လျော့နည်းသွားသော်လည်း တိုက်ပွဲမှာ ပို၍ ပြင်းထန်လာခဲ့သည်။ ကြောက်မက်ဖွယ် လှိုင်းလုံးများကလည်း မိုင်ထောင်ချီကာ ပျံ့နှံ့သွား၏။ ဟင်းလင်းပြင် ပျက်ဆီးလွယ်သော စာရွက်တစ်ရွက်ကဲ့သို့ တွန့်လိပ်နေခဲ့ရသည်။
"ဝုန်း ဝုန်း"
တဖြည်းဖြည်းနှင့် တိုက်ပွဲမှ ထွက်လာရသူများ ပို၍များလာသည်။
တိုက်ပွဲမှ လူလေးဦးမှာ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ သူတို့အားလုံး ဒဏ်ရာအပြင်းအထန်ရကာ တိုက်ပွဲကို ကြောက်ရွံ့စိတ်ဖြင့် မော့ကြည့်လိုက်၏။
လုမင်လည်း ကောင်းကင်တွင် အပြင်းအထန် တိုက်ခိုက်နေသော
ပုံရိပ်နှစ်ခုသာ ကျန်ရှိတော့ကြောင်း မြင်ခဲ့ရသည်။
"ဝုန်း ဝုန်း"
နတ်ဘုရားနှစ်ပါး တိုက်ခိုက်နေသကဲ့သို့ ပေါက်ကွဲသံများကို အဆက်မပြတ်ကြားနေခဲ့ရသည်။
"ဂျုန်း"
ဟင်းလင်းပြင်က အက်ကွဲသွား၍ အလင်းရောင်မှိန်သွားသောအခါ လူတိုင်းရှေ့တွင် ပုံရိပ်နှစ်ခု ပေါ်လာခဲ့၏။
နှစ်ယောက်စလုံးက အရပ်မြင့်ပြီး အရှိန်အဝါကြီးကာ ခန္ဓာကိုယ်ကြံ့ခိုင်သည်။
သူတို့ထဲတွင် တစ်ယောက်က လက်ထဲတွင် နှစ်ဖက်သွား ဓားလှံကို ကိုင်ထားသည်။ သူက အနက်ရောင် ဆံပင်များကို နောက်ကျောတွင် ဖြန့်ချထားကာ တုန်လှုပ်ဖွယ်ရာ အရှိန်အဝါများရှိ၏။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူ့ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က အဆက်မပြတ် တွန့်လိမ်နေကာ ရေလှိုင်းကဲဲ့သို့ စက်ဝိုင်းပုံ လှိုင်းဂယက်များ ဖြစ်ပေါ်လာရသည်။
ရန်ပိုထျန်း။
ထိုလူက အမှန်တကယ် ဘုရင်ငယ်ငါးပါးမှ ရန်ပိုထျန်း ဖြစ်သည်။
တခြားလူကတော့ ရန်ပိုထျန်းထက်ပင် ကိုယ်ခန္ဓာ ထွားကျိုင်းကာ ကြွားသားများ ဖုထစ်နေသည်။ သူ့လက်ထဲမှာတော့ ကြီးမားသော တင်းပုတ်ကြီးတစ်ခုကို ကိုင်ထားသည်။
ထိုလူက အသက်မကြီးမသေးဘဲ အသက်သုံးဆယ်ထက်ပင် မပိုသေးပေ။ သူဟာ လုမင်နှင့် မျိုးဆက်တူ ဖြစ်သည်။
မျိုးဆက်သစ်လူငယ် ပါရမီရှင်တစ်ဦးက ရန်ပိုထျန်းနှင့် အမှန်တကယ် တိုက်ခိုက်နိုင်နေသည်။ ထိုလူငယ်ကား မည်သူနည်း။
"အဲဒီလူက မြောက်ပိုင်းလွင်ပြင်ကပါ၊ သူ့ကို မြောက်ပိုင်းလွင်ပြင်ရဲ့ နံပါတ်တစ် ပါရမီရှင်လို့ လူသိများတယ်။ သူအရင်က ရန်ပိုထျန်းနဲ့ တိုက်ခဲ့ဖူးတယ်လို့ ငါကြားတယ်"
ခုန်းရှင်းက လေသံတိုးတိုးဖြင့် ရှင်းပြသည်။
လုမင် ရုတ်တရက် နားလည်သွား၏။ ၎င်းက မြောက်ပိုင်းလွင်ပြင်၏ ပါရမီရှင် ဖြစ်နေသည်။ မြောက်ပိုင်းလွင်ပြင်မှ လူတစ်ယောက်က ရန်ပိုထျန်းနှင့် သရေကျခဲ့ကြောင်းကို သူကြားဖူးပေသည်။
သူတို့နှစ်ယောက်ကြားတွင် ရွှေရောင်တံဆိပ်ပြားတစ်ခုက အှုံ့မှိုင်းနေသော အလင်းများကိုထုတ်ဖော်ကာ လွင့်မျောနေသည်။
လုမင်၏ မျက်လုံးများက တောက်ပလာသည်။ ၎င်းက မြင့်မြတ်အိမ်တော်၏ တံဆိပ်ပြားပင် ဖြစ်လိမ့်မည်။
"ထိုပါ့ရှီ၊ ဒီနေ့ ဒါကို ဖြေရှင်းလိုက်ရအောင်"
ရန်ပိုထျန်းက ပြောလိုက်သည်။ သူ့လက်ထဲမှ ဓားလှံကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာခဲ့၏။ သူ၏ အရှိန်အဝါများက ကြမ်းတမ်းကာ သူ့ဆံပင်များကလည်း လေထဲတွင် ကခုန်နေသည်။ ၎င်းက စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဒါက ငါလိုချင်တာ အတိအကျပဲ"
ထိုပါ့ရှီကလည်း ပြုံးလိုက်သည်။ သူ့တင်းပုတ်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ကျယ်လောင်သော လေတိုးသံများ ပေါ်လာခဲ့၏။
စွမ်းအင်လှိုင်းလုံးများ တဟုန်ထိုး တက်လာပြီးနောက် မြင့်မြတ်အိမ်တော်၏တံဆိပ်ပြားကို ကောင်းကင်သို့ ပို့လွှတ်လိုက်ပြန်တော့သည်။
တစ်ချိန်တည်းမှာပင် နှစ်ယောက်သား လှုပ်ရှားကြပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။
ရန်ပိုထျန်းက ဟင်းလင်းပြင်တာအိုကို နားလည်ထားကာ အသုံးပြုမှုကလည်း တိရှန်ထက် ပို၍ကြောက်စရာကောင်းသည်။ တစ်ချိန်တည်းမှာပင်၊ သူသည်အခြား တာအို၏ ထောက်ပံ့မှုလည်း ရှိသေးသည်။ သူက ဓားလှံနှင့် ထိုးခုတ်လိုက်ချိန်တွင် ဟင်းလင်းပြင်က အလွှာလိုက် ပြတ်ကျသွားရသည်။
ထိုပါ့ရှီ၏ ကြွက်သားများကလည်း မမြင်နိုင်သော စစ်သည်တော်များကဲ့သို့ ရုန်းကြွလာသည်။ သူ့တင်းပုတ်က လေထဲတွင် ကခုန်နေကာ သူ့လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ချေမှုန်းပစ်လိုက်၏။ ဓားလှံနှဂ့် တိုက်မိသောအခါ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများကို ကြားလိုက်ကြရသည်။
သူတို့နှစ်ဦးက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကာ မျက်လုံးတစ်မှိတ်အတွင်းမှာပင် တိုက်ကွက် ဒါဇင်နှင့်ချီ၍ တိုက်ခိုက်ခဲ့ကြသည်။
ကြည့်ရှုနေသူများလည်း အံ့သြခြင်းများဖြင့် ပြည့်နေတော့သည်။
'ဒါက ဘုရင်ငယ်ငါးပါးရဲ့ ခွန်အားပဲလား။ သူတို့က တကယ်ပဲ အစွမ်းထက်တယ်'
လုမင် တွေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးထဲတွင် ပြင်းပြသော တိုက်ခိုက်ချင်စိတ်တို့ ပေါ်လာတော့သည်။
"ဟင်း၊ သူတို့က သန်မာလွန်းတယ်။ သွေးမျိုးဆက် မပေါင်းစပ်ရသေးတာတောင် သူတို့က အရမ်း အစွမ်းထက်နေပြီ။ ငါက သူတို့နဲ့ အဝေးကြီးပါပဲ"
ခုန်းရှင်း သက်ပြင်းချလိုက်သည်။
"သူတို့ရဲ့ သွေးမျိုးဆက်တွေက နတ်ဘုရားအဆင့်ရှစ်ကို ကျော်သွားပြီလား"
လုမင်က မေးသည်။
"ဟုတ်တယ်၊ ဗဟိုတိုက်ကြီးက ဘုရင်ငယ်ငါးပါးရဲ့ သွေးမျိုးဆက်တွေက နတ်ဘုရားအဆင့်ကိုးမှာ ရှိကြတယ်"
စန္ဒကူးနတ်သမီးက ပြောလိုက်သည်။
"တကယ်ပဲ၊ သူတို့က နတ်ဘုပားအဆင့်ကိုးမှာ ရှိတာကို"
လုမင်လည်း အနည်းငယ် အံ့သြသွားမိသည်။
အဆင့်ကိုးက နတ်ဘုရားအဆင့်တွင် အမြင့်ဆုံးသွေးမျိုးဆက် ဖြစ်သည်။ သူတို့ တစ်ခုစီက အလွန်ကြောက်စရာကောင်းပေသည်။
သွေးမျိုးဆက်တိုင်းတွင် အဆင့်တစ်ခုမြင့်မားလေလေ၊ သယ်ဆောင်လာသော ပါရမီ သို့မဟုတ် သွေးမျိုးဆက် အပိုကောင်းကျိုး ကွာခြားမှုက ပိုများလေ ဖြစ်သည်။
နတ်ဘုရား အဆင့်ခုနစ်က နတ်ဘုရားအဆင့်ခြောက်ထက် များစွာ ပို၍အားကောင်းသည်။
သို့ရာတွင်၊ နတ်ဘုရားအဆင့်ရှစ်က ပါရမီ သို့မဟုတ် ဆုကြေးဖြစ်စေ နတ်ဘုရားအဆင့်ခုနစ်ထက် များစွာ ပို၍ အားကောင်းပြန်သည်။
ထို့ထက် နတ်ဘုရားအဆင့်ကိုးဆိုလျှင်တော့ ပို၍ပင် ကြောက်စရာကောင်းတော့သည်။ အကြောင်းမှာ၊ နတ်ဘုရားအဆင့်ကိုးက အထွတ်အထိပ်နှင့် ပြီးပြည့်စုံမှုကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။ ၎င်းမှာ နတ်ဘုရားအဆင့်ရှစ်သည်ပင် ယှဉ်နိုင်သော အရာမဟုတ်ပေ။
နတ်ဘုရားအဆင့်ရှစ်က အုပ်ချုပ်သူဖြစ်ရန် အလားအလာရှိသည်ဟုဆိုလျှင် နတ်ဘုရားအဆင့်ကိုးက အသက် မသေသရွေ့ အုပ်ချုပ်သူ ဖြစ်လာမည်မှာ သေချာသည်။
ရှန်းဟွမ်တိုက်ကြီး၏ သမိုင်းတွင်၊ နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထနိုင်သူ မည်သူမဆို၊ မသေဆုံးသရွေ့ အုပ်ချုပ်သူ ဖြစ်လာခဲ့ပေသည်။
ဗဟိုတိုက်ကြီး၏ ဤဘုရင်ငယ်ငါးပါးက အနာဂတ် အုပ်ချုပ်သူများ ဖြစ်လာခြင်းနှင့် ညီမျှသည်။
ထိုအတွက် ရန်ပိုထျန်းက ဤမျှ မာနထောင်လွှားနေသည်မှာ အံ့သြစရာမဟုတ်ပေ။ သူဟာ အုပ်ချုပ်သူဖြစ်လာရန် ရည်မှန်းထားပြီး အခြားသူများထက် သာလွန်သကဲ့သို့ အမြဲပြုမူခဲ့သည်။ သူနှင့် အဆင့်အတန်းတူသော လူများမှလွဲလျှင်၊ ကျန်သူအားလုံးက သူ့မျက်လုံးထဲတွင် ပုရွက်ဆိတ်များထက် မပိုပေ။
သူ့နှလုံးသားထဲတွင် အဓိပဓိကိုပင် ဂရုမစိုက်ပါချေ။
"ဝုန်း ဂျုန်း"
တိုက်ပွဲက ဆက်ဖြစ်နေကာ ပို၍ ပြင်းထန်လာသည်။ နှစ်ယောက်စလုံးက မြင့်မြတ်အိမ်တော်အတွက် တကယ်ကို စိတ်ပိုင်းဖြတ်ထားခဲ့ပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးက တိုက်ကွက် တစ်ရာကျော် အပြန်အလှန် ဖလှယ်ခဲ့ကြသည်။ ခရမ်းရွှေရောင် မြင့်မြတ်အိမ်တော် တံဆိပ်ပြားက ၎င်းတို့၏ စွမ်းအင်များကြားတွင် မျောလွင့်နေသည်။
"ခလွပ်"
ရုတ်တရက် ပြတ်သားသော အသံတစ်ခုသည် မြင့်မြတ်အိမ်တော်တံဆိပ်ပြားမှ ထွက်ပေါ်လာခဲ့၏။ ထို့နောက်မှာတော့ လူတိုင်း၏ အကြည့်များအောက်တွင် တံဆိပ်ပြားက အပိုင်းပိုင်းပြိုကွဲသွားတော့သည်။
လူတိုင်း အံ့ဩသွားကြသည်။ ရန်ပိုထျန်းနှင့် ထိုပါ့ရှီတို့ပင် အံ့အားသင့်ခဲ့၏။ တိုက်ခိုက်ခြင်းကို ရပ်လိုက်ပြီးနောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။
မြင့်မြတ်အိမ်တော်တံဆိပ်ပြား အက်ကွဲမည်ဟု ပြိုကွဲမည်ကို မည်သူမျှ မမျှော်လင့်ခဲ့ပေ။ ၎င်းက မြင့်မြတ်အိမ်တော်သို့ဝင်ရန် တံဆိပ်ပြား မဟုတ်လော။ မြင့်မြတ်အိမ်တော်ပိုင်ရှင်က အုပ်ချုပ်သူထက် သာလွန်သော တည်ရှိမှုတစ်ခု ဖြစ်သည်။ သူ့ တံဆိပ်ပြားက ဘယ်လိုလုပ်ပြီး လွယ်လွယ်နှင့် ပြိုကွဲသွားရပါသနည်း။
"မဖြစ်နိုင်ဘူး။ မြင့်မြတ်အိမ်တော် တံဆိပ်ပြားက ဖျက်ဆီးလို့မရဘူး။ ဒါက အတု... တံဆိပ်ပြားအတုပဲ"
ခုန်းရှင်းက အော်လိုက်သည်။
တံဆိပ်ပြားအတုလား။
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်၏။
"ငါသိပြီ၊ တစ်စုံတစ်ယောက်က တံဆိပ်ပြားအတုကို ထုတ်ဖော်ခဲ့တာ။ သူက တောင်ပေါ်မှာထိုင်ပြီး ကျားတွေတိုက်ခိုက်တာကို ကြည့်ပြီးချင်တာ၊ သူက နောက်ပြီးတော့မှ အမြတ်ထုတ်ချင်နေတာပဲ"
တစ်စုံတစ်ယောက်က ခန့်မှန်းခဲ့သည်။
လူတိုင်း၏ မျက်လုံးများ ပြူးသွားသည်။ တစ်စုံတစ်ဦးက အခြေအနေကို အခွင့်ကောင်းယူလိုခြင်း ဖြစ်နိုင်သည်ဟု သူတို့လည်း ခန့်မှန်းမိသွား၏။
"နတ်သမီး၊ ညီကိုခုန်း၊ တံဆိပ်ပြားက ဘယ်လိုပေါ်လာတာလဲ"
လုမင် မေးလိုက်သည်။
"ဒီမတိုင်ခင်မှာ တစ်စုံတစ်ယောက်က တံဆိပ်ပြားတွေ့ပြီလို့ အော်ခဲ့တာ။ ဓါကြောင့် လူတော်တော်များများ ရောက်လာပြီးတော့ တိုက်ခိုက်ခဲ့ကြတယ်။ ဒီလိုနဲ့ လူတွေက ပိုများလာတယ်လေ။ နောက်ဆုံးတော့ ရန်ပိုထျန်းနဲ့ ထိုပါ့ရှီကိုတောင် ဆွဲဆောင်သွားခဲ့တယ်"
ခုန်းရှင်းက ရှင်းပြလိုက်သည်။
"ဒါဆို မင်းပြောချင်တာက တံဆိပ်ပြား ဘယ်ကလာတယ်ဆိုတာ ဘယ်သူမှ မသိဘူးပေါ့"
လုမင်က မေး၏။
စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းတို့ နှစ်ယောက်စလုံး ခေါင်းယမ်းလိုက်ကြသည်။ ယခင်က မြင့်မြတ်အိမ်တော် တံဆိပ်ပြားကို မြင်သောအခါ လူတိုင်းက ရူးသွပ်စွာဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ထိုတံဆိပ်ပြားက အတုဖြစ်နေမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
လုမင် ခေါင်းညိတ်လိုက်သည်။ တစ်စုံတစ်ယောက်သည် အခြေအနေကို အခွင့်ကောင်းယူရန် အမှန်တကယ် ကြိုးစားနေပုံရပေသည်။
"သေစမ်း၊ ဘယ်ကောင်က ဒီလိုလုပ်တာလဲ။ ငါသိလို့ကတော့ သေဖို့သာပြင်ထား"
ကောင်းကင်လင်းယုန်ခံတပ်မှ ရင်ပီဖိုက ဟိန်းဟောက်လိုက်သည်။ ဤအတွက်ကြောင့် ကောင်းကင်လင်းယုန်ခံတပ်မှ ပါရမီရှင် ကျွမ်းကျင်သူတစ်ဦးကို ကျဆုံးသွားပြီး ဆုံးရှုံးမှုများစွာ ခံစားခဲ့ရပေသည်။
အခြားသူများ၏ အမူအရာများလည်း ခက်ထန်သွားခဲ့သည်။ ဤအပြုအမူမျိုးက အမှန်တကယ် ဒေါသဖြစ်စရာ ကောင်းပေသည်။