← Chapters

အခန်း ၁၀၈၀

Vol. 72 Ch. 1080

အခန်း ၁၀၈၀

Vol. 72 Ch. 1080

အပိုင်း ( 1080 ) ယုတ်မာတဲ့သူ။

ရန်ပိုထျန်းနှင့် ထိုပါ့ရှီ၏ မျက်လုံးများလည်း သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်သွားသည်။

အမှန်တကယ် တစ်စုံတစ်ယောက်က သူတို့ကို လာရှုပ်ခဲ့၏။ ယင်းက အမှန်ပင် သေသင့်သည်။

သူတို့နှစ်ဦးက သတ်ဖြတ်ချင်စိတ်များဖြင့် လူစုကို အကဲခတ်လိုက်ရာ အားလုံး တုန်ယင်သွားခဲ့သည်။

သို့ရာတွင်၊ အဆုံးမှာတော့ သံသယဖြစ်စရာ မည်သူ့ကိုမှ မတွေ့ခဲ့ကြပေ။

ရန်ပိုထျန်းက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ကာ ထွက်သွားသည်။

ထိုပါ့ရှီလည်း ပြုံးကာ ထွက်သွားခဲ့၏။ မြင့်မြတ်အိမ်တော် တံဆိပ်ပြားက အတုဖြစ်သောကြောင့် ဆက်လက်တိုက်ခိုက်ရန် မလိုတော့ပေ။

ထို့နောက် အခြားအင်အားစုများမှ လူများလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။

လုမင်ကတော့ မသွားပေ။ သူ့မျက်လုံးများက ပိန်ပိန်ပါးပါး လူတစ်ယောက်ကို ကြည့်နေသည်။ သူက အလွန်ရိုးရှင်းကာ ရိုးသားပုံ ရ၏။ သို့သော်လည်း သူ့မျက်လုံးများက လှုပ်ရှားသွားကာ အနည်းငယ်ရင်းနှီးသည်ဟု ခံစားလိုက်မိသည်။

"နတ်သမီး၊ ညီကို ခုန်း၊ ငါနဲ့လိုက်ခဲ့ပါ"

လုမင်က လေသံတိုးတိုးဖြင့် ပြောသည်။

စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းတို့က အနည်းငယ် အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်ကာ လုမင်‌အနောက်သို့ လိုက်သွား၏။

သူတို့ရှေ့တွင် ရိုးရှင်း‌သော လူငယ်လေးက တောင်တန်းများပေါ်တွင် လမ်းလျှောက်နေသည်။ သူက မြန်မြန်လျှောက်နေပုံမပေါ်သော်လည်း သူ့အရှိန်က အံ့သြစရာကောင်းအောင် မြန်ဆန်ခဲ့ပေသည်။

သူတို့ သုံးယောက်က အရှိန်အဝါကိုဖုံးကွယ်ကာ တောအုပ်ထဲမှ လူငယ်နောက်သို့ လိုက်သွားသည်။

စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းတို့ကတော့ သိချင်နေပေသည်။ လုမင်က ထိုလူငယ်နောက်ကို ဘာကြောင့် လိုက်သွားသည်မှန်း သူတို့ မသိခဲ့ပေ။ လုမင်က တစ်ခုခုကို သတိပြုမိသွားလို့များလား။

မိုင်တစ်သောင်းခရီးကို လျှောက်လာပြီးနောက် သူတို့ရှေ့မှ လူငယ်ဟာ ရပ်တန့်သွားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်တွင် အလင်းရောင်တစ်ခု လင်းလက်လာခဲ့၏။ နောက်အခိုက်မှာတော့ လူငယ်၏ အသွင်အပြင်က လုံးဝပြောင်းလဲသွားကာ ရဟန်းဖြစ်သွားလေတော့သည်။

မသမာသော ရဟန်း။

လုမင် ၎င်းကိုမှတ်မိသည်။ ထိုသူက ယခင် သူတွေ့ခဲ့ဖူးသည့် မသမာသော ရဟန်းပင်။

"အနောက်တိုင်းကန္တာရက ရဟန်းပဲ"

သူတို့ သုံးယောက်က အရှိန်အဝါများကို အကောင်းဆုံးဖုံးကွယ်ကာ ကျောက်ဆောင်တစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်းနေခဲ့သည်။ ခုန်းရှင်းက တခြားနှစ်ယောက်ဆီ အသံပို့လွှတ်ပြီး ပြောလိုက်၏။

နီးကပ်လွန်းသောကြောင့် သူတို့၏ အသံကို ပို့လွှတ်၍သာ ပြောနိုင်သည်။ မဟုတ်ပါက၊ မည်မျှပင် တိုးညှင်းနေပါစေ မသမာသော ရဟန်းက ကြားသွားပေလိမ့်မည်။

"ဟင်း"

ထိုအခိုက်တွင် မသမာသောရဟန်းက သက်ပြင်းချပြီး ဝတ်ရုံရင်ဘတ်မှ ခရမ်းရွှေရောင်တံဆိပ်ကို ထုတ်ယူလိုက်သည်။

သူတို့သုံးယောက်စလုံး အံသြသွားကြ၏။ ယင်းက မြင့်မြတ်အိမ်တော်တံဆိပ်ပြားပင် မဟုတ်လော။ ပထမတစ်ခုနှင့် အတူတူပင်။

"ငါ့ဆံပင်၊ ငါ့ဗုဒ္ဓက ကြင်နာသနားတယ်။ ပညာရှင်နည်းနည်းပဲ ဒီတစ်ကြိမ်သေသွားခဲ့တာ စိတ်မကောင်းစရာပဲ၊ ရန်ပိုထျန်းနဲ့ ထိုပါ့ရှီတို့လည်း ဒဏ်ရာမရခဲ့ဘူး။ သူတို့ နှစ်ယောက်စလုံး ဒဏ်ရာရမယ်လို့ ထင်ထားတာ"

ရဟန်းက လေသံတိုးတိုးဖြင့် ရေရွတ်နေသော်လည်း လုမင်တို့သုံးယောက်က ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

သူတို့သုံးယောက်၊ အထူးသဖြင့် စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းတို့၏ မျက်လုံးများမှာ မျက်လုံးအိမ်များမှ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတော့သည်။

အမှန်တကယ်ပင် ထိုကောင် ဖြစ်သည်။

ယခင် တံဆိပ်ပြားအတုကို ပစ်လွှတ်ခဲ့သူကလည်း ထိုလူဖြစ်မှန်း တွေး၍ရချေပြီ။

အနောက်တိုင်းကန္တာရမှ ရဟန်းများက အကြင်နာနှင့် ကရုဏာရှိကြသည် မဟုတ်လော။ သို့ရာတွင် ဤအကောင်က ဘယ်လိုတောင် ထိုသို့ပြုနိုင်ပါသနည်း။

စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းတို့ နှစ်ယောက်စလုံး ကြောင်တက်တက်ဖြစ်သွားကြသည်။

လုမင်ကတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသောကြောင့် အဆင်ပြေပေသည်။ ဤရဟန်း မည်မျှ စိတ်နှလုံး ယုတ်မာသည်ကို ယခင်ကတည်းက သူ မြင်ဖူးသည်။

"ကြည့်ရတာ ငါထပ်လုပ်ရတော့မှာပဲ"

မသမာသောရဟန်းက ခပ်တိုးတိုးလေးပြောပြီး အန္တရာယ်ကင်းသော အပြုံးကို ထုတ်ဖော်လိုက်သည်။ သူက အင်္ကျီလက်စကို ခါယမ်းကာ ဆက်ပြေးသွား၏။

လုမင်တို့သုံးယောက်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အဆုံးမှာတော့ ဆက်မလိုက်တော့ပေ။ တိုက်ပွဲဖြစ်ပွားရာ နေရာဆီသို့ ပြန်သွားကြပြီး ထျန်းရှအကယ်ဒမီနှင့် ဆေးဘုရင်တောင်ကြားမှ လူများကို စုဝေးလိုက်ကြသည်။

"ညီကို ခုန်း၊ ငါတို့ ဘာဖြစ်လို့ မြင့်မြတ်အိမ်တော်နဲ့ မနီးစပ်နိုင်တာလဲ။ ငါ မိုင်ပေါင်းသန်းချီပြီး ပျံသန်းခဲ့ပေမယ့် အခုထိ ဝေးနေပုံရတယ်“

လုမင် အနည်းငယ် အံ့ဩနေမိသည်။

"မြင့်မြတ်အိမ်တော်က အရှေ့ မိုင်သန်းအနည်းငယ်ပဲ ဝေးနေသင့်ပါတယ်။ ဒါပေမဲ့ အပြည့်အဝ မပေါ်သေးတာကြောင့် အရမ်းဝေးကွာနေပုံရတာ၊ အမှန်တော့ ငါတို့နဲ့ သိပ်မဝေးဘူး"

ခုန်းရှင်းက ရှင်းပြလိုက်သည်။ ထျန်းရှအကယ်ဒမီက မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေနှင့် အရင်းနှီးဆုံး ဖြစ်‌ပေသည်။

လုမင် ခေါင်းညိတ်လိုက်လေသည်။ ချက်ခြင်းပင်၊ လုမင်၊ စန္ဒကူးနတ်သမီးနှင့် အခြားသူများလည်း မြင့်မြတ်အိမ်တော်ဆီသို့ ပျံသန်းသွားကြသည်။

မိုင်ပေါင်း သိန်းချီအကွာတွင်...

"မြင့်မြတ်အိမ်တော်တံဆိပ်ပြား ရှေ့မှာ ပေါ်လာပြီဟေ့"

"ဘာ၊ မြင့်မြတ်အိမ်တော်တံဆိပ်ပြားက ငါ့ဟာပဲ"

"သွားကြစို့"

အပျက်အစီးများ ဖြတ်ကျော်ကာ တိကျသော ဦးတည်ရာသို့ ပျံသန်းလာစဉ် ကျယ်လောင်သော အော်သံများကို သူတို့ကြားလိုက်ရသည်။

"အဲဒီရဟန်း ပြဿနာထပ်ရှာပြန်ပြီ"

ခုန်းရှင်းက အံကြိတ်လိုက်သည်။

"သွားကြည့်ရအောင်၊ ဒါပေမယ့် ဘာမှမလုပ်နဲ့"

စန္ဒကူးနတ်သမီးက ပြောလိုက်သည်။

လူတိုင်းပဲ၊ ထိုလမ်းကြောင်းအတိုင်း ဦးတည် ပျံသန်းသွား၏။ မျှော်လင့်ထားသည့်အတိုင်း တစ်နေရာတွင် ကြောက်စရာကောင်းသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး အလောင်းများလည်း အဆက်မပြတ် ပြုတ်ကျလာခဲ့သည်။

အောက်မှ တောအုပ်ထဲမှာတော့ ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။ မသမာသောရဟန်းမှ ရုပ်ဖျက်ထားခြင်း ဖြစ်သည်။

ထိုအချိန်တွင် မသမာသောရဟန်းက သေဆုံးသွားသူများမှ သိုလှောင်လက်စွပ်များကို ကောက်ယူရန် လှည့်ပတ်ပြေးနေလေသည်။

စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်း၏ မျက်ခုံးများ လှုပ်ယမ်းသွားခဲ့သည်။

“ဒါက အနောက်တိုင်းကန္တာရက ရဟန်းဟုတ်ရဲ့လား။ အတုများ ဖြစ်နေတာလား"

စန္ဒကူးနတ်သမီး၏ မျက်လုံးများက မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။ ဤမြင်ကွင်းက အနောက်တိုင်းကန္တာရမှ သူတော်စင်ရဟန်းများအပေါ် သူမ၏ နားလည်မှုကို လုံးလုံးလျားလျား ကွဲကြေစေခဲ့ပေသည်။

"တကယ်က ဖြစ်သင့်ပါတယ်။ အရင်က သူနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်၊ အဲဒီတုန်းကတော့ ဗုဒ္ဓကျင့်စဉ်တွေကို အသုံးပြုခဲ့တာ"

လုမင် ပြောလိုက်သည်။

ဤရဟန်းကို တကယ် နားမလည်နိုင်ပေ။ သူသည် ငယ်ရွယ်သော်လည်း တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းသည်။

ထို့နောက်မှာတော့ မြင့်မြတ်အိမ်တော် တံဆိပ်ပြားဟာ အတုဖြစ်နိုင်သောကြောင့် လုမင်နှင့် အခြားသူများလည်း ထိုနေရာမှ ထွက်ခွာခဲ့ကြသည်။

သူတို့အဖွဲ့က မိုင်သန်းချီကာ ပျံသန်းခဲ့လေသည်။

သူတို့ရှေ့တွင် ဧရာမတောင်ကြီးတစ်လုံး ပေါ်လာတယ်။ ထိုတောင်တွင် သစ်ပင်များမရှိဘဲ တောင်ထွတ်သည် ဗလာဖြစ်၏။ အရာအားလုံးက ကျောက်တုံးများသာ ဖြစ်ချေသည်။ ထိုအချိန်တွင် တောင်ထိပ်တစ်ခုလုံးကို ကမ္ပည်းများဖြင့် ဖုံးအုပ်ထားပြီး အနှိုင်းမဲ့ တောက်ပနေခဲ့သည်။

ကောင်းကင်အမြင့်တွင် လေနှင့် တိမ်တိုက်များက စုဝေးနေသည်။ ကြီးမားသော နန်းတော်ကြီးသည် ကောင်းကင်တွင် ရှိနေပုံရသော်လည်း အပြည့်အဝ မပေါ်လွင်သေးပါ။

တောင်နှင့် ခပ်လှမ်းလှမ်းမှာတော့ ထောင်နှင့်ချီသော ပုံရိပ်များစွာ ရပ်နေသည်။ သူတို့အားလုံးက ဤအချိန်အတွင်း ဝင်ရောက်လာခဲ့ကြသော အဓိက အင်အားစုများမှ ကျွမ်းကျင်သူများ ဖြစ်ပေသည်။

"ဂါး… ဂရား"

ကြောက်စရာကောင်းသော ဟိန်းဟောက်သံများကိုလည်း ကြားနေရသည်။ ဒါဇင်နှင့်ချီကာ အားကောင်းသော မိစ္ဆာသားရဲများက တောင်ပေါ်တွင် တိုက်ခိုက်နေကြ၏။ သွေးများကလည်း တောင်ပေါ်မှ ရွှဲနစ်အောင် စီးကျနေခဲ့သည်။

လုမင်နှင့် အခြားသူများလည်း အဝေးမှ ဤမြင်ကွင်းကို မြင်လိုက်ရတော့ အံ့သြသွားကြသည်။

လျှို့ဝှက်နယ်မြေမှ အစွမ်းထက် တည်ရှိမှုများက ဤနေရာကို ရောက်လာသော်လည်း တောင်ပေါ်တွင် အချင်းချင်း တိုက်ခိုက်နေသည်။ ယင်းက အဘယ်ကြောင့်ပင်နည်း။

ဟိန်းဟောက်သံများ ထွက်ပေါ်နေကာ တိုက်ပွဲကတော့ အလွန်ပြင်းထန်နေဆဲပင်။ ဤနေရာသို့ ရောက်ရှိလာနိုင်သူတိုင်းက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ခုနစ်အထက်တွင် ရှိနေကြသူများ ဖြစ်သည်။

"အူး…"

ဝံပုလွေတစ်ကောင်၏ နာနာကျင်ကျင် အော်ညီးလိုက်သံ ပေါ်လာသည်။ လုမင်ကြည့်လိုက်တော့ မီတာတစ်ရာမြင့်သော ငွေရောင်ဝံပုလွေကြီးကို တွေ့လိုက်ရ၏။ သို့ရာတွင် ၎င်း၏နှလုံးသားကို လင်းယုန်ကြီးတစ်ကောင်က နှုတ်ယူသွား၍ တောင်ထိပ်ပေါ်သို့ ပြုတ်ကျသွားလေသည်။ သွေးစိမ်းများက တောင်ထိပ်သို့ စိမ့်ဆင်းလာရာ တောင်ထွတ်ကို ပို၍ပင် လင်းလက်စေခဲ့သည်။

"ဂီး"

လင်းယုန်ကြီးလည်း အခြေအနေမကောင်းပေ။ ၎င်း၏အတောင်ပံများကို မျောက်ဝံကြီးတစ်ကောင်က ဆွဲယူပြီး ချိုးပြီးဖဲ့ပစ်လိုက်သည်။ ထို့နောက် ကင်းခြေများကြီးတစ်ကောင်က ၎င်း၏ဗိုက်ကို ဖွင့်ထုတ်ခဲ့လေသည်။

၎င်းတို့အားလုံးက အပြင်းအထန် တိုက်ခိုက်နေသော ဧရာမ သားရဲကြီးများ ဖြစ်ကြသည်။ သားရဲကြီးများ တစ်ကောင်ပြီးတစ်ကောင် ကျဆုံးသွားခဲ့ကြလေသည်။

တောင်တန်းကဲ့သို့ ကြီးမားသော မြွေကြီးတစ်ကောင်ကိုလည်း ဧရာမ ရှိခိုးကောင် တစ်ကောင်က အပိုင်းပိုင်း ဖြတ်ခဲ့သည်။ သို့ရာတွင် မြွေ‌ကြီး၏ဦးခေါင်းက မသေခင်မှာ ပြန်ကိုက်ခဲ့ပေသည်။

"ဝှစ် ဝှစ်"

တဖြည်းဖြည်းနှင့် လူများ ပိုများလာသော်လည်း သူတို့အားလုံး အဝေးမှာပင် ရပ်တန့်ကာ မြင်ကွင်းကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်ကြသည်။

နေ့တစ်ဝက်လောက်ကြာတော့ မိစ္ဆာသားရဲကြီးအားလုံး တောင်ထိပ်ပေါ်ကို ကျသွားသည်။ သူတို့၏သွေးက တောင်ကြီးအတွက် အာဟာရဖြစ်သကဲ့သို့ တောင်ထဲကို စိမ့်ဝင်သွားလေသည်။

ကောင်းကင်တွင်လည်း ရှေးဟောင်းနန်းတော်ကြီးက အချိန်မရွေး ပေါ်လာတော့မည်ကဲ့သို့ လေနှင့်တိမ်များ စုဝေးလာသည်။

ဤအခိုက်အတန့်တွင် လူအုပ်ကြီးက တောင်ထိပ်ကို ချဉ်းကပ်သွား၏။

လုမင် လှည့်ကြည့်လိုက်တော့ လူငါးထောင်ကျော်ခန့် ရှိနေသည်ကို တွေ့လိုက်ရသည်။

လုမင်သည် လူအုပ်ထဲတွင် ရန်ပိုထျန်း၊ ထိုပါ့ရှီနှင့် တိရှန်တို့ကိုလည်း မြင်သည်။

"ဂိုဏ်းတူညီလေးဝူ၊ သူက မင်းပြောခဲ့တဲ့ လူပဲလား"

ရုတ်တရက် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာကာ သတ်ဖြတ်လိုစိတ်များနှင့် အကြည့်တစ်ခုက လုမင်အပေါ်သို့ ကျလာသည်။

လုမင် လှည့်ကြည့်ပြီးသောအခါ မျက်မှောင်ကြုတ်လိုက်၏။

ခပ်လှမ်းလှမ်းတွင်၊ နောက်ကျောမှာ ဓားကိုယ်စီ လွယ်ထားကြသည့် လူငယ်တစ်စု ရပ်နေသည်။ တစ်ချို့က လုမင်ကို အေးစက်စက်ဖြင့် ကြည့်ကြ၏။

ဝူချန်ခုန်း။

လူစုထဲတွင် ဝူချန်ခုန်းကို လုမင် မြင်လိုက်ရသည်။

All Chapters