အခန်း ၁၀၈၂
Vol. 73 Ch. 1082
အပိုင်း ( 1082 ) ကျွမ်းကျင်သူသုံးဦးကို သတ်ခြင်း။
တံဆိပ်တော်ကိုးခု နတ်တံခါး၏ တံဆိပ်တော်တံခါးက ပေါ်လာသည်နှင့် တောက်ပသောအလင်းများ ထုတ်လွှတ်ကာ ရွယ်ဖုန်းကို ဖိနှိပ်လိုက်သည်။
တံဆိပ်တော်တံခါးမှ အလင်းရောင်ကြောင့် ရွယ်ဖုန်းသည် လေထဲတွင် အေးခဲသွား၏။
ယခင်က သူသည် တံဆိပ်တော်တံခါးကို အစွမ်းကုန်ကြိုးစား၍ ချိုးဖြတ်နိုင်ခဲ့သော်လည်း၊ ယခုအခါတွင် လုမင်၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် တံဆိပ်တော်တံခါးက ပို၍ အားကောင်းလာကာ ခဏချင်းတွင် ရွယ်ဖုန်း လုံးဝ မချိုးဖြတ်နိုင်တော့ပေ။
“မဟုတ်ဘူး၊ မဟုတ်ဘူး"
သူ အလွန်စိုးရိမ်သွားပြီး အော်လိုက်သည်။
"ဝှစ်"
လုမင်က ခဏချင်း အနားရောက်လာကာ ဓားဖြင့် ခုတ်ပိုင်းချလိုက်၏။ ဓားအလင်း ဖြတ်သွားသည်နှင့် သွေးကျားသစ်က ထက်ပိုင်းပြတ်ကာ ရွယ်ဖုန်း၏ မူလအသွင် ပြန်ပေါ်လာတော့သည်။ သူ၏ ရင်ဝတွင် နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခု ပေါ်လာပြီး သွေးများ တပွက်ပွက် အန်ထွက်လာခဲ့သည်။
သူက ဆုတ်ခွာချင်သော်လည်း တံဆိပ်တော်တံခါးက ရှိနေဆဲဖြစ်ရာ သူ ဆန္ဒရှိလျှင်ပင် နောက်ဆုတ်ပြေး၍ မရပေ။
"မ... မဟုတ်ဘူး၊ ခွင့်လွှတ်…"
ရွယ်ဖုန်းက ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သော်လည်း သူ့ကို နှုတ်ဆက်သည့်အရာမှာ ဓားအလင်း ဖြစ်သည်။
"ရွပ်"
ရွယ်ဖုန်း ထက်ပိုင်း ဖြတ်ခံခဲ့ရ၏။ သူ၏ ဝိညာဉ်ဘုရားသည်ပင် မလွတ်မြောက်နိုင်ဘဲ ဓားအလင်းကြောင့် ပြာဖြစ်သွားတော့သည်။
ဤအရာအားလုံးက မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်သွားခဲ့ကြခြင်း ဖြစ်သည်။ မည်သူမျှ အချိန်မီ မတုံ့ပြန်နိုင်လောက်အောင် မြန်ဆန်ခဲ့၏။ ထျန်းဝူဓားဂိုဏ်း၏ ကျွမ်းကျင်သူနှစ်ယောက်က သူ့ကို ကယ်တင်ချင်သော်လည်း အချိန်နှောင်းသွားခဲ့ပြီ။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ထျန်းဝူဓားဂိုဏ်းမှ ကျွမ်းကျင်သူနှစ်ဦးက လုမင်ကို တိုက်ခိုက်ကြတော့မည်။ ထိုအချိန်တွင် ဤမြင်ကွင်းကို မြင်လိုက်ရ၍ သူတို့ မျက်လုံးများ ကျဉ်းမြောင်းသွားကာ မသိစိတ်မှ ရပ်တန့်လိုက်ကြသည်။
"ဝိုး…"
ပတ်ဝန်းကျင်တဝိုက်မှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။
နှစ်ချက်တည်းဖြင့် ရွယ်ဖုန်းသည် လုမင်လက်ထဲတွင် အသတ်ခံခဲ့ရ၏။ ယင်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ရွယ်ဖုန်းက နတ်ဘုရားအဆင့်ခုနစ် သွေးမျိုးဆက်ကို နိုးထထားကာ ကျင့်ကြံခြင်းအခြေခံကလည်း ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်လေးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ကြောက်စရာကောင်းသည့် သူ့အင်အားဖြင့်ပင် လုမင်၏လက်တွင် အလွယ်တကူ အသတ်ခံလိုက်ရဆဲပင်။ ယင်းက မယုံနိုင်စရာကောင်းလွန်းသည်။
စန္ဒကူးနတ်သမီး၊ ခုန်းရှင်း၊ ဆေးဘုရင်တောင်ကြားမှ လူများနှင့် ထျန်းရှအကယ်ဒမီမှ လူများ အထိတ်တလန့်ဖြစ်ကုန်သည်။ သူတို့မြင်သမျှအတွက် လုံးဝ အံ့အားသင့်သွားကာ မယုံနိုင်ဖြစ်သွား၏။
ဝူချန်ခုန်းဆိုလျှင် ပို၍ပင် တုန်လှုပ်သွားပြီး သေလုမတတ် ကြောက်နေတော့သည်။
ရက်အနည်းငယ်သာ ရှိသေးသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က လုမင်ဟာ ရွယ်ဖုန်းနှင့် သရေကျရုံသာ ယှဉ်ပြိုင်နိုင်ခဲ့သည်။ တံဆိပ်တော်ဂိတ်၏ အကူအညီဖြင့်ပင် အသာစီးရရုံမျှသာ ဖြစ်ခဲ့၏။ ယခုမူ၊ သူက ရွယ်ဖုန်းကို လုံးလုံးလျားလျား ဖိနှိပ် သုတ်သင်ပစ်ခဲ့ပြီ။
ရက်အနည်းငယ်အတွင်းတွင်၊ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းအောင် တိုးတက်လာခဲ့သည်။ ဤသည်က အံ့ဩစရာ ကောင်းလွန်းလှပေသည်။
"အခု မင်းအလှည့်ရောက်ပြီ"
လုမင်က ထျန်းဝူဓားဂိုဏ်းမှ ကျွမ်းကျင်သူနှစ်ဦးကို ကြည့်လိုက်သည်။ သူ၏ သတ်ဖြတ်ချင်စိတ်ကလည်း တစ်ဖန် မြင့်မားလာခဲ့၏။ သွေးနီရောင် သူ့ဆံပင်များကလည်း လေထဲတွင် လူးလွန့်ကခုန်နေတော့သည်။
ထျန်းဝူဓားဂိုဏ်းမှ ကျွမ်းကျင်သူနှစ်ဦးလည်း ယခင်ကကဲ့သို့ ယုံကြည်မှုမရှိတော့ပါ။
"ညီနောင်၊ ငါ့အမြင်အရတော့ ဒါက နားလည်မှုလွဲနေတာပါ"
သူတို့ထဲတွင် တစ်ယောက်က ငိုကြွေးသည်ထက် ပို၍အကြည့်ရဆိုးသည့် အပြုံးကို ထုတ်ဖော်လိုက်သည်။
သူတို့သုံးယောက်က ဝန်းရံတိုက်ခိုက်သည့်တိုင် လုမင်က ရွယ်ဖုန်းကို သတ်နိုင်ခဲ့သေးသည်။ ယင်းက သူတို့ကို အမှန်တကယ် ထိတ်လန့်သွားစေသည်။
"နားလည်မှုလွဲနေတာလား။ မဟုတ်ဘူး၊ နားလည်မှုလွဲစရာ ဘာမှမရှိပါဘူး။ ဒီနေ့ မင်းတို့အားလုံးကို ငါသတ်မယ်။ အကြောင်းပြချက် မလိုတော့ဘူး"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။ နောက်အခိုက်တွင် သူက သွေးအလင်းတစ်ခုကဲ့သို့ သူတို့နှစ်ဦးထံ ပြေးသွားခဲ့၏။
"သေစမ်း"
"အတူတူတိုက်ခိုက်ပြီး သတ်ကြစို့"
သူတို့နှစ်ယောက်က ဟိန်းဟောက်ပြီး သွေးမျိုးဆက်များကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။ ၎င်းတို့သည် အလွန်ကြီးမားသော ဓားနှစ်လက်အဖြစ်သို့ ပြောင်းသွား၏။ သူတို့နှစ်ဦးစလုံးက နတ်ဘုရားအဆင့် သွေးမျိုးဆက်များကို နိုးထထားသလို နတ်ဘုရားအဆင့် သိုင်းပညာကိုလည်း နားလည်ထားခဲ့သည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အလွန် ကြောက်စရာကောင်း၏။
"ချွမ်… ချွမ်"
ထျန်းဝူဓားဂိုဏ်း၏ အခြား ကျွမ်းကျင်သူများထံမှ ဓားဆွဲထုတ်သံများ ပေါ်ထွက်လာခဲ့သည်။ ဓားအလင်းများက ကောင်းကင်ကို ဖုံးလွှမ်းကာ လုမင်ထံ တိုးဝင်သွား၏။
"တံဆိပ်တော်"
လုမင်က လက်နှစ်ဖက်နှင့် တံဆိပ်ခတ်လိုက်ရာ သွေးရောင်ဓားကြီးတစ်လက်ကို ဖိအားပေးလိုက်သည်။ တံဆိပ်တော်တံခါးတစ်ခု ပေါ်ထွက်လာကာ ဓားကြီးကို ဖုံးအုပ်သွား၏။ တခဏချင်းမှာပဲ ဧရာမဓားကြီးက မလှုပ်ရှားနိုင်တော့ပေ။
လုမင်က သွေးရောင်ဓားဖြင့် ကောင်းကင်ကို ဓားတစ်ချက် ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ခြေလှမ်းများစွာလှမ်းပြီး နဝမနဂါးခြေလှမ်းဖြင့် ကောင်းကင်ကို နင်းတက်လိုက်၏။
"ဝုန်း ဝုန်း ဝုန်း"
လုမင်က တံဆိပ်တော်တံခါးဖြင့် ချုပ်နှောင်ထားသော ဓားကြီးကိုဦးတည်ကာ ခြေခုနစ်လှမ်း ဆက်တိုက် လှမ်းလိုက်သည်။ ဓားကြီးက ချက်ချင်း ပြိုကျသွားကာ လူအသွင် ပေါ်လာခဲ့၏။ သို့သော်လည်း သွေးရောင်ဓားအလင်း လက်သွားကာ သူ၏ဦးခေါင်းက မြေပေါ်သို့ ပြတ်ကျသွားတော့သည်။
ထိုလူ၏ ဝိညာဉ်နတ်ဘုရားက ထိတ်လန့်တကြားဖြင့် သူ့ခန္ဓာကိုယ်မှ ပြေးထွက်သွားခဲ့သည်။
"ဝုန်း ဝုန်း"
လုမင်၏ ဘယ်ဘက်လက်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ထုတ်ဖော်ကာ လက်ဝါးတစ်ချက် ရိုက်ချလိုက်၏။ ညာလက်ကတော့ သွေးရောင်ဓားကို ကိုင်ဆွဲထားကာ ပဉ္စဂံနည်းလမ်း သတ်ဖြတ်ခြင်းအား အသက်သွင်းလိုက်တော့သည်။
"ဒုန်း"
ကျန်စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရား၏ ဓားခန္ဓာက အဆက်မပြတ် တုန်ခါကာ လွင့်စဉ်သွားခဲ့သည်။
သွေးရောင်ဓားမှ အလင်းများစွာ ပေါ်လာခဲ့၏။ ထွက်ပြေးသွားသော ဝိညာဉ်နတ်ဘုရားလည်း နာကျင်စွာဖြင့် အော်ဟစ်ကာ ပြာများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
တစ်ချိန်တည်းမှာပင်၊ ထျန်းဝူဓားဂိုဏ်း၏ ကျွမ်းကျင်တချို့လည်း ဓားအလင်းများဖြင့် အသတ်ခံခဲ့ရသည်။
ထို့နောက်တွင်၊ လုမင်က သတ်ဖြတ်ခြင်း နတ်ဘုရားကဲ့သို့ နောက်ဆုံး အဆင့်လေး ဝိညာဉ်နတ်ဘုရားကို တိုက်ခိုက်လိုက်၏။
ပြေး၊ ပြေး၊ ပြေး။
ဤအခိုက်တွင် ထိုလူက ကြောက်လန်တကြားဖြင့် ထွက်ပြေးလိုက်သည်။ လုမင်က သန်မာလွန်း၏။ အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ခွန်အားတစ်ခုတည်းမှာ လုမင်က သူတို့ကို လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
တံဆိပ်တော်တံခါးကိုပါ ပေါင်းလိုက်သောအခါ၊ လုမင်က လုံးဝ တားဆီးမရတော့ပေ။
"ဘယ်ကိုသွားမှာလဲ"
လုမင်က သူ့ကိုစိုက်ကြည့်ကာ ပြေးလိုက်သွား၏။ သူသွားလေရာ၊ လမ်းတစ်လျှောက်မှ ထျန်းဝူဓားဂိုဏ်း၏ ကျွမ်းကျင်သူတချို့ကို သတ်ဖြတ်သွားခဲ့သည်။
ခဏချင်းပင်၊ လုမင်က လျင်မြန်စွာ ချဉ်းကပ်လာပြီး သူ့လက်နှစ်ဘက်နှင့် တံဆိပ်တော်တစ်ခု ဖန်တီးလိုက်သည်။ နောက်ထပ် တံဆိပ်တော်တံခါးတစ်ခု ပေါ်လာခဲ့၏။
ချက်ချင်းပင်၊ ထိုဓားကြီးက လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
"မဟုတ်ဘူး၊ ငါ့ကိုချမ်းသာပေးပါ... ငါ့ကို ချမ်းသာပေးပါ"
ထိုလူက ဟိန်းဟောက်လိုက်သော်လည်း ရလဒ်မှာ ဆုံးဖြတ်ပြီးသား ဖြစ်သည်။ လုမင်က သူ့ကို လျှပ်စီးလက်သကဲ့သို့ သတ်လိုက်၏။
ယခုအခါ လုမင်ကို သတ်လိုခဲ့သော ကျွမ်းကျင်သူသုံးဦးစလုံး လုမင်၏ အသတ်ခံခဲ့ရပြီ ဖြစ်သည်။ လမ်းတစ်လျှောက်မှ ထျန်းဝူဓားဂိုဏ်း၏ ကျွမ်းကျင်သူအချို့လည်း သတ်ဖြတ်ခံခဲ့ရသေးသည်။
အခြား ထျန်းဝူဓားဂိုဏ်းမှ လူများလည်း ကြောက်လန့်သွားကြသည်။ သူတို့အားလုံး မတိုက်ခိုက်ဝံ့တော့ဘဲ ချာခနဲလှည့်ကာ ထွက်ပြေးကြတော့သည်။
"သန်မာလွန်းတယ်"
အခြားလူများကလည်း လုမင်ကို ထိတ်လန့်တကြားဖြင့် ကြည့်နေခဲ့ကြသည်။ သူတို့အားလုံး လျှာကိုကိုက်ထားကာ စကားမပြောနိုင်ကြတော့ပေ။
ကျွမ်းကျင်သူသုံးဦးကို အဆက်မပြတ် သတ်ဖြတ်နိုင်ခဲ့သော လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းသည်။
ရန်ပိုထျန်းနှင့် ထိုပါ့ရှီတို့လည်း လုမင်ကို လေးနက်သောအမူအရာဖြင့် ကြည့်လိုက်ကြသည်။ ယခင်ကတော့ သူတို့ဟာ မည်သူ့ကိုမျှ မျက်စိထဲပင် မထည့်ပေ။ ယခုမူ လုမင်က သူတို့၏အာရုံကို စွဲဆောင်သွားခဲ့ပြီ ဖြစ်သည်။
"ကြည့်ရတာ ငါတို့မှာ ပြိုင်ဘက်သစ်တစ်ဦး ရှိလာပုံရတယ်"
ထိုပါ့ရှီက တိုက်ခိုက်လိုစိတ်များဖြင့် နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
ရန်ပိုထျန်းကတော့ မျက်လုံးများ အရောင်လက်သွားသည့်တိုင် ဘာမျှမပြောပေ။
တိုက်ပွဲပြီးသွားပြီဟု လူတိုင်းက ထင်နေသော်လည်း လုမင်ဟာ မရပ်နားသေးပါချေ။ အကြောင်းမှာ လူတစ်ဦး အသက်ရှင်နေသေးသောကြောင့် ဖြစ်သည်။
ထိုသူသည်ကား ဝူချန်ခုန်း။
ဝူချတ်ခုန်းက ကြောက်လန့်တကြားဖြင့် ထွက်ပြေးနေခဲ့သည်။
'သေစမ်း၊ လုရှောက်ချင်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်ပါလိမ့်၊ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အားကောင်းလွန်းတယ်။ အပြင်ကို ထွက်သွားတာနဲ့ သူ့ကို သတ်ဖို့ ဂိုဏ်းထဲက ကျွမ်းကျင်သူတွေကို ငါ တောင်းဆိုရမယ်။ သူ့ကို အသက်ရှင်ခွင့် မပေးနိုင်ဘူး'
ဝူချန်ခုန်းက စိတ်ထဲမှ တွေးလိုက်သည်။ ရုတ်တရက် လေထဲတွင် လေတိုးသံတစ်ခုကို ကြားလိုက်ရ၏။ သူ အံ့အားသင့်စွာ လှည့်ကြည့်လိုက်တော့ လုမင်က သူ့နောက်တွင် ရောက်နေပြီ ဖြစ်သည်။
"ဝုန်း"
လုမင်က သူနှင့် အပိုစကားများပြောရန် စိတ်မဝင်စားပေ။ သူက လက်သီးဖြင့် ထိုးချလိုက်ရာ ဝူချန်ခုန်း၏ ခန္ဓာကိုယ် အပိုင်းပိုင်းကွဲသွားခဲ့သည်။
သို့သော် ဝူချန်ခုန်းတွင် အသက်အဆောင်တစ်ခု ရှိခဲ့သည်မှာ ထင်ရှားသည်။ အဖြူရောင်အလင်းတန်းတစ်ခုနှင့်အတူ အသက်အဆောင်က သူ့အား ရစ်ပတ်သွား၍ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
လုမင်လည်း အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ကာ ယခင်နေရာသို့ ပြန်လာခဲ့သည်။
ဤအခိုက်တွင် လူတိုင်းက လုမင်ကို ကြောက်ရွံ့ရိုသေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
သန်မာလွန်း၏။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သာမန် ဒုတိယတန်းစား ပါရမီရှင်များထက် အဆများစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ဘုရင်ငယ်ငါးပါးနှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။
ကမ္ဘာပေါ်တွင် နောက်ထပ် ဘုရင်ငယ်တစ်ပါး ရှိလာတော့မည်ဟု ထင်ရသည်။
"အစ်ကိုလု..."
စန္ဒကူးနတ်သမီး၏ လှပသော မျက်လုံးများက အရောင်လက်သွားသည်။ သူမက လုမင်ကို ကြည့်လိုက်သော်လည်း ဘာပြောရမည်မှန်းမသိပေ။
"အော်၊ လွန်ခဲ့တဲ့ နှစ်ရက်က ငါ ထွက်သွားတုန်း ကျင့်ကြံခြင်းမှာ အောင်မြင်မှုတစ်ခု ရခဲ့တာပါ"
လုမင်က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။
စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းလည်း နှလုံးသားထဲတွင် အော်ဟစ်ညီးညူလိုက်ကြသည်။ သဘာဝကို သာလွန်လွန်း၏။ နှစ်ရက်အတွင်း၌ ကျင့်ကြံခြင်းတွင် အောင်မြင်မှုကြီးကြီးမားမား ရနိုင်ခြင်းမှာ မြန်ဆန်လွန်း၍ လူအများကို စိတ်ဓာတ်ကျသွားစေခဲ့သည်။